အင်န်အယ်လ်ဒီပါတီနှင့် မီဒီယာတို့အကြား ဆက်ဆံရေး ပိုမိုအရေးပါ

အင်န်အယ်လ်ဒီပါတီနှင့် မီဒီယာတို့အကြား ဆက်ဆံရေး ပိုမိုအရေးပါ

အစိုးရအသစ်ဖွဲ့ပြီးနောက် ပြန်ကြားရေးဌာနတွင် ၀န်ကြီးခန့်အပ်ရန် အစီအစဉ်ရှိကြောင်း ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် အတည်ပြုပြော...

ပွင့်လင်းမြင်သာမှုရှိခြင်းဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်
တိုက်ပွဲဝင်နေစဉ်မှာ အဓိကဆောင်ပုဒ်တစ်ခု ဖြစ်ခဲ့ပေမယ့်လည်း လက်ရှိကာလ ပါတီက အစိုးရအသစ်
ဖွဲ့စည်းရန်ကြိုးစားနေချိန်မှာ ပြည်တွင်းသတင်း မီဒီယာများက အင်န်အယ်လ်ဒီပါတီကို
ပွင့်လင်းမြင်သာသော သတင်းပြန်ကြားမှု ကောင်းကောင်းမလုပ်နိုင်သည့်အတွက် ဝေဖန်လျက်ရှိသည်။

လက်ရှိအချိန်တွင် သတင်းထောက်များက အင်န်အယ်လ်ဒီပါတီမှ ရွေးကောက်ခံထားရသည့်
လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဆက်သွယ်မေးမြန်းရာတွင် ပါတီက လွှတ်တော်
ကိုယ်စားလှယ်များကို မီဒီယာများသို့ ဖြေကြားခွင့်တားမြစ်ထားသည့်အပြင် ပါတီ၏ အနည်းငယ်သော
ပြောရေးဆိုခွင့်ရှိသူများကလည်း မီဒီယာများ၏ ဆက်သွယ်မေးမြန်းချက်များကို ရှောင်ဖယ်လျက်
ရှိနေသည်။

ပါတီအတွင်း သတင်းနှင့်ပြန်ကြားရေးအတွက် ပြောရေးဆိုခွင့်ပေးထားသည့် တာဝန်ရှိသူများ
နည်းပါးသကဲ့သို့ လက်ရှိ သတင်းနှင့်ပြန်ကြားရေးအတွက် တာဝန်ယူနေသူများတွင်လည်း
မီဒီယာနှင့် ဆက်ဆံရသည့် အရည်အသွေးပိုင်းတွင် လိုအပ်ချက် ရှိနေသေးကြောင်း သည်ဗွိုက်
(The Voice)အပတ်စဉ်ထုတ်ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောသည်။

မကြာသေးခင်က ရွေးကောက်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်အသစ်များကို မီဒီယာနှင့်
ပြောဆိုခွင့် တားမြစ်ခြင်းသည် ပါတီအနေဖြင့် စိုးရိမ်မှုများစွာရှိနေသည်ဟု ၎င်းကထောက်ပြ
ပြောဆိုသည်။

"ဘယ်သတင်းဌာနမဆို အနိုင်ရပါတီကိုယ်စားလှယ်တွေနဲ့ စကားပြောကြ၊ အင်တာဗျူးချင်
ကြတာပဲလေ" ဟု ၎င်းကပြောသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်မှာလည်း သတင်းဖြေကြားရာတွင် ပြည်တွင်းနှင့် ပြည်ပမီဒီယာများ
အပေါ် ခွဲခြားပြောဆိုမှုများ ရှိနေသည်ကိုတွေ့ရပြီး ပြည်တွင်းမီဒီယာ များအပေါ် အလေးအနက်
မထားသည်ကိုတွေ့ရကြောင်း ၎င်းက ပြောသည်။

"သူ့ကို သတင်းအတွက် တွေ့ဆုံမေးမြန်းမယ်ဆိုရင် နိုင်ငံခြားသတင်းထောက်တွေက ပြည်တွင်း
သတင်းထောက်တွေထက် ပိုအဆင်ပြေနေတယ်။ ဒါကြောင့် သူ့အနေနဲ့ သတင်းမီဒီယာတွေနဲ့
ဆက်ဆံတဲ့အခါ ပြည်တွင်း ပြည်ပ မခွဲခြားဘဲ တန်းတူညီမျှ ဆက်ဆံပေးဖို့ လိုအပ်ပါတယ်"လို့
ဦးကျော်မင်းဆွေ ကပြောသည်။

အသက် ရ၀ အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အင်န်အယ်လ်ဒီပါတီ သည် နို၀င်ဘာ
၈ ရက်ရွေးကောက်ပွဲတွင် လွှတ်တော်၌ ၈၀ ရာခိုင်နှုန်းကျော်ဖြင့် သမိုင်းတွင် အောင်မြင်မှုမျိုးဖြင့်
အနိုင်ရခဲ့ပြီး၊ လွတ်လပ်သည့် အာရှအသံ(RFA) နှင့် တစ်ဦးချင်း အင်တာဗျူးကို ပုံမှန်ပေးနေသည်။

ထို့ပြင် ရွေးကောက်ပွဲကာလအတွင်း ၀ါရှင်တန်ပို့၊ ဘီဘီစီ၊ ချယ်နယ်နယူးအေးရှနှင့် ဆင်ဝှါသတင်းဌာန
တို့ကိုသာ တစ်ဦးချင်းစီ အင်တာဗျူးပေးခဲ့ပြီး ပြည်တွင်း အခြေစိုက်သတင်းဌာနများကို
အင်တာဗျူးပေးခဲ့ခြင်း မရှိခဲ့ကြောင်းတွေ့ရသည်။

သမ္မတဦးသိန်းစိန်လက်ထက်တွင် အစိုးရ တာဝန်ရှိသူအများစုအပြင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်
အပါအဝင် တပ်မတော်မှ ကူးပြောင်းလာသူများဖြစ်သည့်အတွက် မီဒီယာအပေါ် ပြောဆိုရာတွင်
ပွင့်လင်းမြင်သာမှု လိုအပ်ချက်ရှိခြင်းကို နားလည်နိုင်သော်လည်း ပြည်သူများရွေကောက်ခဲ့သော
ဒီမိုကရေစီပါတီဖြစ်သည့် အင်န်အယ်လ်ဒီပါတီမှာ ပွင့်လင်းမြင်သာစွာဖြင့် မီဒီယာကို ဆက်ဆံမည်ဟု
မျှော်လင့်ထားကြောင်း ဦးကျော်မင်းဆွေက ပြောသည်။

သိုသော်လည်း အင်န်အယ်လ်ဒီပါတီမှ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြီးခဲ့သည့် လက
သတင်းထောက်များ ဝေဖန်နေသည့်ကြားမှ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနှင့် တွေ့ဆုံခြင်း၊
သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့သည်
စသည့် အရေးကြီး သတင်းအချက်အလက်များကို ထိန်းထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေတို့ တွေ့ဆုံသည့် သတင်းနှင့် ပတ်သက်၍
အင်န်အယ်လ်ဒီပါတီမှ တာဝန်ရှိသူများကို ဆက်သွယ်အတည်ပြုရန် ကြိုးစားခဲ့သော်လည်း
အတည်ပြုချက် မရရှိခဲ့ကြောင်း ဆဲဗင်းဒေး နေ့စဉ်ထုတ်သတင်းစာမှ အယ်ဒီတာ ဒေါ်အေးသူစံက
ပြောသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်မှ အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးမြင့်ကျော်က အင်န်အယ်လ် ဒီပါတီက
ယခုကဲ့သို့ မီဒီယာများကို ရှောင်ဖယ်နေခြင်းမှာ စိုးရိမ်စိတ်များလွန်းနေသည်ဟု ဝေဖန်သည်။

"အခုအချိန်မှာတော့ အင်န်အယ်လ်ဒီပါတီ က ရွေးကောက်ပွဲမှာ အနိုင်ရထားတာလည်း
မကြာသေးတဲ့အပြင် လူကြိုက်များနေဆဲ ဖြစ်တဲ့အတွက် ပြည်သူလူထုက ဒီအတွက်အပြစ်
မတင်ကြသေးဘူး။ ဒါပေမဲ့ နောင်ကျရင်တော့ အပြစ်တင်ခံရလိမ့်မယ်"ဟု ၎င်းကပြောသည်။

အင်န်အယ်လ်ဒီပါတီ၏ တရားဝင်ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ၁၉၉၀ ပြည့်နှစ်
အင်န်အယ်ဒီပါတီက အနိုင်ရခဲ့ပြီးနောက် နိုင်ငံခြားမီဒီယာနှင့် အင်တာဗျုးလုပ်ခဲ့သောကြောင့်
တပ်မတော်အာဏာသိမ်းခြင်းကို ကြံုတွေခဲ့ရသည့်အတွက် လက်ရှိအချိန်တွင် မီဒီယာများနှင့်
သတိထားပြီး ဆက်ဆံပြောဆိုလျက်ရှိကြောင်း မြန်မာတိုင်း(မ်)ကို ပြောသည်။

"၁၉၉၀ တုန်းက ပါတီဒုတိယဥက္ကဋ္ဌ ဦးကြည်မောင်က နိုင်ငံခြားမီဒီယာတစ်ခုနဲ့ အင်တာဗျူး
လုပ်ပြီးတဲ့နောက်မှာ သူအပါ အဝင် လွှတ်တော်အမတ် ၂၀၀ ကျော်လောက် ဖမ်းဆီး
အထိန်းသိမ်းခံခဲ့ရတယ်" ဟု ၎င်းက ပြောသည်။

ထို့ပြင် ပါတီမှ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးသုံးဦးကိုလည်း မီဒီယာများနှင့် အင်တာဗျူးဖြေခဲ့သည့်
အတွက် သတိပေးစကားခေါ်ပြောထားကြောင်း ပြောသည်။

"ကျွန်တော်တို့နိုင်ငံမှာ အာဏာလွှဲ ပြောင်းတဲ့ကာလဆိုတာ မရှိခဲ့ဖူးဘူး။ ဒါ ပထမဆုံးအကြိမ်ပဲ၊
ဒါကြောင့် ဒီအချိန်က ကျွန်တော်တို့အတွက် အရေးအကြီးဆုံးအချိန်ပဲ။ သတင်းမီဒီယာအတွက်တော့
သတင်းတစ်ခုသာ ဖြစ်ပေမယ့် ကျွန်တော်တို့အတွက်ကတော့ ဘဝတစ်ခုပဲ"ဟု ဦးဝင်းထိန်က
ပြောသည်။

ဆက်လက်ပြီး ကိုယ်စားလှယ်အသစ်များထက် ကိုယ်စားလှယ်ဟောင်းများကို မီဒီယာများနှင့်
ပြောဆိုခွင့်ပေးထားပြီး ကိုယ်စားလှယ်အသစ်များ ပြောရေးဆိုခွင့်ကို အစိုးရ အသစ်ဖွဲ့ပြီးနောက်ပိုင်းတွင်
ပြောဆိုခွင့်ပေးသွားမည်ဖြစ်ကြောင်းပြောသည်။

ထို့ပြင် အစိုးရအသစ်ဖွဲ့ပြီးနောက် ပြန်ကြားရေးဌာနတွင် ၀န်ကြီးခန့်အပ်ရန် အစီအစဉ်ရှိကြောင်း
ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က အတည်ပြုပြောခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အစုုိးရသတင်းစာများသည်
ဒီမုုိကရေစီစနစ်နှင့် မကုုိက်ညီဘဲ ဒီမုုိကရေစီနှင့်လျော်ညီစေရန် အချိန်ယူလုုပ်ဆောင်သွားမည်
ဖြစ်ကြောင်း RFA မြန်မာပုုိင်း သတင်းဌာန၏ ဒီမုုိကရေစီခရီးကြမ်း နှင့် ဒေါ်အောင်ဆန်းစုုကြည်
ရေဒီယိုအသံလွှင့် အစီအစဉ်တွင် ပြောကြားထားသည်။

အစိုးရအသစ်လက်ထက်တွင် ဒီမိုကရေစီစနစ်နှင့် လျော်ညီစေရန် လုပ်ဆောင်မှသာလျှင်
နိုင်ငံအဆင်ပြေမည်ဖြစ်ကြောင်း၊ သုုိ့ရာတွင် နေ့ချင်းညချင်း လုပ်ဆောင်၍ မရနိုင်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"အစိုးရပိုင် သတင်းစာတွေ ဘာတွေကတော့ ဒီမိုကရေစီနဲ့ မသင့်လျော်ဘူးလို့ ထင်တယ်၊ ဒါပေမဲ့
ဒါဟာ အစ်မတို့ နေ့ချင်း ညချင်းမလုပ်ပါဘူး၊ သေချာတိုင်ပင်ပြီးတော့မှ လုပ်မှာပါ၊ ဒါပေမဲ့ သိပ်ပြီးလည်း
အချိန် မဆွဲချင်ဘူး။ ဒီမိုကရေစီ နည်းလမ်းကျအောင်လို့ အမြန်ဆုံးလုပ်မှပဲ ဒီနိုင်ငံဟာ
အဆင်ချောသွားမှာပါ" ဟုု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အစိုးရ ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာနများအနေဖြင့် လွတ်လွတ်လပ်လပ် အလုပ်လုပ်ခွင့်ပြုရမည်
ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆုုိသည်။

"ရေဒီယိုနဲ့ ရုပ်မြင်သံကြားဆိုရင် တကယ်တော့ အမေရိကားတို့၊ အင်္ဂလန်တို့မှာဆိုရင် နိုင်ငံက
ထောက်ပံ့ထားတဲ့ ရုပ်မြင်သံကြားနဲ့ ရေဒီယိုတို့ရှိတယ် ကြားတာပဲလေ။ ဥပမာ VOA တို့ BBC တို့လေ၊
သို့သော်လည်း သူတို့ရဲ့ လွတ်လပ်မှုရှိတယ်၊ သူတို့ ဘာသာ အလုပ်လုပ် နိုင်တယ်။ အဲဒီတော့
ထောက်ပ့ံထားတာမျိုး ရှိရင်တောင် လွတ်လွတ်လပ်လပ် အလုပ်လုပ် နိုင်တယ်" ဟု
ဒေါ်အောင်ဆန်းစုုကြည်က ပြောသည်။

အာဆီယံနိုင်ငံရေးသတင်းထောက်နှင့် မျက်မှောက်ရေးရာ ကျွမ်းကျင်သူ ရော်ဂျာမစ်တန်က
အင်န်အယ်လ်ဒီပါတီသည် ယခင်အစိုးရထက် ပိုပြီး ပွင့်လင်းမြင်သာမှု ရှိသော်လည်း
မလုံလောက်သေးကြောင်း ပြောသည်။

ပါတီအနေဖြင့် ပွင့်လင်းမြင်သာမှုနှင့် ဒီမိုကရေစီတန်ဖိုးထားလျှင် ၎င်းတို့၏ မူဝါဒ၊ အစီအစဉ်များနှင့်
ပတ်သက်ပြီး ပိုမိုပွင့်လင်း မြင်သာမှု ရှိသင့်ကြောင်း ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

"ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေက ပုံမှန်သတင်းစာ ရှင်းလင်းပွဲ
လုပ်တာတွေ၊ သတင်းထောက်တွေနဲ့ ပုံမှန်တွေ့ဆုံတာတွေ လုပ်သင့်ပါတယ်။ သတင်းစာသမားတွေ
အပေါ် ပါတီအတွက် ရန်သူတစ်ပိုင်းဆိုတဲ့ သဘောထားတာတွေ ရပ်တန့်သင့်နေပါပြီ" ဟု
သူကပြောသည်။

ယခုလိုမျိုး ပါတီခေါင်းဆောင်က ကိုယ်စားလှယ်များကို ဘာကြောင့် မီဒီယာများနှင့် ဖြေကြားခွင့်
ပိတ်ပင်ထားသည်ကို မေးမြန်းရာ ရော်ဂျာမစ်တန်က "ဘာကြောင့် ဖြေကြားခွင့်မပေးတာလဲဆိုတာ
ကျွန်တော် မသိပါဘူး၊ ဒါပေမဲ့ သူက သူ့ကိုယ်စားလှယ်တွေက မီဒီယာတွေနဲ့ပြောရင် အမှားပါသွားမှာ
စိုးရိမ်တာကြောင့်ဖြစ်မယ်။ နောက်ပြီး သတင်းသမားတွေကလည်း မှန်မှန်ကန်ကန်နှင့် မျှမျှတတ
ရေးမယ်ဆိုတာ မယုံလို့လည်း ဖြစ်နိုင်တယ်"ဟု ပြောသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မီဒီယာတွေကို အင်တာဗျူး မဖြေရတော့တဲ့အကြောင်းက
သိပ်မကြာသေးခင် ရွေးကောက်ပွဲမှာ အနိုင်ရသွားပြီးတဲ့နောက် သူ့အနေဖြင့် မီဒီယာများကို
စည်းရုံးဆွဲဆောင်ရန် မလိုတော့ကြောင်း ယုံကြည်နေသည်ဟု ရော်ဂျာမစ်တန်က သူ့အမြင်ကို
ပြောသည်။

"တကယ်လို့ သူသာ အစိုးရအသစ်ဖွဲ့ခဲ့မယ်ဆိုရင် မီဒီယာတွေကို ဒီထက်ပိုပြီး စကားပြောဖို့
လိုလိမ့်မယ်၊ မဟုတ်ရင် ဒီမိုကရေစီနည်းလမ်းမကျပါလားဆိုတာ မေးစရာရှိလာပါတယ်" ဟု
၎င်းကပြောသည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021