ကလေးငယ် ကျန်းမာသန်စွမ်းဖို့ မိခင်က အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားသုံးပေးဖို့ အရေးကြီးကြောင်း အဲလိဇဘက်ဝီလန်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အာဟာရ မြှင့်တင်ရေး လှုပ်ရှားမှုကို အားပေးတဲ့အနေနဲ့ Livelihoods and Food
Security Trust Fund (LIFT) ဆိုတဲ့ အဖွဲ့ဟာ ကလေးတစ်ယောက်ရဲ့ ပထမဦးဆုံးရက် ၁,၀၀၀
အတွင်းမှာ အာဟာရကောင်းရဲ့ အရေးကြီးပုံနဲ့ ပတ်သက်တဲ့ဇာတ်လမ်းတိုကို ရန်ကုန်မှာ
ထုတ်လွှင့်ခဲ့ပါတယ်။
မိခင်တစ်ဦး ကိုယ်ဝန်စဆောင်ချိန်မှ ကလေး နှစ်နှစ်ပြည့်တဲ့အချိန်အထိ ခန့်မှန်းခြေ ရက်ပေါင်း ၁,၀၀၀
နီးပါးကြာမြင့်ပါတယ်။
အဲဒီရက်ပေါင်း ၁,၀၀၀ အတွင်းမှာ ကလေးငယ်တစ်ဦးရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ဟာ
မယုံကြည်နိုင်လောက်တဲ့ အမြန်နှုန်းနဲ့ ကြီးထွား ဖွံ့ဖြိုးနေပြီး ဒီကာလအတွင်း အာဟာရကောင်းကောင်း
ရရှိခြင်းဟာ ကလေးငယ်ရဲ့ ဘဝတစ်လျှောက်လုံးအတွက် ထိရောက်တဲ့ အကျိုးသက်ရောက်မှုတွေ
ဖြစ်ပေါ်စေတာကြောင့် အဲဒီရက်ပေါင်း ၁,၀၀၀ ဟာ " လက်မလွှတ်သင့်တဲ့ အခွင့်အလမ်းကောင်း"
တစ်ရပ်အဖြစ် တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ ရည်ညွှန်း ပြောဆိုကြပါတယ်။
အာဟာရကောင်းဟာ ကလေးတွေရဲ့ဘဝမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ ဉာဏ်ရည်ပိုင်းဆိုင်ရာ ပြည့်ပြည့်ဝဝ
ဖွံ့ဖြိုးတိုးတက်စေတယ်ဆိုတဲ့ ခိုင်မာတဲ့ အခြေခံ အထောက်အထားတစ်ရပ်ကို တစ်ကမ္ဘာလုံး
အတိုင်းအတာနဲ့ အများက လက်ခံထားကြပါတယ်။
ပထမဦးဆုံး ရက် ပေါင်း ၁,၀၀၀ အတွင်း အာဟာရ ပြည့်ပြည့်ဝဝ ရခဲ့တဲ့ ကလေးတွေဟာ ငယ်ငယ်က
အာဟာရ မပြည့်ဝခဲ့တဲ့သူတွေနဲ့ ယှဉ်လိုက်ရင် ကျောင်းပညာရေးမှာ ထူးချွန်ကြသလို ရောဂါတွေကို
ခုခံတွန်းလှန်နိုင်ကြပြီး အရွယ်ရောက်လာတဲ့အခါမှာလည်း ငွေပိုရှာနိုင်ကြပါတယ်။
၂၀၀၉-၂၀၁၀ မှာ မြန်မာအစိုးရနဲ့ ယူနီဆက်ဖ်က ပူးပေါင်းကောက်ယူခဲ့တဲ့ အမျိုးသား အာဟာရ
စစ်တမ်းဖြစ်တဲ့ MICS စစ်တမ်းအရ ကြီးထွားမှုနှုန်း တန့်နေတဲ့ နှုန်းထားဟာ ငါးနှစ်အောက်ကလေး
တွေရဲ့ ၃၅ ရာခိုင်နှုန်း ရှိနေပါတယ်။
မြန်မာကလေး သုံးယောက်မှာ တစ်ယောက်ဟာ အာဟာရချို့တဲ့နေပြီး နိုင်ငံတကာကြီးထွားမှုစံနှုန်းအရ
ရှိသင့်တဲ့ အရပ်အမောင်းထက်လည်း နိမ့်နေတယ်ဆိုတာ ဒီနှုန်းထားက ဖော်ပြနေပါတယ်။
အာဟာရမပြည့်ရတဲ့ အကြောင်းရင်းမှာ ဆင်းရဲမွဲတေမှုက ထင်ရှားတဲ့အချက် တစ်ချက်ဖြစ်ပေမယ့်
မြန်မာနိုင်ငံက ချမ်းသာတဲ့ မိသားစုက ကလေးတွေမှာတောင် အာဟာရ ချို့တဲ့နေတာကို
တွေ့နေရပါတယ်။
အဆင်းရဲဆုံး မိသားစုတွေမှာ ကလေးနှစ်ဦးမှာတစ်ဦး ကြီးထွားမှုနှုန်း တန့်နေပြီး အချမ်းသာဆုံး
မိသားစုတွေမှာ ကလေး ငါးဦးမှာ တစ်ဦးနီးပါး ကြီးထွားနှုန်း တန့်နေတာကို တွေ့ရပါတယ်။
မိခင်တွေနဲ့ ကလေးတွေ အာဟာရ လုံလောက်စေဖို့အတွက် အောက်ပါ အချက် ငါးချက်ကို
လိုက်နာသင့်ပါတယ်။
အဆင့် (၁) ကိုယ်ဝန်ဆောင်မိခင်များ အစားအစာကို လုံလောက်စွာနှင့် စုံလင်စွာ
စားသောက်ရန်
ကိုယ်ဝန်ဆောင်မိခင်ဟာ အစားအစာ မရွေးဘဲ အာဟာရမျှတအောင် စုံစုံလင်လင် စားသုံးမှသာ
မိခင်နဲ့ ကလေးအတွက် လိုအပ်တဲ့ အာဟာရတွေကို ရရှိနိုင်မှာပါ။
ဗီတာမင် အေ၊ ဖောလစ်နဲ့ သံဓာတ်ကြွယ်ဝတဲ့အစား အစာတွေက ကိုယ်ဝန်ဆောင် မိခင်တွေအတွက်
အရေးကြီးတဲ့ အာဟာရဓာတ်တွေပါ။
အဆင့် (၂) မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရန် မိခင်များကို တိုက်တွန်းရန်
မိခင်နို့ဟာ ကလေးငယ် ပထမခြောက်လအတွင်း လိုအပ်တဲ့ ရေ၊ အာဟာရနဲ့ ရောဂါခုခံ
တိုက်ဖျက်ပေးနိုင်တဲ့ ပဋိဇီဝပစ္စည်းတွေ ပါ၀င်ပါတယ်။
ကလေး ခြောက်လမပြည့်ခင် ရေနဲ့ တခြား အစားအစာကျွေးတာ ကလေးရဲ့ ကျန်းမာရေးအတွက်
အန္တရာယ်ရှိပါတယ်။
အဆင့် (၃) နို့တိုက်မိခင်တွေနဲ့ ကလေးအာဟာရဖြစ် စေရန်အတွက် ကူညီပေးရန်
နို့တိုက်မိခင်ဟာ ကိုယ်ဝန်ဆောင်မိခင်ထက် အာဟာရ ပိုလိုအပ်ပါတယ်။ မီးဖွားပြီးစ
မိခင်တစ်ဦးအတွက် လိုအပ်တဲ့ သံဓာတ်၊ ပရိုတိန်းနဲ့ ဗီတာမင်အေ စတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ
အစားအစာအမျိုးမျိုးမှာ အဓိကပါ၀င်နေပါတယ်။
အဆင့် (၄) ကလေးအသက်ခြောက်လပြည့်တဲ့ အချိန်ကစပြီး သင့်တော်သည့်
ဖြည့်စွက်အစာများ စတင်ကျွေးရန်
ကလေးအသက် ခြောက်လပြည့်တာနဲ့ ဖြည့်စွက်စာတွေကို စတင်ကျွေးနိုင်ပါပြီ။
အစားအစာမျိုးစုံမှာ အာဟာရအမျိုးမျိုး ပါ၀င်တဲ့အတွက် ကလေးငယ်ကို သန်မာစေတာကြောင့်
အစားစုံအောင် အစားအစာအသစ်တွေကို ဖြည်းဖြည်းချင်းအလေ့အကျင့်လုပ်ပြီး ကျွေးသင့်ပါတယ်။
အဆင့်(၅) တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပါ။
အစားအစာစုံလင်အောင် ကျွေးဖို့လိုတဲ့အပြင် ကလေးငယ်ရဲ့ ပတ်ဝန်းကျင်ကလည်း သန့်ရှင်းဖို့
လိုအပ်ပါတယ်။
ကလေးကို အနီးကပ်ပြုစုစောင့်ရှောက်တဲ့သူဟာ တစ်ကိုယ် ရည်သန့်ရှင်းရေးရှိဖို့ လိုအပ်ပါတယ်။
ရေကောင်းရေသန့်ရဖို့၊ လက်ကို ဆပ်ပြာနဲ့ ဆေးဖို့၊ အိမ်သာ သန့်ရှင်းဖို့နဲ့ ကလေးအီးကို အိမ်သာထဲ
လွှင့်ပစ်ဖို့ စတာတွေ လိုက်နာဖို့ လိုအပ်ပါတယ်။
တစ်ကိုယ်ရည် သန့်ရှင်းမှုနဲ့ ပတ်ဝန်းကျင် သန့်ရှင်းမှု မရှိရင်ဝမ်းရောဂါ ဖြစ်နိုင်ပြီး အာဟာရဓာတ်တွေ
ဆုံးရှုံးသွားနိုင်ပါတယ်။
၀မ်းပျက်ဝမ်းလျှောရောဂါဟာ ငါးနှစ်အောက် ကလေး သေဆုံးခြင်းရဲ့ အကြောင်းရင်း တစ်ခုပါ။
သီရိမင်းထွန်းနှင့် ခန့်လင်းဦး ဘာသာပြန်သည်။
(အဲလိဇဘက်ဝီလန်သည် အာဟာရ အထူးပြု ပညာရှင်တစ်ဦးဖြစ်ပြီး အာဟာရအတွက်
LIFT Fund နှင့် ပူးပေါင်းဆောင်ရွက်နေသည့် LEARN Consortium ၏ ပရိုဂရမ်
မန်နေဂျာတစ်ဦးဖြစ်သည်။)
www.lift-fund.org တွင် ၀င်ရောက်လေ့လာနိုင်သည်။

















