ရာသီဥတုအေးလာတာနဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှု ပြောင်းလဲပြီး ကိုယ်ခံအားနည်းသူ အများစုမှာ နာမကျန်းမှုကို ခံစားရပုံကို ဖော်ပြထားပါတယ်။
နွေရာသီထက် ဆောင်းရာသီမှာ လူတွေပို ဖျားနာလေ့ရှိကြတာဟာ ရာသီဥတု ပြောင်းလဲတာနဲ့အမျှ
မျိုးရိုးဗီဇတွေရဲ့ လှုပ်ရှားမှုပုံစံပါ ပြောင်းလဲတာကြောင့်ဖြစ်ပြီး အဲဒီလို ပြောင်းလဲတဲ့ မျိုးရိုးဗီဇ
အရေအတွက်ဟာ လူတစ်ယောက်စီမှာ လေးပုံတစ်ပုံခန့်ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ပြီးခဲ့တဲ့
မေလအတွင်းက ပြောကြားခဲ့ပါတယ်။
တစ်ခါတလေမှာ ရာသီဥတုကြောင့် အဲဒီမျိုးရိုးဗီဇ လေးပုံတစ်ပုံဟာ လှုပ်ရှားမှု မရှိတော့ဘဲ
ခေတ္တရပ်တန့်သွားတယ်ဆိုတဲ့ သုတေသနပညာရှင်တွေရဲ့ ပြောကြားချက်ကို Nature
Communications ကကိုးကား ဖော်ပြခဲ့ပါသေးတယ်။
သုတေသနပညာရှင်တွေက မျိုးရိုးဗီဇ ပေါင်း ၂၂၈,၂၂ ခုကို ခွဲခြမ်းစိတ်ဖြာခဲ့ပြီး အဲဒီအထဲက
၅,၁၃၆ ခုဟာ ရာသီအလိုက် လှုပ်ရှားသက်ဝင်မှု အတက်အကျ ရှိနေတာဟာ တချို့ကဆောင်းရာသီမှာ
တချို့ကတော့ နွေရာသီမှာပိုသက်ဝင် လှုပ်ရှားကြပါတယ်တဲ့။
ရာသီဥတုပြောင်းလဲခြင်းရဲ့ အကျိုးသက်ရောက်မှုကို မသိမသာခံစားရလေ့ရှိတဲ့ လူတွေရဲ့
ကိုယ်ခန္ဓာစနစ်များစွာထဲမှာ ကိုယ်ခံအားစနစ်ကလည်း တစ်ခုအပါအဝင် ဖြစ်နိုင်တယ်လို့
သုတေသနပညာရှင်တွေက ဆိုပါတယ်။
ကိန်းဘရစ်ချ်တက္ကသိုလ်ရဲ့ မျိုးရိုးဗီဇ ဆေးပညာဌာန ပါမောက္ခဖြစ်သူ ခေါင်းဆောင် သိပ္ပံပညာရှင်
ဂျွန်တော့ဒ်က "ဒီတွေ့ရှိချက်ဟာ တကယ့်ကို အံ့ဩစရာကောင်းသလို သိသာမြင်သာတဲ့
အချက်လည်း ဖြစ်နေပြန်တယ်"လို့ ဆိုပါတယ်။
"ဆောင်းတွင်းလတွေမှာ ဆိုးဝါးလာတတ်တဲ့ ရောဂါဝေဒနာတွေက နှလုံးရောဂါကအစ
စိတ်ရောဂါအဆုံး ဘာကြောင့်အများကြီး ဖြစ်နေရသလဲဆိုတာကို ဒီတွေ့ရှိချက်က
ကူညီရှင်းပြပေးပါတယ်"လို့ သူကဆိုပါတယ်။
"ဒါပေမဲ့ ဒီတွေ့ရှိချက်ကြောင့် အကျိုးရှိသွားတဲ့ အတိုင်းအတာကိုတော့ ဘယ်သူမှ
သတိမပြုမိသေးပါဘူး။ အုပ်စု ၁ ဆီးချိုရောဂါလို ရောဂါမျိုးတွေကို ကျွန်တော်တို့ကုသရာမှာ
ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲတွေ၊ ကျွန်တော်တို့ရဲ့ သုတေသန လေ့လာချက်တွေကို
ဘယ်လိုသုံးမလဲ ဆိုတာတွေက သိမ်မွေ့နက်နဲနေနိုင်ပါတယ်" လို့ ၎င်းကဆိုပါတယ်။
အဲဒီသုတေသနအဖွဲ့ဟာ အီကွေတာရဲ့ အပေါ်ခြမ်း၊ အောက်ခြမ်းဒေသတွေနဲ့ အီကွေတာမျဉ်းပေါ်က
အာဖရိကဒေသတွေမှာ နေထိုင်တဲ့ လူပေါင်း ၁၆,၀၀၀ ရဲ့ အဆီတစ်ရှူးနဲ့ သွေးနမူနာတွေကို
ကြည့်ရှုခဲ့ကြပါတယ်။
အဲဒီလို ကြည့်လိုက်တဲ့အခါ အဆီတစ်ရှူးတွေထဲက ထောင်ချီတဲ့ မျိုးရိုးဗီဇတွေဟာ နမူနာတစ်ရှူးတွေကို
ယူခဲ့တုန်းက ရာသီအချိန် ပေါ်မူတည်ပြီး စရိုက်လက္ခဏာ ကွာခြားချက်တွေရှိနေတာကို
တွေ့ခဲ့ရပါတယ်။
ရာသီဥတုဆိုင်ရာ ကွာခြားချက်တွေက သွေးဆဲလ်တွေထဲမှာပါ ရှိနေခဲ့တာပါ။
အီကွေတာရဲ့ အပေါ်ခြမ်းနဲ့ အောက်ခြမ်းက ယူခဲ့တဲ့ နမူနာတွေထဲက 'ရာသီဥတုဆိုင်ရာ မျိုးရိုးဗီဇ'
တွေမှာတော့ စရိုက်လက္ခဏာတွေက ဆန့်ကျင်ဘက်ဖြစ်တဲ့အထိ ပြောင်းလဲကြတာကို
တွေ့မြင်ရပါတယ်။
မှတ်တမ်းအရ ကွာခြားမှုအများဆုံးကတော့ နွေရာသီမှာ ၂၄ နာရီနီးပါး နေ့အလင်းရောင်ရပြီး
ဆောင်းရာသီမှာ ၂၄ နာရီ နီးပါး မှောင်နေတဲ့ အိုက်စ်လန်းဒေသက အလှူရှင်တွေရဲ့ နမူနာတွေ
ဖြစ်ပါတယ်။
ရာသီဥတုကွာဟချက် နည်းပါးတဲ့ အီကွေတာဒေသက လူတွေရဲ့နမူနာတွေမှာလည်း
အပြောင်းအလဲတွေ ရှိပေမယ့် သိသာထင်ရှားမှု သိပ်မရှိပါဘူး။
အနောက်အာဖရိက နိုင်ငံဖြစ်တဲ့ ဂမ်ဘီယာက နမူနာတွေထဲက ကိုယ်ခံအားသွေးဆဲလ်တွေမှာ
တွေ့ရတဲ့ မျိုးရိုးဗီဇတွေဟာ ဇွန်လကနေ အောက်တိုဘာလအတွင်း ငှက်ဖျား ရောဂါလို ခြင်ကြောင့်
ဖြစ်တဲ့ ရောဂါတွေအဖြစ်များတဲ့ မိုးရာသီမှာ ပိုမိုသက်ဝင် လှုပ်ရှားနေပါတယ်။
ထပ်မံတွေ့ရှိခဲ့တာကတော့ ရောင်ရမ်းခြင်းတွေမှာ တစ်စိတ်တစ်ပိုင်းတွေ့ရတဲ့ ARNTL လို့ခေါ်တဲ့
မျိုးရိုးဗီဇအကြောင်းဖြစ်ပါတယ်။
အဲဒီမျိုးရိုးဗီဇဟာ auto-immune disease လို့ ခေါ်တဲ့ ကိုယ်ခံအားစနစ်ရဲ့ မှားယွင်းတုံ့ပြန်မှုကြောင့်
ဖြစ်တဲ့ရောဂါတွေမှာလည်း ပါ၀င်နေတတ်ပြီး ရာသီဥတုရဲ့ လွှမ်းမိုးခြင်းကို ခံရတာတွေ့ရပါတယ်။
နောက်တစ်ချက်ကတော့ ကိုယ်ခံအားစနစ်ထဲမှာရှိတဲ့ ရာသီဥတုဆိုင်ရာ မျိုးရိုးဗီဇတွေက ပြင်းထန်တဲ့
တုံ့ပြန်မှုတွေကို ဖြစ်ပေါ်စေတဲ့အတွက် ကာကွယ်ဆေးတွေဟာ နွေရာသီမှာထက် ဆောင်းရာသီမှာ
အကျိုးအာနိသင်ပိုရှိတယ် ဆိုတာပါပဲ။
ဒီလေ့လာဆန်းစစ်ချက်ဟာ အလင်းရောင်နဲ့ ဒေသအပူချိန်တွေက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ
ကျန်းမာရေးအခြေအနေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်သလဲဆိုတာကို အဖြေရှာရာမှာလည်း
ပိုမိုလွယ်ကူစေမှာ ဖြစ်ပါတယ်။
မကြာသေးမီနှစ်တွေတုန်းကလည်း အချိန်ဖြတ်သန်းမှု အပြောင်းအလဲတွေကို ကြံုတွေ့ ရတဲ့
နေ့ဆိုင်းညဆိုင်းဆင်းရတဲ့ စက်ရုံလုပ်သားတွေနဲ့ ခရီးရှည်လေကြောင်းလိုင်းတွေက
လေကြောင်းဝန်ထမ်းတွေကို လေ့လာမှုတွေ အများကြီးလုပ်ခဲ့ရာက ဇီဝနာရီ အကြောင်းကို
ပိုမိုသိရှိလာခဲ့ပါသေးတယ်။
ကျော့ဒါလီလင်း ဘာသာပြန်သည်။
















