နိုင်ငံရေးအတွက် ဘာသာရေးကို မလျော်မကန် အသုံးချမှုများ ဆန့်ကျင်ရန် ဘာသာရေးခေါင်းဆောင်များကို တိုက်တွန်း...
ကာဒီနယ် ချားစ်မောင်ဘိုဘိုသည် ခရစ္စမတ် သတင်းစကားတစ်ရပ် ထုတ်ပြန်လိုက်ပြီး
မဲပေးရွေးချယ်မှုဖြင့် အသံတိတ်တော်လှန်ရေးကို ဆောင်ရွက်ခဲ့သော မြန်မာပြည်သူများကို
ဂုဏ်ပြုပြောဆိုခဲ့ပြီးနောက် သမ္မတနှင့် စစ်တပ်ကိုလည်း နို၀င်ဘာ ၈ ရက် ရွေးကောက်ပွဲရလဒ်ကို
လက်ခံခဲ့ခြင်းအတွက် ချီးကျူး ပြောဆိုခဲ့သည်။
ပုပ်ရဟန်းမင်းကြီးက မြန်မာနိုင်ငံ၏ ပထမဆုံးကာဒီနယ်အဖြစ် ပြီးခဲ့သည့်ဖေဖော်ဝါရီလ၌
ရွေးချယ်ခန့်အပ်ခြင်းခံခဲ့ရသော ရိုမန်ကသလစ်ဘုန်းတော်ကြီး ချားစ်မောင်ဘိုဘို၏ အမျိုးသား
ပြန်လည်ရင်ကြားစေ့ရေးကို ဆောင်ရွက်ရန်လိုအပ်ကြောင်း အလေးပေးပြောကြားထားသော
သတင်းစကားထဲတွင် မည်သည့်လူမျိုး သို့မဟုတ် မည်သည့် ဘာသာဝင်မဆို လူထုအားလုံးသည်
မြန်မာနိုင်ငံ၏ နိုင်ငံသားများပင် ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
နိုင်ငံရေးအတွက် ဘာသာရေးကို မလျော်မကန်အသုံးချသည့် လုပ်ရပ်များအားလုံးကို ဆန့်ကျင်ကြရန်
ဘာသာရေး ခေါင်းဆောင်များကို တိုက်တွန်းထားသည်။
သက်တော် ၆၇ နှစ်ရှိပြီဖြစ်သော ကာဒီနယ်က မြန်မာနိုင်ငံသည် ရွေးကောက်ပွဲ ပြီးနောက်
ပြောင်းလဲမှု၏ အစခြေလှမ်းတွင် ရောက်ရှိနေပြီဖြစ်ကြောင်း ဆိုသည်။
"အခု အချိန်ဟာ ဒီတိုင်းပြည်အတွက် အကောင်းဆုံး အချိန်ဖြစ်လာတော့မှာပါ"ဟု ၎င်းက ပြောသည်။
သို့သော် ရှေ့ဆက်ရမည့်ခရီးမှာ အခက်အခဲများရှိနိုင်ကြောင်းလည်း သတိပေး ပြောကြားခဲ့သည်။
"နှစ်ပေါင်းများစွာ မျှော်လင့်ချက်ထားရှိခဲ့ပြီးနောက် မြန်ဆန်တဲ့ ရလဒ်တွေကို ရရှိချင်တာဟာ
သဘာဝပါပဲ။ ဒါပေမဲ့ ဒီမိုကရေစီ ဆိုတာဟာ တစ်ဆင့်ပြီးတစ်ဆင့်သွားရတာ ဖြစ်ပြီး တစ်ညတည်းနဲ့
အောင်ပွဲခံ ပြီးဆုံးသွားတဲ့ ပြဇာတ်တစ်ပုဒ် မဟုတ်ပါဘူး။ နိုင်ငံတော် တည်ဆောက်ရေးဆိုတာ
ကျွနု်ပ်တို့အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ အခုဆိုရင် ရွေးကောက်ပွဲ ရလဒ်နဲ့ ကိုယ်ကျင့်တရား
ဖြောင့်မတ်မှန်ကန်မယ်လို့ ယုံကြည်ထိုက်တဲ့ ခေါင်းဆောင်တွေလည်း ရှိနေပါပြီ။ စစ်ပွဲတွေမရှိတဲ့
နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ရန်မှာ ကျွနု်ပ်တို့၏ တာဝန်ဖြစ်ပါတယ်"ဟု ဘုန်းတော်ကြီးက
ပြောကြားသည်။
"ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဂုဏ်ပြုပါတယ်။ တစ်ချိန်တည်းမှာပဲ
စိန်ခေါ်မှုတွေအများကြီး ရှိနေပေမယ့် နိုင်ငံကို တည်ဆောက် နိုင်ပါစေလို့ ဆန္ဒပြုရင်း
ဆုတောင်းပေးလိုက်ပါတယ်"ဟု ၎င်းကဆိုသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရည်မှန်းချက်ထားကာ ဆောင်ရွက်မည်ဟုဆိုသော အမျိုးသား
ပြန်လည်ရင်ကြားစေ့ရေးဆိုင်ရာ မူဝါဒကို ချီးကျူးဂုဏ်ယူကြောင်း ၎င်းကပြောသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်အား ၎င်း၏ အခန်းကဏ္ဍအတွက် ချီးကျူးဂုဏ်ပြုပါကြောင်း
ဘုန်းတော်ကြီးကဆိုသည်။
"သမ္မတနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲဆုံးဖြတ်ချက်ကို လက်ခံပြီး
အနိုင်ရသူတွေကို ကြိုဆိုခဲ့ကြတဲ့ ညင်သာသိမ့်မွေ့တဲ့ လမ်းစဉ်ကို ကမ္ဘာက အထင်ကြီးလေးစားနေကြ
ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်း နိုင်ငံအတွက် ဆောင်ရွက်ခဲ့တာတွေဟာ ပိုမိုပါ၀င်နိုင်မှုကို
ယူဆောင်လာတဲ့ တိုးတက်ပြောင်းလဲလာသော ဒီမိုကရေစီကို ဖြစ်ပေါ်စေပါတယ်။
တိုင်းပြည်အာဏာကို ငြိမ်းငြိမ်းချမ်းချမ်း လွှဲပြောင်းပေးချင်တဲ့ သင်တို့ရဲ့ စိတ်စေတနာဟာ ယခုလို
ဖြစ်စဉ်မျိုးမှာ အကြမ်းဖက် သွေးထွက်သံယိုမှုများစွာနဲ့ ကြုံတွေ့ရလေ့ရှိတဲ့ တခြားနိုင်ငံတွေအတွက်
အကောင်းဆုံးသော ဥပမာတစ်ရပ်ဖြစ်ပါတယ်"ဟု ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံ ပြည်တွင်းစစ်ပွဲများ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် တပ်မတော်၏ ဆောင်ရွက်ပုံများကို
ယခင်က အပြင်းအထန်ဝေဖန်ခဲ့ဖူးသော ကာဒီနယ်က ယခုအခါတွင် တပ်မတော်၏
နှလုံသားပြောင်းလဲလာမှုကို ယုံကြည်ကြောင်းပြောသည်။
"လုပ်ရမှာတွေက အများကြီးပါ။ ဒါပေမဲ့ လူထုရဲ့ ဆုံးဖြတ်ချက်ကို ဂုဏ်ပြုကြိုဆိုရာမှာ ယခုလက်ရှိ
စစ်ဗိုလ်ချုပ်တွေနဲ့ အငြိမ်းစား စစ်ဗိုလ်ချုပ်တွေက ပြသခဲ့ကြတဲ့ စိတ်စေတနာကောင်းကြောင့် ကျွနု်ပ်တို့
အားတက်ခဲ့မိပါတယ်။ ဒီနိုင်ငံဟာ အနာတရဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒဏ်ရာဒဏ်ချက်
တွေကို ကုစားရမယ့် အချိန်ပါ။ လက်စားချေရ မယ့်အချိန် မဟုတ်ပါဘူး။ သင်ပုန်းချေပြီး ခွင့်လွှတ်ရမယ့်
အချိန်ပါ။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ဆောင်ရွက်ရမယ့် အချိန်ဖြစ်ပါတယ်"ဟု
ကာဒီနယ်က ပြောကြားသည်။
ဇာဇာစိုး ဘာသာပြန်သည်။
















