ပညာရေးစနစ်က လုံးဝခေတ်မမီတော့ပါဘူး

ပညာရေးစနစ်က လုံးဝခေတ်မမီတော့ပါဘူး

ကလေးတွေပညာရေးဆိုင်ရာ စိတ်ပညာအကြောင်းသိရှိနားလည်ဖို့ အရေးကြီးပုံကို ကုခန်း စိတ်ပညာဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာ ညီဝင်းမှန်နဲ့ မြန်မာတိုင်း(မ်)စာတည်းမျိုးလွင်ကပြီးခဲ့တဲ့တစ်ပတ်က မေးမြန်းဆွေးနွေးထားတာ ဖြစ်ပါတယ်။

 

ကျောင်းတွေမှာ ပညာရေးဆိုင်ရာ စိတ်ပညာကို ဆရာတွေနားလည်ဖို့ ဘယ်လောက်
အရေးကြီးပါသလဲ?

အခြေခံအဆောက်အအုံ၊ လူသား အရင်းအမြစ်၊ ငွေကြေးအရင်းအမြစ် စတာတွေအပြင်
ကလေးတွေရဲ့ အမူအကျင့်နဲ့ စိတ်ပညာကိုနားလည်ဖို့ တစ်နည်းအားဖြင့် ပညာရေးဆိုင်ရာ
စိတ်ပညာကို နားလည်ဖို့ဆိုတာ teaching - learning (T-L) ပညာသင်ကြားရေး-သင်ယူရေးမှာ
အရေးအကြီးဆုံးပါပဲ။ အထူးသဖြင့် မူကြိုကနေ အထက်တန်းအထိ ကလေးတွေမှာဖြစ်ပါတယ်။

ကလေးတွေရဲ့ အမူအကျင့်နဲ့ သင်ယူမှုကိုနားလည်ဖို့ထက် ပိုအရေးကြီးတာမရှိပါဘူး။
(ဒါကြောင့် ဆရာတွေအတွက် ဘွဲ့လွန်သင်တန်းတွေမှာ ကလေးစိတ်ပညာ၊ ပညာရေးဆိုင်ရာ
စိတ်ပညာလို စိတ်ပညာဘာသာရပ် အမျိုးအစားများစွာ ထည့်သွင်းထားတာ ဖြစ်ပါတယ်)။

လူတစ်ယောက်ရဲ့ ဘဝရှေ့ရေးနဲ့ အောင်မြင်မှုကို အဆုံးအဖြတ်ပေးတဲ့ T-L က ကလေးတွေရဲ့
ဘဝမှာ အရေးအကြီးဆုံးပါပဲ။

စကားမစပ်ပြောရရင် ယူနီဆက်ဖ် - ၂ဝ၁၂ နဲ့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု
ဝန်ကြီးဌာနက ထုတ်ဝေတဲ့ Situational Analysis of Children Study ကိုရော တခြား
အကိုးအကားတွေကိုပါ ကြည့်ပြီးမှ ဒီစာကိုပြန်ခဲ့တာပါ။

မြန်မာနိုင်ငံက ကလေးတွေနဲ့ပတ်သက်ပြီး ပြုပြင်ရမယ့်အချက်တွေက ဘာတွေလို့ဆရာ
ထင်ပါသလဲ?

ကလေးတွေရဲ့ ဘဝရှေ့ရေးအတွက် အရည်အချင်းရှိပြီး ကျွမ်းကျင်ဆရာတွေလုံလုံလောက်လောက်
ရှိဖို့က လုံးဝ အရေးကြီးတဲ့ အချက်တစ်ခုပါပဲ။

အပေါ်မှာ ပြောထားတဲ့ ယူနီဆက်ဖ်ရဲ့လေ့လာချက်မှာ အချက်အလက်မပြည့်စုံတာတွေထဲက
ခေတ်နောက်ကျနေတဲ့ သင်ကြားရေးနည်းစနစ်တွေ၊ ဆရာအရေအတွက် စတဲ့အချက်အလက်တွေကို
ဖြည့်ဆည်းပေးပါတယ်။

အဲဒီလေ့လာချက်ထဲမှာ ကလေးရဲ့ အရေးပါတဲ့ လူမှုရေး၊ ကျန်းမာရေးပြဿနာတွေနဲ့
ပတ်သက်ပြီး အာဟာရချို့တဲ့ခြင်း၊ ဆင်းရဲချမ်းသာ ကွာဟချက်ကြီးမားခြင်း၊ ကျန်းမာရေး၊
ပညာရေးနဲ့ အစာအာဟာရဆိုင်ရာ ကလေးတွေရဲ့ရပိုင်ခွင့်၊ ပညာရေးနဲ့ ပညာရေးဝန်ဆောင်မှုတွေ
ရဲ့အရည်အသွေးနဲ့ ပညာရေးကုန်ကျစရိတ် စတာတွေလည်း ပါဝင်ပါသေးတယ်။

ကလေးတွေရဲ့ အမူအကျင့်အပေါ် ဆရာတွေ ရဲ့ နားလည်နိုင်စွမ်း တိုးတက်လာအောင်
ဘာတွေလုပ်သင့်ပါသလဲ?

ဆရာတွေမှာ အရှိသင့်ဆုံးအရည်အချင်း ကို ကမ္ဘာမှာ အကောင်းဆုံးအခြေခံပညာရေးရှိတဲ့
ဖင်လန်နိုင်ငံပညာရေးမှာ အထင်အရှားတွေ့နိုင်ပါတယ်။

အရည်အသွေးအပြည့်ဝဆုံး ဆရာတွေကို ရွေးချယ်ခန့်အပ်တာဖြစ်ပြီး အဲဒီဆရာတွေဟာ
အပြိုင်အဆိုင်ကြိုးစား ကြသလို အများစုက မဟာဘွဲ့ရသူတွေဖြစ်ပါတယ်။

အဲဒီဆရာတွေရဲ့ဝင်ငွေက ဆရာဝန်ပေါက်စတွေထက် ပိုများပါတယ်။

T-L ရဲ့ သဘောတရားနဲ့ စည်းမျဉ်းမှာ အရေးကြီးတာက ကလေးတွေနဲ့ လူကြီးတွေရဲ့ ဓမ္မဓိဋ္ဌာန်ကျကျ
စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ဝေဖန်သုံးသပ်နိုင်စွမ်းကို မြှင့်တင်ဖို့နဲ့ ဗဟုသုတ အချက်အလက်တွေကို
တိုက်ရိုက်အလွတ်ကျက်မခိုင်းဖို့ဆိုတဲ့ ပညာရေးအခြေခံရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။

ဆရာတွေရဲ့ အရည်အသွေးတိုးတက် လာဖို့ဆိုရင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက
ဆရာတွေအတွက် နည်းစနစ်သစ်တွေကို သင်ကြားပေးမယ့် ကာလတိုသင်တန်းတွေ
အများကြီး ရေရှည်ဖွင့်ပေးသင့်တယ်လို့ ထင်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ဘယ်လို ထင်မြင်ပါသလဲ ?

T-L နည်းစနစ်အရဆိုရင် ကျောင်းသားတွေက နိုးကြားတက်ကြွတဲ့ ကျောင်းသားတွေ မဟုတ်ဘဲ
မတက်ကြွတဲ့ ကျောင်းသားတွေ ဖြစ်နေတာ တွေ့ရပါတယ်။

(Active participants Passive participants အကြောင်းကိုမြန်မာတိုင်း(မ်)၏ တက္ကသိုလ်များနှင့်
အဆင့်မြင့် ပညာရေးဟူသော ဆောင်းပါးတွင် လွန်ခဲ့သောနှစ်နှစ်က ဖော်ပြပြီးဖြစ်သည်။)။

မူလတန်းကြို၊ မူလတန်းကနေ အဆင့်မြင့်ပညာရေး အထိဆိုတဲ့ ကျွန်တော်တို့ပညာရေးစနစ်က
လုံးဝခေတ်မမီတော့ပါဘူး။

ကျောင်းသားတွေရဲ့ အရည်အချင်းကို အကဲဖြတ်တဲ့စနစ်တွေကလည်း ခေတ်နောက်ကျနေပါပြီ။
ဒီအချက်က အထူးသဖြင့် အခြေခံပညာရေး မှာဆိုရင် ပိုမှန်မယ်လို့ထင်ပါတယ်။

မြန်မာနိုင်ငံက ကလေးတွေရဲ့စိတ်ပိုင်း ဆိုင်ရာ အခြေအနေကို ဘယ်လိုမြင်ပါသလဲ။
အများစု
ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေက ဘာတွေလဲ။ ဘာကြောင့်လဲ ?

မြန်မာနိုင်ငံမှာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို သီးသန့် လေ့လာထားတာတော့
မရှိပါဘူး။ ဒါပေမဲ့ WHO – AIMS (စိတ်ကျန်းမာရေး စနစ်အတွက် လေ့လာသုံးသပ်ချက်
၂ဝဝ၆) ရဲ့ ဆေးရုံတင်လူနာ၊ အပြင်လူနာ စသဖြင့် မြန်မာနိုင်ငံ နယ်ပယ်အသီးသီးက စိတ်ရောဂါ
အမျိုးမျိုးနဲ့ ပတ်သက်ပြီး တင်ပြချက်ထဲမှာတော့ ပါဝင်ပါတယ်။

ပြင်ပလူနာတွေထဲက ငယ်ရွယ်တဲ့ ကလေးလူနာတွေမှာ အနုစားရောဂါ ဖြစ်တဲ့ Neurotic
disorders (အာရုံဖရိုဖရဲဖြစ်ခြင်း) နဲ့ အပြင်းစားရောဂါဖြစ်တဲ့ Schizophrenia တို့
ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဆေးရုံတက်ရောက် ကုသနေတဲ့ လူနာတွေမှာတော့ စကီဇိုဖရီးနီးယား၊ စိတ်ကျရောဂါ၊
စိတ်ကြွရောဂါနဲ့အရက်ကြောင့် စိတ်ကယောင်ချောက်ချား တွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

နောက်ဆုံးအကျဉ်းချုပ်ပြောရရင် ကလေးတွေဟာသာမန်စိတ်ရောဂါတွေဖြစ်တတ်တာ
တွေ့ရပါတယ်။

သတိပြုရမယ့်အချက်က အရက်ကြောင့်ဖြစ်တဲ့ စိတ်ရောဂါလိုမျိုး မူးယစ်စေတတ်တဲ့
ပစ္စည်းတွေကြောင့် ဖြစ်တာမျိုးလည်းဆေးရုံ တက်ရောက်ကုသနေတဲ့ လူနာတွေထဲမှာ ရှိနေတယ်
ဆိုတာပါပဲ။

မူးယစ်ဆေးဝါးသုံးစွဲမှုက ကျောင်းနေအရွယ် ကလေးတွေအထိပါ ပျံ့နှံ့နေပြီး အထူးသဖြင့်
ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေမှာ ဖြစ်နေတယ်လို့ထင်ပါတယ်။

ဒီမူးယစ်ဆေးဝါးသုံးစွဲခြင်းက ကျောင်းနေအရွယ် လူငယ်တွေကြားမှာ အဓိကပြဿနာဖြစ်နေတယ်လို့
ယူဆရပါတယ်။

ကျော့ဒါလီလင်း ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021