ကျန်းမာရေးကဏ္ဍ ဘာတွေ ပြောင်းလဲသင့်သလဲ

ကျန်းမာရေးကဏ္ဍ ဘာတွေ ပြောင်းလဲသင့်သလဲ

ယခင်တစ်ပတ်မှအဆက် မွေးထုတ်ထားသော ကျန်းမာရေးလုပ်သားများ၏ ကျွမ်းကျင်မှုနှင့် လုပ်သားများကို အသုံးချကာ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဖွံဖြိုးတိုးတက်ရအောင် ကျယ်ကျယ်ပြန့်ပြန့်အသုံးချ (Utilization) သင့်ပါသည်။

ယခင်တစ်ပတ်မှအဆက် မွေးထုတ်ထားသော ကျန်းမာရေးလုပ်သားများ၏ ကျွမ်းကျင်မှုနှင့်
လုပ်သားများကို အသုံးချကာ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဖွံဖြိုးတိုးတက်ရအောင်
ကျယ်ကျယ်ပြန့်ပြန့်အသုံးချ (Utilization) သင့်ပါသည်။

မွေးထုတ်ထားသော ကျန်းမာရေးလုပ်သားမျိုးစုံ၏ လုပ်အားများ ရရှိအသုံးချနိုင်ရေးကဲ့သို့ပင်
၎င်းကျန်းမာရေးလုပ်ငန်းများကို ကောင်းစွာ အသုံးမချမှုကြောင့် လုပ်သားများပြုန်းတီးရခြင်းမှ
ကာကွယ်ရန် ကျန်းမာရေးဝန်ထမ်းများ ထိန်းသိမ်းထားရှိရေး Retention Policy များ
ချမှတ်အကောင်အထည် ဖော်သင့်ပါသည်။

(၄) အဓိကကျသော ဆေးဝါးများနှင့် ရောဂါရှာဖွေရေး ကိရိယာများ
(Essential Drugs and Diagnostic Facilities)

ပြည်သူလူထု၏ ကျန်းမာရေးကို အဆင့်အတန်းရှိရှိ စောက်ရှောက်မှုပေးနိုင်ရေးအတွက်
အဓိကကျသော ဆေးဝါးများနှင့် ရောဂါရှာဖွေရေးကိရိယာများ လက်လှမ်းမီရယူနိုင်မှုသည်
များစွာအရေးကြီးပါသည်။

ပြည်သူ့ဘဏ္ဍာများ မပြုန်းတီးစေရေးနှင့် ဘဏ္ဍာများကို ထိထိရောက်ရောက်အသုံးချနိုင်ရေး
အတွက်လည်း ဤကဏ္ဍသည် များစွာအရေးပါပါသည်။

အဓိကကျသော ဆေးဝါးများနှင့် ရောဂါရှာဖွေရေးကိရိယာများ ၀ယ်ယူဖြည့်ဆည်းရေးတွင်
၀ယ်ယူဖြည့်တင်းရေးစနစ် (Procurement System) တစ်ခုကို မရှိ မဖြစ်လေ့ကျင့်ထူထောင်
သင့်ပါသည်။

နိုင်ငံတော်အတွက် ၀ယ်ယူဖြည့်ဆည်းမည့် ဆေးဝါးများ၊ ရောဂါရှာဖွေရေးကိရိယာများ၊ ကုသရေး
အထောက်အကူပြုပစ္စည်းများ ၀ယ်ယူဖြည့် ဆည်းထားရှိသိုလှောင်ရေးနှင့် သုံးစွဲသည့်သူများနှင့်
နေရာများသို့ အရောက် ထိရောက်စွာ အကောက်အထည်ဖော် ဆောင်ရွက်သင့်ပါသည်။

အဓိကကျသော ဆေးဝါးများနှင့် ရောဂါရှာဖွေရေးကိရိယာများကို ကျန်းမာရေးစောင့်ရှောက်မှု
အဆင့်နှင့်အညီ ထားရှိသုံးစွဲနိုင်ရေးအတွက် အားထုတ်ကြိုးပမ်းသင့်ပါသည်။

ပြည်သူ့ကျန်းမာရေးအတွက် အခြေခံအကျဆုံး ကျေးလက်ကျန်းမာရေးဌာနများ၊ တိုက်နယ်ဆေးရုံ၊
မြို့နယ်ဆေးရုံများတွင် မရှိမဖြစ် လိုအပ်မည့်ဆေးဝါးများ၊ ရောဂါရှာဖွေရေး ကိရိယာများကို
စာရင်းဇယားပြုစု၍ အမှန်တကယ် ရရှိသုံးစွဲနိုင်အောင် ဆောင်ရွက်သင့်ပါသည်။

ပြည်သူလူထုအတွင်း အမှန်တကယ် ဖြစ်နှုန်းများနေသော သေဆုံးမှုအများဆုံး ရောဂါများကို
ရောဂါရှာဖွေကုသနိုင်ရေးအတွက် အဓိကဦးစားပေး ဖြည့်ဆည်းပေးသင့်ပါသည်။

ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အလိုက် ပဏာမကျန်းမာရေးစောင့်ရှောက်မှု၊ ဒုတိယအဆင့်
ကျန်းမာရေးရှောက်မှုနှင့် တတိယအဆင့် ကျန်းမာရေးစောင့်ရှောက်မှု အဆင့်များတွင်ရှိမည့်
ကျန်းမာရေးဝန်ထမ်းများနှင့် ၎င်းတို့၏ ကျွမ်းကျင်မှုအလိုက် လိုအပ်မည့် အဓိကျသော ဆေးဝါးများနှင့်
ရောဂါရှာဖွေရေးကိရိယာများ ဖြည့်ဆည်းထားရှိသင့်ပါသည်။

(၅) ကျန်းမာရေးစောင့်ရှောက်မှု ၀န်ဆောင်မှုများ (Service Delivery)

ကျန်းမာရေးကဏ္ဍ၏ အောင်မြင်မှုသည် ကျန်းမာရေးစောင့်ရှောက်မှုခံယူသူ၊ လိုအပ်နေသူ
ပြည်သူလူထုသို့ ကျန်းမာရေး စောင့်ရှောက်မှု ၀န်ဆောင်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိအောင်
အကောင်အထည်ဖော်ဆောင်နိုင်မှုအပေါ်တွင် မူတည်နေပါသည်။

ကျန်းမာရေးစောင့်ရှောက်မှု ၀န်ဆောင်မှု လုပ်ငန်းသည် ပြည်သူတို့၏ လိုအပ်ချက်ကို
ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်ပါသည်။

ဆင်းရဲ ချမ်းသာမရွေး၊ တောရောမြို့ပါ မကျန်အဖြစ် များသော ရောဂါများအတွက် ရောဂါရှာဖွေနိုင်မှု၊
သင့်လျော်သော ကုသမှုများ ရရှိခံစားနိုင်မှု၊ ရောဂါများကို မဖြစ်ခင်ကပင် ကာကွယ်တားဆီးနိုင်မှုများ
ရရှိခံစားနိုင်မှုသည် အရေးကြီးပါသည်။

အခြေခံအကျဆုံး ကျေးလက် ကျန်းမာရေးဌာနများ၊ တိုက်နယ်ဆေးရုံများ၊ မြို့နယ်ဆေးရုံများအထိ
ဖြစ်နှုန်းများသောရောဂါများ စောစီးစွာ ရောဂါရှာဖွေနိုင်အောင် ကုသမှု စတင်ခံယူနိုင်ရအောင်
စီစဉ်ဖြည့် ဆည်းထားရန် လိုအပ်ပါသည်။

ဖြစ်နှုန်းများသော ရောဂါများကို ဆရာဝန်များက ကုသမှုပေးခြင်းတွင် အခြေခံ ကျန်းမာရေး
လုပ်သားများက စတင်ရောဂါရှာဖွေ၊ စတင် ကုသမှုပေးနိုင်အောင် စနစ်ပြောင်း၍
အကောင်အထည်ဖော်ရန် လိုအပ်ပါသည်။

ကျန်းမာရေးဝန်ထမ်းများကို အောင်ခြေမှစ၍ အထက်အဆင့်ဆင့်အထိ ဖြစ်နှုန်းများသော ရောဂါများ
ကာကွယ်ရေး၊ ရောဂါရှာဖွေရေး၊ စတင်၍ စနစ်တကျ ကုသမှုပေးရေး၊ လိုအပ်သလို အဆင့်ဆင့်
လွှဲပြောင်းကုသမှု ခံယူစေခြင်း (Referral) များကို ပုံမှန်သင်တန်းပေး လေ့ကျင့်စေကာ၊ ကျန်းမာရေး
လုပ်သားများ၏ အရည်အသွေးကို စဉ်ဆက်မပြတ် မြှင့်တင်ပေးနိုင်ရန် ဆောင်ရွက်ရန်လိုအပ်ပါသည်။

အခြေခံ ကျန်းမာရေးဝန်ထမ်းများကို လုပ်ပိုင်ခွင့်များ ပိုမိုအပ်နှင်းပေးရန် လိုအပ်ပါသည်။

ပြည်သူ့ကျန်းမာရေး ဌာနအဆင့်ဆင့်တွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကာကွယ်တားဆီးခြင်း
များ၌ ရောဂါတစ်ခု ချင်းအလိုက် ကုသခြင်း၊ ကာကွယ်ခြင်းမှ သဘောသဘာဝတူရာ ရောဂါများကို
စုစည်း၍ ချဉ်းကပ်ခြင်း (Integrated Approach) ကို အကောင်အထည်ဖော်သင့်ပါသည်။

အဓိကကျသော ရောဂါများအတွက် ကျန်းမာရေး စောင့်ရှောက်မှုကို စုစည်း၍
(Essential Package of Care) ကုသမှုပေးနိုင်ရန် စီမံဆောင်ရွက်သင့်ပါသည်။

(၆) ကျန်းမာရေး သတင်းအချက်အလက်များ ကောက်ယူမှုစနစ်
(Health Information System)

ပြည်သူ့ကျန်းမာရေး စီမံကိန်းများ၊ စီမံချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်မှာ
မှန်ကန်တိကျသော သတင်းအချက်အလက်များ ရရှိမှုအပေါ် များစွာမူတည်ပါသည်။

လက်ရှိ Health Management Information System (HMIS) ကို ကျစ်ကျစ်လျစ်လျစ်ဖြင့်
အသုံးကျသော စာရင်းနှင့် အချက်အလက်များ ရရှိနိုင်ရေးအတွက် ပြန်လည်ဆန်းစစ် အကောင်အထည်
ဖော်ဆောင်သင့်ပါသည်။

ဆေးရုံများက စာရင်းဇယားများ တောင်းခံရာ၌ အစိုးရဆေးရုံများ (Public Hospital) ထံမှသာမက၊
ပုဂ္ဂလိကဆေးရုံများ (Private Hospital) မှလည်း မှန်ကန်သော စာရင်းဇယားများ မှန်မှန်ရရှိအောင်
ဆောင်ရွက်သင့်ပါသည်။

သေဆုံးမှုစာရင်းဇယားများ (Mortality Statistics) မှန်မှန်ကန်ကန် ရရှိစေရေးအတွက် 
Civil Registration System ခေါ် ဖွားသေစာရင်းဇယားများ တိကျမှန်ကန်စေရေးကို
ကြိုးပမ်းအားထုတ်သင့်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနကဦးစီး၍ အရေးကြီးသော ကျန်းမာရေးဆိုင်ရာ စာရင်းဇယား
အချက်အလက်များကို ပုံမှန်ကောက်ခံသင့်ပါသည်။

ကူးစက်ရောဂါများ၊ ကူးစက်မဟုတ်သော ရောဂါများ၊ မိခင်နှင့်ကလေးဆိုင်ရာ စာရင်းဇယားများ၊
ပြည်သူလူထု၏ အာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ စာရင်းအချက်အလက်များကို ငါးနှစ်တစ်ကြိမ်
ပုံမှန်စာရင်းကောက်ယူခြင်း စနစ်ကို စတင်အကောင်အထည်ဖော်သင့်ပါသည်။

ဖြစ်နိုင်လျှင် ကျန်းမာရေးဝန်ကြီးဌာနနှင့် စီမံကိန်းဝန်ကြီးဌာနများ ပူးပေါင်းကာ၊ ကျန်းမာရေးနှင့်
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စာရင်းအချက်အလက်များကို ပူးပေါင်းကောက်ယူနိုင်ရန်
စီမံဆောင်ရွက်သင့်ပါသည်။

ဤသို့ ပူးပေါင်းစာရင်းကောက်ယူမှုကို ငါးနှစ်တစ်ကြိမ် ပုံမှန်ဆောင်ရွက်နိုင်ရန်
စီမံဆောင်ရွက်သင့်ပါသည်။

(၇) သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရန် ဆောင်ရွက်မှုများ

နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုသည် ၎င်းနိုင်ငံ၌ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှုနှင့်
တိုက်ရိုက်ဆက်စပ်နေကြောင်းကို ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများ၏ အတွေ့အကြံု များအရ သိနိုင်ပါသည်။

ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများသည် နိုင်ငံတွင်း အဖြစ်များသော ရောဂါများ၊ ကျန်းမာရေး
ပြဿနာများကို ကာကွယ်ထိန်းသိမ်းနိုင်ရေး၊ ထိရောက်စွာ ကုသနိုင်ရေးလုပ်ငန်းများကို အထောက်အကူ
ဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်သင့်ပါသည်။

သုတေသနလုပ်ငန်းများသည် နိုင်ငံတော်အတွက် အဓိကဦးစားပေး လိုအပ်ချက်များကို ဦးစားပေး
သုတေသနလုပ်ဆောင်ခြင်း (Prioritized Research) များ ဖြစ်သင့်ပါသည်။

သုတေသနလုပ်ငန်းများက တွေ့ရှိချက်များသည် ကျန်းမာရေးဆိုင်ရာ မူဝါဒများ ချမှတ်ရေး၊
အကောင်အထည်ဖော်ရေး၊ ကုသရေးလမ်းညွှန်များ ရေးသွင်းနိုင်ရေး အထောက်အကူပြု တွေ့ရှိချက်များ
ရရှိအောင် အားထုတ်သင့်ပါသည်။

ကျန်းမာရေးဝန်ကြီး ဌာနသည် ဆေးသုတေသနလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန်
သီးသန့်ဘဏ္ဍာငွေ ဦးစားပေးထားရှိကာ၊ ဆေးသုတေသနဌာနတစ်ခုတည်းကိုသာမက၊ ဆေးနှင့်နှီးနွှယ်
တက္ကသိုလ်များတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်အောင် ဆောင်ရွက်သင့်ပါသည်။

သုတေသနလုပ်ငန်းများက ထွက်ပေါ်လာသော တွေ့ရှိချက်များကိုလည်း ကျယ်ကျယ် ပြန့်ပြန့်ဖြန့်ဝေခြင်း
(Dissemination)၊ ထိထိရောက်ရောက် အသုံးချခြင်း (Utilization) များ ပြုလုပ်နိုင်စေရန်
ကြိုးပမ်းအားထုတ်သင့်ပါသည်။

သုတေသနတွေ့ရှိချက်များကို တစ်နေရာတည်း စုစည်းထားရှိမှု (Repository)၊ တွေ့ရှိချက်များကို
အပြည်ပြည်ဆိုင်ရာ ဆေးဂျာနယ်များတွင် ထည့်သွင်းဖော်ပြခံရမှု (Publication) များကို
အားပေးသင့်ပါသည်။

(၈) ကျန်းမာရေးစနစ် ပြန်လည်အားဖြည့် စီမံဆောင်ရွက်ခြင်း
(Strengthening of Health System)

အထက်ဖော်ပြပါ ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်နိုင်ရန်မှာ မြန်မာနိုင်ငံ၏ လက်ရှိ ကျန်းမာရေးစနစ်ကို
ပြန်လည်အားဖြည့် ပြုပြင်ပြောင်းလဲနိုင်ရန် လိုအပ်ပါသည်။

ပြည်သူပြည်သားအများစုကို ကာကွယ်ပေးနိုင်သော ကျန်းမာရေးအာမခံစနစ် (Health Insurance)
ကို စတင် ထူထောင်သင့်ပါသည်။

ပြည်သူလူထုအတွက် လူမှုဖူလုံရေးစနစ် (Social Security Scheme) ကို ကျယ်ကျယ်ပြန့်ပြန့်
စီမံချက်ချ အကောင်အထည်ဖော်ဆောင်သင့်ပါသည်။

ဆင်းရဲချမ်းသာမရွေး၊ ကျေးလက်နှင့် မြို့ပြ ကျန်းမာရေးစောင့်ရှောက်မှု ကွာဟနေမှု လျော့ပါးလာစေရေး
အတွက် (Universal Health Coverage) လုံးဝဥဿံု ကျယ်ပြန့်သော ကျန်းမာရေးစောင့်ရှောက်မှု
အကာအကွယ် ပေးခြင်းစနစ်ကိုလည်း မလွဲမသွေ အကောင်အထည်ဖော်ဆောင်သင့်ပါပြီ။

ကျန်းမာရေးစနစ်ကို ပြန်လည်ပြုပြင် ပြောင်းလဲ အားဖြည့်ဆောင်ရွက်ရာတွင် ပြည်သူအများစုနေထိုင်ရာ
ကျေးလက်ဒေသများအထိ ကျန်းမာရေးစောင့်ရှောက်မှု ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိရေး၊ လူထုအတွင်း
အဖြစ်များသော ရောဂါများအားလုံးကို ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရေး၊ ဆင်းရဲချမ်းသာမရွေး၊
ကျေးလက်နှင့် မြို့ပြ ကျန်းမာရေး စောင့်ရှောက်မှု ကွာဟမှု ကျဉ်းနိုင်သမျှ ကျဉ်းစေရေးနှင့် မနာမကျန်း
ဖြစ်မှုကြောင့် စီးပွားရေးချွတ်ခြံုကျမှုများ၊ မိမိအိတ်ကပ်မှ စိုက်၍ ကျန်းမာရေးအတွက် သုံးစွဲနေရမှုများကို
လျှော့ချနိုင်ရေး ဦးတည်ကာ ကျန်းမာရေးစနစ်ကို ပြုပြင်သင့်ပါသည်။

အဓိကအားဖြင့် ပဏာမကျန်းမာရေး စောင့်ရှောက်မှု (Primary Health Care) ကို ဦးစားပေးကာ
ပြုပြင်ပြောင်းလဲ အားဖြည့် ဆောင်ရွက်သင့်ပါသည်။

နိုင်ငံတော်၏ ကျန်းမားရေစနစ်ကို

  • ကြံ့ခိုင်သော (Robust)
  • အခြေအနေ အချိန်အခါအရ အချိန်မီ ပြုပြင်ပြောင်းလဲ တုံ့ပြန်မှုပေးနိုင်သော (Responsive)
  • ရောဂါများ ကူးစက်ပြန့်ပွားမှု၊ သဘာဝ ဘေးဒဏ်အန္တရာယ်များ တွေ့ကြံုခံစားရလျှင် ချက်ချင်း
    ပြန်လည်တွန်းလှန် လွန်မြောက်နိုင်စွမ်းရှိသော (Resilient)

ကျန်းမာရေးစနစ်တစ်ခု ဖြစ်လာရန် ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်သင့်ပါသည်။

သို့မှသာ ပြည်သူတို့၏ လိုအပ်ချက်များကို အချိန်အခါ အခြေအနေနှင့် တစ်ပြေးညီ ဖြည့်ဆည်း
ပေးနိုင်မည့်၊ ပြည်သူက အားကိုးရသော၊ ယုံကြည်စိတ်ချသော ကျန်းမာရေး စနစ်တစ်ရပ်
ဖြစ်လာမည့်အကြောင်း စေတနာထား၍ ဆွေးနွေးတင်ပြအပ်ပါသည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021