တိုင်းပြည်စာရင်းစနစ် သို့မဟုတ် အမျိုးသားစာရင်းစနစ် အပိုင်း (၇)

တိုင်းပြည်စာရင်းစနစ် သို့မဟုတ် အမျိုးသားစာရင်းစနစ် အပိုင်း (၇)

လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် စိုက်ပျိုးသီးနှံများ၏ အထွက်တန်ဖိုးများကို စိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်ကာလနှစ်ခုကြား အချိန်ပိုင်းအတွက် စာရင်းကိုင်နှစ်အရ ချိန်ထိုး တန်ဖိုးဖြတ်ခြင်းကို လက်တွေ့တွင် စနစ်တကျ တွက်ချက်နိုင်ပါက လက်တွေ့ တွက်ချက်သူများနှင့် တွက်ချက်မှုကို တာဝန်ခံရသော သူများသည် ...

လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် စိုက်ပျိုးသီးနှံများ၏ အထွက်တန်ဖိုးများကို စိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်
ကာလနှစ်ခုကြား အချိန်ပိုင်းအတွက် စာရင်းကိုင်နှစ်အရ ချိန်ထိုး တန်ဖိုးဖြတ်ခြင်းကို လက်တွေ့တွင်
စနစ်တကျ တွက်ချက်နိုင်ပါက လက်တွေ့ တွက်ချက်သူများနှင့် တွက်ချက်မှုကို တာဝန်ခံရသော
သူများသည် မြန်မာ့စိုက်ပျိုးသီးနှံများ၏ သဘောသဘာဝကို ကောင်းစွာ နားလည်ကြပြီး
အရည်အချင်းပြည့်ဝသော လုပ်ငန်း ကျွမ်းကျင်သူများ ဖြစ်လာမည်ဟု ယုံကြည်မိပါသည်။

ယင်းတွက်ချက်မှုများကို ဒေသအသီးသီးရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနများ၌
တာဝန်ယူလုပ်ဆောင်ခြင်းဖြင့် သုတေသနဆိုင်ရာ တွေးခေါ်မှုများပါ ထိုဌာနများ၌ အခြေတည်
ပေါ်ထွက်လာနိုင်သောကြောင့် လုပ်ငန်းပိုင်းဆိုင်ရာ အဆင့်မြှင့်သကဲ့သို့ ဖြစ်ပေမည်။

သားငါးကဏ္ဍအတွက်မူ ဒေါက်တာရာအို (Rao) ၏ ခန့်မှန်းမှု၌ ၁၉၃၁-၃၂ ခုနှစ်တွင် နွားကောင်ရေ
၁,၄၈၄,၀၀၀ (တစ်သန်း လေးသိန်းရှစ်သောင်းလေးထောင်)၊ ကျွဲကောင်ရေ ၄၁၃,၀၀၀ (လေးသိန်း
တစ်သောင်း သုံးထောင်)၊ ဆိတ်ကောင်ရေ ၂၇၈,၀၀၀ (နှစ်သိန်းခုနစ်သောင်းရှစ်ထောင်)နှင့်
သိုးကောင်ရေ ၆၅,၀၀၀ (ခြောက်သောင်း ငါးထောင်)ဟု ဆိုသည်။

ကျွဲနွားတိရစ္ဆာန် အရေအတွက် ဗြိတိသျှ အိန္ဒိယ (British India)တွင် ငါးနှစ်တစ်ကြိမ်
စာရင်းကောက်သော်လည်း မြန်မာနိုင်ငံအတွက်မူ နှစ်စဉ် စာရင်းကောက်သည်ဟု မှတ်တမ်းများအရ
သိရှိရသည်။

ကျွဲနွားတိရစ္ဆာန်များက နို့၊ အသား၊ ဦးချို၊ အရေခွံ စသည့် ကုန်ထွက်တန်ဖိုး စုစုပေါင်းကို
တိုင်းပြည်ကုန်ထွက်အဖြစ် ထည့်သွင်းသည်။

ဒေါက်တာရာအို၏ အမဲသား၊ ဆိတ်သားတို့အတွက် သတ်ဖြတ်သော ကောင်ရေတို့ကို
ဈေးကွက်စစ်တမ်း (Market Survey)များမှ တစ်ဆင့် ရယူခဲ့သည်။

တွက်ချက်ရာတွင် လူဦးရေအပေါ် အခြေခံပြီး ခန့်မှန်းခဲ့သဖြင့် ခန့်မှန်းခြေ၏ တိကျမှုသည် လူဦးရေ
ကိန်းဂဏန်းများ တိကျမှုအပေါ် မူတည်နေသည်။

ရန်ကုန်မြို့ကဲ့သို့သော မြို့ကြီးများတွင် လူ ရှစ်ဦးလျှင် နွားတစ်ကောင်နှုန်း အခြား မြို့များတွင်
လူ ၁၅ ဦးလျှင် နွားတစ်ကောင်နှုန်း ကျေးရွာများတွင် လူ ၁၀၀ လျှင် နွားတစ်ကောင်နှုန်း
သတ်ဖြတ်သည်ဟု ခန့်မှန်းတွက်ချက်ရာ ၁၉၄၀ ပြည့်နှစ် ရန်ကုန် လူဦးရေ ၅၀၀,၈၀၀ အတွက်
နွားကောင်ရေ ၆၂,၆၀၀၊ အခြား မြို့လူဦးရေ ၁၂ သိန်း အတွက် နွားကောင်ရေ ၈၀,၀၀၀ နှင့်
ကျေးလက် လူဦးရေ ၁၅၃ သိန်းအတွက် နွားကောင်ရေ ၁၅၃,၀၀၀ စုစုပေါင်း သားသတ် နွားကောင်ရေ
၂၉၅,၆၀၀ ရှိသည်ဟု မစ္စစ်မီတာ အေဒီ၏ မှတ်တမ်းအရ သိရှိရသည်။

တိုင်းပြည်စာရင်းစနစ် (SNA) အတွက် အရ-အသုံး ဇယားများ (SUT) ကို ရေးဆွဲရာတွင်
ကုန်စည်စီးဆင်းမှုနည်းလမ်း (Commodity Flow Method) အရ အသားထုတ်လုပ်မှုကို
အောက်ပါညီမျှခြင်းဖြင့် တိုင်းတာသည်။

ကုန်ထွက်တန်ဖိုးကို ခန့်မှန်းရာတွင် ကောင်ရေ၊ အလေးချိန်တို့ကို အခြေခံဈေးနှုန်းဖြင့်
တန်ဖိုးဖြတ်သည်။

တိရစ္ဆာန်တို့ကို အဓိကအားဖြင့် နှစ်မျိုးနှစ်စား ခွဲခြားသည်။

(က) အသက်တစ်နှစ်ထက်ကြီးသော နို့ထုတ်လုပ်ရန် မွေးမြူသည့် တိရစ္ဆာန်များ အမွေးရရှိရန်
မွေးမြူသည့် တိရစ္ဆာန်များ၊ ခိုင်းရန်မွေးမြူသည့် တိရစ္ဆာန်များကို ပုံသေ ရပိုင်ခွင့်ပစ္စည်း
(Fixed Asset)အဖြစ် သတ်မှတ်သည်။

(ခ) သားသတ်ရန် မွေးမြူထားသော တိရစ္ဆာန်များနှင့် ပုံသေရပိုင်ခွင့်ပစ္စည်းအဖြစ် အသုံးပြုရန်
လျာထားသော အသက်တစ်နှစ် နှင့် တစ်နှစ်ထက် ငယ်သော တိရစ္ဆာန်များကို လုပ်ဆဲကုန်ပစ္စည်း
(work-in-progress) အဖြစ် သတ်မှတ်သည်။ တိရစ္ဆာန်ကုန်ထွက်ကို အောက်ပါအတိုင်း
တွက်ချက်တိုင်းတာသည်။

(၇)=(၁)+(၂)+(၃)-(၄)-(၅)-(၆) (၈)=(၇)-(၁)

တိုင်းပြည်စာရင်းစနစ်တွင် သားငါးကဏ္ဍ၏ ကုန်ထွက်ခန့်မှန်းပုံကို တင်ပြခြင်းနှင့်အတူ
မြန်မာနိုင်ငံအတွက် မူဝါဒရေးရာကို အကြံပြု လိုသည်။

အမှန်စင်စစ် သက်ရှိသတ္တဝါ အားလုံး ခံစားမှုချင်း တူညီကြသည်။

လူ သည် မိမိတို့ သားသမီးများကို ချစ်ခင်မြတ်နိုး ကြသကဲ့သို့ တိရစ္ဆာန်များမှာလည်း သူတို့၏
သားသမီးများကို ချစ်ခင်မြတ်နိုးတတ်ကြသည်။

လူသည် နာကျင်၍ သေရမည်ကို စိုးရွံ့သကဲ့သို့ တိရစ္ဆာန်များသည်လည်း နာကျင်ပြီး သေရမည်ကို
ကြောက်ကြသည်။

စာရေးသူသည် ခွေးမများက သူတို့၏ သားသမီးများကို အစာအန်ကျွေးကြသည်ကို ကြားဖူးသည်။

သို့သော် ခွေးထီးရော ခွေးမပါ သူတို့၏ သားသမီးကို မျက်စိရှေ့တွင် အန်ကျွေးနေသည်ကို
မျက်ဝါးထင်ထင် တွေ့မြင်ပြီးသည်မှစကာ ခွေးများကို အတတ်နိုင်ဆုံး ကျွေးမွေးကြည့်ရှုနေသည်မှာ
ယခုတိုင်အောင် ဖြစ်သည်။

တပည့်မတစ်ဦးက သူကိုယ်တိုင် မျက်စိရှေ့တွင် ကားတိုက်ခံရသော ခွေးမတစ်ကောင်က
မွေးထားသော သားပေါက်ကလေးငယ်များထံ အပြေးလာပြီး ခွေးငယ်လေးများကို နို့တိုက်ရင်း
ကားတိုက်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ရင်နင့်ဖွယ်ရာ ပြောပြခဲ့သည်။

ထို့အတူ တက္ကသိုလ်နယ်မြေ လှပစေရန်ဟု ဆိုကာ ခွေးများကို အဝေးနေရာသို့ ပို့ဆောင်ရာတွင်
ခွေးများသည် မူရင်းနေရာသို့ မရောက် ရောက်အောင် ပြန်လာကြသည်။

ထိုသို့ ပြန်လာရာတွင် သားသမီး ခွေးငယ်လေးများကို အရ ပြန်ခေါ်လာကြသည်။

တက္ကသိုလ်မှ တာဝန်ရှိ လူကြီးများက ခွေးများကို မမြင်လိုဟု ဆိုသဖြင့် အောင်ခြေဝန်ထမ်းများမှာ
ခွေးများကို အခြားနေရာများသို့ သွားလွှင့်ပစ် ကြရသည်။

အဖြစ်မှန်တစ်ခုကို ပြောရပါက လွန်ခဲ့သော ခုနစ်နှစ်ခန့်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမနှင့်
ကပ်လျက် တက္ကသိုလ်ကြီးတစ်ခုက လူကြီးက ခွေးများမမြင်လိုဟု ဆိုသဖြင့် ခွေးကိုးကောင်
သားပေါက်ထားသော ခွေးမကြီးကို ခွေးသားများနှင့်အတူ တက္ကသိုလ်စာတိုက်အနီးတို့
သွားပို့ခဲ့ကြသည်။

ထိုအချိန်အခါက မိုးတွင်းကာလလည်း ဖြစ်သည်။ ခွေးမကြီးသည် ခွေးသားပေါက် ကလေးများကို
တစ်ကောင်ချင်း မိုးကြီး သဲသဲမဲမဲ ရွာနေသော်လည်း မူလနေရာသို့ ဖြန့်ချိ လာခဲ့သည်။

ခွေးကိုးကောင်ကို တစ်ကောင်ချင်း တက္ကသိုလ်စာတိုက်မှ မူလနေရာသို့ ပြန်ခေါ်လာလျှင်
အသွားအပြန် ၁၈ ခေါက်၊ မိခင်၏ မေတ္တာကို စဉ်းစားကြည့်နှိုင်သည်။

ထို အခြင်းအရာကို မြင်တွေ့ရသော အောက်ခြေ ၀န်ထမ်းများမှာ ကိုယ်ချင်းစာသနားစိတ် အပြည့်ဖြင့်
ခွေးမိသားစုကို လူကြီးမသိအောင် ကွယ်ဝှက်ကာ မွေးထားခဲ့ရဘူးသည်။

ယခင်က စည်ပင်က အဆိပ်ချကာ ခွေးများကို သုတ်သင်ကြရာ မျက်စိရှေ့တွင် ခွေးများ အလူးအလိမ့်
သေဆုံးသွားကြသည်ကို မြင်ခဲ့ကြံုခဲ့ရသည်။

စာရေးသူအနေဖြင့် "ထိုလုပ်ရပ်မှာ မှားနေပြီ။ အမှန်မှာ ခွေးအားလုံးကို ခွေးရူးပြန် ကာကွယ်
ဆေးထိုးပေးပြီး ခွေးမများကို သားကြောဖြတ်သင့်သည်"ဟု အမြဲတစေ နီးစပ်ရာ မိတ်ဆွေ
အပေါင်းအသင်းများကို ပြောနေခဲ့သည်။

မကြာမီက ဂျာနယ်တစ်စောင်တွင် ဤသို့ ပြုလုပ်ပေးရန် အမေရိကန်သံအမတ် ဇနီးက
အကုန်အကျခံမည်ဟု ဖတ်လိုက်ရရာ သာဓု ခေါ်မိသည်။

အမြန် အကောင်အထည်ဖော်စေ လိုသည်။

ခွေးသာမက သက်ရှိသတ္တဝါတိုင်း သဘာဝချင်း တူညီပါလိမ့်မည်။

ရေဘေးသင့်ကာလအတွင်း ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်၊ မန်ကျည်းကုန်းကျေးရွာ
ရွာဦးဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဣဿ ရိယ၏ မိန့်ကြားချက်တွင်
"... ရွှံ့ရေထဲမှာ ရုန်းပြေးနေတဲ့ ကျွဲတွေရဲ့ ပုံဏ္ဌာန်ကတော့ မျက်ဝန်းထဲက မထွက်ပါဘူး..."ဟု
Japanese Media က ထုတ်ဝေသော Yangon Press တွင် ဖတ်လိုက်ရသည်မှာ ရင်ထဲက
ကိုယ်ချင်းစာစိတ်ဖြင့် ခံစားမိသည်။

ထို့ပြင် ချင်းမိုင်မြို့အခြေစိုက် Save Elephant Foundation က ပဲခူးရိုးမအတွင်း ဆင်ဘိုးဘွားရိပ်သာ
စခန်း တည်ဆောက်မည့် သတင်းကို ဖတ်ရသောအခါ ရင်ထဲက သာဓုများစွာ ခေါ်မိပြန်သည်။

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားသည်ဟု ဆိုသော်ငြားလည်း စက်ဘီးများတွင်
ကြက်အရှင်များကို စောက်ထိုးချိတ်ဆွဲပြီး ဈေးသို့ပို့ခြင်း Light Truck တိုင်များတွင် ကြက် အရှင်များကို
ဇောက်ထိုးချိတ်ဆွဲပြီး ဈေးသို့ ပို့ ခြင်းတို့ကို မြင်ရသောအခါ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု
ဆိတ်သုဉ်းနေသည့်အလား ခံစားမိသည်။

နယ်စပ်ဂိတ်များမှလည်း တိရစ္ဆာန်မျိုးစုံ ကို တင်ပို့နေသည်ကို သတင်းစာများတွင် ဖတ်ရှုရသည်မှာ
စိတ်မချမ်းမြေ့စရာပါ။

စာရေးသူသည် အပတ်တိုင်း မွေးနေ့တွင် သက်သတ်လွတ် စားသည်။

တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး၊ လူတိုင်းသည် အပတ်စဉ် မွေးနေ့တိုင်း သက်သတ်လွတ်စားပြီး
နောက်နေ့တွင် အသား ပိုစားကြပါက အစားအသောက်အတွက် တိရစ္ဆာန်များ သေကြေမှုမှာ
အတူတူပင် ဖြစ်မည်။

တိရစ္ဆာန်အချင်းချင်းလည်း သတ်ဖြတ်စားနေကြသည်။

၁၇-၁၁-၂၀၁၅ ထုတ် News Watch ဂျာနယ်ပါ အရှင်ပညာသီရိ၏ 'ကြွက်ပင်ဖြစ်စေ အမေပင် အမေ'
ဟူသော ဆောင်းပါးတွင် မြွေက ကြွက်ကို လိုက်သောအခါ ကြွက်မှာ သားသမီးများ ရှိနေသဖြင့်
အဝေးမပြေးနိုင်ဘဲ ဆရာတော်၏ ကူညီမှုဖြင့် လွတ်မြောက်ပုံကို ရေးသားထားပုံမှာ ဆရာတော်၏
အရေးအသားဖြင့် ရသ မြောက်လှပေသည်။

လက်ရှိလောကတွင် တိရစ္ဆာန်ဘုံမှာ ရှိနေသေးသည်။

သဘာဝအရ အသားမစား၍လည်းမရ။ အရိမေတ္တယျ မြတ်စွာဘုရားလက်ထက်သို့ ရောက်ပါက
လူတို့ တရားစောင့်ကြသဖြင့် တိရစ္ဆာန်လောက ပျောက်မည်ဟု စာတွင် ဖတ်ဖူးသည်။

ထိုလောကသို့ မရောက်မီကာလတွင် လူတို့သည် အကုသိုလ်နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင်
ကျင့်ကြံနေထိုင်ကြရမည်။

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် တိရစ္ဆာန်ကလေးများကို ဝေငှကြောင်း
ဖတ်ရသည်။

ကြက်၊ ဘဲဆိုလျှင် ဥစားအတွက်၊ ကျွဲ၊ နွားဆိုလျှင် နို့နှင့် နို့ထွက် ပစ္စည်းအတွက် မွေးကြရလျှင်
ဗုဒ္ဓဘာသာဝင်များအဖို့ တော်ပါဦးမည်။

၀က်များခမျာ သနားစရာ၊ ၀က်များသည် စားသုံးရန် အသတ်ခံဖို့ လောကထဲ ၀င်ရောက်
လာရသကဲ့သို့ပင်။ ဘဝ၏ ၀ဋ်ကြွေးများသာ။

တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရေမြေသဘာဝ၊ ဘာသာရေး၊ ယဉ်ကျေးမှု မတူညီသည့်အလျောက်
ပုံတူကူးချ၍ မဖြစ်ပါ။

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ သစ်တော၊ သဘာဝတွင်းထွက်ပစ္စည်းများ ဓာတ်ငွေ့များ ရောင်းချရန်
ရှိသည်။

ထို့ကြောင့် သား၊ ငါးကို ပြည်တွင်းစားသောက်ရန်အတွက်သာ ရည်ရွယ်ပြီး ပြည်ပသို့ စီးပွားဖြစ်
ရောင်းချရန် အလွန်အကျွံ မလုပ်သင့်ပါ။

ကျွန်ုပ်တို့သည် ၀ဋ်ကြွေးမကုန်ကြသေးသဖြင့် သား၊ ငါးကို စားသုံးနေကြသည်။

တိရစ္ဆာန်ကောင်ရေ တိုးပွားမှု နည်းအောင် နည်းလမ်းများ ရှာကြရမည်။

အချုပ်မှာ မြန်မာနိုင်ငံ၏ တိုင်းပြည်စာရင်းစနစ်တွင် သား၊ ငါးကဏ္ဍ၏ ဖွံ့ဖြိုးမှုကို အနည်းဆုံး
ဖြစ်စေသင့်သည်။

ကျန်သော စီးပွားရေးကဏ္ဍများ၏ စာရင်းစနစ်တို့ကို အပိုင်း(၈)တွင် ဆက်လက် ဖော်ပြပါမည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021