မြန်မာပြည်သူလူထုကြား မျက်စိအတွင်းတိမ်ရောဂါဖြစ်ပွားနေမှုနဲ့ ပတ်သက်ပြီး ကိန်းဂဏန်း အရေအတွက်ကောက်ယူထားခြင်း မရှိပေမယ့် တကယ်လို့ ဆေးဝါးကုသမှုမခံယူခဲ့ဘူးဆိုရင် အမြင်အာရုံဆုံးရှုံးတဲ့အထိ ဆိုးရွားသွားမယ့် မျက်စိအတွင်းတိမ်ရောဂါအကြောင်းနဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေ တိုးမြှင့် လုပ်ဆောင်ဖို့ ပိုမိုလိုအပ်နေ ...
မြန်မာပြည်သူလူထုကြား မျက်စိအတွင်းတိမ်ရောဂါ ဖြစ်ပွားနေမှုနဲ့ ပတ်သက်ပြီး ကိန်းဂဏန်း
အရေအတွက် ကောက်ယူထားခြင်း မရှိပေမယ့် တကယ်လို့ ဆေးဝါးကုသမှုမခံယူခဲ့ဘူးဆိုရင်
အမြင်အာရုံဆုံးရှုံးတဲ့အထိ ဆိုးရွားသွားမယ့် မျက်စိအတွင်းတိမ်ရောဂါအကြောင်းနဲ့ ပတ်သက်ပြီး
အသိပညာပေးမှုတွေ တိုးမြှင့် လုပ်ဆောင်ဖို့ ပိုမိုလိုအပ်နေတယ်လို့ ကျွမ်းကျင် သူပညာရှင်တွေက
ဆိုပါတယ်။
အမြင်အာရုံ ချို့ယွင်းစေတဲ့အကြောင်း တရားတွေထဲမှာ မျက်စိအတွင်းတိမ်ရောဂါဟာ ထိပ်ဆုံးမှာရှိနေပြီး
ကမ္ဘာတစ်ဝန်း မျက်မမြင် သန်း ၂၀ လောက်ရှိတဲ့အထဲက သုံးပုံတစ်ပုံကျော်က မျက်စိအတွင်းတိမ်
ရောဂါကြောင့် အမြင်အာရုံဆုံးရှုံးကြရတာ ဖြစ်ပါတယ်။
မျက်စိအတွင်းတိမ်ဆိုတာ မျက်ဆန်မှာ အလင်းပိတ်စေတဲ့အပြောက် ဒါမှမဟုတ် မီးခိုရောင် ဒါမှမဟုတ်
ဖြူနောက်နောက် အစက်အပြောက်ဖြစ်စေပြီး အမြင်ကို မရှင်းမလင်းဖြစ်စေတဲ့ မျက်တွင်းမှန်မှာ
တိမ်ဖုံးနေတာမျိုးကို ပြောတာပါ။
အရွယ်ရလာတာနဲ့ အမျှ မျက်တွင်းမှန် ပရိုတိန်းကလည်း လျော့နည်း ကျဆင်းလာတတ်တာကြောင့်
ဒီရောဂါက အသက်အရွယ်ရလာတဲ့ သူတွေမှာ ဖြစ်ပွားတတ်ပါတယ်။
အတွင်းတိမ်ကြောင့် လူတစ်ယောက်ရဲ့ အမြင်အာရုံကို နည်းအမျိုးမျိုးနဲ့ ယိုယွင်းပျက်စီးစေနိုင်ပြီး မြင်ရတဲ့
အရောင်တွေရဲ့ တောက်ပမှုလျော့ကျလာတာ၊ အမြင်ဝေဝါးတာနဲ့ စူးရှတောက်ပတဲ့ အလင်းရောင်ကို
မခံနိုင်တာ စတဲ့အချက်တွေလည်း ပါ၀င်ပါတယ်။
အတွင်းတိမ်ရောဂါက မွေးရာပါရောဂါ လက္ခဏာအခြေအနေတစ်ရပ်ကြောင့် မွေးကတည်းက
ပါလာတတ်သလို မျက်စိမှာ ထိခိုက်ဒဏ်ရာရပြီးနောက်လည်း ဖြစ်လာတတ်ပါတယ်။
ဒါပေမဲ့ လူနေမှုပုံစံနဲ့ ဆက်နွှယ်တဲ့ အကြောင်းရင်းတွေ ဒါမှမဟုတ် တချို့သော ဆေးဝါးတွေကို
မှားယွင်းအသုံးပြုမှုကြောင့်လည်း အတွင်းတိမ်ရောဂါဖြစ်စေပါတယ်။
"ညဘက်တွေမှာ ကားမီးအလင်းရောင်ကို ကြည့်တဲ့အခါမျိုးတွေမှာ မကြည့်နိုင်တာမျိုးလို စူးရှတဲ့
အလင်းရောင်ဒဏ်ကို မခံနိုင်တဲ့အကြောင်း လူနာအများစုက ပြောပြကြပါတယ်"လို့ မျက်စိအထူးကု
ဒေါက်တာ ဖြိုးသီရိအေးက ပြောပါတယ်။
စမ်းသပ်စစ်ဆေးပြီးတာနဲ့ ချက်ချင်းခွဲစိတ် ကုသဖို့ မလိုအပ်သေးတာမျိုးရှိပေမယ့် မျက်စိနဲ့ ပတ်သက်တဲ့
အဖြေကိုသိရအောင် မျက်စိကို အရင်ဆုံး စမ်းသပ်စစ်ဆေးကြည့်သင့်ပါတယ်။
ခွဲစိတ်ကုသတာကတော့ အမြင်အာရုံတွေ ပုံမှန်ပြန်ရဖို့ တစ်ခုတည်းသောနည်းလမ်း ဖြစ်ပြီး
အရမ်းကြီးနောက်မကျဘဲ ခွဲစိတ်မှု ခံယူရမှာဖြစ်ပါတယ်။
မျက်စဉ်းဆေးခတ်တာတို့၊ ဆေးသောက်တာတို့နဲ့ အတွင်းတိမ်ကို ကာကွယ်နိုင်မယ်၊ ကုသနိုင်မယ်လို့
တချို့က ယုံကြည်ထားကြပါတယ်။
တကယ်တော့ ခွဲစိတ်ကုသတာက အကောင်းဆုံးနည်းလမ်း တစ်ခုပါပဲ။
"အချိန်ကြာလာတာနဲ့အမျှ တိမ်အရွယ်အစားက ပိုပြီးကြီးလာပါတယ်။ အဲဒီအခါ နည်းနည်းခွဲရမယ့်
နေရာမှာ များများခွဲရတဲ့အတွက် ခွဲစိတ်တဲ့နေရာမှာလည်း ပိုရှုပ်ထွေး စေပါတယ်"ဟု ဒေါက်တာ
ဖြိုးသီရိအေးက ပြောပါတယ်။
မျက်စိအတွင်းတိမ်ရောဂါကို မကုသဘဲ ပစ်ထားရင် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ပြီး
အသိပညာနည်းပါးခြင်းနဲ့ ဆေးရုံဆေးခန်းကိုသွားရောက်ပြသဖို့ အခွင့်အလမ်း နည်းပါးခြင်းတွေကြောင့်
မြန်မာနိုင်ငံရဲ့ ကျေးလက်ပြည်သူလူထုကြားမှာ အတွင်းတိမ်ရောဂါဖြစ်လာရင် အချိန်မီ
မကုသဖြစ်တာမျိုးတွေ ခပ်စိပ်စိပ်တွေ့နေရတယ်လို့ Myanmar Eye Centre က မျက်စိအထူးကု
ဆရာဝန်တွေက ပြောပါတယ်။
မြန်မာနိုင်ငံက ကျေးလက်ဒေသတွေမှာ ခေတ်သစ်ဆေးပညာ ဒါမှမဟုတ် ထုံးတမ်းစဉ်လာ
ဆေးပညာကို ကျကျနနသင်ကြားထားခြင်းမရှိသူ ဆေးဆရာ (ရမ်းကု)တွေဟာ ရှေးဟောင်းဂရိတွေက
"couching" လို့ခေါ်တဲ့ အရင်ခေတ်က မျက်စိအတွင်းတိမ်ဖယ်ရှားတဲ့နည်းကို အသုံးပြုပြီး
ကုသပေးနေကြပါတယ်။
ဒီကုသမှု နည်းလမ်းဟောင်းကတော့ မျက်ဆန်အတွင်းမှာ ကပ်နေတဲ့ မျက်တွင်းမှန်တစ်ခုလုံးကို
ချွန်ထက်တဲ့အရာနဲ့ ထိုးဆွကော်ထုတ်ပြီး မျက်လုံးအနောက်ဘက် အခေါင်းပေါက်ဘက်ကို
ပို့ပစ်တာမျိုးပါ။
ဒီနည်းလမ်းကလူနာကို သိပ်နာကျင်လွန်းစေတဲ့အပြင် မျက်လုံးတစ်ခုလုံးကို ပြင်းထန်တဲ့ ရောဂါပိုး
ကူးစက်မှုဖြစ်စေနိုင်ပြီး အားထားစရာ မျက်တွင်းမှန် မရှိတော့တာကြောင့် အများစုဟာ နောက်ပိုင်းမှာ
မျက်မှန်အထူကြီးတွေကို ၀တ်ဆင်ကြရပါတယ်။
"ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုများလေ မျက်စိအတွင်းတိမ်ကို ပိုမိုဆိုးဝါးစေတဲ့ အလားအလာ
ပိုများစေပါတယ်"လို့ ဒေါက်တာ အေးသီဟန်က ပြောပါတယ်။
ပိုပြီးစိုးရိမ်စရာကောင်းတဲ့ အချက်တစ်ခုကတော့ အသုံးပြုတဲ့ကာလကို တင်းတင်းကျပ်ကျပ်
ကန့်သတ်ထားတဲ့ ကော်တီကိုစတီးရွိုက်ဆေးရဲ့ အကျိုးရလဒ်ပါ။
"ဒီဆေးဟာ မျက်စိနာလိုမျိုး ရောင်ရမ်းခြင်း ဒါမှမဟုတ် ရောဂါကူးစက်ခြင်းတို့အတွက် အသုံးဝင်တဲ့
ဆေးကောင်းတစ်လက်ပါ။ ဒါပေမဲ့ အသုံးပြုတာ မှားယွင်းသွားရင် ရေတိမ်နဲ့ အတွင်းတိမ်နှစ်မျိုးလုံး
အပါအဝင် ဆိုးကျိုးတွေဖြစ်စေနိုင်တယ်" လို့ ဒေါက်တာ ခင်သီတာဦးက ဆိုပါတယ်။
"ဆေးဆိုင်တွေကလည်း ဆရာဝန် ဆေးစာမပါရင် အဲဒီလိုဆေးမျိုးကို မရောင်းပေးသင့်သလို
လူနာတွေကလည်း မျက်စိဆရာဝန် တစ်ဦးဦးက ညွှန်ကြားပေးထားတာ မျိုးမရှိတဲ့ဆေးကို
အသုံးမပြုသင့်ပါဘူး"လို့ ဒေါက်တာခင်သီတာဦးက ပြောပါတယ်။
၀င်းသော်တာနှင့် သီရိမင်းထွန်း ဘာသာပြန်သည်။

















