အုပ်ချုပ်ရေးစနစ်က အမှန်တကယ် ပြောင်းလဲနိုင်ဖို့ လိုပါတယ်။ အမှန်တကယ် ပြောင်းမပြောင်းဆိုတာ ပါးစပ်ပြောနဲ့ မဆုံးဖြတ်နိုင်ဘူး။
ဘာကြောင့် ခုခံကာကွယ်ကြသလဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို
တခြားနိုင်ငံတွေရဲ့ အသွင်ကူးပြောင်းရေး လုပ်ဆောင်ချက်တွေနဲ့ နှိုင်းယှဉ် စဉ်းစားခဲ့ရာမှာ
ကျွန်တော်ကတော့ ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တစ်ခု လိုအပ်နေပုံကို ဦးစားပေး
တင်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းတွေက လွတ်မြောက်စေဖို့အတွက်
မဟာဗျူဟာထွက်ပေါက်တွေ ရှိနေပုံကိုလည်း ဆွေးနွေးတင်ပြခဲ့ပြီး ဖြစ်ပါတယ်။
အခု နိဂုံးချုပ် အနေနဲ့ မြန်မာနိုင်ငံမှာ ဒီအကျပ်အတည်းတွေ ဖြစ်ပေါ်လာရတဲ့ အရင်းခံ အကြောင်းတရား
တစ်ခုဖြစ်တဲ့ ခုခံကာကွယ်ခြင်း မဟာဗျူဟာမှ ဖောက်ထွက်ခြင်းမဟာဗျူဟာ (Breakthrough
Strategy) သို့ ဘယ်လို ရွှေ့ပြောင်းမလဲ၊ အဲဒီလို ရွှေ့ပြောင်းရင် ဖြစ်လာနိုင်ဖွယ်ရှိတဲ့
အကျိုးသက်ရောက်မှုတချို့ကို ကျွန်တော် ဉာဏ်မီ သလောက် ဆွေးနွေးတင်ပြသွားပါမယ်။
ကျွန်တော်ဟာ နိုင်ငံ့ဝန်ထမ်းတာဝန်ကို အသက် ၁၈ နှစ်အရွယ် ၁၉၆၄ ခုနှစ်မှာ စတင်
ထမ်းဆောင်ခဲ့ပါတယ်။
၄၂ နှစ်တိုင် ထမ်းဆောင်ခဲ့ပြီး အသက် ၆၀ ပြည့်ခါနီး ၂၀၀၆ ခုနှစ်မှာ နိုင်ငံရေးတာဝန်ကို ဆက်လက်
ထမ်းဆောင်ခဲ့ရပါတယ်။
၂၀၁၄ ခုနှစ် နိုင်ငံရေး တာဝန်ကပါ အနားယူလိုက်တဲ့အထိဆိုရင် နှစ်ပေါင်း ၅၀ ကျော်
အစိုးရအဖွဲ့အမျိုးမျိုး အောက်မှာ အလုပ်လုပ်ခဲ့ရတာပါ။
နိုင်ငံရေး ပါတီများ ရပ်တည်ခွင့်မရှိတဲ့ တပ်မတော် အုပ်ချုပ်ရေးစနစ်၊ တစ်ပါတီအုပ်ချုပ်ရေး စနစ်နဲ့
နိုင်ငံရေးပါတီများ ရပ်တည်ခွင့်ရှိတဲ့ တပ်မတော် အုပ်ချုပ်ရေးစနစ်ဆိုတဲ့ အုပ်ချုပ်ရေးစနစ်
သုံးမျိုးအောက်မှာ ၄၇ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ရွေးကောက်ခံ တစ်စိတ်တစ်ပိုင်း
ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်အောက်မှာ သုံးနှစ်ကျော် တာဝန်ထမ်းခဲ့ရတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ရပုံတွေကို အခု လို လွတ်လွတ်လပ်လပ်ရှိပြီး
အတိတ်ဖြစ်စဉ် ဖြစ်ရပ်တွေ မှတ်မိနေတဲ့အချိန်မှာ ပြန်လည် သုံးသပ်ကြည့်တဲ့အခါကျတော့
ကျွန်တော်လုပ်ခဲ့တာ အလုပ်နှစ်မျိုးပဲရှိတာ သွားတွေ့ ရပါတယ်။
အလုပ်တစ်မျိုးက ဆန်းသစ်တီထွင်သော အတွေးမှန်သမျှကို စိတ်ထဲမှာ သိမ်းဆည်းထားဖို့နဲ့
အထက်ကမူဝါဒတွေကို စိတ်ထဲမှာ သဘောကျသည်ဖြစ်စေ သဘောမကျသည်ဖြစ်စေ မဖြစ်မနေ
အကောင်အထည်ဖော်နေရခြင်းပဲ ဖြစ်ပါတယ်။
နောက် အလုပ်တစ်မျိုးကတော့ အထက်က မူဝါဒတွေကို ပြည်တွင်းနဲ့ ပြည်ပမှာပါ အမြဲတမ်း
ခုခံ ကာကွယ်နေရခြင်းပါပဲ။
ဘာကြောင့် ကျွန်တော်တို့ ဒီလိုအမြဲတမ်း ခုခံကာကွယ်နေရတာလဲ။
လူတွေဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ် ချင်တာ၊ ကိုယ့်အဖွဲ့အစည်းကိုယ် ကာကွယ်ချင်တာ
အတ္တစိတ် အရင်းခံတဲ့ လူ့သဘာဝပါပဲ။
လူတိုင်းဟာ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း လုံခြံုနေတယ်လို့ မထင်ကြဘူး။
စိတ်ပညာရှင်တွေက ဒီလို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းကို ခုခံကာကွယ်ခြင်းလို့ ရိုးရိုးလေးပဲ
ခေါ်ကြပါတယ်။
တခြားလူက တစ်စုံတစ်ရာ ခြိမ်းခြောက်တယ်လို့ ခံစားမှုဖြစ်ခဲ့ရင် ဒါ ငါ့ကို တိုက်ခိုက်တာပဲလို့
တွေးထင်မိပါတယ်။
ခုခံကာကွယ်ဖို့ လိုပြီဆိုပြီး တစ်စုံတစ်ခု တုံ့ပြန်မှုလုပ်တော့တာပဲ။ ဒါဟာ အတ္တမာနက စေ့ဆော်တဲ့
လှုပ်ရှားမှုပါ။
အငြင်းပွားမှုတွေ၊ ပဋိပက္ခတွေ၊ တိုက်ပွဲတွေ ရှိလာပြီဆိုရင် ခုခံကာကွယ်လိုသောစိတ်ကလည်း
ပြင်းထန်လာတာပါပဲ။
ခုခံကာကွယ်လို စိတ်ပြင်းထန်နေရင် အမှန်တရားနဲ့ တရားမျှတမှုဟာ ဘေးဖယ်ထားခြင်း
ခံရပါတော့တယ်။
ကိုယ့်အပြစ်ကိုယ်လည်း မမြင်နိုင်တော့ဘူး။ သူများအပြစ်တင်ရင်လည်း ခံနိုင်ရည်မရှိတော့ဘူး။
စိုးရိမ်ကြောင့်ကြမှုတွေနဲ့ မနှစ်မြို့ ဖွယ် အတွေးတွေကို မောင်းနှင်ထုတ်ဖို့အတွင်း စိတ်ကနေ
ဒေါသထွက်လာတယ်။
ဒေါသထွက်တော့ နက်နဲတဲ့ တွေးတောကြံဆမှု ဆုတ်ယုတ်သွားတယ်။ အပေါ်ယံခံစားမှုကိုပဲ
သိတော့တယ်။
ဒီအချိန်မှာ ဆုံးဖြတ်ချက်ချလိုက်ရင် ဒီဆုံးဖြတ်ချက်ဟာ ရေတိုအမြင် ကိုယ့်ကိုယ် ကိုယ်
ခုခံကာကွယ်ရေးနည်း ပရိယာယ်က လွဲလို့ တခြား မရှိနိုင်တော့ပါဘူး။
သာမန်လူ တစ်ယောက်အတွက်တော့ ဒါဟာ ပြစ်မှုတစ်ခု ကျူးလွန်ဖို့ အသင့်အနေအထား
ဖြစ်စေတယ်။
အမိန့်ပေးအုပ်ချုပ်သူ တစ်ယောက်ရဲ့ အတ္တမာနနဲ့ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ကိုယ့်အတွက်နဲ့
ကိုယ့်အဖွဲ့အစည်းအတွက် ခုခံကာကွယ်ရေး မဟာဗျူဟာကို ပုံပေါ်စေပါတယ်။
ဒါကြောင့် အမိန့်ပေးအုပ်ချုပ်မှုတိုင်းမှာ ခုခံကာကွယ်ရေး မဟာဗျူဟာဟာ ကြာလေ
အားကောင်းလေပါပဲ။
အင်စတီကျူးရှင်းတွေ အားလုံးမှာလည်း ပျံ့နှံ့ တည်ရှိသွားစေခဲ့ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်လုံးလုံး ခုခံကာကွယ်နေခဲ့ကြရတာပါ။
အဲဒီလို ခုခံကာကွယ်ရင်းနဲ့ အင်စတီကျူးရှင်းနဲ့ လူထုနဲ့ ဝေးကွာသထက် ဝေးကွာခဲ့ကြရတာပါ။
ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကျတော့ ဆုံးဖြတ်ချက်ချမှတ်တဲ့ လုပ်ငန်းစဉ်ဟာ တစ်ဦးတစ်ယောက်တည်း
အပေါ်မှာ မရှိဘဲ မတူကွဲပြားတဲ့လူတွေ ပါ၀င်တဲ့ အများဆန္ဒနဲ့ ဆုံးဖြတ်ကြရတာ ဖြစ်ပါတယ်။
အတ္တမာနက လူတိုင်းမှာ ရှိပေမယ့် အပြန်အလှန် ဆွေးနွေးပွဲတွေမှာ အချေအတင် ငြင်းခုန်
ဆွေးနွေးကြပြီးမှ အများလက်ခံနိုင်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ရွေးချယ် ချမှတ်ရတာပါ။
အတ္တစိတ်တွေဟာ အဲဒီဆွေးနွေးပွဲတွေမှာ မှတ်ကျောက်တင်ခံခဲ့ ရပြီး အများပြည်သူလူထု
အကျိုးအတွက် မဟုတ်တာတွေ ဖယ်ရှားထားခဲ့ပြီး ဖြစ်ပါတယ်။
ဒါကြောင့် ဆုံးဖြတ်ချက်ဟာ တစ်ဦး တစ်ယောက်၊ တစ်ဖွဲ့ရဲ့ အကျိုးစီးပွားကို ခုခံ ကာကွယ်ဖို့
မဟုတ်တော့ဘဲ အများပြည်သူ အကျိုးစီးပွား၊ နိုင်ငံတော်ရဲ့ ရေရှည်အကျိုး စီးပွားအတွက်သာ
ဖြစ်စေပါတယ်။
အမိန့်ပေး အုပ်ချုပ်ရေးစနစ်နဲ့ ဒီမိုကရေစီစနစ် ကွာခြားချက်က ဒီနေရာမှာ အထင်အရှား
ပေါ်လွင်လာပါတယ်။
ဒါကြောင့် ကျွန်တော်က လူပုဂ္ဂိုလ်တွေကို မဝေဖန်ဘူး၊ စနစ်တွေကိုပဲ ဝေဖန်တင်ပြတာပါ။
ဘယ်သူမဆို ဒီစနစ် ကျင့်သုံးရင် ဒီရလဒ်ပဲရမှာ ဖြစ်ပါတယ်။
စစ်မှန်တဲ့ အသွင်ကူးပြောင်းရေးတစ်ခု ဖြစ်ဖို့ဆိုတာဟာ အုပ်ချုပ်ရေးစနစ်က အမှန်တကယ်
ပြောင်းလဲနိုင်ဖို့ လိုပါတယ်။
အမှန်တကယ် ပြောင်းမပြောင်းဆိုတာ ပါးစပ်ပြောနဲ့ မဆုံးဖြတ်နိုင်ဘူး။
ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရေး မဟာဗျူဟာ ဘယ်လောက်အထိ ကျင့်သုံးနေသေးသလဲဆိုတာနဲ့
ဆုံးဖြတ်နိုင်ပါတယ်။
အမိန့်ပေးအုပ်ချုပ်ရေးစနစ်ကို ဖြစ်စေ၊ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ဖြစ်စေ တာရှည်
ရှင်သန်ရေးအတွက် တပ်မတော်၊ ပြည်ထဲရေး၊ တရားစီရင်ရေး အပါအဝင် အင်စတီကျူးရှင်းတွေက
အကာအကွယ် ပေးနေရတာပါ။
အုပ်ချုပ်ရေးစနစ်က ဒီမိုကရေစီစနစ်ဆီကို အမှန်တကယ် ပြောင်းလဲလိုတယ်ဆိုရင် သူ့ရဲ့
လက်သုံးကိရိယာများဖြစ်တဲ့ အင်စတီကျူးရှင်းတွေ ပြောင်းလဲဖို့ကို ဦးစားပေးလုပ်ရပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အင်စတီကျူးရှင်းများ (ဥပဒေ စည်းမျဉ်း စည်းကမ်း၊ ဓလေ့ထုံးတမ်း၊ လူ၊
အဆောက်အအုံ၊ အဖွဲ့အစည်း စသည်တို့)ဟာ နှစ်ပေါင်း ၅၀ ကျော်ကြာအောင် အမိန့်ပေး
အုပ်ချုပ်ရေးစနစ် အမျိုးမျိုးအောက်မှာ ရှင်သန်လာခဲ့ကြရတာပါ။
အမိန့်ပေးအုပ်ချုပ်ရေးစနစ်တွေနဲ့ သူတို့ရဲ့ အတွေးအမြင်တွေကို ကာကွယ်နိုင်ဖို့အတွက်
ပြုပြင်စီရင်ခြင်းခံခဲ့ရတဲ့ အင်စတီ ကျူးရှင်းတွေပါ။
အုပ်ချုပ်ရေးစနစ်ဟောင်းတွေကို ကာကွယ်ပေးရင်းနဲ့ အင်စတီကျူးရှင်းတွေက သူတို့ ရရှိလာတဲ့
အခွင့်အရေးတွေနဲ့ ကင်းလွတ်ခွင့်တွေအပေါ်မှာ သာယာ နှစ်သက် စွဲလမ်းမှုတွေ ရှိလာတဲ့အပြင်
ပြည်သူ လူထုအပေါ် အမှန်တရား၊ တရားမျှတမှုရှိ ဖို့ထက် အုပ်ချုပ်ရေးစနစ်ကို ကာကွယ်ဖို့
အလုပ်ကိုသာ ပိုပြီး တန်ဖိုးထားလာကြတာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စတင်လိုက်တဲ့ အချိန်မှာ အင်စတီကျူးရှင်းတွေဟာ
နဂိုတန်ဖိုးထားမှုတွေအတိုင်း ဆက်ရှိနေကြတာဖြစ်ပြီး သင့်တင့်လျောက်ပတ်စွာ လိုက်ပါပြောင်းလဲဖို့
၀န်လေးနေကြတာကိုလည်း တွေ့ရပါတယ်။
အရှေ့ဂျာမနီနိုင်ငံရဲ့ အသွင်ကူးပြောင်းမှု ဖြစ်စဉ်မှာ အတိတ်အုပ်ချုပ်ရေးစနစ်ရဲ့ ဉာဉ် အတိုင်း
တန်ဖိုးထားမှု မပြောင်းလဲနိုင်သေးတဲ့ လူပုဂ္ဂိုလ် ငါးသိန်းခန့်ကို အများပြည်သူဆိုင်ရာ တာဝန်ရှိတဲ့
ဌာနတွေက ဖယ်ရှားခြင်း (Purge) ကို အုပ်ချုပ်ရေးစနစ်သစ်ရဲ့ ယန္တရားတွေ ရပ်တန့်သွားမတတ်
အထိအခိုက်ခံ ပြုပြင်ခဲ့တာကို ကမ္ဘာ့နိုင်ငံရေးသမိုင်းမှာ အထင်အရှား ဖြစ်ခဲ့ပါတယ်။
သူတို့ဘာကြောင့် ဒီလို လုပ်ခဲ့ရသလဲဆိုတော့ သူတို့မှာ သီအိုရီ သဘောတရားအရ အခိုင်အမာ
ရှိပြီးသား ဖြစ်နေလို့ပါ။
ဂါး(Gurr)သီအိုရီအရ ဒီမိုကရေစီစနစ်ကို အမိန့်ပေး အင်စတီကျူးရှင်းရဲ့ စရိုက် လက္ခဏာနဲ့
အကောင်အထည်ဖော်ရင် အဲဒီ အုပ်ချုပ်ရေးစနစ်ဟာ သက်တမ်းတိုမယ်လို့ ဆိုထားပါတယ်။
ဒီတွေ့ရှိချက်ကို နပ်ဆင်နဲ့ နီဂတ်တို့က လက်တွေ့ သုတေသနပြုလုပ်ချက်များနဲ့ ပေါင်းစပ်ပြီး
ရှင်းလင်းချက် သုံးချက် ထုတ်ပြန်ထားပါတယ်။
ပထမရှင်းလင်းချက်က နုနယ်သေးတဲ့ တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီစနစ်ဟာ အုပ်ချုပ်ရေးစနစ်
အတွင်းမှာရှိနေတဲ့ ပြဿနာတွေကြောင့် မဟုတ်ဘဲ သူပေါက်ဖွားလာခဲ့ရတဲ့ ဆူဆူပူပူ နိုင်ငံရေး၊
တအုံနွေးနွေး လူမှုရေးအခြေအနေတွေနဲ့ တခြားရန်လိုမှုတွေ များလွန်းတာကြောင့်
သက်တမ်းတိုနိုင်တယ်။
ဒုတိယ ရှင်းလင်းချက်က အုပ်ချုပ်ရေးစနစ်ရဲ့ စရိုက် လက္ခဏာ (အုပ်ချုပ်ရေးမှာ တပ်မတော် ပါ၀င်မှု
အတိုင်းအတာ၊ နိုင်ငံရေးပါတီများရဲ့ လှုပ်ရှားမှုစသည်)တို့ဟာ အုပ်ချုပ်ရေးစနစ် ရှင်သန်မှု
မရှင်သန်မှုအပေါ်မှာ လက်ငင်း တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိစေနိုင်တယ်။
တတိယရှင်းလင်းချက်ကတော့ တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီနဲ့ အမိန့်ပေး အင်စတီကျူးရှင်းရှိနေတဲ့
နိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီရေချိန်ဟာ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကောင်း တစ်ခု
ဖြစ်လာစေဖို့အတွက် လိုအပ်နေတဲ့ လွတ်လပ်မှုတွေကို မြှင့်တင်မပေးနိုင်ဘူး ဆိုတာပါပဲ။
ဂါးသီအိုရီနဲ့ နပ်ဆင်တို့ရဲ့ ရှင်းလင်းချက်တွေဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးကာလ
အုပ်ချုပ်ရေးစနစ်နဲ့ နှိုင်းယှဉ်ချင့်ချိန်စဉ်းစားသင့်တဲ့ အချက်တွေပဲလို့ ကျွန်တော်မြင်ပါတယ်။
နာမည်ကြီးပညာရှင် ဟန်တင်တန် (Huntington) ကလည်း "တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီဟာ
ဟန်ချက် မညီလို့ တည်ငြိမ်မှု မရှိနိုင်ပါဘူး။ တစ်ဝက်တစ်ပျက် ဆောက်ထားတဲ့အိမ်လို
တာရှည်ရပ်တည်လို့ မရပါဘူး"လို့ ရေးထားခဲ့ပါတယ်။
ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဟာ ဒီမိုကရေစီ အင်စတီကျူးရှင်းနဲ့၊ အမိန့်ပေးအုပ်ချုပ်ရေး စနစ်ဟာ
အမိန့်ပေး အင်စတီကျူးရှင်းနဲ့ပဲဆိုရင် ခေါင်းဆောင်မှုကောင်းရင် ကောင်းသလောက် သူ့ဘာသာသူ
တာရှည် ရှင်သန်နိုင်ပါတယ်။
တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဟာ အမိန့်ပေး အင်စတီကျူးရှင်း အများစုကို မပြုပြင်
မပြောင်းလဲနိုင်ဘဲ ဆက်သုံးနေရတယ်ဆိုရင် နိုင်ငံရေး၊ လူမှုရေး ပဋိပက္ခတွေကိုလည်း မဖြေရှင်းနိုင်၊
ဒီမိုကရေစီရေချိန်လည်း မမြှင့်နိုင်၊ မတည်မငြိမ်ဖြစ်ပြီး အကျပ် အတည်းပေါင်းစုံနဲ့ တွေ့ကြံုနိုင်တဲ့
အနေအထား ရောက်နိုင်တာကိုပညာရှင် အများစုက တစ်သဘောတည်း လက်ခံထားကြပါတယ်။
ဒါကြောင့် ယနေ့မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေဟာ ကိုယ့်အဖွဲ့အစည်းကိုယ်
အပြင်းအထန် ကာကွယ်နေတဲ့ ခုခံကာကွယ်ရေးမဟာဗျူဟာနဲ့ အင်စတီကျူးရှင်းများ အလျဉ်မီအောင်
ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်ခြင်းဆိုတဲ့ အချက်နှစ်ချက်ပေါ်မှာ အခြေခံတယ်လို့ ကျွန်တော်
ယူဆပါတယ်။
ဒီလို အကျပ်အတည်းဝင်္ကပါထဲက ရုန်းထွက်နိုင်မယ့် မဟာဗျူဟာထွက်ပေါက် ငါးခုကို လည်းရှေ့ပိုင်းမှာ
ဆွေးနွေး တင်ပြထားခဲ့ပြီး ဖြစ်ပါတယ်။
နိုင်ငံရေး အကျပ်အတည်းတွေက ကျွန်တော်တို့ ဘာကြောင့် ဖောက်ထွက်သင့်သလဲ၊
ဘယ်လို ဖောက်ထွက်သင့်သလဲဆိုတာကို ဆက်လက် ဆွေးနွေးသွားကြပါမယ်။

















