ပုဂ္ဂလိကကျောင်းတွေရဲ့ အားနည်းချက် အားသာချက်များ

ပုဂ္ဂလိကကျောင်းတွေရဲ့ အားနည်းချက် အားသာချက်များ

ပုဂ္ဂလိကကျောင်း၊ တစ်နည်းအားဖြင့် ကိုယ်ပိုင်ကျောင်းတွေကို ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လကုန်မှာ စတင်တည်ထောင် ခွင့်ပြုခဲ့တဲ့အတွက်ကိုယ်ပိုင်ကျောင်းတွေ တရားဝင်တည်ထောင်သင်ကြားတဲ့စနစ်ဟာ ဒီနှစ်ဆို သုံးနှစ်ရှိခဲ့ပါပြီ။

ပုဂ္ဂလိကကျောင်း၊ တစ်နည်းအားဖြင့် ကိုယ်ပိုင်ကျောင်းတွေကို ၂ဝ၁၂ ခုနှစ်၊
သြဂုတ်လကုန်မှာ စတင်တည်ထောင် ခွင့်ပြုခဲ့တဲ့အတွက်ကိုယ်ပိုင်ကျောင်းတွေ
တရားဝင်တည်ထောင်သင်ကြားတဲ့စနစ်ဟာ ဒီနှစ်ဆို သုံးနှစ်ရှိခဲ့ပါပြီ။

မြန်မာနိုင်ငံနဲ့အတူ တခြားအိမ်နီးချင်းနိုင်ငံတွေ၊ ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ ပညာရေးစနစ်ကို
လေ့လာကြည့်တဲ့အခါ သူ့အရပ်နဲ့သူ့ဇာတ်၊ ကွဲပြားတဲ့စနစ်တွေနဲ့ ချီတက်နေကြရာမှာ
ရလဒ်ပိုင်းတွေအရ တခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်တဲ့အခါ မြန်မာက နောက်ကျနေတုန်းပဲဆိုတဲ့
အချက်ကတော့စဉ်းစားသင့်တဲ့ အချက်ဖြစ်နေပါတယ်။

ကိုယ်ပိုင်ကျောင်းစနစ် ခွင့်ပြုတဲ့ ၂ဝ၁၂ ခုနှစ်မှာ ပညာရေးဝန်ကြီးဌာနက ပြုစုထားတဲ့
အချက်အလက်တွေအရ လူသားဖွံ့ဖြိုးမှု ညွှန်းကိန်းမှာ မြန်မာက အဆင့် ၁၄၉ မှာရှိပြီး
စင်ကာပူက အဆင့် ၂၆ ရှိပါတယ်။

ဒီမှာ အခုလိုကိုယ်ပိုင်ကျောင်းတွေ ပြန်ပေါ်လာတာဟာ ပြီးခဲ့တဲ့နှစ်ပေါင်း ၅ဝ လောက် အတွင်းမှာ
ပထမဆုံးဖြစ်သလို ပညာရေးကဏ္ဍအတွက် အချိုးအကွေ့တစ်ခုလည်း ဖြစ်ပါတယ်။

''ပုဂ္ဂလိကကျောင်းနာမည်ခံပြီး မထူးခြားရင်တော့ မဖြစ်ပါဘူး။ ကျောင်းကောင်းဆိုတာ
ကလေးတွေကို သင်ယူရမယ့် ဘာသာရပ်တွေမှာ စိတ်ဝင်စားမှု တိုးလာပြီး လောက အကျိုး
သယ်ပိုးနိုင်တဲ့ လူတော်လူကောင်းတွေ ဖြစ်အောင်လုပ်ပေးနိုင်မှ ကျောင်းကောင်းလို့
ခေါ်နိုင်တာပါ။

ဂုဏ်ထူးများအောင်လုပ်တိုင်း ကျောင်းကောင်းဖြစ်တာ မဟုတ်ပါဘူး''လို့ မန္တလေးက KMC
ကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူ ဦးခင်မောင်ချိုက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ကျောင်းဖွင့်ခွင့် ခွင့်ပြုချက်သက်တမ်းအများဆုံးဖြစ်တဲ့ ငါးနှစ်နဲ့ စတင်ဖွင့်လှစ်ခွင့်ရထားပြီး
မူလတန်းကနေ အထက်တန်းအထိ လက်ခံတဲ့ သူ့ကျောင်းမှာ ကျောင်းသားတွေကို ကျောင်းစာ
တစ်မျိုးတည်းဦးစားမပေးဘဲ အားကစား၊ ဂီတ၊ ပေါင်းသင်းဆက်ဆံရေးစတဲ့ ဘက်စုံကဏ္ဍတွေကို
အလေးထားပေးတယ်လို့ ဆိုပါတယ်။

''ကျောင်းစာမှာ လက်ခုပ်အတီးမခံရပေမယ့် အားကစား၊ ဂီတဘက်မှာ ထူးချွန်တဲ့ ကလေးတွေ
ရှိပါတယ်။ အတန်းထဲမှာ ကျောင်းစာမှာပဲ နံပါတ် ၁ ရှိတာမဟုတ်ဘဲ တခြားနေရာမှာလည်း
နံပါတ် ၁ ဖြစ်အောင် လုပ်လို့ရပါတယ်။ ကျောင်းဆိုတာ စာညံ့ပေမယ့်လူမညံ့စေအောင်၊
ကလေးတွေရဲ့ ပင်ကိုအရည်အသွေးကိုရအောင် ပေါင်းသင်ပေးရတဲ့နေရာလည်း ဖြစ်ပါတယ်''လို့
သူကပြောပါတယ်။

''သင်ကြားရေးမှာ အဓိကက အင်္ဂလိပ်စာပါပဲ။ ဒါက အတန်းကြီးလေ သိသာလာလေပဲ။
ကိုယ်ပိုင်ကျောင်းကြီးတွေမှာ နည်းနည်းသိသာလာတာက အင်္ဂလိပ်စာကို ပိုအလေးပေးလာပြီ။
တချို့က နိုင်ငံတကာကျောင်းတွေနဲ့ အမ်အိုယူ (MoU) ထိုးတာမျိုးရှိလာတယ်။ ကျွန်တော့်
ကျောင်းမှာ အရင်က ပြည်တွင်းဆရာတွေနဲ့သင်ပေမယ့် အခု နိုင်ငံခြားသား ဆရာတွေနဲ့
တွဲသင်ပေးပါတယ်''လို့ ဦးခင်မောင်ချိုက ပြောပါတယ်။

ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ခွင့်အတွက်သတ်မှတ်ချက်တွေထဲမှာ ကျောင်းအကျယ်အဝန်း၊
အားကစားကွင်း၊ စာကြည့်တိုက်၊ကျောင်းသားဦးရေ၊ သင်ထောက်ကူပစ္စည်းပြည့်စုံမှု၊
လက်တွေ့ခန်း စတာတွေကိုထည့်သွင်းအကဲဖြတ်ပြီး ခွင့်ပြုပေးကြောင်းသိရပါတယ်။
ဒါကြောင့် အဆင့်တိုးမြှင့်ဖွင့်ခွင့်ရဖို့ ကြိုးစားရတာကြောင့် ကျောင်းတွေဟာ
ရုပ်ပိုင်းဆိုင်ရာ ပိုဖွံ့ဖြိုးလာတယ်ဆိုပေမယ့် အားနည်းချက်တွေလည်း ရှိနေသေးတယ်လို့
ဆိုပါတယ်။

''ကျောင်းတစ်ကျောင်းမှာ အနည်းဆုံးကျောင်းသားဦးရေ ၃ဝဝ ရှိရမယ်သတ်မှတ်ပေမယ့်
သတ်မှတ်ထားတဲ့ ကျောင်းသားဦးရေမပြည့်မီရင် ဖွင့်ခွင့်မပေးစေချင်ပါဘူး။ တစ်နှစ်ထက်
တစ်နှစ် ကျောင်းအရေအတွက်တိုးလာအောင်ဆိုပြီး အလွယ်တကူ ခွင့်မပြုစေချင်ဘူး။ နောက်
ပြဿနာတစ်ခုကကိုယ်ပိုင် ကျောင်းတွေက ကိုယ်တိုင်စာမေးပွဲစစ်ခွင့်၊ အအောင်ပေးခွင့်ရှိတော့
တချို့ကျောင်းတွေမှာ ကျောင်းသားတွေက စာရင်းမသွင်းဘဲ အယောင်ပြ အပ်ချင်တာ၊
အတက်ပြချင်တာမျိုးရှိတယ်။ ဒါတွေကကိုယ်ပိုင်ကျောင်းတွေ ပျက်စီးစေနိုင်တဲ့ အချက်တွေပါ။
ကျောင်းအချင်းချင်းလည်းဒါကိုသတိပေးသင့်ပါတယ်''လို့ ဦးခင်မောင်ချိုက ပြောပါတယ်။

နောက်ပြီး ဌာနဆိုင်ရာ ခွင့်ပြုမိန့်မကျသေးဘဲ နေရာငှား၊ ပစ္စည်းတွေငှားထားပြီး
ကျောင်းသားလက်ခံထားတာ ဖွင့်ခွင့်မကျတဲ့အခါ ကျောင်းသားကိုလည်း အသိမပေးဘဲ
စာသင်နှစ်ပြီးဆုံးတော့မှ ဖြေခွင့်မရတာမျိုးတွေလည်းရှိတယ်လို့ ဆိုပါတယ်။

တောင်ကြီးမြို့က ပန်းပျိုးခင်း ကိုယ်ပိုင်မူလတန်းကျောင်း တည်ထောင်ထားတဲ့
ဒေါ်မေသူမြင့်ကတော့ မိဘတွေရဲ့ စိတ်ဝင်စားမှုများတဲ့ ကိုယ်ပိုင်ကျောင်းတွေရဲ့ အနာဂတ်
အလားအလာက ကောင်းမွန်ပေမယ့် ငွေရရင်ပြီးရော မလုပ်သင့်ဘူးလို့ ပြောပါတယ်။

''ဒီလုပ်ငန်းက စီးပွားရေးတစ်ခုတည်း ကြည့်လို့ မရပါဘူး။ ကလေးတွေအပေါ် ကိုယ်ချင်းစာစိတ်နဲ့
စေတနာပါမှရမယ်။ သင်ကြားရေးအတွက် အငယ်တွေကို အများကြီး ပျိုးထောင်ပေးဖို့
လိုပါတယ်''လို့ သူက ပြောပါတယ်။

ကျောင်းတည်ထောင်ထားတဲ့သူတချို့ကတော့ ကျောင်းဖွင့်ခွင့်ကို ကျောင်းသား အပ်နှံခွင့်
ပြုချိန်မီအောင် အချိန်မီချထားပေးစေချင်တယ်လို့ ဆိုကြပါတယ်။

ကိုယ်ပိုင်ကျောင်းတွေကို ငါးနှစ်သက်တမ်းရှိတဲ့ တိုက်ရိုက်ခွင့်ပြုကျောင်း၊ နှစ်နှစ် သက်တမ်းရှိတဲ့
ယာယီခွင့်ပြုကျောင်းနဲ့ တစ်နှစ်သက်တမ်းရှိတဲ့ စမ်းသပ်ကျောင်းတွေ အဖြစ် သုံးမျိုးခွဲခြားထား
ပါတယ်။

ကိုယ်ပိုင်ကျောင်းစတင် ဖွင့်လှစ်ခွင့်ပြုတဲ့နှစ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ကျောင်းပေါင်း
၆၆ ကျောင်း ဖွင့်ခွင့်ပြုခဲ့ပြီး မန္တလေးတိုင်းဒေသကြီးမှာတော့ ၁၈ ကျောင်း ဖွင့်ခွင့်ရပါတယ်။

ဒုတိယနှစ်မှာ ၄၆ ကျောင်း၊ တတိယနှစ်မှာ ၆၉ ကျောင်းရှိခဲ့တယ်။

ကိုယ်ပိုင်ကျောင်းတွေ စခွင့်ပြုချိန်မှာ အစိုးရကျောင်းတွေမှာ ကျောင်းသားဦးရေ သိသာစွာ
လျော့သွားတာကို တွေ့ရပေမယ့် ဒါဟာ ကျောင်းသားဦးရေ မျှသွားသလိုဖြစ်ပြီး အစိုးရ
ကျောင်းတွေမှာ ဖိဖိစီးစီးပိုသင်ကြားနိုင်မယ်လို့လည်း ပညာရေးနယ်ပယ်မှာ
ကျင်လည်နေသူတွေက သုံးသပ်ကြပါတယ်။

ဒီနေရာမှာ တချို့ပုဂ္ဂလိက ကျောင်းတွေမှာ ကလေးတစ်ယောက်ရဲ့ တစ်နှစ်စာကျောင်းစရိတ်က
အစိုးရကျောင်းက ကလေးတွေကို တရားဝင်ကောက်ခံလို့ရတဲ့ ငွေကြေးနဲ့ညီမျှနေနိုင်သလို၊
အရည်အသွေး ရွေးချယ်နိုင်ခွင့်မှာလည်း ကွာခြားသွားနိုင်တာ အထူးပြောစရာ မလိုလောက်ပါဘူး။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021