အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် မဟာဗျူဟာမြောက် ထွက်ပေါက်နဲ့ ပတ်သက်ပြီး အခန်းဆက် ဆောင်းပါးကို အခုလို တင်ပြ ဆွေးနွေးထားပါတယ်။
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် မဟာဗျူဟာမြောက် ထွက်ပေါက်နဲ့ ပတ်သက်ပြီး အခန်းဆက်
ဆောင်းပါးကို အခုလို တင်ပြ ဆွေးနွေးထားပါတယ်။
အပြည်ပြည်ဆိုင်ရာ ဇာတ်ကောင်တွေ ဘာကြောင့် အရေးကြီးရသလဲ နိုင်ငံတစ်နိုင်ငံဟာ
အာဏာရှင်အုပ်ချုပ်ရေး စနစ်ကနေ ယှဉ်ပြိုင်မှုရှိတဲ့ အုပ်ချုပ်ရေးစနစ် (ဒီမိုကရေစီ) သို့မဟုတ်
တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီ)သို့ ကူးပြောင်းနိုင်မှုအလားအလာ၊ သို့မဟုတ် ယှဉ်ပြိုင်မှုရှိတဲ့
အုပ်ချုပ်ရေးစနစ် ဆက်လက်တည်တံ့နိုင်မှု အလားအလာကို တွက်ဆတဲ့အခါမှာ ကျွန်တော်တို့ဟာ
ပြည်တွင်းဇာတ်ကောင်တွေကိုချည်း စဉ်းစားနေလို့ မရပါဘူး။
အဲဒီနိုင်ငံပါ၀င်တဲ့ ကမ္ဘာ့အစိတ်အပိုင်းဒေသကြီးရဲ့ နိုင်ငံရေးပတ်ဝန်း ကျင်အခြေအနေနဲ့
အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးဇာတ်ကောင်တွေကို အလေးထား စဉ်းစားရမှာ ဖြစ်ပါတယ်။
ဒါဟာ မဟာဗျူဟာကို စဉ်းစားရခြင်းလည်း ဖြစ်ပါတယ်။
သူတို့က ဘယ်လို မဟာဗျူဟာ ကျင့်သုံးနေသလဲ စဉ်းစားရမှာပါ။
နှိုင်းယှဉ်မှုပြုသော သီအိုရီအရဆိုရင်တော့ နိုင်ငံတစ်နိုင်ငံဟာ သူ့ဘာသာသူ ဒီမိုကရေစီထွန်းကား
လာတဲ့ အခြေအနေ ရောက်ဖို့ဆိုတာ အချိန်အများကြီးကြာပါတယ်။
ဒီမိုကရေစီဟာ တဖြည်းဖြည်းခြင်း ဖြစ်ထွန်းတတ်တဲ့ သဘာဝရှိပါတယ်။
အခြေခံလူတန်းစားရဲ့ နိုင်ငံရေးယဉ်ကျေးမှု၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်း၊ အသိပညာပျံ့နှံ့မှု၊
လုပ်သားထုရဲ့ အရွယ်အစားနဲ့ အင်အား၊ ၀င်ငွေမညီမျှမှုအစရှိတဲ့ အကြောင်းတရားတွေက
အဓိကကျတယ်။
ဒီအကြောင်းတရားတွေက ရင့်မှည့်နေပြီ ဆိုရင်တောင် အချိန်တိုအတွင်းမှာ ဒီမိုကရေစီနိုင်ငံ
ဖြစ်လာဖို့ဆိုတာ အတော်ရှားပါတယ်။
အပြည်ပြည်ဆိုင်ရာ ဇာတ်ကောင်တွေရဲ့ သက်ရောက်အားရလာမှ မြန်မြန်ဆန်ဆန် ပြောင်းလဲတယ်လို့
ကျွန်တော်တို့ ယတိပြတ် မပြောနိုင်ပေမယ့်နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု
လျင်မြန်စွာ ဖြစ်ပေါ် လာတယ်ဆိုရင်တော့ ဒီအပြောင်းအလဲမှာ အပြည်ပြည်ဆိုင်ရာက
ပါ၀င်ပတ်သက်မှု ရှိတယ်ဆိုတာကိုတော့ အတိအကျ ပြောနိုင်ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်အပေါ်မှာ အပြည်ပြည်ဆိုင်ရာသက်ရောက်မှုက
ဘယ်လိုဖြစ်စေနိုင်သလဲဆိုတာကို သုတေသနပြုထားတဲ့ ပညာရှင်တွေက အပိုင်းငါးပိုင်းခွဲပြီး
ဖော်ပြထားတာကို ကျွန်တော်ဖတ်ခဲ့ရပါတယ်။
အကျဉ်းချုပ်တင်ပြရမယ်ဆိုရင်တော့ ပထမအပိုင်းက အပြည်ပြည်ဆိုင်ရာ ဇာတ်ကောင်တွေဟာ
အားနည်းတဲ့နိုင်ငံ တစ်နိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်တစ်ခု ပြောင်းလဲခြင်း၊ သို့မဟုတ် တည်ငြိမ်ခြင်းအပေါ်
ကောင်းစွာ သက်ရောက်နိုင်စွမ်းရှိကြတယ်။
ပြည်တွင်းက နိုင်ငံရေးဇာတ်ကောင်နဲ့ အပြည်ပြည်ဆိုင်ရာ ဇာတ်ကောင်တို့ရဲ့ ပူးပေါင်းအားထုတ်မှုဟာ
နိုင်ငံတစ်ခုရဲ့ အုပ်ချုပ်ရေးစနစ် ပြောင်းလဲနိုင်ဖို့အတွက် ကြီးမားသောအင်အားကို ဖြစ်စေတယ်။
ဒုတိယအပိုင်းကတော့ ကမ္ဘာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလှိုင်းဟာ အနည်းနဲ့ အများဆိုသလို
အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီမြှင့်တင်ရေး နိုင်ငံခြားရေးမူဝါဒနဲ့ တစ်ပြိုင်တည်းဆိုသလို
ဖြစ်လာနေတာ တွေ့ရတယ်။
ကမ္ဘာ့ဒေသကြီးတစ်ခုမှာ ဒီမိုကရေစီ ပျံ့နှံ့ ရောစပ်ခြင်း သဘောတရားကို လေ့လာမယ်ဆိုရင်
အမေရိကန်နိုင်ငံခြားရေးမူဝါဒနဲ့ ခွဲခြားပြီးလေ့လာဖို့ သိပ်ခက်ခဲတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
တတိယအပိုင်းကတော့ နိုင်ငံတွေရဲ့ အုပ်ချုပ်ရေးစနစ်တွေ အပေါ်မှာ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီ
ပျံ့နှံ့ရောစပ်ခြင်း သဘောတရားဟာ မကြာခင် နှစ်တွေအတွင်းမှာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်
နေသော်လည်း သူ့နောက်က ယန္တရားက သိပ်မလိုက်နိုင်သေးဘူးလို့ ဆိုပါတယ်။
သူတို့ ပြောချင်တာက တစ်ကမ္ဘာလုံးမှာ ဒီမိုကရေစီ စံနဲ့အညီဖြစ်တဲ့ လူ့အခွင့်အရေးတွေ၊
လူသားချင်းစာနာ ထောက်ထားမှုတွေ၊ သတင်းလွတ်လပ်ခွင့်တွေ ပျံ့နှံ့နေသော်လည်း နိုင်ငံတွေမှာ
ဒါတွေကို လေးစားလိုက်နာနိုင်အောင် ဥပဒေပြုမှုအပိုင်း၊ အရေးယူ ဆောင်ရွက်မှုအပိုင်းတွေမှာ
တိုးတက်မှု မကောင်းသေးတာကို ဆိုလိုတာပါ။
စတုတ္ထအပိုင်းကတော့ နိုင်ငံတွေမှာ အာဏာရှင်စနစ်ရဲ့ အားနည်းချက်တွေကို ပိုသိမြင်လာပြီး
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလှိုင်းတွေရဲ့ အတိုင်းအတာပမာဏ လျင်မြန်စွာ ကြီးထွားလာရအောင်
အပြည်ပြည်ဆိုင်ရာဇာတ်ကောင်တွေက ကြီးမားစွာ ဩဇာလွှမ်းမိုးပြီး အားဖြည့်ပေးနိုင်ကြတယ်။
ပဥ္စမအပိုင်းကတော့ အပြည်ပြည်ဆိုင်ရာ ဇာတ်ကောင်တွေဟာ နိုင်ငံတွေရဲ့ ဒီမိုကရေစီ
အသွင်ကူးပြောင်းမှု ဖြစ်လာပြီဆိုရင် အောင်မြင်စွာ ကူးပြောင်းနိုင်ရေးအတွက်
အဆင်ပြေချောမွေ့အောင် အကူအညီပေးနိုင်ကြတယ်။
ယှဉ်ပြိုင်မှုရှိတဲ့ အုပ်ချုပ်ရေးစနစ် ဖြစ်လာတဲ့အခါ ဒီအုပ်ချုပ်ရေးစနစ်ကို လဲပြိုမသွားအောင်လည်း
အကာအကွယ်ပေးနိုင်ကြတယ်။
ဒါပေမဲ့ ဒီအုပ်ချုပ် ရေးစနစ်ကို ဒီမိုကရေစီစံနှုန်းမြှင့်တင်ပေးတဲ့ နေရာမှာတော့ ထိရောက်မှု
မရှိတော့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဆိုလိုတာက အသွင်ကူးပြောင်းနေစဉ် အခက်အခဲတွေကို အပြည်ပြည်ဆိုင်ရာ ဇာတ်ကောင်တွေရဲ့
ကူညီဖြေရှင်းပေးမှုကို လက်ခံရယူခဲ့သော်လည်း ဒီမိုကရေစီ၊ သို့မဟုတ် တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီ
အုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီ ရေချိန်မြင့်ဖို့ လုပ်တဲ့အခါမှာတော့ သိပ်လက်မခံနိုင်တော့တဲ့
သဘောကို ပြောတာပါ။
ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်ကို ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အတွေ့အကြံုများနဲ့ နှိုင်းယှဉ်လေ့လာ
သုံးသပ်နိုင်ကြပါတယ်။
အထက်မှာ တင်ပြခဲ့တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်အပေါ် အပြည်ပြည်ဆိုင်ရာ
ဇာတ်ကောင်တွေရဲ့ ဩဇာသက်ရောက်မှု အပိုင်းငါးပိုင်းကနေ ယေဘုယျယူဆချက် တစ်ရပ်ကို
ဆွဲထုတ်လို့ရပါတယ်။
အဲဒါကတော့ နိုင်ငံတစ်နိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ အထောက်အကူခိုင်မာစွာ ရရှိရင် ဒီမိုကရေစီ
အသွင်ကူးပြောင်းရေးဟာ ဖြစ်နိုင်ခြေပိုများတယ်။
အသွင်ကူးပြောင်းရေး အစိုးရတွေ ပြိုလဲနိုင်ခြေလျော့နည်းသွားတယ်။
တကယ်လို့ အပြည်ပြည်ဆိုင်ရာက အထောက်အကူ နည်းရင်တော့ အသွင်ကူးပြောင်းရေး ဖြစ်နိုင်ခြေ
လျော့နည်းမယ်။
အသွင်ကူးပြောင်းရေး အစိုးရတွေ ပြိုလဲနိုင်ခြေများမယ်လို့ ကောက်ချက်ဆွဲထားတာ ဖြစ်ပါတယ်။
တစ်နည်းအားဖြင့် အပြည်ပြည်ဆိုင်ရာ ဇာတ်ကောင်တွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်း
အုပ်ချုပ်ရေးစနစ်တစ်ခုကို ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ရလဒ်ထွက်ပေါ်လာအောင်
စိုးမိုးခြယ်လှယ်နိုင်တယ်ဆိုတဲ့ အချက်ကို မီးမောင်းထိုးပြလိုက်တာပါပဲ။
ဒါဟာ ပြည်တွင်းနိုင်ငံရေးဇာတ်ကောင်တွေအတွက် သိပ်အရေးကြီးပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ ကံကြမ္မာကို ပြည်တွင်းဇာတ်ကောင်က ဘယ်လောက်ဖန်တီးနိုင်သလဲ။
အပြည်ပြည်ဆိုင်ရာ ဇာတ်ကောင်က ဘယ်လောက်ဖန်တီးနိုင်သလဲ။ စဉ်းစားကြဖို့ပါ။
ပြည်တွင်း ဇာတ်ကောင်ရဲ့ တန်ဖိုးကို အပြည်ပြည်ဆိုင်ရာ ဇာတ်ကောင်က
ရွေးချယ်သတ်မှတ်ပေးနေသလား။ ဒါလည်း စဉ်းစားကြဖို့ပါ။
ပြည်တွင်းအုပ်ချုပ်ရေးစနစ်အပေါ်မှာ အပြည်ပြည်ဆိုင်ရာ ဇာတ်ကောင်တွေက လွှမ်းမိုးမှု ရှိနေတာကို
ဆွေးနွေးခဲ့ပြီးတဲ့နောက် သူတို့က ဘယ်ပုံဘယ်နည်းနဲ့ လွှမ်းမိုးခြယ်လှယ်မှုတွေ လုပ်နေကြသလဲ
ဆိုတာကို ကျွန်တော်တို့ ဆက်လက်ဆွေးနွေးသွားပါမယ်။
သူတို့က ယန္တရားခြောက်ခုနဲ့ လွှမ်းမိုး ခြယ်လှယ်နေကြတယ်လို့ စာအုပ်တစ်အုပ်မှာ တွေ့ရပါတယ်။
ပထမယန္တရားကတော့ ဒီမိုကရေစီစံနှုန်း ဦးစားပေးမှုတွေကို နိုင်ငံဖြတ်ကျော်ပျံ့နှံ့စေသောနည်း
ဖြစ်ပါတယ်။
ဒီမိုကရေစီနိုင်ငံရေး ဦးစားပေးမှုတို့ ဖြန့်ချိတဲ့ နေရာမှာ သူတို့ဟာ တစ်လမ်းသွားတစ်ပွဲတိုး
ဘယ်တော့မျှမလုပ်ပါဘူး။
ဘက်စုံထောင့်စုံက အကွက်စိပ်စိပ်ကလေး လုပ်ကြသူတွေပါ။
မျှတတဲ့ သဘောထားနဲ့ အစွန်းမရောက်သော နည်းကို အသုံးပြုပြီး ဖြန့်ချိသလို အစွန်းရောက်တဲ့
သဘောထားနဲ့လည်း တစ်ပြိုင်တည်း ဖြန့်ချိကြပါတယ်။
အုပ်ချုပ်ရေးအသိုက် အဝန်းကို ချဉ်းကပ်သလို အတိုက်အခံကိုလည်း ချဉ်းကပ်တယ်။
ထိပ်ဆုံးအလွှာကို ၀င်သလို အောက်ဆုံးအခြေခံအလွှာအထိလည်း ရောက်ကြတယ်။
အပြည်ပြည်ဆိုင်ရာ ဇာတ်ကောင်တွေရဲ့ နိုင်ငံရေးတန်ဖိုးထားမှုနဲ့ ပြည်တွင်းဇာတ်ကောင်တွေရဲ့
နိုင်ငံရေး တန်ဖိုးထားမှု မတူညီကြပေမယ့် သူတို့ရဲ့ ဖြန့်ချိမှုကတော့ အသွားအပြန် နှစ်လမ်းသွားနည်းကို
အသုံးပြုလေ့ရှိပါတယ်။
ပြည်တွင်း နိုင်ငံရေးဇာတ်ကောင်တွေအပေါ် နိုင်ငံရေးအရ လွှမ်းမိုးမှုပြုနိုင်သလို ပြည်တွင်း
ဇာတ်ကောင်တွေရဲ့ တန်ဖိုးထားမှုတွေကိုလည်း သူတို့က လက်ခံရယူပြီး အသုံးပြုကြပါတယ်။
ဒုတိယယန္တရားကတော့ ဆန္ဒပြပွဲများက တစ်ဆင့် ပြည်တွင်းအုပ်ချုပ်ရေးစနစ်ပြောင်းလဲလာအောင်
အပြည်ပြည်ဆိုင်ရာ တန်ဖိုးထားမှုဖြစ်စဉ်များက လွှမ်းမိုးလာစေခြင်း ဖြစ်ပါတယ်။
အခြားနိုင်ငံမှာဖြစ်နေတဲ့ ထင်ရှားတဲ့ နိုင်ငံရေးအဖြစ်အပျက်၊ သို့မဟုတ် ဖြစ်စဉ်တွေကို ပြည်တွင်းက
ဇာတ်ကောင်တွေက အားကျ ပြီး စိတ်အားထက်သန်လာအောင် လှုံ့ဆော်ခြင်းဖြစ်ပါတယ်။
အုပ်ချုပ်ရေးစနစ်ဟောင်းကို ပြောင်းလဲစေရန်၊ သို့မဟုတ် ရှိရင်းစွဲအခြေအနေကို ပိုကောင်းလာအောင်
ဆန္ဒပြပွဲများနဲ့ လှုပ်ရှားတောင်းဆိုခြင်း ဖြစ်ပါတယ်။
သာဓက အနေနဲ့ ၁၉၈၉ ခုနှစ်နဲ့ ၁၉၉၁ ခုနှစ်အကြား အရှေ့ဥရောပနိုင်ငံတွေမှာ အစိုးရဆန့်ကျင် ရေးနဲ့
ကွန်မြူနစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်စေခဲ့တာ ရှိပါတယ်။
ဒီဘက် ခေတ်မှာတော့ အင်တာနက် လူမှုမီဒီယာများမှ တစ်ဆင့် အချိန်တိုအတွင်း
လူထောင်သောင်းမက ချိတ်ဆက်မှုတွေ ရရှိနိုင်တာကြောင့် လူအများအပြားပါ၀င်သော ဆန္ဒပြပွဲများ
ဖြစ်လာရန် နှိုးဆွလှုံ့ဆော်ဖို့ ယုတ္တိတန်သော လူထုသည်းခြေကြိုက် အကြောင်းပြချက် တစ်ခုသာ ရှိဖို့ပဲ
လိုပါတော့တယ်။
ဆက်လက်ဆွေးနွေးတင်ပြမယ့် ယန္တရား လေးခုကတော့ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး၊
လူမှုရေးနဲ့ လုံခြံုရေး အခင်းအကျင်းတွေကို အသုံးပြုပြီး အပြည်ပြည်ဆိုင်ရာ ဇာတ်ကောင်တွေက
ပြည်တွင်းအုပ်ချုပ်ရေး စနစ်ကို လွှမ်းမိုးခြယ်လှယ်ဖို့ ရည်ရွယ်ချက်ရှိရှိ နဲ့ ကြိုးပမ်းအားထုတ်မှုများပဲ
ဖြစ်ပါတယ်။
တတိယယန္တရားကတော့ အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း၊ ပြဋ္ဌာန်းချက်နဲ့ စံနှုန်းများကို
လေးစားလိုက်နာမှု မရှိတဲ့အတွက် နိုင်ငံတစ်ခုချင်းအပေါ် အရေးယူဆောင်ရွက်ရန် ဆက်ရှင်များ
ချမှတ်ခြင်း ဖြစ်ပါတယ်။
မလိုက်နာနိုင်သူကို ဆက်ရှင်နဲ့ ခြိမ်းခြောက်သလို အပြည်ပြည်ဆိုင်ရာဇာတ်ကောင်တွေရဲ့
ဩဇာလွှမ်းမိုးမှုကို လက်ခံတဲ့ ပြည်တွင်း ဇာတ်ကောင်တွေဟာ သူတို့လိုချင်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့
မဟာမိတ်ဖွဲ့ရင်၊ သို့မဟုတ် သူတို့ မလိုချင်တဲ့ အုပ်ချုပ်ရေးစနစ်ကို ရှောင်ကြဉ်ရင် ဆုပေးတဲ့
အစီအစဉ်တွေလည်း ရှိပါတယ်။
ပြည်တွင်းဇာတ်ကောင်တွေဘက်ကလည်း နိုင်ငံရေးအကျိုးအမြတ်ကို တွက်ချင့်ပြီး ရှေ့တိုး
ပူးပေါင်းမလား၊ နောက်ဆုတ် ပယ်ခွာမလား ဆုံးဖြတ်ကြရပါတယ်။
အပြည်ပြည်ဆိုင်ရာ ဇာတ်ကောင်တွေဟာ သူတို့ပန်းတိုင် သူတို့သွားနေကြတာပါ။
ဒီနိုင်ငံတစ်ခုတည်းကို ၀ိုင်းအုံပြီး ချစ်နေကြတာ မဟုတ်ပါဘူး။
ဒါကြောင့် ကာယကံရှင် ပြည်တွင်းဇာတ်ကောင်တွေက မျက်စိစုံမှိတ်ပြီး မနေမိဖို့ သတိပြုရပါမယ်။
မြန်မာလူထုဟာ ဆက်ရှင်နဲ့ သူ့ရဲ့ အကျိုးသက်ရောက်မှုအကြောင်း တော်တော်လေး သိထားကြပါပြီ။
ဆုပေးရေးအစီအစဉ်နဲ့ သူ့ရဲ့အကျိုးသက်ရောက်မှုအပေါ်မှာတော့ တွေဝေနေလို့
စောင့်ကြည့်နေကြတယ်လို့ ကျွန်တော်ထင်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ဇာတ်ကောင်တွေက မြန်မာပြည်မှာ ဆက်ရှင် တစ်ဖက် ဆုပေးရေးအစီအစဉ်
တစ်ဖက်နဲ့ သူတို့ဘက်က လွှမ်းမိုးခြယ်လှယ်နိုင်မယ့် အသွင်ကူးပြောင်းရေးတေးသွားကို
ကြိုးညှိနေကြဆဲပဲလို့ မြင်ရပါတယ်။
စီးပွားရေး အထောက်အပံ့ပေးတာ၊ ကြွေးမြီလျှော့ပေါ့ပေးတာ၊ ကုန်သွယ်ရေးအထူးအခွင့်အရေး
ပေးတာ၊ နယ်စပ်တံခါးတွေ ဖွင့်ပေးတာဟာ ပြည်ပဇာတ်ကောင်တွေက ပြည်တွင်း အုပ်ချုပ်ရေးစနစ်ကို
တည်ငြိမ်အောင် အကူအညီပေးနေတာ ဖြစ်ပါတယ်။
၁၉၇၀ ပြည့်လွန် နှစ်တွေနဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာလည်း အီးယူက ဥရောပတောင်ပိုင်းနိုင်ငံတွေကို
ဒီလို အထောက်အပံ့တွေပေးပြီး လိုချင်တဲ့ အုပ်ချုပ်ရေးစနစ်သစ်ကို မြေတောင်မြှောက်ပေးခဲ့တာ
ဖြစ်ပါတယ်။
စတုတ္ထယန္တရားကတော့ ပြည်ပဇာတ်ကောင်တွေက နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်နဲ့
သူ့မဟာမိတ်တွေကို အကူအညီ ပေးချင်သလား၊ ဒါမှမဟုတ် သူတို့ရဲ့ တည်ရှိမှု အခြေအနေကို
လျှော့ချပစ်ချင်သလား၊ ဒီလို ဖြစ်လာစေဖို့အတွက် သူတို့ရဲ့ပြိုင်ဘက် သို့မဟုတ် ဆန့်ကျင်ဘက်တွေကို
အရင်းအမြစ်တွေ ကမ်းလှမ်းတဲ့နေရာမှာ လျှော့ပေးခြင်း သို့မဟုတ် တိုးပေးခြင်းလုပ်တဲ့နည်းနဲ့
ထိန်းချုပ်တာ ဖြစ်ပါတယ်။
ဒီစတုတ္ထယန္တရားဟာ အထက်ကတင်ပြခဲ့တဲ့ တတိယယန္တရားနဲ့ သဘောတရားချင်း ဆက်စပ်မှု
ရှိသော်လည်း လုပ်ငန်း လုပ်ဆောင်ပုံကတော့ ကွာခြားပါတယ်။
စတုတ္ထယန္တရားရဲ့ ပန်းတိုင်က ပြည်တွင်းဇာတ်ကောင်တွေကို အပြစ်ပေးတာ ဆုပေးတာ မဟုတ်ဘူး။
ဆန့်ကျင်ဘက် ယှဉ်ပြိုင်နေတဲ့ အခြားဇာတ်ကောင်တွေကို အင်အားကြီးလာအောင်လုပ်ခြင်း၊
သို့မဟုတ် အင်အားနည်းသွားအောင် လုပ်ခြင်းသာ ဖြစ်ပါတယ်။
ဒါပေမဲ့ အပြည်ပြည်ဆိုင်ရာ ဇာတ်ကောင်ဟာ နိုင်ငံတစ်နိုင်ငံမှာ သူရဲ့ တတိယယန္တရားနဲ့
စတုတ္ထယန္တရားတို့ကို သီးခြားစီဖြစ်စေ၊ အချိတ်အဆက်မိမိ ပေါင်းစပ် ၍ဖြစ်စေ ကျင့်သုံးခဲ့တာတွေ
ရှိခဲ့ပါတယ်။
သာဓကအနေနဲ့ ၁၉၈၀ ပြည့်လွန် နှစ်တွေတုန်းက အယ်ဆာဗာဒိုနိုင်ငံကို ပေးခဲ့တဲ့ အမေရိကန်ရဲ့
အကူအညီဟာ ယန္တရားနှစ်မျိုးစလုံး သုံးစွဲပြီး ပေးခဲ့တာ တွေ့ရပါတယ်။
တချို့ ပြည်တွင်း ဇာတ်ကောင်တွေကို လက်ရှိအုပ်ချုပ်ရေးစနစ်နဲ့ သူ့ရဲ့ မဟာမိတ်အဖွဲ့တွေကနေ ခွဲထွက်
ရွှေ့ပြောင်းသွားစေဖို့အတွက် (တတိယ ယန္တရားဆက်ရှင်ကို အသုံးပြုပြီး) လွှမ်းမိုးခြယ်လှယ်ခဲ့သလို
သူတို့လိုလားတဲ့ အခြား ဇာတ်ကောင်တွေ ဩဇာအာဏာတက်လာ အောင် (စတုတ္ထယန္တရား
အသုံးပြုပြီး) အထောက်အကူပေးခဲ့တယ်။
လက်ဝဲစွန်း တော်လှန်ရေးသမားတွေကို ရှုံးနိမ့်တော့မယ့် အရေးက ကာကွယ်ဖို့အတွက် လက်ယာစွန်း
အာဏာရှင်အုပ်စုရဲ့ ပင်မအစိတ်အပိုင်းဖြစ်တဲ့ စစ်တပ်ကို အရင်းအမြစ်တွေ အများအပြားပေးပြီး
ကူညီလိုက်တယ်။
အဲဒီတုန်းက စစ်တပ်က လူ့အခွင့်အရေးမှတ်တမ်းတွေ ကောင်းအောင် လုပ်ပါမယ်ဆိုတဲ့ ကန့်သတ်ချက်
တစ်ခုနဲ့ပဲ ထောက်ပံ့မှုတွေပေးပြီး ကယ်တင်ထားလိုက်တာပါ။
နောက်ပိုင်းကျတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့ ဒီမိုကရေစီနိုင်ငံရေးကို လက်ခံပါမယ်။
တစ်ဖက် လူတွေကို မြေလှန်ပြီး ချေမှုန်းတာမလုပ်ပါဘူးဆိုတဲ့ အာမခံချက်တွေနဲ့ စစ်တပ်အဆင့်
မြှင့်တင်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် (တတိယယန္တရား၊ ဆုပေးခြင်းကို အသုံးပြု ပြီး)
ထပ်ကူညီခဲ့တာ ဖြစ်ပါတယ်။
တစ်ချိန်တည်း တစ်ပြိုင်တည်းဆိုသလို ၁၉၈၀ ပြည့်လွန် နှစ်တွေအတွင်းမှာပဲ ခရစ်ယာန်ဒီမိုကရက်တစ်
ပါတီကိုလည်း ထောက်ပံ့ကူညီခြင်းဟာ အားနည်းနေတဲ့ အပျံသင်စဒီမိုကရေစီမဟာ မိတ်အုပ်စုကို
(စတုတ္ထယန္တရားအသုံးပြုပြီး) အားကောင်းလာစေရန် ဖြစ်ပါတယ်။
ဒီသာဓကကို ကြည့်လိုက်မယ်ဆိုရင် ပြည်တွင်း ဇာတ်ကောင် တချို့ဟာ အားကောင်းတဲ့
အပြည်ပြည်ဆိုင်ရာဇာတ်ကောင်တွေရဲ့ ကြိုးဆွဲရာလိုက်ကနေရင်းနဲ့ပဲ ဘာမျှစွန့်လွှတ်စရာ မလိုဘဲ
ပြည်တွင်းမှာ ဩဇာအာဏာ တက်လာအောင် လုပ်နိုင်ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။
စာဖတ်သူများရဲ့ ကိုယ်တွေ့ အတွေ့အကြံုနဲ့ နှိုင်းယှဉ်လေ့လာနိုင်ကြဖို့ အတွက် တင်ပြတာပါ။
ပဥ္စမယန္တရားကတော့ အပြည်ပြည်ဆိုင်ရာ ဇာတ်ကောင်တွေ ကိုယ်တိုင်၊ သို့မဟုတ် သူတို့ရဲ့
ကိုယ်စားလှယ်တွေက ပြည်တွင်းဇာတ်ကောင် တွေအဖြစ် ပါ၀င်လာခြင်းပဲ ဖြစ်ပါတယ်။
တချို့ နိုင်ငံရေးအဖွဲ့ အစည်း၊ အရပ်ဘက်အဖွဲ့ အစည်း၊ ဘာသာရေးအဖွဲ့အစည်း၊ လူမှုရေး နဲ့ စီးပွားရေး
အဖွဲ့အစည်း အစရှိတဲ့ အဖွဲ့ အစည်းအမျိုးမျိုးဟာ ဒီမိုကရေစီစံညွှန်း တစ်ခုခုကို ခေါင်းစဉ်တပ်ပြီး
ပြည်တွင်းမှာ တက်ကြွစွာပါ၀င်လှုပ်ရှားခြင်း ဖြစ်ပါတယ်။
ဒီအဖွဲ့အစည်းတွေ အားကောင်းလာကြပြီး အုပ်ချုပ်ရေးစနစ်ရဲ့ မဟာမိတ်အဖွဲ့၊ သို့မဟုတ်
ယှဉ်ပြိုင်ဘက်အဖြစ် လှုပ်ရှားရင်း အပြည်ပြည်ဆိုင်ရာ ဇာတ်ကောင်လိုချင်တဲ့ အုပ်ချုပ်ရေးစနစ်
ပေါ်ထွက်လာအောင် လုပ်ယူနိုင်ပါတယ်။
ဆဋ္ဌမမြောက် နောက်ဆုံးယန္တရားက တော့ ရှင်းပါတယ်။ စစ်ရေးအရ ၀င်ရောက် စွက်ဖက်ခြင်း
ဖြစ်ပါတယ်။
၁၉၅၄ ခုနှစ်မှာ ဂွာတီမာလာနိုင်ငံ၊ ၁၉၆၅ ခုနှစ်မှာ ဒိုမီနီကန် နိုင်ငံ၊ ၁၉၈၉ ခုနှစ်မှာ ပနားမားနိုင်ငံနဲ့
၁၉၉၄ ခုနှစ်မှာ ဟေတီနိုင်ငံတွေရဲ့ သာဓကကို ယူနိုင်ပါတယ်။
အာဏာရှင်စနစ်ဖျက်သိမ်းဖို့၊ ဒီမိုကရေစီပြန်လည်ရှင်သန်ဖို့ ပြည်တွင်းမတည် မငြိမ်ဖြစ်နေတာကို
ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်တွေရှိပေမယ့် နောက်ဆုံးမှာတော့ ကိုယ်လိုချင်တဲ့ အုပ်ချုပ်ရေး
စနစ်တစ်ခု ပေါ်ထွက်လာရေးပဲ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။
ဒါကြောင့် ကမ္ဘာပေါ်မှာ အပြည်ပြည် ဆိုင်ရာဇာတ်ကောင်တွေရဲ့ အခန်းကဏ္ဍဟာ
သိပ်ကိုအရေးကြီးနေပြီ ဖြစ်ပါတယ်။
ပြည်တွင်း နိုင်ငံရေးအကျပ်အတည်းက ဖောက်ထွက်နိုင်ဖို့အတွက် မဟာဗျူဟာတစ်ရပ်ကို စဉ်းစားရာမှာ
ပြည်တွင်းဇာတ်ကောင်တွေဟာ အချင်းချင်း တွေ့ဆုံဆွေးနွေး အဖြေရှာရေးနည်းလမ်းကိုပဲ သုံးစွဲရမှာ
ဖြစ်ပါတယ်။
ဒါဟာ အများပြည်သူ အကျိုးစီးပွားကို ရှေးရှုတဲ့ သဘာဝအကျဆုံး ဖြေရှင်းနည်း ရှင်းရှင်းကလေးပါပဲ။
ပြည်တွင်း ပဋိပက္ခတွေမှာ ကိုယ့်ဘက်က အမြတ်ထွက် လိုဇောနဲ့ အချင်းချင်းတွေ့ဆုံ ဆွေးနွေးမှုကို
ရှောင်ရှားခဲ့တဲ့အပြင် အပြည်ပြည်ဆိုင်ရာ ဇာတ်ကောင်တွေရဲ့ လွှမ်းမိုးခြယ်လှယ်ရန်
ကြိုးစားအားထုတ်မှုမှန်သမျှကို သတိတမံ၊ ဉာဏ်မြေကတုတ်ဖြင့် လုံလုံလောက်လောက်
ပိုင်းခြားဝေဖန်ခြင်း မပြုလုပ်တော့ဘဲ အမြင်တိုသော ဖြတ်လမ်းနည်းအသုံးပြု၍ ကိုယ့်အဖွဲ့အစည်း
အကျိုးစီးပွားတစ်ခုတည်းကိုသာ ရှေးရှုပြီး လုပ်ဆောင်သွားကြမယ်ဆိုရင်တော့ ပြည်တွင်းဇာတ်ကောင်
တချို့ကို ယုံကြည်စွာတာဝန် အပ်နှင်းထားတဲ့ ပြည်သူ လူထုရဲ့ အကျိုးစီးပွားဟာ ဒုတိယတန်းနေရာကို
အလိုအလျောက် ကျရောက်သွားမှာပဲ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

















