ရန်ကုန်မြို့ ဆူးလေဘုရားအနီးရှိ သမိုင်းဝင်ကျောက်တိုင်နှင့် ပတ်သက်သည့် သမိုင်းအချက်အလက် အဓိပ္ပာယ်တို့ကို စာရေးသူက အသေးစိတ် တင်ပြထားပါတယ်။
ဗြိတိသျှတို့၏ ကိုလိုနီဘဝမှ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ် ပြန်လည်
တည်ထောင်နိုင်သော 'လွတ်လပ်ရေးနေ့'အဖြစ် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့မှ စတင်ခဲ့သည်မှာ
ယခု နှစ်ဆိုလျှင် ၆၈ နှစ် တိုင်ခဲ့ပေပြီ။
လွတ်လပ်ရေး၏ အမှတ်သင်္ကေတအဖြစ် ထိုခေတ်က မြို့တော်ခန်းမရှေ့ ပန်းခြံအလယ်တွင်
လွတ်လပ်ရေး မော်ကွန်းကျောက်တိုင်ကို စိုက်ထူထားခဲ့ကြသည်။
ပန်းခြံအတွင်း အပန်းဖြေ လာရောက် လည်ပတ်ကြရင်း ထင်ထင်ရှားရှား ဂုဏ်ယူစွာ ရပ်တည်နေသည့်
လွတ်လပ်ရေး ကျောက်တိုင်အကြောင်းနှင့် ထိုကျောက်တိုင်ပေါ်၌ ရေးထိုး မှတ်တမ်းတင်သော စကားစာ
တို့ကိုလည်း သိမှတ်ထားလျှင် ပိုမို ပြည့်စုံကောင်းမွန်မည် ဖြစ်သဖြင့် လေ့လာမိသမျှ ထပ်ဆင့်
တင်ပြလိုက်ရပါသည်။
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် နံနက်တွင် အစိုးရ အိမ်တော်၌ အလံတင်အခမ်းအနား ကျင်းပခဲ့သည်။
ထို့နောက် မြို့တော်ခန်းမရှေ့ ပန်းခြံတွင်း၌ လွတ်လပ်ရေး အောင်ပွဲနှင့် လွတ်လပ်ရေး
မော်ကွန်းကျောက်တိုင် အုတ်မြစ်ချ အခမ်းအနား ကျင်းပခဲ့သည်။
နိုင်ငံတော် ၀န်ကြီးချုပ် ဦးနုက မိန့်ခွန်းပြောကြားပြီး အုတ်မြစ်ချပေးခဲ့သည်။
လွတ်လပ်ရေး မော်ကွန်းကျောက်တိုင်ကို ဆိပ်ကမ်း မင်းကြီးရုံးမှ အင်ဂျင်နီယာ ဦးအုံးကြည်က
ပုံစံထုတ်သည်။
အေစီမာတင် ကုမ္ပဏီက ကျပ်ငွေနှစ်သိန်းခွဲနှင့် ကန်ထရိုက်ယူကာ ၁၉၄၈ ခုနှစ်၊ အောက်တိုဘာ
၆ ရက် နေ့တွင် စတင် ဆောက်လုပ်ခဲ့ရာ ၁၉၄၉ ခုနှစ် အကုန်တွင် ပြီးစီးခဲ့သည်။
ကြယ်ပုံသဏ္ဌာန် ဆောင်သော လွတ်လပ်ရေးမော်ကွန်း ကျောက်တိုင်ကို တည်တံ့ခိုင်မြဲစေရန်
အုတ်မပါဘဲ အင်္ဂတေ၊ ကျောက်၊ သံချောင်းများဖြင့် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။
မော်ကွန်းကျောက်တိုင်မှာ ပေ ၁၅၀ မြင့် ပြီး မြေကြီးမှ အောက်ခြေအထိ အီတာလျံ ကျောက်ပြားများ
ခင်းထားသည်။
အခြေခံ ကျောက်ခုံအထိ ပေ ၂၀ နှင့် အချင်းပေ ၂၀ ရှိ သည်။
အခြေခံ ကျောက်ခုံပေါ်တွင် ငါးမြှောင့် ကြယ်ပုံသဏ္ဌာန်ဆောင်သော ကျောက်တိုင်ကြီးမှာ
၁၂၅ ပေ မြင့်၍ အချင်း ၁၅ ပေ ရှိသည်။
ကြယ်ပုံ ကျောက်တိုင်ဘေးရှိ ကြယ်ငယ်ငါးခု ပုံသဏ္ဌာန် ကျောက်တိုင်ငယ် ငါးခုမှာ အမြင့် ၃၂ ပေခွဲနှင့်
အချင်း ငါးပေစီ ရှိသည်။
လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်၏ အခြေဘေးပတ်ပတ်လည်တွင်
(၁) ပြည်ထောင်စုမြန်မာနိုင်ငံတော်လွတ်လပ်ရေး မော်ကွန်း၊
(၂) သစ္စာဓိဋ္ဌာန်ကိုးချက်၊
(၃) ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ကောက်နုတ်ချက်များ ခြောက်ချက်
(၄) တိုင်းပြည်ပြုလွှတ်တော် (ယာယီ ပါလီမန်)တွင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု မိန့်ကြားသော
လွတ်လပ်ရေးနေ့ မိန့်ခွန်း၊
(၅) နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏ လွတ်လပ်ရေး မော်ကွန်းကျောက်တိုင် အုတ်မြစ်ချမိန့်ခွန်းတို့
ရေးထိုးထားကြောင်း တွေ့မြင်နိုင်သည်။
(ကျောက်တိုင်ပေါ်ရှိ စာသားများကို မူရင်းသတ်ပုံ ရေးထုံးအတိုင်း ဖော်ပြပါသည်။)
ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေး မော်ကွန်း
ဂြီ သ က္က ရာဇ် တစ် ထောင် သုံး ရာ ကိုး ခု နှစ် ပြာ သို လ ဆုတ် ကိုး ရက် တ န င်္ဂ နွေ နေ့ အား
ဤ ငါ တို့ မြန် မာ ပြည် လုံး ၀ လွတ် လပ် သော အ ချုပ် အ ချာ အာ ဏာ ပိုင် ပြည် ထောင် စု
သ မ တ မြန် မာ နိုင် ငံ တော် ကြီး အ ဖြစ် ကောင်း စွာ ရောက် သ တည်း
ကျောက်စာတွင် စာကြောင်း ခြောက်ကြောင်းခွဲထားကာ တစ်ကြောင်းလျှင် စာလုံးရေ တစ်ဆယ်တိတိ
ပါရှိသည်။
စာတစ်ကြောင်းနှင့် တစ်ကြောင်း အက္ခရာ မပြတ်စေဘဲ ကူးဆက်ကာ ရေးထိုးထားကြောင်း
တွေ့ရသည်။
ထိုသို့ ရေးထိုးကမ္ပည်းတင်ခြင်းသည် သရေခေတ္တရာ ပြည်ကို ရသေ့၊ သိကြား၊ နဂါး၊ ဂဠုန်၊ ပရမေသူရာ၊
မဟာပိန္နဲ စသော သူမြတ်ခြောက်ပါးတို့ စောင်မ၍ တည်ထောင်ခဲ့သည်ဟု ရှေးမင်းအဆက်ဆက်တို့
ယုံကြည်ခဲ့ကြသောကြောင့် ဖြစ်သည်။
ထို့ပြင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံ (ယခင်၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရခါစ)တွင်
အလယ်ရှိ ကြယ်ကြီးတစ်လုံးအား ကြယ်အသေး ငါးလုံး ခြံရံထားသဖြင့် စုစုပေါင်းကြယ်ခြောက်လုံး
တပေါင်းတစည်း တည်းရှိသည်ကို လေးနက်စေလိုသောကြောင့် စာခြောက်ကြောင်းစုံ ရေးထိုးထားခြင်း
ဖြစ်သည်။
အက္ခရာ တစ်လုံးမှသည် တစ်လုံးသို့ ကူးထားသည်မှာ အဓွန့်ရှည်ကျူး မပြတ်ကူးယှက်
ဆက်လက်တည်ထွန်းမည့် အနုသာသနာ နိမိတ်မင်္ဂလာကို ရေးခြင်းဖြစ်သည်။
အဆိုပါ ရေးနည်းကို သရေခေတ္တရာပြည်မှသည် မန္တလေး ရတနာပုံ နေပြည်တော်အထိ နှစ်ပေါင်း
နှစ်ထောင်ကျော် လွတ်လပ်ခဲ့သော မြန်မာနိုင်ငံတော်ကြီး အစဉ်အဆက် လိုက်နာခဲ့သော
ရေးထိုးနည်းဖြစ်သည်။
(၂) လွတ်လပ်ရေး သစ္စာအဓိဋ္ဌာန်ကိုလည်း ရေးထိုးထားသည်။
ယင်းသစ္စာအဓိဋ္ဌာန်မှာ တြင်းကျေ နဝင်းကျေ ကိုးချက်ကို ဆိုထားသည်။
သစ္စာဓိဋ္ဌာန် ကိုးချက်
အောင်စေသတည်း။ မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသိုလပြည့်ကျော် ၉ ရက်၊ ၁၉၄၈ ခုနှစ်
ဇန္နာဝါရီလ ၄ ရက် တနင်္ဂနွေနေ့ ကောင်းမြတ်သော မင်္ဂလာအခါ၌ ဤ ငါတို ့မြန်မာပြည်သည်
လုံးဝလွတ်လပ်သော အချုပ်အချာ အာဏာပိုင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီး အဖြစ်သို့
ရောက်သတည်း။
၁။ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့အား လွတ်လပ်သော လမ်းသို့ ပို့ဆောင်ခဲ့သော ငါတို့
ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တသဝေမတိမ်းချီတက်မည်။
၂။ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို
မသွေမဖည် စောင့်ထိန်းမည်။
၃။ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ လွတ်လပ်သော နိုင်ငံတော်သားတို့၏ မွန်မြတ်သော
အခွင့်အရေးကို ခံယူသည့်နည်းတူ၊ လွတ်လပ်သော နိုင်ငံတော်သားတို့၏ တာဝန်ဝတ္တရားများကိုလည်း
မတိမ်းမငဲ့ ထမ်းဆောင်မည်။
၄။ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၏ လုံ့သဥဿာဟဖြင့်
ရရှိပြီးဖြစ်သော အမျိုးသားညီညွတ်ရေးကို ကျောက်စိုင် ကျောက်ခဲကဲ့သို့ မြဲအောင်ထိန်းသိမ်းမည်။
၅။ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့နိုင်ငံတော်သား ဟူသရွေ့ကို ကြီးငယ် နီးဝေးမခြား
တသွေးတသားတည်းပြု၍ နည်းများနိမ့်မြင့် မရှိစေရ ညီတူညီမျှ ပြုမည်။
၆။ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ သူတပါးကိုလည်း မတရားမပြု ငါတို့အား မတရားပြုသည်ကိုလည်း
မခံ အသက်နှင့် လဲ၍ ကာကွယ်မည်။
၇။ ငါတို့သည် ဤနေ့ဤအချိန်မှစ၍ ငါတို့နိုင်ငံတော်ကြီး၏ တရားဥပဒေများကို ရိုသေစွာ လိုက်နာ
ကျင့်သုံးမည်။
၈။ ငါတို့သည် ဤနေ့ဤအချိန်မှစ၍၊ ငါတို့နိုင်ငံနှင့် ငါတို့လွတ်လပ်ရေးကို အသက်နှင့်လဲ၍
ကာကွယ်စောင့်ရှောက်မည်။
၉။ လုံးဝလွတ်လပ်သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာအရှည် တည်မြဲရေး
တာဝန်သည် ငါတို့နှင့်တကွ ငါတို့သားမြေး နောင်လာအဆက်ဆက်တို့အပေါ်၌ တည်စေမည်။
ဤငါတို့ သစ္စာအဓိဋ္ဌာန် မှန်သည်အတိုင်း ငါတို့ ပြည်ထောင်စုသမတမြန်မာနိုင်ငံတော်ကြီးသည်
ကမ္ဘာအရှည် တည်စေသတည်း။
(၃) ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ကောက်နုတ်ချက်များ
"ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနှင့် ဆီလျော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။
အဲဒါကြောင့် ဒီဝါဒကိုသာ ကျွန်တော်တို့ ရည်ရွယ်ရမယ်။"
၁၉၄၅ ခု၊ ဩဂုတ်လ၊ နိုင်ငံခေါင်းဆောင်များ အစည်းအဝေး
"ဗမာကတမျိုး၊ ကရင်ကတဖုံ၊ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်နီတို့ကတခြား အကွဲကွဲ အပြားပြား
လုပ်နေကြယင်၊ အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုး ရှိနိုင်မယ်။"
၁၉၄၇ ခု၊ ဖေဖော်ဝါရီလ၊ ၁၁ ရက်နေ့ည ပင်လုံမြို့၊ စော်ဘွားများထမင်းစားပွဲ
"နိဗ္ဗာန်ကိုရောက်ချင်လျှင်၊ နိဗ္ဗာန်ရောက်ကြောင်း တရားကိုကျင့်၊ လွတ်လပ်ရေး လိုချင်လျှင်
လွတ်လပ်ရေး ရရာရကြောင်းတရားကို ကျင့်"
၁၉၄၇ ခု၊ မတ်လ၊ တောင်တွင်းကြီး ရွှေအင်တောဘုရားအတွင်း
"လူငယ်နိုင်ငံရေးသမားတွေဟာ၊ လွတ်လပ်ပြီးတဲ့ ဗမာပြည်မှာ သိပ်မမိုက်ကြဘဲ တစ်ဦးနှင့်တစ်ဦး
ညီညီညွတ်ညွတ် လုပ်ကြဖို့တော့လိုတယ်။ ဒီလိုမှ မဟုတ်လျှင် လွတ်လပ်တဲ့ဗမာပြည်ဟာ
လွတ်လပ်ရေး အရသာကို ကျပ်ပြည့်ဒင်ပြည့် ခံစားရမှာ မဟုတ်ဘူး။"
၁၉၄၇ ခု၊ မတ်လအတွင်းရွေးကောက်ပွဲ၊ သတိပေးအသံလွှင့်ချက်
"ရဲရဲရင့်ရင့် သစ္စာသမာဓိနှင့်လုပ်လျှင် အောင်မြင်မှာပဲ။ ခေါင်းဆောင်ပီပီ၊ ရှေ့က ခေါင်းဆောင်ဟာ
မခိုမကပ်ဘဲ လုပ်မယ်ဆိုလျှင် အောင်မှာပဲ။ ကိုယ့်တပ် လုံလျှင် တခြားက လာမတိုက်နိုင်ဘူး။"
၁၉၄၇ ခု၊ ဧပြီလ၊ နတ်မောက်မြို့မိန့်ခွန်း
"ဘယ်နေရာမှာမဆို စည်းကမ်းသေဝပ်မှုကို အဓိက သတိပြုဘို့အရေးကြီးတယ်။"
၁၈-၄-၁၉၄၇၊ နှစ်သစ်ကူးမိန့်ခွန်း
ဗိုလ်ချုပ်ဟောပြောခဲ့သည်များနှင့် အားလုံး ကိုက်ညီဖို့ မမျှော်မှန်းရဲပါ။ ဖော်ပြပါ ကောက်နုတ်ချက်
၆ ခုနှင့်ပင် ဘယ်နှခုကိုက်ညီသည်ကို လွတ်လပ်ရေးနေ့တွင် ပြန်လည် ဆန်းစစ်ကြည့်လျှင်
မည်သို့ရှိမည်နည်း။
မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် (၁၉၄၈ ခုနှစ်ဇန္နဝါရီလ ၄ ရက်)
တနင်္ဂနွေနေ့တွင် မိန့်ကြားသော နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု၏ လွတ်လပ်ရေး မော်ကွန်း
ကျောက်တိုင် အုတ်မြစ်ချမိန့်ခွန်း
ယနေ့ရရှိတဲ့ လွတ်လပ်ရေးဟာ လူမျိုးစု တစ်ခုတည်းရဲ့ လွတ်လပ်ရေးမဟုတ်၊ ပြည်ထောင်စု
တစ်ခုလုံးမှာရှိတဲ့ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ(ကယား)၊ ရခိုင်၊ မွန်၊ မြန်မာ အစရှိတဲ့
သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစုအားတို့ စည်းစည်းလုံးလုံး ကြိုးပမ်းခဲ့ကြသောကြောင့်
ရရှိလာသော လွတ်လပ်ရေးဖြစ်တဲ့အတွက် ယခုလွတ်လပ်ရေးဟာ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ
(ကယား)၊ ရခိုင်၊ မွန်၊ မြန်မာ အစရှိတဲ့ သွေးချင်းသားချင်း ပြည်ထောင်စုလူမျိုးစု အားလုံးရဲ့ လွတ်လပ်ရေး
ဖြစ်တယ်။
ယနေ့ရရှိတဲ့လွတ်လပ်ရေးဟာ လူတန်းစားတစ်ခုတည်းရဲ့ လွတ်လပ်ရေးမဟုတ်၊ ပြည်ထောင်စု
တခုလုံးမှာရှိကြတဲ့ လယ်သမား အလုပ်သမား၊ ဈေးသူဈေးသား၊ ကျောင်းသူ၊ ကျောင်းသား၊ အမှုထမ်း
အရာထမ်းများမှစ၍ တော်လှန်ရေးသမားများအထိ ပါ၀င်သော လူတန်းစားအားလုံးတို့က ညီညီညာညာ
စွန့်စွန့်စားစား အုံကြွကြိုးပမ်းခဲ့ကြသောကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်တဲ့အတွက်၊
ယခုလွတ်လပ်ရေးဟာ လယ်သမား၊ အလုပ်သမား၊ ဈေးသူ၊ ဈေးသား၊ ကျောင်းသူ၊ ကျောင်းသား၊
အမှုထမ်း၊ အရာထမ်းများမှ စ၍ တော်လှန်ရေးသမားများအထိ ပါ၀င်သော လူတန်းစား အားလုံးရဲ့
လွတ်လပ်ရေး ဖြစ်တယ်။
ယနေ့ရရှိတဲ့ လွတ်လပ်ရေးဟာ အသင်းအဖွဲ့တစ်ခုတည်းရဲ့ လွတ်လပ်ရေးမဟုတ်၊ ပြည်သူ့ရဲဘော်၊
ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ လူငယ်၊ အမျိုးသမီး၊ တောင်သူလယ်သမား၊ အလုပ်သမား အစည်းအရုံး သမဂ္ဂ
အစရှိတဲ့ အသင်းအဖွဲ့ အသီးသီးက ကိုယ့်ဆိုင်ရာ နယ်နိ မိတ်အတွင်းမှနေပြီး နယ်ချဲ့စနစ်ကြီးကို ၀ိုင်းအုံ
တိုက်ခိုက်ခဲ့ကြသောကြောင့် ရရှိလာသော လွတ်လပ်ရေးဖြစ်တဲ့အတွက် ယခုလွတ်လပ်ရေးဟာ
ပြည်သူ့ရဲဘော်၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ လူငယ်၊ အမျိုးသမီး တောင်သူ လယ်သမား၊ အလုပ်သမား
အစည်းအရုံး သမဂ္ဂ အစရှိတဲ့ မြားမြောင်လှစွာသော အသင်းအဖွဲ့ အားလုံးရဲ့ လွတ်လပ်ရေးဖြစ်တယ်။
ယခုလို တစ်နိုင်ငံလုံးရှိ သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစုအသီးသီး လူတန်းစားအသီးသီး
အသင်းအဖွဲ့အသီးသီးတို့က အပြင်းအထန် ကြိုးပမ်းခဲ့ကြသောကြောင့် ရရှိလာသော လွတ်လပ်ရေး
ဖြစ်တဲ့အတွက်၊ ဤလွတ်လပ်ရေးကို သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစုအားလုံး
လူတန်းစားအားလုံး၊ အသင်းအဖွဲ့အားလုံးတို့က ရိုသေကြရမယ်။
ဒီလွတ်လပ်ရေးကို တိုက်ရိုက်နည်းအားဖြင့်သော်လည်းကောင်း သွယ်ဝိုက်တဲ့ နည်းအားဖြင့်သော်
လည်းကောင်း ထိပါးလာမယ်ဆိုလျှင် ပြည်ထောင်စုသား အားလုံးသည် လည်းကောင်း၊ လူတန်းစား
အားလုံးသည်လည်းကောင်း၊ အသင်းအဖွဲ့အားလုံးသည်လည်းကောင်း ရင်မြေ ကတုတ်လုပ်၍
ခုခံကာကွယ်စောင့်ရှောက်ကြရမယ်။
ယနေ့ရရှိတဲ့ လွတ်လပ်ရေးဟာ လူမျိုးစု တစ်ခုတည်းအတွက် အသုံးချရန်မဟုတ်၊ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ သွေးချင်းသားချင်း ပြည်ထောင်စုသား လူမျိုးစု
အားလုံးအတွက် မျှမျှတတ အသုံးချရန် ဖြစ်တယ်။
ယနေ့ရရှိတဲ့ လွတ်လပ်ရေးဟာ လူတန်းစားတစ်ခုတည်းအတွက် အသုံးချရန် မဟုတ်၊
လူ့အခွင့်အရေးများကို ဘယ်အခါကမျှ တင်းပြည့်ကျပ်ပြည့် မရရှိခဲ့ကြဘူးတဲ့ လှည်းနေလှေအောင်း
မြင်းဇောင်းမကျန် ပြည်ထောင်စုသား လူတန်းစားအားလုံးအတွက် မျှမျှတတ အသုံးချရန်ဖြစ်တယ်။
ယနေ့ရရှိတဲ့ လွတ်လပ်ရေးဟာ အသင်းအဖွဲ့တစ်ခုတည်းအတွက် အသုံးချရန် မဟုတ်၊ ပြည်ထောင်စုရဲ့
ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို လိုက်နာရိုသေသော အသင်းအဖွဲ့အားလုံးအတွက် မျှမျှတတ
အသုံးချရန်ဖြစ်တယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ ပြည်သူလူထုကြီး တရပ်လုံးအတွက် အကျိုးအများဆုံး
ရရှိနိုင်အောင် ယခုလူဦးရေနဲ့ နှိုင်းစာကြည့်မယ်ဆိုလျှင် မြေဆီမြေနှစ်တွေက အင်မတန်
များပြားနေတာကို တွေ့ရမယ်။
ဒါကြောင့် ခေါင်းဆောင်တွေကလဲ သစ္စာမဖေါက်ဘဲ၊ ခြေလှမ်းမမှားဘဲ၊ ဇွဲကောင်းကောင်းနဲ့
ကြိုးပမ်းလိုက်ကြလျှင်၊ လူထုကလဲ မိမိတို့ထမ်းဆောင်ရမည့် တာဝန်တွေကို မပျက်မကွက်ဘဲ၊
၀ါးအစည်းပြေသလို မပြေဘဲ၊ ဇွဲကောင်းကောင်းနဲ့ ကြိုးပမ်း လိုက်ကြလျှင်၊ ကျွန်တော်ပြောခဲ့တဲ့
သမ္မတ နိုင်ငံသစ်ကြီးကို မနှေးအမြန် တည်ဆောက် ဖြစ်မြောက်ရမယ်လို့ ကျွန်တော်အတိအလင်း
ကြေညာရဲပါတယ်။
ဤသမ္မတနိုင်ငံသစ်ကြီးကို တည်ဆောက်ရာ၌ ခေါင်းဆောင်တွေ သစ္စာဖောက်လျှင်၊ ခြေလှမ်းမှားလျှင်၊
ယနေ့ စိုက်ထူတဲ့ ဤလွတ်လပ်ရေး မော်ကွန်းကျောက်တိုင်ကြီးသည် သစ္စာဖောက်နေသော
ခေါင်းဆောင်များကိုလည်းကောင်း၊ ခြေလှမ်းမှားနေသော ခေါင်းဆောင်များကို လည်းကောင်း အချိန်မီ
သတိပေးနိုင်သည်ဖြစ်ပါစေသတည်း။
ဤသမ္မတနိုင်ငံသစ်ကြီးကို တည်ဆောက်ရာ၌ ပြည်သူလူထုကြီးသည် မိမိထမ်းဆောင်ရမည်
တာဝန်များကို ပျက်ကွက်လျှင် ၀ါးအစည်းပြေသကဲ့သို့ ပြေတော့မည် ဆိုလျှင်၊ ယနေ့စိုက်ထူတဲ့
ဤလွတ်လပ်ရေးမော်ကွန်း ကျောက်တိုင်ကြီးသည် တာဝန်ပျက်ကွက်သော ပြည်သူလူထုကြီးကို
လည်းကောင်း၊ ၀ါးအစည်းပြေသကဲ့သို့ ပြေတော့မည်ဖြစ်သော ပြည်သူလူထုကြီးကို၎င်း အချိန်မီ
သတိပေးနိုင်သည် ဖြစ်ပါစေသတည်း။
ဤသမ္မတနိုင်ငံသစ်ကြီးကို တည်ဆောက်ရာ၌ ဖျက်လိုဖျက်ဆီး လုပ်လိုသော ပြည်တွင်းပြည်ပ
ရန်သူများ ပေါ်ပေါက်လာလျှင် ယနေ့စိုက်ထူတဲ့ ဤလွတ်လပ်ရေး မော်ကွန်းကျောက်တိုင်ကြီးသည်
ထိုရန်သူများကို အပြီးတိုင် ချေမှုန်းနိုင်သည်အထိ ဇာတိသွေး ဇာတိမာန် တစ်ခဲနက် တက်ကြွလာအောင်
ပြည်ထောင်စုပြည်သူလူထုကြီး တစ်ရပ်လုံးကို အချိန်မီ စွမ်းဆောင်ပေးနိုင်သည်ဖြစ်ပါစေသတည်း။
လွတ်လပ်ရေး ကျောက်တိုင်ကြီးသည် အလှသက်သက် စိုက်ထူထားသည် မဟုတ်။
ပြည်ထောင်စုသားအားလုံး၏ စိတ်နှလုံးကို စုစည်းစိုက်ထူထားသည့် သင်္ကေတဖြစ်သည်။
ကျောက်တိုင်ကြီးတွင် ၀ိညာဉ်သဖွယ် ကိန်းဝပ်နေသည့် တိုင်းရင်းသားနိုင်ငံသားတို့၏ စိတ်ထားသည်
ကျောက်သားထက် ပိုမို ခိုင်ခံ့ရမည်ဟု သဘောပေါက်မိသည်။
လွတ်လပ်ရေး ရစဉ်အခါက တက်ကြွလန်းဆန်းနေခဲ့ကြသော စိတ်သဘောထားတို့သည် ယနေ့
မည်သို့ခံစား စံစားနေရပြီနည်း။
လွန်ခဲ့သော ၆၈ နှစ်က ရည်မှန်းရာနှင့် ယနေ့ ရောက်ရှိရပ်တည်နေသော နေရာတို့ မှန်းချက်နှင့်
နှမ်းထွက် မည်မျှကိုက်သည် မည်မျှကွဲလွဲသည်ကို တိုင်းသူ ပြည်သား အားလုံး အသိပင် ဖြစ်ကြသည်။
သို့ဆိုလျှင် ကျွန်ုပ်တို့ ဘာတွေ တွေးကြံ ဆွေးနွေး ပြုမူလုပ်ဆောင်ရန် လိုအပ်နေသေးသလဲကို
ကိုယ့်ကိုယ် ကိုယ်လည်း မေးခွန်း ထုတ်၊ နီးစပ်သူကိုလည်း မေးမြန်း ရှာမှီးမိသည်။
စာဖတ်သူလည်း နည်းနည်းတွေး ကြည့်ချင်စိတ် မဖြစ်ပေါ်ဘူးလား။

















