ယာဉ်တိုက်မှုတွေကြောင့် သေဆုံးသူ ၁ ဒသမ ၂၅ သန်းနဲ့ ဒဏ်ရာရသူ သန်း ၅ဝ ရှိနေတယ်လို့ အစ္စရေးက ယာဉ်အန္တရာယ်ကင်းရှင်းရေး ကျွမ်းကျင်သူ မစ္စတာရွိုင်းဘင်အယ်လိုက်ဇာက ဆိုပါတယ်။ ဒီယာဉ်မတော်တဆမှုတွေဖြစ်ပွားရပုံနဲ့ ဘယ်လိုလျှော့ချနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မြန်မာတိုင်း(မ်)အမှုဆောင်စာတည်း မျိုးလွင်နဲ့ လွန်ခဲ့တဲ့ ရက်သတ္တပတ်က ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံ အထူးသဖြင့် ရန်ကုန်နဲ့ မန္တလေးက ယာဉ်အန္တရာယ်ကင်းရှင်းမှုအနေအထားနဲ့
ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။
ငါးနှစ်အတွင်း မြို့ကြီးနှစ်မြို့ရဲ့ ယာဉ်လမ်းကြောင်းအန္တရာယ်ကင်းရှင်းမှု အနေအထားက
သိသိသာသာ ပြောင်းလဲခဲ့ပါတယ်။
လမ်းပေါ်မှာ ကားတွေအများကြီးတိုးလာသလို အခြေခံအဆောက်အအုံတွေကိုလည်း
ထပ်မံတည်ဆောက်နေတာ၊ အဆင့်မြှင့်နေတာတွေရှိပါတယ်။ ဒါပေမဲ့ ဒီလိုအဆင့်မြှင့်နေ
တာတွေက လိုအပ်ချက်နဲ့အလျဉ်မီအောင် မြန်မြန်ဆန်ဆန် ဖြည့်ဆည်းနိုင်ပါ့မလားဆိုတာက
စိန်ခေါ်မှုတစ်ခုပါ။
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေဝင်လာတာနဲ့အတူအလုပ်ကိစ္စနဲ့ဖြစ်စေ၊ ကိုယ်ရေးကိုယ်တာ
ကိစ္စနဲ့ဖြစ်စေ အသွားအပြန်လုပ်မယ့်သူတွေတိုးပွားလာတာနဲ့အမျှ ဒီမြို့ပြလုပ်ငန်းတွေ တစ်ပြေးညီ
ကြီးထွားလာဖို့ဆိုတဲ့ စိန်ခေါ်မှုကလည်း အားကောင်းလာတယ်လို့ ကျွန်တော်ထင်တယ်။
သို့ပေမဲ့ ယာဉ်မတော်တဆမှုတွေဖြစ်ရတဲ့ အဓိကအချက်ကတော့ လူသားအမှားပေါ့။
ယာဉ်တိုက်မှု ၉ဝ ရာခိုင်နှုန်းက ဒီအချက်ကြောင့် ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေးကဏ္ဍနဲ့
အခွင့်အလမ်းတွေတိုးတက်လာတဲ့အတွက် ကိုယ်ပိုင်ကားတွေစီးနိုင်လာတာဟာ နိုင်ငံရဲ့ စီးပွားရေး
အသက်သွေးကြောအတွက် အဓိကကျသလို ယာဉ်မောင်းအသစ်တွေအများကြီးကို
ချက်ချင်းကားလမ်းပေါ်ပို့ပေးလိုက်တာလည်း ဖြစ်ပါတယ်။
ယာဉ်မောင်းအသစ်တွေက လမ်းအမျိုးမျိုး၊ ယာဉ်ကြော အခြေအနေအမျိုးမျိုးကို ကိုင်တွယ်တဲ့နေရာမှာ
အတွေ့အကြံုနည်းတယ်။
နောက်ပြီးဆောက်လက်စ လမ်းတံတားတွေ၊ ပြောင်းလဲနေတဲ့ လမ်းအခြေအနေတွေ၊ တိုးပွားလာတဲ့
ယာဉ်အရေအတွက်နဲ့ လမ်းအသုံးပြုတွေရဲ့ ယာဉ်စည်းကမ်းလိုက်နာမှုအားနည်းတာတွေပါပေါင်းလိုက်
တဲ့အခါ ယာဉ်တိုက်မှုဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်တက်လာပါတယ်။
လမ်းအနေအထားနဲ့ လမ်းတံတားအခြေအနေတွေက နေ့စဉ်နဲ့အမျှပြောင်းလဲနေပြီး အရင်က
သုံးခဲ့တဲ့စနစ်တွေက လက်ရှိယာဉ်ကြောနဲ့အဆင်မပြေတော့တဲ့အခါ အတွေ့အကြံုရှိသူတွေတောင်
အခက်တွေ့နေရပါတယ်။
ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ မနှစ်ကဘယ်လောက်ရှိခဲ့လဲ။အဓိကအကြောင်းရင်းတွေက
ဘာတွေလဲ။
'၂ဝ၁၆ ခုနှစ် မြန်မာနိုင်ငံယာဉ်အန္တရာယ်ကင်းရှင်းရေး' အစီအစဉ်က ကြီးမားတဲ့စိန်ခေါ်မှုတွေကို
ရင်ဆိုင်နေရပြီး ထိထိရောက်ရောက် ကိုင်တွယ်မှ ရတော့မယ့် အခြေအနေကိုရောက်နေပါပြီ။
၂ဝ၁၁ မှာ ဒီနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးစတင်ပြီး ကားတင်သွင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေကို
ပြောင်းလဲလိုက်ကတည်းက ကားတွေ ပမာဏအများကြီးဝင်လာခဲ့တဲ့အတွက်
ယာဉ်အန္တရာယ်ကင်းရှင်းရေးကို သိသိသာသာရိုက်ခတ်လာခဲ့ပါတယ်။
ကိန်းဂဏန်းနဲ့ပြောမယ်ဆိုရင် အေဒီဘီရဲ့အစီရင်ခံချက်တွေအရ ၂ဝ၁၄ ခုနှစ်မှာ ယာဉ်
မတော်တဆဖြစ်ပွားမှုနဲ့ပတ်သက်တဲ့ သေဆုံးသူ ၄,၃ဝဝ ကျော်ရှိပြီး (၂ဝဝ၉ ခုနှစ်နှုန်းရဲ့ နှစ်ဆဖြစ်)
ဆေးရုံတွေရဲ့အစီရင်ခံချက်မှာသူတို့ဆီကိုရောက်လာတဲ့ ထိခိုက်ဒဏ်ရာရသူအားလုံးရဲ့
သုံးပုံတစ်ပုံဟာ ယာဉ်မတော်တဆမှုတွေကြောင့်လို့ ဖော်ပြထားပါတယ်။
ယာဉ်တိုက်မှုတွေဟာ အရှိန်လွန်မောင်းတာ၊ သတိမထားဘဲကျော်တက်တာ၊ မူးနေတုန်း
မောင်းတာနဲ့ ယာဉ်မောင်းနှင်တဲ့အတွေ့အကြံုမရှိတာတွေကြောင့် အဓိကဖြစ်ပွားပါတယ်။
အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ ယာဉ်တိုက်မှုတွေကိုကြည့်မယ်ဆိုရင် သေနှုန်းအများဆုံးက
ခြေကျင်လျှောက်သူတွေနဲ့ စက်ဘီး၊ ဆိုက်ကားနင်းသူတွေဖြစ်လို့ အန္တရာယ်ဖြစ်ဖို့ အလွယ်ဆုံး
လမ်းအသုံးပြုသူအမျိုးအစားတွေကို တွေ့မြင်နိုင်မှာပါ။
ယာဉ်တိုက်မှုတွေကို ကျွန်တော်တို့ ဘယ်လိုလျှော့ချနိုင်မလဲ။
ယာဉ်တိုက်မှုတွေကို လျှော့ချ
နိုင်တယ်ဆိုပေမယ့် လျှော့ချဖို့ကြိုးစားတဲ့နေရာမှာ ကဏ္ဍအသီးသီးနဲ့ နည်းဗျူဟာမျိုးစုံ ပူးပေါင်း
ပါဝင်ဖို့ လိုအပ်ပါတယ်။
အဓိကအားဖြင့် ယာဉ်တိုက်မှုတွေရဲ့ အဓိကအချက်က လူသားအမှားကြောင့်၊
ဥပမာ - သတိပြုမှုနည်းတဲ့၊ တာဝန်မသိတဲ့အပြုအမူတွေကြောင့်ဆိုတာကို မီးမောင်းထိုးပြပြီး
အဓိကဖြေရှင်းဖို့အရေးကြီးပါတယ်။
ဇာစ်မြစ်အကြောင်းရင်းတွေနဲ့ အပြုအမှုပိုင်းပြဿနာတွေကို ဖော်ထုတ်ပြီး ရှိနေတဲ့လမ်းတံတား
တည်ဆောက်မှုတွေကို အများကြီးရင်းနှီးမြှုပ်နှံမှုထည့်ဝင်ရပါမယ်။
ဒီကိစ္စကိုဝင်ရောက်ကိုင်တွယ်တဲ့နေရာမှာ ပထမဦးဆုံး အချက်အလက်တွေကိုကောက်ယူပြီး
မူဝါဒတွေကိုခွဲခြမ်းစိတ်ဖြာသင့်ပါတယ်။
ခွဲခြမ်းစိတ်ဖြာပြီးတဲ့အခါ မြန်မာနိုင်ငံကယာဉ်မတော်တဆမှုတွေကို ရှင်းရှင်းလင်းလင်း
အမျိုးအစားခွဲခြားပြနိုင်ဖို့လိုပြီး ဒီကနေတစ်ဆင့် ဘာကြောင့်ဖြစ်ရတာလဲ၊ အရှိန်လွန်မောင်း
တာကြောင့်လား၊ သတိမထားဘဲ ကျော်တက်တာကြောင့်လား ၊ ယာဉ်မောင်းနှင်မှု
အတွေ့အကြံုနည်းတာကြောင့်လား၊ မူးနေတုန်းမောင်းတာကြောင့်လား၊ ၊မောင်းနေတုန်း
အာရုံပျံ့လွင့်တာကြောင့်လား ဆိုပြီး သိရှိနိုင်ရမှာ ဖြစ်ပါတယ်။
ဒီလို ခွဲခြားစိတ်ဖြာမှုတွေရဲ့ရလဒ်ကို ကြည့်ပြီး ယာဉ်လမ်းကြောင်းမူဝါဒတွေနဲ့ စည်းမျဉ်း
စည်းကမ်းတွေကို ပြောင်းလဲရာမှာအထောက်အကူဖြစ်လာဖို့ လိုပါလိမ့်မယ်။
ဥပမာ•သွေးထဲကအရက်ပမာဏကို သုညဒသမဝ၈ ရာနှုန်းကနေ သုညဒသမ ဝ၅ ရာခိုင်နှုန်း
အထိ လျှော့ချသတ်မှတ်တာမျိုးနဲ့ ယာဉ်မောင်းနေတုန်း မိုဘိုင်းဖုန်းသုံးတာကိုပိတ်ပင်တာမျိုး
လုပ်လိုက်ခြင်းအားဖြင့် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူအရေအတွက်ကို
မယုံနိုင်လောက်အောင် လျှော့ချနိုင်တာမျိုးအထိဖြစ်နိုင်ပါတယ်။
ဒီလိုပြောင်းလဲမယ်ဆိုရင် ဥပဒေပြုရေးမဏ္ဍိုင်နဲ့သက်ဆိုင်နေတဲ့အတွက် အစိုးရအရာရှိတွေရဲ့
ခွင့်ပြုချက်တွေ လိုအပ်ဦးမှာပါ။
နောက်ထပ်ပြောင်းလဲဖို့အရေးကြီးတာကယာဉ်ထိန်းရဲတပ်ဖွဲ့အင်အားနဲ့ စည်းမျဉ်းစည်းကမ်း
ကြပ်မတ်မှုစွမ်းရည်ကို တိုးမြှင့်တည်ဆောက်ဖို့ ဖြစ်ပါတယ်။
ဒဏ်ပေးတဲ့စနစ်ကိုလည်း ပိုမိုတိုးတက်တဲ့ စနစ်တစ်ခုဖြစ်အောင် တိုးမြှင့်ရပါမယ်။
အဲဒီမှာ ဒဏ်ငွေပမာဏကိုမြှင့်တင်နိုင်သလို point system သုံးဒဏ်ပေးစနစ်ဖြစ်တဲ့
ယာဉ်မောင်းတွေ စည်းကမ်းဖောက်ဖျက်တဲ့အခါ ဒဏ်ငွေရိုက်ရုံသာမက အထူးယာဉ်မောင်း
သင်တန်းတက်ခိုင်းတာ၊ လိုင်စင်သိမ်းတာ စတာတွေကို လုပ်ဆောင်နိုင်ရပါမယ်။
ဒီနေရာမှာ ပိုအဆင့်မြင့်တဲ့ မှတ်တမ်းတင်စနစ်ကိုတပ်ဆင်ပြီး ယာဉ်ထိန်းရဲတွေစောင့်ကြည့်နိုင်
မယ်ဆိုရင် အမှုအသီးသီးကို အချိန်ကိုက်အရေးယူတုံ့ပြန်နိုင်ပါလိမ့်မယ်။
အခြေခံအဆောက်အအုံတွေကို ကြည့်မယ်ဆိုရင် တိုးချဲ့တည်ဆောက်တာတွေလုပ်တဲ့အခါ
ဘေးအန္တရာယ်ကင်းရှင်းဖို့အထောက်အကူပြုတဲ့ အင်္ဂါရပ်တွေကိုထည့်သွင်းစဉ်းစားရပါမယ်။
အဲဒီမှာ ရှင်းလင်းတဲ့ လမ်းညွှန်သင်္ကေတတွေ၊ တိကျတဲ့အရှိန်သတ်မှတ်ချက်၊ လမ်းသွယ်
ပိုင်းခြားမှု ပြောင်းလဲသတ်မှတ်တာ၊ လမ်းဖြတ်ကူးသူတွေအတွက်လုံလောက်တဲ့နေရာတွေနဲ့
အထောက်အကူပြုစေမယ့်အရာတွေ သတ်မှတ် ဖြည့်ဆည်းပေးတာတွေ ပါဝင်ပါတယ်။
အငယ်ဆုံးအုပ်စုအနေနဲ့ မူကြိုအဆင့်ကလေးတွေကစလိ့ု လူငယ်တွေ၊ ယာဉ်မောင်းအသစ်တွေ၊
ခြေကျင်လျှောက်သူတွေ၊ တက္ကစီယာဉ်မောင်းသူတွေ၊ ကိုယ်ပိုင်ယာဉ်မောင်းတွေ၊ စက်ဘီး၊
ဆိုက်ကားနင်းသူတွေ စသဖြင့် လမ်းအသုံးပြုသူတွေကို အုပ်စုလိုက်ခွဲပြီး အသိပညာပေးတာတွေ
ပြုလုပ်ဖို့လိုအပ်ပါတယ်။
ယာဉ်အန္တရာယ်ကင်းရှင်းရေး တိုးမြှင့်တဲ့နေရာမှာ လူတိုင်းတာဝန်ရှိပြီး ပါဝင်ဆောင်ရွက်ဖို့လည်း
လိုပါတယ်။
အသိပညာပေးတဲ့အခါ ထိုင်ခုံခါးပတ်ပတ်ဖို့နဲ့ ဆိုင်ကယ်စီးဦးထုပ်ဆောင်းဖို့လိုမျိုးတစ်ကိုယ်ရေး
လုံခြံုမှုအတွက် စည်းမျဉ်းစည်းကမ်းတွေ၊ လမ်းဖြတ်ကူးသူတွေဘေးကင်းကင်းကူးနိုင်အောင်
မျဉ်းကျားမှာယာဉ်ရပ်ဖို့ နဲ့ အရက်သောက်ပြီး ယာဉ်မောင်းတာကိုရှောင်ကြည်ဖို့ စတဲ့စည်းကမ်းတွေကို
လိုက်နာလာကြအောင် လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။
နောက်ဆုံး ယာဉ်တိုက်မှုတွေဖြစ်ပွားတဲ့အချိန်မှာလည်း အသက်တွေကယ်ဆယ်နိုင်ဖို့အတွက်
လျင်မြန်ခိုင်မာတဲ့ အရေးပေါ်ဝန်ဆောင်မှုတွေ ရရှိလာအောင် ရင်းနှီးမြှုပ်နှံဖို့ကလည်း အရေးကြီး
ပါတယ်။
ဒါမှလည်းသေဆုံးသူနဲ့ဒဏ်ရာရသူတွေ တိုးမလာနိုင်မှာ ဖြစ်ပါတယ်။
မနှစ်က တစ်ကမ္ဘာလုံးမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူ ဘယ်လောက်ရှိခဲ့လဲ။
-
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ ၂ဝ၁၅ ခုနှစ်အတွက် Global Status Report on Road Safety
မှာ ယာဉ်နဲ့ပတ်သက်တဲ့ မတော်တဆမှုတွေကြောင့် သေဆုံးသူအရေအတွက် နှစ်စဉ်
မြင့်တက်လာခဲ့တာ ၁ ဒသမ ၂၅ သန်းအထိ ရောက်ရှိလာပြီလို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် နှစ်စဉ် လူသန်း ၂ဝ က သန်း ၅ဝ ကြားဟာ ယာဉ်တိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာ
ရနေပါတယ်။
အဲဒီ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရဲ့ ၉ဝ ရာခိုင်နှုန်းက ဝင်ငွေအလယ်အလတ်နဲ့ ဝင်ငွေနိမ့်တဲ့
နိုင်ငံတွေက ဆိုတာကတော့ မှတ်ထားသင့်တဲ့အချက်တစ်ခုပါ။
နောက်ပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးမှုအများဆုံး အသက်အရွယ်အပိုင်းအခြားက ၁၅ နှစ်က ၂၉ နှစ်ကြား ဖြစ်နေတဲ့အတွက် နိုင်ငံတိုင်းရဲ့အနာဂတ်ဟာလူငယ်တွေအပေါ် မူတည်တာဖြစ်လို့
ဒါဟာသိသာတဲ့ ရိုက်ခတ်မှုတစ်ခုပါပဲ။
ဒီဖြစ်ပွားနေတဲ့ ယာဉ်တိုက်မှုတွေက ဘာကြောင့်လဲ။
တစ်ကမ္ဘာလုံးမှာ ယာဉ်တိုက်မှုတွေရဲ့ပင်မအကြောင်းရင်းတွေက အရှိန်လွန်တာ၊ သောက်ပြီး
မောင်းတာ၊ မော်တော်ဆိုင်ကယ်စီးသူတွေ ဆိုက်ကယ်စီးဦးထုပ်မဆောင်းတာ၊ ထိုင်ခုံခါးပတ်
မပတ်တာနဲ့ မိုင်းဘိုင်းဖုန်းသုံးတာလို မောင်းနေတုန်း အာရုံပျံ့လွင့်တာ၊ ကလေးကိုထိုင်ခုံခါးပတ်
ပတ်မထားတာတွေ ဖြစ်ပါတယ်။
အစ္စရေးရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ။ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက်
ပညာရေးစနစ်ရှိလား။
ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ပညာရေးကို အစ္စရေးမှာ အသက်အရွယ်အခြေအနေ
အလိုက် သင်ကြားပေးခဲ့တာ နှစ်ပေါင်းများစွာကြာပါပြီ။ ၂ဝဝ၇ ခုနှစ်မှာ'ယာဉ်အန္တရာယ်
ကင်းရှင်းရေးဆိုင်ရာအစ္စရေးအာဏာပိုင်အဖွဲ့' ကို တည်ထောင်ခဲ့ပြီး ပြည်တွင်းအာဏာပိုင်
အဖွဲ့အစည်းမျိုးစုံနဲ့ ပူးပေါင်းခဲ့ပါတယ်။
ပညာရေးစနစ်အနေနဲ့ ကျောင်းသင်ရိုးညွှန်းတမ်းထဲမှာ ထည့်သွင်းရေးဆွဲထားပါတယ်။
အငယ်ဆုံး သူငယ်တန်းကစလို့ နောက်ထပ်မူလတန်း၊ အလယ်တန်းနဲ့အထက်တန်းအဆင့်တွေ
အထိ အသက်အရွယ်အလိုက် အပတ်စဉ်သင်ယူဖို့အတွက် သင်ရိုးညွှန်းတမ်းထဲမှာ ပါပါတယ်။
ယာဉ်အန္တရာယ်ကင်းရှင်းရေးကို သိရှိနားလည်ပြီး အန္တရာယ်ကိုရှောင်ရှားနိုင်မယ့် အမူအကျင့်
ကောင်းတွေကို ကျောင်းသားတွေကြားမှာ ပြုစုပျိုးထောင်နိုင်ဖို့ဆိုရင် ငယ်စဉ်ကတည်းက
စတင်သင်ကြားဖို့ သိပ်အရေးကြီးတယ်ဆိုတာ ပြောဖို့လိုမယ် မထင်ပါဘူး။
ဘဝအတွက်လိုအပ်တဲ့အရည်အချင်းကောင်းတွေကို လက်ခံကျင့်သုံးနေတဲ့ ကလေးတွေဟာ
အပြောင်းအလဲတွေကိုပုံဖော်ပေးလာနိုင်မှာဖြစ်ပြီး သူတို့ရဲ့မိဘတွေကိုလည်း ဒီအလေ့အကျင့်
ကောင်းတွေ ရရှိအောင် လုပ်ပေးရမှာဖြစ်ပါတယ်။
အိုင်စီအာရ်အက်စ်အနေနဲ့ဥရောပသမဂ္ဂကပံ့ပိုးတဲ့ မြန်မာနိုင်ငံအတွက်ယာဉ်အန္တရာယ်
ကင်းရှင်းရေးစီမံကိန်းရဲ့တစ်စိတ်တစ်ဒေသဖြစ်တဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေးပညာရေးမှာ
ပါဝင်ခွင့်ရလို့ ဂုဏ်ယူမိပါတယ်။
ကျော့ဒါလီလင်း ဘာသာပြန်သည်။
















