သေနတ်ကိုယ်စီနှင့် ငြိမ်းချမ်းရေးပန်းပျိုးသူများ

သေနတ်ကိုယ်စီနှင့် ငြိမ်းချမ်းရေးပန်းပျိုးသူများ

သေနတ် ဆောင်မထားသော လက်၊ မေတ္တာ စေတနာဆောင်ထားသော နှလုံးသား၊ ကောင်းကျိုးကို ရှေးရှုမျှော်လင့်သော ဦးနှောက်၊ ထိုသုံးခု သုံးနားညီလျှင်ငြိမ်းချမ်းရေးဆီ မျှော်ငေးနိုင်သည်ဟု စာရေးသူ ကေဇော်က တင်ပြထားသည်။

သေနတ် ဆောင်မထားသော လက်၊ မေတ္တာ စေတနာ ဆောင်ထားသော နှလုံးသား၊ ကောင်းကျိုးကို
ရှေးရှုမျှော်လင့်သော ဦးနှောက်၊ ထိုသုံးခု သုံးနားညီလျှင် ငြိမ်းချမ်းရေးဆီ မျှော်ငေးနိုင်သည်ဟု
စာရေးသူ ကေဇော်က တင်ပြထားသည်။

ဒီလိုခေါင်းစဉ်မြင်လိုက်သဖြင့် ငြိမ်းချမ်းရေးဆွေးနွေးနေကြသူများကို ကလိတိတိ ပြောတော့မည်ဟု
အထင်တော် မလွဲစေချင်ပါ။ငြိမ်းချမ်းရေးသို့ ရှေးရှုပြီး လုပ်ဆောင်နေသူများကို မည်သူပင်ဖြစ်စေ၊
မည်သို့ချဉ်းကပ်သည်ဖြစ်စေ စိတ်ရင်းစေတနာ တကယ်မှန်ကန်သည်ဆိုလျှင် ကြိုဆိုအားပေးလျက်
ရှိပါသည်။

ဟန်ပြလုပ်ပြီး ဇာတ်ထုပ်ကနေသည်ဆိုလျှင်တော့ ကိုယ့်မှတ်တမ်း ကိုယ်တင်သည်သာ ရှိခြိမ့်မည်။
ငယ်စဉ်ကလေးဘဝက အဘိုးဖြစ်သူထံတွင် ခြောက်လုံးပြူးသေနတ် တစ်လက်ကို သန့်ရှင်းရေးလုပ်
နေစဉ် မြင်တွေ့ဖူးသည်။

ဆင်စွယ်ရောင်လေးဟု မှတ်မိနေသည်။ ကလေးပီပီ သိချင်စိတ်လည်းဖြစ်မိ၊ အထင်ကြီးစိတ်လည်း
ဖြစ်မိသည်။

ငါတို့အဘိုးက နှယ်နှယ်ရရ မဟုတ်၊ သေနတ်တောင် ကိုင်နိုင်တဲ့သူဟု ကိုယ့်အဘိုးကို အထင်ကြီး
သည်။

စစ်သား(တပ်မတော်သား)၊ ပုလိပ်(ရဲ)၊စုံထောက်နှင့် အုပ်ချုပ်ရေး လူကြီးပိုင်းတို့သာ တာဝန်အရ
သေနတ်ကိုင်ဆောင်ရကြောင်းလောက်သာ သိသည်။

ကိုယ့်အဘိုးက အိမ်မှာ အေးအေးဆေးဆေးနေထိုင်ပြီး သေနတ်ဆောင်ထားသည်။

မေးမြန်းကြည့်သောအခါ အဘိုး၏ အဖေလက်ထက်က ရပ်ရွာသူကြီးဖြစ်သည်ကတစ်ကြောင်း၊
ချမ်းသာသည်ဟု ကျော်စောသည်ကတစ်ကြောင်းတို့ကြောင့် အစိုးရမင်းများထံ လျှောက်ထားပြီး
သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်ရထားသဖြင့် သားလက်ထက်အထိ ကိုင်ဆောင်လာကြောင်း
သိရသည်။

တစ်ဆက်တည်းပင် ထိုခေတ်ထိုအခါက လူကုံထံ အသိုင်းအဝိုင်းတို့သည် မိမိတို့ တစ်ဦးချင်းနှင့်
မိသားစု၏ ဘေးအန္တရာယ်၊ အသက်အိုးအိမ်လုံခြံုရေးအတွက် လိုင်စင်ရသူများသည် သေနတ်
ကိုင်ဆောင်ခွင့်ရကြကြောင်း သိရသည်။

လူဆိုး သူခိုးတို့ကလည်း သည်အိမ်မှာ၊ ဒီလူကြီးမှာ သေနတ်ရှိသည်ကို သိသဖြင့် ဘေးအန္တရာယ်
အလွယ်တကူ မပြုနိုင်ဘဲ အဟန့်အတားဖြစ်စေသည့် သဘောဖြစ်သည်။

သေနတ်ကိုင်ဆောင်ခွင့်ရရှိသူမှာ ပစ္စည်းဥစ္စာကြွယ်ဝ ချမ်းသာရုံတင်မက အရပ်ထဲတွင် အရှိန်အဝါ
အတန်အသင့်ရှိခြင်းအဓိပ္ပာယ်ကိုပါ ထင်ဟပ်စေသည်။

ကိုယ့်ကိုမဟုတ်ဘဲ အခြားသူ အန္တရာယ်ကျရောက်လျှင်လည်း ဝင်ရောက်ဟန့်တားခုခံခွင့်ရှိသည်။

သို့ဖြင့် လိုင်စင်ရသေနတ်ကိုင်ခွင့်ရှိသူအဖြစ်လေးလေးစားစား ဆက်ဆံကြသည်။

မြန်မာပြည်မှာ တစ်ချိန်က သေနတ်ကို လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပေးစဉ်က ဖြစ်ထွန်းခဲ့သော
သဘောတရားအချို့ကို ကလေးဘဝက သိမှတ်ခဲ့ရခြင်းဖြစ်သည်။

နောင်တွင်သေနတ်များ ပြန်အပ်ခိုင်းပြီး လိုင်စင်ကိစ္စကိုဖျက်သိမ်းပစ်လိုက်သောကြောင့် သေနတ်
ကိုင်ဆောင်သူ မရှိတော့ပါ။

မြန်မာနိုင်ငံတွင် ထိုစနစ်မရှိတော့သော်လည်း အခြားနိုင်ငံများတွင် ထိုစနစ်မျိုးရှိနေသည်။

အထူးသဖြင့် ဒီမိုကရေစီကို အထူးဦးစားပေးသော အမေရိကန်လို နိုင်ငံမျိုးတွင် သေနတ်ကို
လူ့အသုံးအဆောင်ပစ္စည်းတစ်ခုအဖြစ် သဘောထားကာ လွတ်လပ်စွာ ကိုင်ဆောင်ခွင့်ပေးထားသည်။

လူတစ်ဦးချင်း၏ လွတ်လပ်ခွင့်ကို ပိုမိုဦးစားပေးခြင်းလည်းဖြစ်သည်။

တစ်နည်းအားဖြင့် ¤င်းတို့၏ဆင်ခြင်တုံတရားကို စိတ်ချလွန်းခြင်းလည်းဖြစ်နိုင်သည်။

မိမိတို့သည် လူကြီးလူကောင်းများဖြစ်သည်။ မိမိတို့ တစ်ကိုယ်ရေ လုံခြံုရေးအတွက်၊ မိမိတို့
လွတ်လပ်ခွင့်အတွက် ကိုယ်တိုင်ကာကွယ်ရန် သေနတ်ကိုင်ဆောင်ခွင့်ရှိသည်ဟု ယူဆကြဟန်
တူသည်။

သေနတ်ကို လူသုံးပစ္စည်း အသုံးအဆောင်သဖွယ် ဆိုင်ဖွင့်ရောင်းချခွင့် ပြုထားသည်။

သေနတ်ဝယ်ယူသူ၏ ကိုယ်ရေးအချက်အလက်ကိုဖြင့် မှတ်တမ်းယူထားသည်။

လူကို အန္တရာယ်ပြုနိုင်သော လက်နက်ဖြစ်သည့် သေနတ်သည် လူဆိုးလက်ထဲတွင်လည်းရှိသည်၊
လူကောင်းလက်ထဲတွင်လည်း ရှိသည်။

ထိုသို့ ခုခံကာကွယ်နိုင်သော လက်နက် ကိုယ်စီကိုယ်စီရှိနေခြင်းဖြင့် လူဆိုးတို့ တိုက်ခိုက်ရန်
အခွင့်အလမ်း နည်းသွားစေမည်ဟုလည်း ယူဆဟန်တူသည်။

ပညာရပ်သက်သက်မွေ့ပျော်သူ ပညာရှင်များ တွေးမြင်ယူဆပုံနှင့် စီမံအုပ်ချုပ်သူ ချိန်ခွင်ညှာညှိသူတို့
တွေးမြင်ပုံမတူခြင်း သဘောဖြစ်သည်။

အဲဖရက်ဗားနတ်နိုဘယ်သည် ဒိုင်းနမိုက်၏ ပေါက်ကွဲစွမ်းအားကို ကုန်ထုတ်လုပ်ငန်းတွင်
အသုံးချသော်လည်း အခြားသူတို့က အဖျက်လုပ်ငန်း၌ သုံးခြင်းကို  တွေ့မြင်သွားသောအခါ
အားလုံးကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေး၊ အကျိုးပြုရေးဘက်သို့ ရှေးရှုမျက်နှာမူသွားသည်။

၄င်းသေတမ်းစာအရ ကမ္ဘာကျော် နိုဘယ်ဆုဟု ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

ထို့အတူ အယ်လ်ဘတ် အိုင်းစတိုင်းသည်လည်း သူ၏ သိပ္ပံတွေ့ရှိချက်ဖြစ်သော E = mc2 သည်
ပညာရပ်သက်သက် တွေ့ရှိချက်ဖြစ်သည်။

ဒြပ်ထုသေးသေးကလေးကိုအလင်းအလျင်ဖြင့် ရွေ့လျားလိုက်လျှင် အံ့မခန်းသော စွမ်းအင်များ
ထွက်ပေါ်လာလိမ့်မည်ဟုသာ သိမြင်ခြင်း ဖြစ်သည်။

သီအိုရီသဘောအရ ထုတ်ယူဆင်ခြင်ပြခြင်းဖြစ်သည်။ စွမ်းအင်ထုတ်ယူရမည့် လုပ်ငန်းစဉ်၊
စွမ်းအင်ကို အသုံးချရမည့်နေရာတို့ကို အိုင်းစတိုင်း လမ်းညွှန်ခဲ့သည် မဟုတ်ပေ။

စစ်ကာလတွင် စီမံခန့်ခွဲအုပ်ချုပ်သူတို့က ထိုစွမ်းအင်ကို အဏုမြူဗုံးအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။

ထိုသတင်းကို ကြားသိသောအခါ အိုင်းစတိုင်းခမျာ စိတ်မကောင်းခြင်း ကြီးစွာဖြစ်ခဲ့ရသည်။

ခြောက်လုံးပြူး၊ ပစ္စတို၊ ရိုင်ဖယ်၊ စတင်း၊ စိန်ပြောင်း၊ လက်ပစ်ဗုံး၊ လောင်ချာ၊ အမြောက်၊ ဝေဟင်ပစ်၊
လေယာဉ်ပစ်၊ ရေပြင်ပစ် ဒုံးပျံ၊အဏုမြူဗုံး၊ ဟိုက်ဒရိုဂျင် အားလုံးမှာ လူကိုသေစေနိုင်သော
လက်နက်ကိရိယာ တစ်မျိုးစီဖြစ်သည်။

သေနတ်ဆိုသော စကားမှာ ထိုလက်နက်ကိရိယာ အားလုံးကို ကိုယ်စားပြုတင်စားဆိုလိုခြင်း
ဖြစ်သည်။

စီမံအုပ်ချုပ်သူတို့သည် သေနတ်ကိရိယာကို မျှခြေ ချိန်ညှိတန်ဆာပလာအဖြစ် အသုံးပြုပြီး
အင်အားတို့ကို ထိန်းနိုင်ရန် ကြံစည်ကြိုးစားကြသည်။

ဤသို့ဖြင့် စစ်အေးခေတ်သို့ အရောက်တွင် အမေရိကန်နှင့် ရုရှားတို့သည် တစ်ဦးနှင့်တစ်ဦး
လက်နက်များကို အပြိုင်အဆိုင် ထုတ်လုပ်ခြင်းဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့ကြသည်။

လူဆိုးက လက်နက်(သေနတ်)အားကိုးဖြင့် အနိုင်ကျင့်ခွင့် မရစေရန် လူကောင်းမှာလည်း သေနတ်
ကိုင်ဆောင်ထားသင့်သည်ဟူသော အတွေးအမြင်ကို အခြေခံချဲ့ထွင်ကျင့်သုံးခြင်းဖြစ်သည်။

တစ်ဦးလက်ဝယ်ရှိသော လက်နက်နှင့် နောက်တစ်ဦး အဆင့်အတန်းချင်း တူညီနေမှသာ
အနိုင်ကျင့်မခံရနိုင်ဟု တွေးမြင်ယူဆခြင်းဖြစ်သည်။

လက်နက်ကို လက်နက်ဖြင့် မျှခြေဖမ်းထိန်း၍ ငြိမ်းချမ်းရေးကို တည်ဆောက်ထားခြင်း ဖြစ်သည်။

တစ်ဖက်ဖက်တွင်ရှိသော လက်နက် အပြောင်းအလဲဖြစ်သွားလျှင် ထိုမျှခြေပျက်ယွင်းနိုင်သည်။

အပြောင်းအလဲဆိုရာ၌တိုးသွားခြင်း၊ လျော့သွားခြင်း နှစ်မျိုးစလုံးဖြစ်နိုင်သည်။

အလွန်အန္တရာယ်ကြီးသောမျှခြေတစ်ခုကို ရင်မှာပိုက်ထားကြခြင်းဖြစ်သည်။

ယင်းသို့ဖြင့် အဏုမြူ လက်နက်များကို အရည်အချင်းတူ အရေအတွက် ယှဉ်နိုင်အောင် ထုတ်လုပ်ထား
ကြပြီး တစ်ဦးကိုတစ်ဦး စောင့်ကြည့်ကာ တေ့ဆိုင်ပြီး ဟန်မပျက်နေကြသည်။

၄င်းတို့အဆင့်အတန်း အမီလိုက်လာနိုင်ခြေ ရှိသူတို့ကိုမူ ထိုလက်နက်မျိုးများမထုတ်လုပ်ရန် ဟန့်တား
ကန့်ကွက်နေကြသည်။

ယခုရက်ပိုင်းမှာပင် မြောက်ကိုရီးယားကို ဟန့်တားပိတ်ဆို့နေကြသည်။

သေနတ်ကိုဘေးမှာချပြီး ငြိမ်းချမ်းရေးစကား ပြောကြသကဲ့သို့ရှိနေသည်။

အသက်နှင့် အသိဉာဏ်မရှိသော သေနတ်၊ အဏုမြူစွမ်းအားတို့သည် အသုံးချသူအပေါ်မူတည်ပြီး
ရလဒ်ကွဲပြားသွားရသည်။

သေနတ်ကို လူဆိုးက အသုံးချလျှင် ဒုစရိုက်နှင့် အကုသိုလ်တို့ တိုးပွားသည်။

သေနတ်ကိုဥပဒေဘက်သားရဲက အသုံးချလျှင် ဒုစရိုက်နှိမ်နင်းရေးအတွက် အသုံးဝင်သည်။

ထို့အတူ အဏုမြူစွမ်းအင်ကိုလည်းလူ့လောက ကောင်းကျိုးပြုသော လုပ်ငန်းများ၌ အသုံးချနိုင်သည်။

အလွယ်ဆုံးအားဖြင့် လောင်စာထုတ်လုပ်နိုင်သည်။

သို့ရာတွင် ကမ္ဘာ၌ တိုးတက်ဖွံ့ဖြိုးပါသည်ဆိုသော နိုင်ငံကြီးများတွင် လွတ်လပ်ခြင်းကိုဦးစားပေးပြီး
သေနတ်ကိုင်ဆောင်နိုင်ခွင့်ရှိခြင်းကိုပင် ဂုဏ်ယူနေတတ်ကြသောလူမှုအသိုင်းအဝိုင်း၌ မျှော်လင့်
သကဲ့သို့ ဖြစ်မလာဘဲ လုံးဝအေးချမ်းစွာ ကိုယ်ရေးကိုယ်တာကိစ္စ လုပ်ဆောင်နေသော လူများကို
သေနတ်ကိုင် လူရမ်းကား အချို့က သတ်ဖြတ်ခြင်းများ မကြာခဏ ဖြစ်ပွားလာသည်။

အထူးသဖြင့် ၂ဝ၁၄-၁၅ တွင် ပိုမိုဆိုးရွားလာသည်။

ဆောင်ထားသော သေနတ်များကလည်း ခုခံကာကွယ်နိုင်ခြင်း မရှိခဲ့ပေ။

ရဲတပ်ဖွဲ့နှင့် ချေမှုန်းရေးတပ်ဖွဲ့များ အချိန်မီ လာရောက်နှိမ်နင်းနိုင်ခြင်းကြောင့်သာ ပွဲပြီးသွားတတ်သည်။

သေနတ်ရှိရုံမျှဖြင့် ကာကွယ်မှု မပြုနိုင်။

သနတ်ရှိရုံမျှဖြင့် ငြိမ်းချမ်းမှုကို ခြိမ်းခြောက်ခြင်းကို အဟန့်အတားမပြုနိုင်ဟု ယူဆရမည်ကဲ့သို့
ရှိနေသည်။

သေနတ် အပြန်အလှန် ကိုင်ဆောင်ထားခြင်းဖြင့် ငြိမ်းချမ်းမှုကို ဖော်ဆောင်နိုင်ရေး မသေချာဟု
ယူဆနိုင်သည်။

ငြိမ်းချမ်းမှုကို ဖော်ဆောင်နိုင်ရေးသည် ငြိမ်းချမ်းမှုကို မြတ်နိုးခြင်း၌သာ တိုက်ရိုက်ဆက်နွှယ်
နိုုင်လိမ့်မည်။

ငြိမ်းချမ်းမှု၏ ဆန့်ကျင်ဘက်ဖြစ်သော လူသတ်လက်နက်များသည် ငြိမ်းချမ်းမှုကို အထောက်အပံ့ပေး
မည့် ဆေးမြီးတိုတစ်ခွက် ဖြစ်မလာနိုင်ပေ။

ထို့ကြောင့်လည်း အိုဘားမား တစ်ယောက်လက်နက်ကိုင်ဆောင်မှု ထိန်းချုပ်ကန့်သတ်ရေး
စီမံချက်ကို စဉ်းစားထုတ်ဖော်လာရသည်။

ကျင့်သားရနေသော လူ့အဖွဲ့အစည်းက စိတ်ကူးသစ်ကို အလွယ်တကူ လက်ခံရန်မဝံ့မရဲ
ဖြစ်နေသေးသည်။

ဤကား လူ့သဘာဝပင်။ အဆိုးဖြစ်စေ အကောင်းဖြစ်စေ ချက်ချင်းအလွယ်တကူပြောင်းလဲလက်ခံရန်
စိတ်တွန့်တတ်သည်။

သေနတ်ကို ဆုပ်ကိုင်ထားသော လက်များအချင်းချင်း လက်ဆွဲနှုတ်ဆက်နိုင်ရန်မှာ ထိုသေနတ်ကို
လက်ထဲမှ လွှတ်ချထားလိုက်ပြီး လက်ဖဝါးဗလာဖြင့် ကမ်းလှမ်းခြင်းဖြင့် ငြိမ်းချမ်းရေးအတွက် လက်
ချင်းတွဲမိနိုင်မည်ဟု မျှော်လင့်သည်။

အန္တရာယ်ကို ဖြစ်ပွားစေတတ်သော မျိုးစေ့မပါခြင်းကသာ ဘေးအန္တရာယ်ကင်းဝေးခြင်းကို ဖော်
ဆောင်နိုင်ပေလိမ့်မည်။

သေနတ် ဆောင်မထားသောလက်၊ မေတ္တာ စေတနာ ဆောင်ထားသော နှလုံးသား။

ကောင်းကျိုးကို ရှေးရှုမျှော်လင့်သော ဦးနှောက် ထိုသုံးခု သုံးနားညီလျှင် ငြိမ်းချမ်းရေးဆီ
မျှော်ငေးနိုင်မည်။

ငြိမ်းချမ်းရေးပန်း ပျိုးသူတို့သည် သေနတ်ကိုယ်စီဆောင်ထားခြင်း မရှိသင့်ဟု ထင်မြင်သည်။

မေတ္တာကိုယ်စီ ဆောင်ထားခြင်းဖြင့် ချဉ်းကပ်သင့်သည်။

လိုအပ်လျှင် မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် အစောင့်အရှောက် အစီအမံ တစ်ခုခု
ဆောင်ထားရန်လိုသည်ဟု တွေးမြင်နေလျှင်လည်း ငြိမ်းချမ်းရေးပျိုးပင်နုကို အကျိုးစီးပွားလောင်းရိပ်
အုပ်မိုးနိုင်ပါသေးသည်။

ငြိမ်းချမ်းရေး ဆွေးနွေးကြသူများ သူသူကိုယ်ကိုယ် သေနတ်ဆောင်ထားချင်စိတ်၊ အကျိုးစီးပွား
ကာကွယ်ထားလိုစိတ်တို့ ကိန်းဝပ်နေသလား၊ ကိုယ်တိုင်ပင် အသိဆုံးဖြစ်ပေလိမ့်မည်။

ပရိသတ်တို့မှာကား တွေးဆမှု၊ မျှော်လင့်မှု၊ ဆုတောင်းမှုသာ ပြုနိုင်ကြပါသည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021