အင်န်အယ်လ်ဒီနဲ့ တရုတ်နိုင်ငံ သမိုင်းအစဉ်အလာဆက်ဆံရေးတွေနဲ့ အနာဂတ်မှာဖြစ်လာနိုင်ခြေရှိတဲ့ ဆက်ဆံရေးအခြေအနေတွေကို Henry L Stimson Centre က အကြီးတန်းအရာရှိတစ်ဦးဖြစ်ပြီး ဘရွတ်ကင်းစ် အင်စတီကျူးရှင်းအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ စာရေးသူက အခုလိုတင်ပြထားပါတယ်။
အင်န်အယ်လ်ဒီနဲ့ တရုတ်နိုင်ငံ သမိုင်းအစဉ်အလာဆက်ဆံရေးတွေနဲ့ အနာဂတ်မှာ
ဖြစ်လာနိုင်ခြေရှိတဲ့ ဆက်ဆံရေးအခြေအနေတွေကို Henry L Stimson Centre က
အကြီးတန်းအရာရှိတစ်ဦးဖြစ်ပြီး ဘရွတ်ကင်းစ် အင်စတီကျူးရှင်းအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ
စာရေးသူက အခုလိုတင်ပြထားပါတယ်။
ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အပြတ်အသတ် အနိုင်ရပြီးတဲ့နောက်
တရုတ်နိုင်ငံအနေနဲ့ မျှော်လင့်တာက မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေး၊ နိုင်ငံခြားရေးမူဝါဒတွေနဲ့
ပတ်သက်ပြီး စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်ဖို့ပါ။
ရှင်းရှင်းလင်းလင်း နားလည်ဖို့ လိုအပ်နေသေးတဲ့ ပါတီရဲ့နည်းဗျူဟာကြောင့် တရုတ်နိုင်ငံရဲ့
နိုင်ငံရေးလောကမှာ မသေချာမရေရာမှုတွေ လှုပ်ခတ်လာတာနဲ့အတူ တရုတ်နိုင်ငံဟာ သူ့ရဲ့မူဝါဒကို
မြန်မာနိုင်ငံနဲ့ တစ်ဖန် ပြန်ချိန်ညှိသင့်သလားဆိုတာရယ် ချိန်ညှိမယ်ဆိုရင်လည်း ဘယ်လို
လုပ်ဆောင်မလဲဆိုတာတွေဟာ အပူတပြင်းဆွေးနွေးစရာ ဖြစ်လာပါတယ်။
တရုတ်နိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်ဆံရေးဟာ ၁၉၉၀ နဲ့ ၂၀၁၁ ကြားမှာ စစ်အစိုးရကြောင့်၊
ဒါ့ပြင် နိုင်ငံရေးသရုပ်သကန်အရ လိုအပ်လာတဲ့အတွက် ၎င်းကိုယ်တိုင် ချမှတ်ခဲ့တဲ့
ဆုံးဖြတ်ချက်ကြောင့် ဖိနှိပ်ခံခဲ့ရပါတယ်။
၁၉၉၀ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ အနိုင်ရပြီးတဲ့နောက် ဂုဏ်ပြုဝမ်းမြောက်ကြောင်း
ပထမဆုံးစာပို့ခဲ့သူတွေထဲမှာ တရုတ်သံအမတ်ကြီးလည်း အပါအဝင်ဖြစ်ပြီး ဒီအတွက် စစ်အစိုးရနဲ့
ဆက်ဆံရေးမှာ အစ မကောင်းဖြစ်ခဲ့ပါတယ်။
နှစ်နိုင်ငံဆက်ဆံ ရေးအပေါ်ထိခိုက်ခဲ့ပြီး တရုတ်ဟာ ၎င်းရဲ့ သံအမတ်ကြီးကို ၁၉၉၀ နှစ်ဝက်ကနေ
၁၉၉၁ ဇူလိုင်လမတိုင်မီအတွင်း ရန်ကုန်ကနေ ပြန်ခေါ်ရဖို့ ဖြစ်လာခဲ့ပါတယ်။
အင်န်အယ်လ် ဒီနဲ့ အဆက်အသွယ်ကို အတတ်နိုင်ဆုံး လျှော့ချခဲ့ပြီး ရလဒ်အနေနဲ့ တရုတ်နိုင်ငံရဲ့
သံတမန်တွေ၊ အရာရှိတွေ၊ ပညာရှင်တွေ နဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အတိုက်အခံ အင်အားစုနဲ့
အဆက်အဆံမရှိသလောက် နီးပါး ဖြစ်သွားခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၁၁ မှာ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ အတူ
ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ထွက်ပေါ်လာခဲ့တဲ့အခါ အင်န်အယ်လ်ဒီနဲ့ အဆက်အသွယ်
ဖြတ်တောက်ခဲ့တဲ့ ဗျူဟာက လက်တွေ့မကျ ဖြစ်သွားပါတော့တယ်။
တရုတ်နိုင်ငံဟာ ဆက်ဆံရေးကိုသုညကနေ အပင်ပန်းခံပြန်စခဲ့ပါတယ်။
၂၀၁၁ ကစလို့ တရုတ်သံအမတ်ကြီးသုံးဦး ဆက်တိုက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တွေ့ဆုံခဲ့ပြီး
ရန်ကုန်အင်န်အယ်လ်ဒီ ရုံးချုပ်ကိုလည်း တရုတ်ဧည့်သည်တွေ အဝင်အထွက်များခဲ့ပါတယ်။
ဆက်ဆံရေးတည်ဆောက်ဖို့၊ တရုတ် အစိုးရရဲ့ အောင်မြင်မှုတွေကို ပြသဖို့နဲ့ မြန်မာနိုင်ငံနဲ့
ချစ်ကြည်ရင်းနှီးမှုကို ထိန်းထားလိုကြောင်း ထုတ်ဖော်ပြသဖို့အတွက် တရုတ်အာဏာပိုင်တွေဟာ
အင်န်အယ်လ်ဒီကိုယ်စားလှယ်အဖွဲ့များစွာကို တရုတ်နိုင်ငံဆီဖိတ်ကြားခဲ့ပါတယ်။
သို့ပေမယ့် အင်န်အယ်လ်ဒီခေါင်းဆောင်နဲ့ ပတ်သက်ရင်တော့ တရုတ်နိုင်ငံဟာ မရေမရာရှိနေဆဲပါပဲ။
သူ ၁၅ နှစ်ကြာ နေအိမ် အကျယ်ချုပ်ကျနေစဉ်အတွင်း တရုတ်နိုင်ငံ ဟာ စစ်အစိုးရကို အခိုင်အမာ
ပံ့ပိုးနေခဲ့တဲ့အပေါ် အစွဲအမှတ်တစ်စုံတစ်ခု ထားရှိနေမှာ ကို စိုးရိမ်မှုတချို့ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီအရည်အသွေး၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့
အမြင်အားဖြင့် အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကနဲ့ ရင်းရင်းနှီးနှီးဆက်ဆံရေးရှိနေတဲ့အချက်
ဒါတွေအားလုံးက တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ အနာဂတ်အနေအထားတွေအားလုံးကို
စိုးရိမ်ဖွယ်ဖြစ်စေတဲ့သဘော ဦးတည်နေပါတယ်။
အင်န်အယ်လ်ဒီခေါင်းဆောင်ဟာ တရုတ်နိုင်ငံရဲ့ စိုးရိမ်မှုတွေကို နားလည်ပါတယ်ဆိုတဲ့အကြောင်း
ပြသခဲ့ဟန်ရှိပါတယ်။
အခုအချိန်အထိ သူပြောသမျှ လုပ်သမျှတွေဟာ မှန်ကန်တာတွေချည်းပါပဲ။
တရုတ်နိုင်ငံရဲ့ ဂုဏ်သရေရှိပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမှုတွေမှာ လေးစားချီးမွမ်းဖွယ်ရာ ရှိနေခဲ့ပါတယ်။
နှစ်နိုင်ငံအခမ်းအနားတွေနဲ့ အများပြည်သူဆိုင်ရာအခမ်းအနားတွေမှာလည်း သူနဲ့အတူ
အင်န်အယ်လ်ဒီဟာ တရုတ်နိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးတဲ့ မူဝါဒထားရှိကြောင်း ပွင့်ပွင့်လင်းလင်း
ပြောကြားခဲ့ပြီးဖြစ်ပါတယ်။
သူဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ လက်ပံတောင်းကြေးနီစီမံကိန်းမှာ ဒေသခံတွေနဲ့ ယေဘုယျအားဖြင့်
မြန်မာလူ့အဖွဲ့အစည်းရဲ့ ကန့်ကွက်မှုတွေရှိနေတဲ့ကြားက သူက ဒီဖက်စပ်စီမံကိန်းကိုခွင့်ပြုခဲ့ပါတယ်။
နယ်စပ် က တိုင်းရင်းသားပဋိပက္ခနဲ့ မြန်မာပြည်အနှံ့က တရုတ်စီးပွားရေးစီမံကိန်းတွေလို
တရုတ်နိုင်ငံက ပိုအလေးထားတဲ့ ကိစ္စတွေမှာ သူပါ၀င် ပတ်သက်ခြင်းမရှိခဲ့တာကလည်း သူ့ကို
တရုတ်နိုင်ငံအနေနဲ့ လက်ခံနိုင်လောက်တဲ့ မြန်မာနိုင်ငံရေးသမား ဖြစ်စေခဲ့ပါတယ်။
ဒီအချက်အားလုံးရဲ့ နိဂုံးရလဒ်အဖြစ် ၂၀၁၅ ဇွန်လအတွင်း အင်န်အယ်လ်ဒီ ခေါင်းဆောင်ရဲ့
တရုတ်နိုင်ငံခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်အစိုးရနဲ့ ကြား ဆက်ဆံရေးအခြေအနေတွေ
ပုံမှန်အနေအထားကို ရောက်ရှိခဲ့ပါတယ်။
စံသတ်မှတ် ချက်ကွဲပြားချက်တွေကို ကျော်လွန်၊ ပုဂ္ဂိုလ်ရေး သဘောထားတွေကိုချုံ့ပြီး
ဘုံအကျိုးစီးပွားတွေရရှိရေးကို ရှေ့တိုးဆောင်ရွက်နိုင်မယ် ဆိုတဲ့အကြောင်း တစ်ဖက်နဲ့တစ်ဖက်
ပြသခဲ့ဟန်ရှိပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒရင့်ကျက်လာသလို ဒေါ်အောင်ဆန်းစုကြည်ဟာလည်း
နိုင်ငံရေးမှာ လက်တွေ့အကျိုးမျှော်ဝါဒကို လက်ကိုင်ထားတယ်ဆိုတာကို ဒီအချက်က
ထင်ဟပ်စေပါတယ်။
ဒါပေမဲ့ သူဆက်ခံရရှိတာက ဆိုးမွေတွေ ဖြစ်ပါတယ်။
နှစ်နိုင်ငံဆက်ဆံရေးမှာ ခိုင်မာ မှု အပြုသဘောဆောင်မှုနဲ့ တိုးတက်မှုရှိနေတယ်လို့ မျက်နှာစာပုံရိပ်က
ဖော်ပြနေပေမယ့် လက်တွေ့မှာ တရုတ်နိုင်ငံရဲ့အစီအစဉ်နဲ့ မြစ်ဆုံရေကာတာကို ၂၀၁၁
စက်တင်ဘာလမှာ သမ္မတဦးသိန်းစိန်ဆိုင်းငံ့လိုက်စဉ်ကပြီး တရုတ်-မြန်မာဆက်ဆံရေးဟာ
အဖုအထစ် တွေနဲ့ကွေ့ကောက်လာခဲ့ပါတယ်။
တရုတ် ဟာ မြန်မာနိုင်ငံတွင်းက ပြဿနာများလှတဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး နစ်နာမှုတွေ
သယ်ဆောင်ထားရပြီး အမည်ခံဒီမိုကရေစီ အစိုးရနောက်ကွယ်က စစ်အစိုးရနဲ့ဆက်ဆံရေးမှာလည်း
အပြစ်ပေးခံနေရသလိုခံစားရတဲ့အပြင် မြန်မာ့နိုင်ငံရေးအပြောင်းအလဲရဲ့ သားကောင်အဖြစ်လည်း
ကိုယ့်ကိုယ်ကိုယ် မှတ်ယူလျက်ရှိပါတယ်။
ဒါ့ပြင် တရုတ်နိုင်ငံရဲ့ ဗျူဟာကျနည်းလမ်းသစ်တွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့ နောက်တွန့်နေတဲ့
မြန်မာအစိုးရကြောင့် အရှုပ်အထွေးတွေဖြစ်ပေါ်လာပြီး နယ်စပ်က တိုင်းရင်းသားလူနည်းစုတွေနဲ့
ပဋိပက္ခတွေမှာလည်း တရုတ်နိုင်ငံနယ်နိမိတ်ထဲအထိ ရောက်ရှိခဲ့တဲ့ မြန်မာ့စစ်ပွဲတွေကြောင့်
ဆိုးဆိုးဝါးဝါး ကမောက်ကမဖြစ်လာခဲ့ပါတယ်။
အမေရိကန်နဲ့ ၎င်းရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဂျပန်လိုနိုင်ငံတွေက မြန်မာနိုင်ငံထဲ ၀င်ရောက်
လွှမ်းမိုးမှုကြီးထွားလာနေတာဟာ တရုတ်နိုင်ငံအတွက် မိမိကိုယ်မိမိယုံကြည်မှု လျော့ကျစေပြီး
မိမိကိုယ်မိမိအင်အားနည်းတယ်တဲ့ဆိုတဲ့ အယူအဆကို ကြီးထွားလာစေခဲ့ပါတယ်။
ယူဆချက်အရ ဖြစ်ပေါ်လာတဲ့ ဒီပြဿနာ တွေနဲ့စိန်ခေါ်မှုတွေက အကျိုးသက်ရောက်မှု တစ်ခု
ဖြစ်ပေါ်စေခဲ့ပါပြီ။
တရုတ်နိုင်ငံရဲ့ နှစ်စဉ်နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ အထွတ်အထိပ်ရောက်ခဲ့တဲ့ ၂၀၁၀-၁၁ မှာ
အမေရိကန်ဒေါ်လာ ၈ ဒသမ ၂ ဘီလျံအထိရှိခဲ့ ရာက ၂၀၁၃-၁၄ မှာ ၅၆ သန်းသာ ရှိခဲ့ပါတော့တယ်။
ပြီးခဲ့တဲ့နှစ်မှာ ၅၁၆ သန်းအထိ တိုးတက်လာခဲ့ပေမယ့် ယခင်အချိန်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်
အားပျော့နေဆဲဖြစ်ပါတယ်။
တရုတ်နိုင်ငံဆီ ၂၀၁၃ နှစ်လယ်မှာ စတင်ပို့လွှတ်ခဲ့တဲ့ တရုတ်" မြန်မာဓာတ်ငွေ့ ပိုက်လိုင်း
တစ်ခုတည်းကြောင့် ၄၄၆ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ဖူးတဲ့ မြန်မာနိုင်ငံရဲ့ ထုတ်ကုန်တင်ပို့မှုနှုန်းဟာ
အမြင့်ဆုံးစံချိန်ဖြစ်နေပေမယ့် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးကုန်သွယ်မိတ်ဖက်
ဖြစ်နေဆဲပါပဲ။
ဒီလိုနိုင်ငံရေးအရမသေချာမရေရာမှု ဖိအားတွေဟာ တရုတ်နိုင်ငံကို မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့
ကိစ္စအရပ်ရပ်မှာ သူ့ရဲ့ ဗျူဟာမြောက်လွှမ်းမိုးမှုကို အခိုင်အခံ့ တည်ဆောက်ဖို့လိုတယ်လို့ ခံစားရအောင်
တွန်းအားပေးသလို ဖြစ်လာခဲ့ပါတယ်။
ရလဒ်ကတော့ တရုတ်ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နှောင့်ယှက်နေပြီး တစ်နိုင်ငံလုံး
အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်ထိုးမယ့်အချို့အဖွဲ့တွေ ကို တားဆီးနေတယ်ဆိုတဲ့
မြန်မာအရာရှိ တချို့ရဲ့ စွပ်စွဲမှုတွေကိုခံရဖို့ ဖြစ်လာခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်အစိုးရဟာ လူထု သဘောထားပိုင်းမှာ ပြဿနာအမြဲရှိနေခဲ့ပါတယ်။
တရုတ်နိုင်ငံအပေါ်စစ်ရေးအရ မှီခိုမှု ရှိခဲ့ဖူးတာ၊ တရုတ်ကုမ္ပဏီတွေနဲ့ ခရိုနီဆက်ဆံရေးရှိခဲ့ဖူးတာ
စတဲ့အတိတ်ရဲ့အရိပ်တွေ ကြောင့် တရုတ်ဆန့်ကျင်ရေးကို လူကြိုက်များတဲ့ သဘောထားတစ်ခုအသွင်
မဖြစ်မနေ ရောက်ရှိစေခဲ့ပါတယ်။
နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အင်န်အယ်လ်ဒီကတော့ ပြည်တွင်းရေးမှာ ခိုင်မာတဲ့ အနေအထားကနေ
ဆောင်ရွက်မှာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ဆက်ဆံရေးမှာလည်း ရှင်းလင်းစွာ စတင်မှာဖြစ်ပါတယ်။
အဲဒီအတွက် စီမံကိန်းတွေ ကိစ္စရပ်တွေအသီးသီးကို အခြေတည်ပြီး မူဝါဒရေးရာပိုင်းဆုံးဖြတ်ချက်တွေ
ချတဲ့အခါ ရလဒ်ကိုပဓာနထားဖို့ ပိုမိုကောင်းမွန်တဲ့အနေအထားမှာ ရှိနေပါလိမ့်မယ်။
တရုတ်နိုင်ငံကို အကျိုးသင့် အကြောင်းသင့်ဆက်ဆံပြီး စိတ်ခံစားချက်တွေ သမိုင်းကြွေးတွေမပါ၀င်ဘဲ
လက်တွေ့ ကျကျ ပူးပေါင်းဆောင်ရွက်မှုတွေ အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီလမ်းကြောင်းအတိုင်း လျှောက်လှမ်းမယ်ဆိုတာကို ကနဦး
ဖော်ပြချက်တွေအရ သိရှိနိုင်ပါတယ်။
ရွေးကောက်ပွဲအပြီး တရုတ်နိုင်ငံ ရှင်ဟွာသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်း တစ်ခုမှာ
ဒေါ်အောင်ဆန်းစုကြည်က သူဟာ တရုတ်နိုင်ငံနဲ့အပေါ် ချစ်ကြည်ရင်းနှီးတဲ့ မူဝါဒတစ်ခု ချမှတ်မယ်လို့
ကတိပြုခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာပြည်သူတွေရဲ့ ယုံကြည်မှုကို ရရှိဖို့ ဦးတည်ချက်
ထားသင့်ကြောင်းကိုတော့ သူက အလေးပေးပြောကြားခဲ့ပါတယ်။
တရုတ်ရဲ့ One Belt One Road အစီအစဉ်ကိုလည်း ချီးမွမ်းခဲ့ပြီး ဒီအမှာစကားတွေကို တရုတ်နိုင်ငံက
ကြိုဆိုလက်ခံခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် အရှိန်အဝါကြီးမားနေတုန်းပါပဲ။
မြန်မာ လူ့အဖွဲ့အစည်းရဲ့ နယ်ပယ်အားလုံးနီးပါးမှာ တရုတ်နိုင်ငံပါ၀င်ပတ်သက် လွှမ်းမိုးနေတာကို
တွေ့နိုင်ပါတယ်။
အစိုးရအပြောင်းအလဲဟာ တရုတ်နိုင်ငံရဲ့ ဗျူဟာတွေကိုတော့ မပြောင်းလဲစေပါဘူး။
မြန်မာနိုင်ငံကနေ ဘင်္ဂလားပင်လယ်အော်အထိ အခြေခံအဆောက်အအုံတွေ၊ ဆက်သွယ်ရေး
စီမံကိန်းတွေ တိုးချဲ့ဖြန့်ကြက်ထားဖို့စိတ်ကူး တရုတ်နိုင်ငံမှာ ရှိနေတုန်းဖြစ်ပါတယ်။
နယ်စပ် တည်ငြိမ်အေးချမ်းမှုကိုလည်း လိုအပ်နေတုန်းပါပဲ။
နောက်ပြီး အမေရိကန်နဲ့လည်း လွှမ်းမိုးမှုချင်းယှဉ်ပြိုင်နေဆဲ ဖြစ်ပါတယ်။
ဒါကို ဆက်စပ်ပြောမယ်ဆိုရင် တရုတ် နိုင်ငံဟာ အင်န်အယ်လ်ဒီအစိုးရနဲ့ဆက်ဆံရာမှာ
ချစ်ကြည်ရင်းနှီးတဲ့ အမူအရာတွေနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ကနဦးမှာ ပြသပါလိမ့်မယ်။
အစိုးရသစ်ကို ငွေကြေးအရင်းအနှီးတွေ၊ အထောက်အပံ့စီမံကိန်းတွေနဲ့ ငြိမ်းချမ်းရေးစီမံကိန်းအတွက်
အကူအညီတွေ ပေးတဲ့အထိ ကမ်းလှမ်းနိုင်ပါတယ်။
သို့ပေမဲ့ ခြောက်လကနေ ဆယ့်နှစ်လအတွင်း အရေးကြီးတဲ့ကိစ္စရပ်တွေအတွက် တုံ့ပြန်မှုပေးဖို့
တောင်းဆိုလာပါလိမ့်မယ်။
အဲဒီမှာ ဆိုင်းငံ့ထားတဲ့ မြစ်ဆုံရေကာတာစီမံကိန်းအတွက် နောက်ဆုံးဆုံးဖြတ်ချက်၊
ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မှုနဲ့ပတ်သက်ပြီး ပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့
တရုတ်"မြန်မာအဝေးပြေးလမ်း၊ ဧရာဝတီမြစ် သဲနဲ့ရေ သယ်ယူပို့ဆောင်ရေး
ဖက်စပ်အစီအစဉ်တွေလိုမျိုး One Belt One Road စီမံကိန်းတွေအပေါ် သဘောတူညီချက်တွေ
ပါ၀င်ပါလိမ့်မယ်။
တိုင်းရင်းသားလူမျိုးစုတွေ အထူးသဖြင့် တရုတ်နဲ့နယ်စပ်တစ်လျှောက်က လူမျိုးစုတွေနဲ့ ငြိမ်းချမ်းရေး
ဆွေးနွေးမှုကို တရုတ်နိုင်ငံက အနီးကပ်စောင့်ကြည့်နေပါလိမ့်မယ်။
ပဋိပက္ခတွေဟာ တရုတ်နိုင်ငံရဲ့စီးပွားရေးနဲ့ ဗျူဟာတွေကို ချက်ချင်းလက်ငင်းပိတ်ဆို့ တားဆီးနေတဲ့
အတွက် မြန်မာနိုင်ငံငြိမ်းချမ်းပြီး စည်းလုံးမှုရှိတဲ့အခါ တရုတ်နယ်စပ် အတွက်အကျိုးရှိမယ်ဆိုတာကို
တရုတ်နိုင်ငံက နားလည်သဘောပေါက်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကသာ တိုင်းရင်းသား လူနည်းစုတွေရဲ့ သဘောတူညီချက်ကို ပုံသွင်းရယူနိုင်ပြီး
ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်မယ်ဆိုရင် တရုတ်နိုင်ငံဟာလည်း ဒီလုပ်ငန်းစဉ်ကို
နှောင့်ယှက်မယ့် အလားအလာ မရှိပါဘူး။
သို့ပေမဲ့ တရုတ်နိုင်ငံရဲ့ ငြိမ်းချမ်းရေးဆိုတာမှာ တောင်းဆိုမှုတွေပါ၀င်ပါတယ်။
တချို့အချက်တွေမှာ ဆွေးနွေးညှိနှိုင်းလို့ ရနိုင်ပေမယ့် အထက်မှာဖော်ပြထားတဲ့ စီးပွားရေးစီမံကိန်းတွေ
ကိုတော့ မြန်မာဘက်က အမှန်တကယ်ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်ဘက်က
တောင်းဆိုလာပါလိမ့်မယ်။
အနောက်နိုင်ငံတွေနဲ့အတူ လက်တွဲနေတဲ့ အင်န်အယ်လ်ဒီအစိုးရအနေနဲ့ တရုတ်နိုင်ငံရဲ့
အမျိုးသားအကျိုးစီးပွားကို 'လေးစားဖို့' ကိုလည်း တရုတ်နိုင်ငံကလိုလားပါလိမ့်မယ်။
ပြတ်သားတဲ့ အလယ်အလတ်လမ်းစဉ်က သွေဖည်တဲ့ ဘယ်အရာကိုမဆို တရုတ်အစိုးရက
ပြင်းပြင်းထန်ထန် တုံ့ပြန်နိုင်ဖွယ်ရှိပါတယ်။
အဲဒီလို သွေဖည်ခဲ့ရင် တရုတ်နိုင်ငံရဲ့တုံ့ပြန်မှုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီ
ယုံကြည်ချက်တွေ၊ အနောက်နဲ့ဆက်ဆံရေးတွေ အပေါ်ရှိနေတဲ့ မသေချာမရေရာမှုတွေ၊
သံသယတွေကြောင့် သမ္မတဦးသိန်းစိန် အစိုးရကို တုံ့ပြန်ခဲ့တာထက်တော့ ပိုမို ကြမ်းတမ်းနိုင်ပါတယ်။
အနာဂတ် အင်န်အယ်လ်ဒီအစိုးရအနေနဲ့ ဒီရှုထောင့်ကို အထူးတလည် ထည့်တွေးထားစေချင်ပါတယ်။
အင်န်အယ်လ်ဒီခေါင်းဆောင်အနေနဲ့ တရုတ်နိုင်ငံဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊
စစ်တပ်နဲ့ ခရိုနီတွေအပါအဝင် မြန်မာနိုင်ငံက တခြားနိုင်ငံရေး အင်အားစုတွေနဲ့ ဆက်ဆံရေးကို
ဖြတ်တောက်လိမ့်မယ်လို့တော့ မမျှော်လင့်ထားစေချင်ပါဘူး။
တစ်ဖက်ဖက်ကို ရွေးချယ်ခြင်းရဲ့ သင်ခန်းစာကိုသက်သေပြဖို့ မြန်မာနိုင်ငံအတွက် ဆုံးရှုံးမှုကြီးခဲ့သလို
တရုတ်အစိုးရဟာလည်း အလားတူအမှားမျိုးကို ထပ်ကြံု တွေ့လိုတော့မှာ မဟုတ်ပါဘူး။
လက်ရှိအချိန်မှာ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံဟာ နှစ်နိုင်ငံငြိမ်းချမ်းရေးကို အမှန်တကယ်
ပုံမှန်ပြန်ဖြစ်အောင် တည်ဆောက်ယူဖို့ စစ်မှန်တဲ့အခွင့်အရေး တစ်ခုနဲ့အတူ သမိုင်းဝင်အခိုက်အတန့်
တစ်ခုမှာ ရပ်တည်လျက်ရှိပါတယ်။
နှစ်ဖက်စလုံးမှာ ထူးကဲသာလွန်တဲ့ နိုင်ငံရေးဉာဏ်ပညာ၊ သတ္တိနဲ့ ခေါင်းဆောင်နိုင်စွမ်းတွေရှိဖို့
လိုအပ်ပါလိမ့်မယ်။
လိုချင်တာအားလုံးကို နှစ်ဖက် စလုံးရရှိမှာမဟုတ်ပေမယ့် ဆွေးနွေးမှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေရဲ့
အကျိုးကျေးဇူးကို ခံစားရပါလိမ့်မယ်။
အင်န်အယ်လ်ဒီ အစိုးရဟာ ပြည်သူလူထုရဲ့ဆန္ဒကို ပိုမိုအလေး ထားပြီး မြန်မာနိုင်ငံရဲ့ အမှန်တကယ်
နိုင်ငံရေးအနေအထားကို ပိုမိုလက်ခံလိမ့်မယ်ဆိုတာကို တရုတ်နိုင်ငံအနေနဲ့ နားလည်ထား
စေလိုပါတယ်။
အင်န်အယ်လ်ဒီအစိုးရက လည်း အမြင့်ဆုံးအင်အားဟာလည်း မိမိရဲ့ မူဝါဒတွေအပေါ်
လူအများထောက်ခံမှု ဖြစ်ဖို့ လိုပါလိမ့်မယ်။
ဒါဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးအရ ဖိအားပေးသိမ်းသွင်းပြီး အနိုင်ယူတာကိုမခံရမယ့်
အင်အားတစ်ခုဖြစ်လို့ပါပဲ။
အေရှားတိုင်း(မ်)တွင် ဖော်ပြထားသော မူရင်းဆောင်းပါးကို ပြန်လည်တည်းဖြတ်ထားခြင်း
ဖြစ်ပါသည်။
ကျော့ဒါလီလင်း ဘာသာပြန်သည်။
ယွန်ဆွန်းသည် Henry L Stimson Centre တွင် အကြီးတန်းအရာရှိတစ်ဦးဖြစ်ပြီး
Brooklings Institution တွင် ပြင်ပ Fellow တစ်ဦးဖြစ်ပါသည်။

















