USDP ပါတီက ၀န်ကြီးဟောင်းအချို့ အစိုးရသစ်တွင် ပါ၀င်လာဖွယ် ရှိနိုင်သည်ဟူသော သတင်းကို ဦးဝင်းထိန်က 'အရူးစကား' ဖြစ်သည်ဟု ပြော...
ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များကို ၀န်ကြီး၊ ဒုဝန်ကြီးများ မမှန်းကြရန်
ပြောဆိုလိုက်ပြီးသည့်နောက်တွင် အစိုးရအဖွဲ့ဝင် ၀န်ကြီးအများစုမှာ လွှတ်တော်ကိုယ်စားလှယ်များ
မဟုတ်ဘဲ ပြင်ပပညာရှင်များ ဖြစ်နိုင်ပြီး NLD တွင် ပါ၀င်သော ပညာရှင်လွှတ်တော်ကိုယ်စားလှယ်များသည်
ရေးရာကော်မတီ ဥက္ကဋ္ဌများအဖြစ် တာဝန်ယူလာရဖွယ်ရှိနေသည်။
ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိပြီးနောက် မြန်မာနိုင်ငံ၏
အာဏာအလွှဲအပြောင်းကို အများက စိတ်ဝင်စားနေကြချိန်တွင် အစိုးရဘက်က သမ္မတရုံးဝန်ကြီး ဦးလှထွန်း
ခေါင်းဆောင်ပြီး ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်၊ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ညွှန်ကြားရေးမှူး
ဦးဇော်ဌေးနှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်းတို့ ပါ၀င်သော
နိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းမှုအထောက် အကူပြုကော်မတီကို တာဝန်ပေးထားပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အသွင်ကူးပြောင်းရေးအဖွဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၀င်များဖြစ်ကြသည့်
ဦးဝင်းထိန်၊ ဒေါက်တာ မျိုးအောင်နှင့် ဒေါက်တာအောင်သူတို့ကို တာဝန်ပေးထားပြီး ဖြစ်သော်လည်း
အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် သမ္မတအပါအဝင် သူ၏အစိုးရအဖွဲ့ ဖွဲ့စည်းရေးနှင့်
ပတ်သက်ပြီး သိသာမြင်သာ မရှိသေးသည့်အပေါ် ထင်မြင်ယူဆချက် အမျိုးမျိုး ထွက်ပေါ်နေကြသည်။
"ကျွန်တော်တို့က ပြင်ဆင်နေတာတွေ သတင်းမထွက်သမျှ ကာလပတ်လုံး အဲဒီလို ကောလာဟလတွေ
ထွက်နေမှာပဲ"ဟု ဦးဝင်းထိန်က ပြောသည်။
ပုဒ်မ ၅၉(စ) မပြင်ဆင်နိုင်သေးသည့် သမ္မတနေရာအတွက် သူရဦးတင်ဦး၊ ဒေါက်တာ တင်မျိုးဝင်း၊
ဦးထင်ကျော်၊ ဒေါ်စုစုလွင် အစရှိသည့် ခန့်မှန်းချက်အမျိုးမျိုး ထွက်ပေါ်ခဲ့သော်လည်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ယခင် စစ်အစိုးရခေါင်းဆောင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်
တွေ့ဆုံဆွေးနွေးပြီးသည့် နောက်ပိုင်းတွင်မူ "အနာဂတ်မြန်မာနိုင်ငံ ခေါင်းဆောင်အဖြစ်
ဒေါ်အောင်ဆန်းစုကြည်ကို အားလုံးက လက်ခံရမယ်"ဟူသည့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး၏
စကားကိုထောက်ပြီး အစိုးရသစ်ကို ဒေါ်အောင်ဆန်းစုကြည်ကသာ သမ္မတအဖြစ်
ဦးဆောင်လာနိုင်ခြေများကြောင်း သုံးသပ်လာကြသည်။
NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းက "တွေ့ဆုံဆွေးနွေးမှုအခြေအနေတွေကိုကြည့်ရင်
အကောင်းဘက်ကိုပဲ အများကြီးသွားနေတယ်။ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့ အတားအဆီးတွေ
ကလည်း ဒီအတောအတွင်းမှာပဲ ပျောက်သွားမယ်လို့ မျှော်လင့်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်
သမ္မတဖြစ်လာမယ်လို့ ယုံကြည်ပါတယ်" ဟု ပြောသည်။
ဦးရွှေမန်း က ဦးသန်းရွှေသည် အာဏာမရှိသော်လည်း ဩဇာရှိသူဖြစ်ကြောင်း ဆိုလိုက်ပြီး ထိုတွေ့ဆုံမှုကို
သူက စီစဉ်ပေးခဲ့ကြောင်း သတင်းများက ဖော်ပြကြသည်။
ထို့ကြောင့်ပင် လာမယ့် အစိုးရသစ်တွင် ဦးရွှေမန်းသည် အရေးပါသော တစ်ထောင့်တစ်နေရာတွင်
ပါ၀င်လာနိုင်ကြောင်း ခန့်မှန်းကြသည်။
သူရဦးရွှေမန်းသည် NLD ပါတီ အနိုင်ရပြီးသည့်နောက် ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံရန်
ကမ်းလှမ်းမှုကို အစောဆုံး လက်ခံခဲ့ပြီး အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးခဲ့သူ ဖြစ်သည်။
NLD ပါတီ၏ အရေးပါသော ခေါင်းဆောင်းတစ်ဦးဖြစ်သူ ဦးဝင်းထိန်က "ဦးရွှေမန်းကို ပြန်ပြီးတော့
နိုင်ငံနဲ့ တာဝန် ပေးအပ်မယ်ဆိုရင်တော့ သိက္ခာရှိတဲ့ နေရာမျိုးမှာ စဉ်းစားရမယ်လို့ ကျွန်တော်
ယူဆတယ်"ဟု RFA သတင်းဌာနသို့ ပြောခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိပြီး ပါတီ၏ အားနည်ချက်များကို ရဲရဲတင်းတင်း
ထောက်ပြတတ်သည့် သူရ ဦးအောင်ကိုကိုလည်း အစိုးရသစ်တွင် USDP ပါတီက နောက်ထပ်
ပါ၀င်လာနိုင်သည့်သူ တစ်ဦးအဖြစ် ယူဆကြသည်။
သူက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ပုဒ်မ ၅၉(စ)ကို ဆိုင်းငံ့ရန် အကြံပေးခဲ့သူဖြစ်သည်။
အခြား USDP ပါတီက ၀န်ကြီးဟောင်း အချို့ အစိုးရသစ်တွင် ပါ၀င်လာဖွယ် ရှိနိုင်သည်ဟူသော သတင်းကို
ဦးဝင်းထိန်က 'အရူးစကား' ဖြစ်သည်ဟု ပြောလိုက်ပြီး အစိုးရဟောင်းမှ ၀န်ကြီး ၁၀ ဦးထက်မနည်း
ဆက်လက် ပါ၀င်မည်ဆိုခြင်းမှာ 'အဲဒါ ပိုရူးသေးတယ်'ဟု ဆိုသည်။
NLD က ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များအရ လယ်ယာစိုက်ပျိုးရေးကို အဓိက ဖွံ့ဖြိုးတိုးတက်အောင်
ဆောင်ရွက်မည်ဖြစ်သည့်အတွက် လယ်ယာနှင့် စိုက်ပျိုးရေး ကျွမ်းကျင်ပညာရှင်တစ်ဦးကို
ခန့်အပ်လာနိုင်သည်။
ပြည်ပမှ နည်းပညာနှင့် ငွေကြေး အကူအညီများ ထဲထဲဝင်ဝင် ရရှိလာနိုင်ပြီး အောင်မြင်စွာ
ဆောင်ရွက်နိုင်မည်ဆိုပါက လယ်သမားထု၏ ထောက်ခံမှု မြင့်တက်လာမည်ဖြစ်သည်။
၀န်ကြီးဌာနများကို လျှော့ပစ်မည် ဖြစ်သော်လည်း ၀န်ထမ်းများကို ဖြုတ်ထုတ် သတ်လုပ်မည်မဟုတ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။
ထို့ပြင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တို့တွင် ပါ၀င်ခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်များတွင်
ပြောင်းလဲ အရွေးခံရသူများသည်လည်း တိုင်းဒေသကြီး ၀န်ကြီး၊ ၀န်ကြီးချုပ်များအဖြစ် တာဝန်ယူလာရဖွယ်
ရှိသည်။
အမျိုးသားရင်ကြားစေ့ရေးအတွက် NLD ပါတီသည် USDP အပါအဝင် တိုင်းရင်းသား အင်အားစုများကိုပါ
အစိုးရသစ်အတွင်း ထည့်သွင်းဖွဲ့စည်းမည်ဖြစ်ကြောင်း အရိပ်အမြွက် ပြောဆိုထားသော်လည်း သူတို့နှင့်
လက်တွဲညီမည့်သူများကိုသာ ထည့်သွင်းမည် ဖြစ်သည့်အတွက် နှစ်ပေါင်းများစွာ လက်တွဲ လာခဲ့သော
ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်၊ ဦးအေးသာအောင်၊ ဦးကျင်ရှင့်ထန်တို့ အစိုးရသစ်ထဲတွင်
ပါ၀င်လာနိုင်ကြောင်း မှန်းဆကြသည်။
ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် တိုင်းရင်းသား
အားလုံး အပြန်အလှန် လေးစားမှု တည်ဆောက်ကာ ပြည်ထောင်စုစိတ်ဓာတ် ပိုမို တိုးတက်ရန်
ကြိုးစားချင်ကြောင်း ပြောဆိုခဲ့သည်။
ပြည်နယ် လွှတ်တော်တွင် နေရာအများဆုံး အနိုင်ရရှိထားသည့် ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်နယ်
၀န်ကြီးချုပ်နေရာကို ရခိုင်အမျိုးသားပါတီဝင်များထဲက ခန့်အပ်ရန် လိုလားနေသည်။
"ရခိုင်ပြည်နယ်မှာ အပြတ်အသတ်နိုင်တဲ့ ရခိုင်အမျိုးသားပါတီကို ၀န်ကြီးချုပ်တစ်ယောက် ခန့်အပ်ပြီးတော့
အစိုးရဖွဲ့ခွင့်ပေးမှာလား သို့တည်းမဟုတ် NLD ကပဲ ပြည်နယ်လွှတ်တော်မှာ ရှစ်နေရာ အနိုင်ရထားတော့
အဲဒီထဲက တစ်ယောက်ကို ၀န်ကြီးချုပ်ခန့်မှာလား ကျွန်တော်တို့ ပါတီကတော့ ဘာပဲဖြစ်ဖြစ်
ရခိုင်ပြည်နယ်မှာ အပြတ်အသတ် အနိုင်ရတဲ့ ရခိုင်အမျိုးသားပါတီကို ၀န်ကြီးချုပ်အဖြစ် ခန့်ပြီးတော့
ပြည်နယ်အစိုးရဖွဲ့ခွင့် ပေးသင့်တယ်လို့ ဆွေးနွေးကြတယ်"ဟု ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်
တစ်ဦးဖြစ်သူက စစ်တွေမြို့တွင် ပြုလုပ်ခဲ့သည့် ဗဟိုအဆင့် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့်
အကြောင်းကို ထုတ်ဖော်ပြောပြခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ်လုံးဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ်က အချက် ၁၂ ချက်ပါ ကြေညာချက်
တစ်ခု ထုတ်ပြန်ခဲ့ပြီး ထိုအထဲတွင် ရခိုင်ပြည်နယ်၏ ၀န်ကြီးချုပ်နေရာအတွက် ရခိုင်ပြည်နယ်အတွင်း
နေရာအများစု အနိုင်ရရှိသောပါတီက လွှတ်တော်ကိုယ်စားလှယ်ကိုသာ ခန့်အပ်တာဝန်ပေးရန်
တောင်းဆိုထားသည်။
NLD ပါတီသည် တစ်နိုင်ငံလုံး အနေအထားအရ ရာခိုင်နှုန်းများစွာ အနိုင်ရရှိခဲ့သော်လည်း ရခိုင်နှင့်
ရှမ်းပြည်နယ်လွှတ်တော်တို့တွင်မူ နေရာအနည်းငယ်သာ အနိုင်ရရှိခဲ့သည်။
NLD ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်နန်းခင်ထွေးမြင့်က ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်ရာတွင်
"အဓိကကတော့ အန်တီတို့က အဖွဲ့ဝင်တိုင်းရင်းသားကို ဦးစားပေးမယ်။ အကုန်လုံး NLD ကပဲ ၀န်ကြီးချုပ်
ပေးပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဖွဲ့ ချင်လို့၊ အစိုးရဖွဲ့နိုင်အောင်လို့ တစ်ချိန်လုံး ပြည်သူလူထုကို
ပြောခဲ့တာ၊ စည်းရုံးခဲ့တာလေ"ဟု ပြောဆိုလိုက်သည့်အတွက် ရှမ်းနှင့် ရခိုင်ပြည်နယ် လွှတ်တော်များတွင်
NLD ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့အနေ ဖြင့် စိန်ခေါ်မှုများ ရင်ဆိုင်တွေ့လာရနိုင်ဟု နိုင်ငံရေး
လေ့လာသူများက သုံးသပ်ကြသည်။
မည်သူပင် ဆိုစေကာမူ မြန်မာနိုင်ငံရေး အခင်းအကျင်းသစ်မှာ မကြာမီ မျက်ဝါးထင်ထင်
တွေ့မြင်ကြရတော့မည်ဖြစ်ရာ အနိုင်ရပါတီအနေဖြင့် အစိုးရသစ်တစ်ခု တည်ဆောက်ရေးအတွက်
အစစ စီစဉ်ပြီးမြောက်နေပြီဟုလည်း မြန်မာ့ရှေ့ရေး ဆွေးနွေးကြသူများ၊ အစိုးရသစ်အတွက်
ရတက်မအေးနိုင်ကြသူများက ကြိုတင်တွေးဆ၊ မျှော်မှန်းနေကြရုံမှ တစ်ပါး အခြား မရှိတော့ပေပြီ။
အချိန်က သက်သေပြဖို့ရန်သာ ရှိပေတော့သည်။

















