ပြည်ပမှာ ကျောင်းတက်လိုကြတဲ့သူတွေအတွက်

ပြည်ပမှာ ကျောင်းတက်လိုကြတဲ့သူတွေအတွက်

ကျွန်တော့်ရဲ့ ဆောင်းပါးဟာ နိုင်ငံခြားမှာ ပညာသွားသင်ချင်ကြတဲ့ လူငယ်၊ လူရွယ်တွေအတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ အလေးအနက်မျှော်လင့်ထားပါတယ်။ ပြည်ပမှာ ကျွန်တော် အဆင့်မြင့်ပညာတွေကို သင်ကြားဖြစ်ရတဲ့ အကြောင်းကို ကျွန်တော် အရင်ပြောပြချင်ပါတယ်။

ကျွန်တော့်ရဲ့ ဆောင်းပါးဟာ နိုင်ငံခြားမှာ ပညာသွားသင်ချင်ကြတဲ့ လူငယ်၊ လူရွယ်တွေ
အတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ အလေးအနက် မျှော်လင့်ထားပါတယ်။
ပြည်ပမှာ ကျွန်တော် အဆင့်မြင့်ပညာတွေကို သင်ကြားဖြစ်ရတဲ့ အကြောင်းကို ကျွန်တော်
အရင်ပြောပြချင်ပါတယ်။

ရန်ကုန်တက္ကသိုလ်ကနေ သချင်္ာအဓိကနဲ့ မဟာသိပ္ပံဘွဲ့ရထားတဲ့ ကျွန်တော်ဟာ ပြန်ကြားရေး
ဝန်ကြီးဌာနက သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းမှာ  အယ်ဒီတာအဖြစ် ဆယ်နှစ်နီးပါးလောက်
အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ကျွန်တော့် လုပ်ငန်းနယ်ပယ်နဲ့ ပိုပြီးဆက်စပ်မှုရှိတဲ့ ပညာဗဟုသုတတွေ ပိုရှိဖို့လိုတယ်လို့
အဲဒီအချိန်တုန်းက ကျွန်တော့်စိတ်ထဲသဘောပေါက်မိခဲ့ပါတယ်။

ဒါကြောင့်ဘန်ကောက်က တက္ကသိုလ်တွေမှာ အင်္ဂလိပ်စာသင်ပေးရင်းနဲ့ တစ်နေ့မှာ 
ပညာသင်ဆုနဲ့အတူဘွဲ့လွန်သင်တန်းတစ်ခုခု တက်ခွင့်ရလောက်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ 
အစိုးရဝန်ထမ်းက အလုပ်ထွက်လိုက်ပါတယ်။

ဘန်ကောက်ရောက်ပြီး သုံးနှစ်လောက်ကြာတဲ့အခါမှာတော့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု
ဘာသာရပ်ဆိုင်ရာ မဟာဘွဲ့အတွက်ဂျပန်နိုင်ငံတကာ တက္ကသိုလ်က ပညာသင်ဆုတစ်ခုကို
ကျွန်တော်ရရှိခဲ့ပါတယ်။

အဲဒီအချိန်တုန်းကတော့ ကျွန်တော့်အတွက် ရွေးချယ်စရာ ပညာရပ်သုံးမျိုးရှိပါတယ်။
အဲဒါတွေကတော့  အမ်ဘီအေ၊  နိုင်ငံတကာဆက်ဆံရေး၊ သို့မဟုတ် နိုင်ငံတကာ
ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ  မဟာသိပ္ပံဘွဲ့တို့ပါ။  

ကျွန်တော်က စီးပွားရေးလုပ်ငန်းနယ်ပယ်မှာ အလုပ်လုပ်ဖို့ ရည်ရွယ်ချက် မရှိတဲ့အတွက်  
အမ်ဘီအေကို မရွေးချယ်ခဲ့ပါဘူး။ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဘာသာရပ်ကို
ကျွန်တော်ရွေးချယ်ဖြစ်တာကတော့  ကျွန်တော့်ရဲ့ သချင်္ာဘာသာရပ်ဆိုင်ရာ နောက်ခံကြောင့်  
ဒီဘာသာရပ်ကို သင်ယူနိုင်ဖို့ ကျွန်တော့်မှာ ယုံကြည်ချက် ရှိနေတဲ့အတွက်ပါပဲ။

စီးပွားရေးနဲ့ စာရင်းအင်းပညာရပ်နဲ့ပတ်သက်ပြီး အဆင့်မြင့်ပညာရပ်တွေကို သင်ကြားထားတဲ့
လူတစ်ဦးဟာ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံကလာတဲ့သူဖြစ်တဲ့အခါ  အဲဒီသူဟာ  တခြားသူတွေနဲ့  
အရည်အသွေးချင်းတူနေတယ်ဆိုရင်  လူမှုသိပ္ပံနယ်ပယ်မှာ အလုပ်တစ်ခုရဖို့အတွက်
အခြားသူတွေကို ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ လူတော်တော်များများ ယုံကြည်ထားကြလိမ့်မယ်လို့
ကျွန်တော်ထင်ပါတယ်။

နိုင်ငံတကာဖွံ့ဖြိုးမှုဆိုင်ရာ ဘာသာရပ်သင်တန်းကနေ  နိုင်ငံတကာနိုင်ငံရေးဘောဂဗေဒ၊
စာရင်းအင်းပညာရပ်၊ သချင်္ာ၊ အဏုဘောဂဗေဒ (microeconomics) နဲ့ econometrics
ဘာသာရပ်တွေကို ရွေးချယ်သင်ယူခဲ့ပါတယ်။

နိုင်ငံတကာ တက္ကသိုလ် တစ်ခုဖြစ်တဲ့ အတွက် ကျွန်တော့်ရဲ့အတန်းဖော်တွေဟာ ကမ္ဘာ့နေရာ
အသီးသီးက လာကြတဲ့သူတွေ ဖြစ်ကြပြီး သူတို့ရဲ့ နောက်ခံပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း
တွေကလည်း အမျိုးမျိုးအဖုံဖုံ စုံလင်လှပါတယ်။

ပါမောက္ခတွေရဲ့ပို့ချချက်တွေအပြင် စာအုပ်နဲ့ဂျာနယ်တွေဖတ်ပြီးသိရှိထားတာတွေနဲ့
အင်တာနက်ပေါ်ကနေ ရှာဖွေဖတ်ရှုလို့ရတာတွေ၊ မိတ်ဆွေတွေနဲ့ တက္ကသိုလ်က ဆရာ၊
ဆရာမတွေနဲ့ အပြင်ပန်းဆွေးနွေးပြောဆိုဖြစ်ရာက ရရှိလာတဲ့ ဗဟုသုတတွေကြောင့်
ကျွန်တော့်ရဲ့ဘာသာရပ်ဆိုင်ရာ အသိပညာတွေ ကျယ်ပြန့်လာပြီး  သက်ဆိုင်ရာနိုင်ငံအလိုက်
ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီးတော့လည်း ပိုနားလည်လာခဲ့ပါတယ်။

သိပ်တော်လွန်းသွားရင်တော့လည်းအခြေအနေက တစ်မျိုးတစ်မည်ဖြစ်သွားနိုင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့  ပညာတတ်လွန်းသွားရင်လည်း သူတို့အတွက် အလုပ်အကိုင်ရဖို့က
မလွယ်ကူနိုင်တော့ပြန်ပါဘူး။

ဒါပေမဲ့ သူတို့က အကောင်းမြင်လွန်းတဲ့အတွက် သက်ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်
စီမံခန့်ခွဲရေးဌာနက အဲဒီလိုမျိုးဝေဖန်ချက်မျိုးတွေကိုလည်း မမျှော်လင့်ထားကြပါဘူး။

ဒါပေမဲ့ ကျွန်တော် တိုးတက်ဖို့အတွက် ပညာတွေ ထပ်သင်ဖြစ်တာဟာ
ကျွန်တော် မျှော်မှန်းထားသလောက် ဖြစ်မလာခဲ့ဘူးလို့ အဲဒီတုန်းက ကျွန်တော် ယူဆခဲ့ပါတယ်။

ဒါကြောင့်  ခြောက်နှစ်၊ ခုနစ်နှစ်လောက် အလုပ်လုပ်နေခဲ့ပြီးတဲ့နောက်မှာ ပါရဂူဘွဲ့အတွက်
ပညာတော်သင်ဆု လျှောက်ထားခဲ့ပြီး ပညာဆက်သင်ဖြစ်ခဲ့ပါတယ်။

ကျွန်တော်ကျောင်းဆက်တက်ဖို့အရေး မိသားစုဝင်တွေဖြစ်တဲ့ ကျွန်တော့်ဇနီးနဲ့
ကလေးနှစ်ယောက်တို့နဲ့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ  ကျွန်တော်က အသက်
၄၉ နှစ် ကျော်ထဲမှာဖြစ်နေပြီဆိုတော့ ပညာဆက်သင်ဖို့ကိုအခုလုပ်ကိုလုပ်ရတော့မယ့်
အခြေအနေမျိုးမှာပါ။

တိုတိုပြောရင် ကျွန်တော့်အသက် ၅ဝ ပြည့်တဲ့အချိန်မှာ ပညာသင်ဆုလျှောက်ပြီး
ပါရဂူဘွဲ့ဆက်တက်ဖို့ ကျွန်တော့်မိသားစုကို အသိပေးခဲ့ပါတယ်။

ဒါကလည်း ဒီလိုမျိုးကြိုးစားဖို့အတွက် ကျွန်တော့်ရဲ့ နောက်ဆုံးနှစ်လည်း ဖြစ်နိုင်ပါတယ်။
ကံကောင်းတာပဲလား၊ ကံဆိုးတာပဲလားတော့ မသိပါဘူး။ဟာဝိုင်ယီတက္ကသိုလ်မှာ
လူမှုဗေဒဘာသာရပ်အတွက် ပါရဂူဘွဲ့သင်တန်းတက်ဖို့ ကျွန်တော် ပညာသင်ဆု
အပြည့်အဝရရှိခဲ့ပါတယ်။
ဒီဘွဲ့ရဖို့အတွက် ခုနစ်နှစ်လောက် ကြာသွားခဲ့ပါတယ်။ ကျွန်တော်ရတဲ့ လစဉ်ကျောင်း
ထောက်ပံ့ကြေးနဲ့ တခြားထောက်ပံ့ကြေးတွေဟာ အမေရိကန်နိုင်ငံမှာ ပညာတော်သင်နေတဲ့
အချိန်အတွင်းမှာ ကျွန်တော့်ရဲ့အဓိကကုန်ကျစရိတ်တွေအတွက် လုံလောက်ပါတယ်။

နွေရာသီတိုင်း ကျွန်တော် အိမ်ပြန်လာ ဖြစ်သလို ကျွန်တော့်မိသားစုတွေနဲ့အတူ
ခပ်ကြာကြာနေဖို့အတွက်နဲ့ ကျွန်တော်သူတို့နဲ့ အတူမရှိတဲ့အချိန်  ကျွန်တော့်မိသားစုသုံးစွဲလို့
ရအောင် ငွေအလုံအလောက်ရှာနိုင်ဖို့အတွက် ခွင့်ရက်ရှည် ယူတာတွေလည်းရှိပါတယ်။

အဲဒီအချိန်ဟာ ကျွန်တော်တို့အားလုံးအတွက်  တကယ့်ကို ခက်ခဲတဲ့အချိန်တစ်ခုကို
ဖြတ်ကျော်ခဲ့ရပါတယ်။

အဲဒီနှစ်တွေအတွင်းကအခက်အခဲတွေကို သည်းခံခဲ့ကြတဲ့ ကျွန်တော့်မိသားစုဝင်တွေကို
ကျေးဇူးတင်ကြောင်း ထပ်ပြောလိုပါတယ်။

အခုတော့ နိုင်ငံခြားမှာ ပညာသွားသင်ချင်ကြတဲ့သူတွေအတွက် ဘွဲ့ကြိုနဲ့ ဘွဲ့လွန်
ကျောင်းသားဆိုပြီး နှစ်မျိုးနှစ်စားခွဲခြားပြီး အကြံကောင်းတချို့ပေးလိုပါတယ်။

ဘွဲ့ကြိုကျောင်းသားတွေအတွက် ကျွန်တော့်ရဲ့  အကြံပေးချက်တွေဟာ  အထူးသဖြင့်
အစိုးရပိုင်ကျောင်းဖြစ်ဖြစ်၊ ပုဂ္ဂလိကကျောင်းမှာပဲဖြစ်ဖြစ်  မြန်မာစကားကို အသုံးပြုပြီး
ကျောင်းပညာ သင်ယူနေကြပြီး  ပြည်ပမှာ  အဆင့်မြင့်ပညာကို သင်ယူလိုတဲ့ကျောင်း
သားတွေအတွက် အဓိကရည်ရွယ်ပါတယ်။

၁။ သင်္ချာတော်အောင် ကြိုးစားသင့်ပါတယ်။ မြန်မာနိုင်ငံက ပညာရေးစနစ်ကြောင့်  ပြည်ပမှာ
ပညာသွားသင်ကြတဲ့ မြန်မာကျောင်းသားတွေဟာ အထူးသဖြင့် ပထမနှစ်ဝက်မှာ 
အခက်အခဲတွေ တွေ့ရလေ့ရှိပါတယ်။ ဆင်ခြင်တွေးတောပိုင်းခြားနိုင်စွမ်းရှိအောင် လေ့ကျင့်
ယူကြဖို့လည်း လိုပါတယ်။ (Grade 6) ငါးတန်းနဲ့ (Grade 10) ကိုးတန်းတွေမှာ တက်ကြမယ့်
ကျောင်းသားတွေအတွက်  အောက်ပါမေးခွန်းမျိုးတွေကို ဖြေဆိုဖို့ ကြိုးစားကြည့်နိုင်ပါတယ်။

(က) လှေကားထစ်သုံးထစ်ပါတဲ့ လှေကားအုံတစ်ခု တည်ဆောက်ဖို့ ကုဗတုံးခြောက်တုံးကို
သုံးပါတယ်။ လှေကားထစ် ၁၁ ထစ်အတွက်ဆိုရင် ကုဗတုံးအရေအတွက် ဘယ်လောက်
လိုပါသလဲ။

(ခ) အမှန် ဒါမှမဟုတ် အမှားကိုရွေးပါ။စတုရန်းတစ်ခုက အနားပြိုင်စတုဂံတစ်ခုဖြစ်သလို
ရွမ်းဘတ်စ်တစ်ခုလည်းဖြစ်တယ်။

(ဂ)  မနီက မဖြူထက်ပိုပြီး မြန်မြန်ပြေးနိုင်ပေမယ့် မညိုထက် ပိုနှေးပါတယ်။ ဘယ်သူက
ပြေးရာမှာ အနှေးဆုံးလူဖြစ် ပါသလဲ။

(ဃ) ထောင့်မှန်စတုဂံတစ်ခုရဲ့ အလျားနဲ့အနံတွေဟာ ကိန်းပြည့်တွေ ဖြစ်ပါတယ်။ ပတ်လည်
အနားက မီတာ ၂ဝဖြစ်ပါတယ်။ ဒီလိုမျိုး ထောင့်မှန်စတုဂံမျိုးမှာ အကြီးဆုံး ဧရိယာရှိအောင်
အနားတစ်ဘက် ဘယ်လောက်ရှိရပါမလဲ။

(င) ကျောင်းသားအယောက် ၃ဝ ရှိတဲ့ အခန်းတစ်ခန်းမှာ ကျောင်းသား ၂၁ ယောက်က
ကမ္ဘာ့တိုက်ကြီးတွေရဲ့နာမည်တွေကိုပြောနိုင်ပါတယ်။ ၂၃ ယောက်က ကမ္ဘာ့သမုဒ္ဒရာကြီးတွေရဲ့ နာမည်တွေကို ပြောနိုင်ပါတယ်။ လေးယောက်ကတိုက်ကြီးတွေရဲ့ နာမည်ရော၊ သမုဒ္ဒရာတွေရဲ့
နာမည်ရော မပြောနိုင်ပါ။ တိုက်ကြီးတွေရဲ့ နာမည်ရော သမုဒ္ဒရာတွေရဲ့နာမည်ရော ပြောနိုင်တဲ့
ကျောင်းသားအရေအတွက် ဘယ်လောက်များ ရှိပါသလဲ။

အပေါ်မှာ ဖော်ပြထားတဲ့အကြောင်းအရာတွေမပါဝင်တဲ့ သင်ရိုးညွှန်းတမ်းကို သင်ကြားနေသူတွေ
အတွက် နိုင်ငံရပ်ခြားကျောင်းတွေ ဒါမှမဟုတ် ပြည်တွင်းမှာပဲ တည်ထောင်ထားတဲ့ နိုင်ငံတကာ
ကျောင်းတွေမှာသင်ကြားနေတဲ့ သချင်္ာဘာသာရပ်နဲ့ပတ်သက်တဲ့ပြဋ္ဌာန်းစာအုပ်တွေ
ဒါမှမဟုတ် နောက်ဆက်တွဲစာအုပ်တွေကို ဖတ်ရင်း သချင်္ာနဲ့ပတ်သက်တဲ့ ဒီလိုမျိုးဉာဏ်စမ်း
မေးခွန်းတွေကို ကိုယ်တိုင်အကျွမ်းတဝင်ဖြစ်အောင် လုပ်ထားရင်ကောင်းပါတယ်။

ခုနစ်တန်းနဲ့ ရှစ်တန်း အတန်းတင်စာမေးပွဲတွေ ဖြေပြီးပြီးချင်းနဲ့ နောက်စာသင်နှစ်တွေ မစခင်
ကိုယ့်အသက်အရွယ်နဲ့ ကိုက်ညီတဲ့ မေးခွန်းတွေကို ဖြေဆိုနိုင်မယ်ဆိုရင် အခြားသူတွေရဲ့နောက်
အများကြီး နောက်ကျကျန်နေခဲ့မှာ မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။

အဲဒီ ပြဋ္ဌာန်းစာအုပ်တွေနဲ့ နောက်ဆက်တွဲစာအုပ်တွေထဲမှာတွေ့ရမယ့် သချင်္ာမေးခွန်းတွေကို
ဖြေဆိုရာမှာ မရှောင်လွှဲလိုက်ဖို့လည်း ဂရုစိုက်ပါ။

ဂရိတ် ၁ဝ အတန်းတင်စာမေးပွဲကိုဖြေထားတဲ့ ကျောင်းသူကျောင်းသားတွေကိုတော့ ဒီလိုလုပ်ဖို့
အားမပေးချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကျောင်းသူကျောင်းသားတွေဟာ တက္ကသိုလ်ဝင်ခွင့်
စာမေးပွဲအတွက် စိတ်ရောကိုယ်ပါ နှစ်မြှုပ်အားထုတ် ကြိုးစားကြရမှာဖြစ်လို့ပါ။

အင်္ဂလိပ်စာ တော်အောင်ကြိုးစားကြဖို့ကိုတော့ ပြောဖို့တောင် မလိုပါဘူး။ ဂရိတ် ၈ နဲ့ ဒါမှမဟုတ်
ဂရိတ် ၉ အတန်းတင်စာမေးပွဲတွေဖြေပြီးသွားရင် အထူးသဖြင့် နွေရာသီကျောင်းပိတ်ရက်တွေမှာ
ကလေးတွေအတွက် ရည်ရွယ်ပြီးထုတ်ထားတဲ့ အင်္ဂလိပ်စာအုပ်တွေကို ဖတ်ကြပါ။  

အောက်မှာညွှန်းထားတဲ့ စာအုပ်တွေထဲကနဲ့ တခြား အင်္ဂလိပ်စာအလွယ်နဲ့ ရေးသား
ထုတ်ဝေထားတဲ့ စာအုပ်တွေ၊ ကလေးစာပေစာအုပ်တွေကိုတတ်နိုင်သမျှ များများဖတ်နိုင်အောင်
ကြိုးစားပါ။

  1.  Ladder series
  2.  Ladybird series
  3.  Blueberry series

American English အဖတ်စွမ်းရည်အတွက် စာအုပ်တွေဖြစ်တဲ့ Ladder seriesတွေကို
အခုရနိုင်လား မရနိုင်ဘူးလားဆိုတာကိုတော့ ကျွန်တော် သိပ်သေချာမသိပါဘူး။

ကျွန်တော်တို့ ကလေးဘဝတုန်းကတော့ အဲဒီလိုစာအုပ်မျိုးတွေ အများကြီးရှိပါတယ်။

ကျွန်တော်ငယ်စဉ်က ကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်တော် အဖေဟာ ကျွန်တော်တို့ကို
ရေဒီယိုကလာတဲ့ BBC English သင်ခန်းစာတွေနဲ့ VOA သတင်းတွေထဲက ထူးခြားတဲ့
အင်္ဂလိပ်စာတွေ၊ စကားလုံး အသုံးအနှုန်းတွေနဲ့ သတင်းအကြောင်းအရာတွေကို
အတင်းနားထောင်ခိုင်းခဲ့ပါတယ်။

ဘွဲ့လွန်ကျောင်းသားများအတွက်

ငွေကြေးအကူအညီတစ်နည်းနည်းနဲ့ဖြစ်စေ ဘွဲ့လွန်သင်တန်းတွေမှာ ဝင်ခွင့်လျှောက်ထား
နေတယ်ဆိုရင် အများအားဖြင့် သင့်ကို အက်ဆေးနှစ်မျိုး ရေးခိုင်းပါလိမ့်မယ်။

အောက်မှာဖော်ပြထားတာတွေကတော့ တက္ကသိုလ်တစ်ခုက လိုအပ်ချက်နမူနာပုံစံတစ်ခုကို
ယူပြီးပြောပြထားတာပါ။

၁။ ကိုယ်ရေးရာဇဝင်အကျဉ်း ကိုယ်ရေးရာဇဝင်အကျဉ်းထဲမှာတော့ သင်ဟာ
ဘာကြောင့် ဒီတက္ကသိုလ်ကို လာရောက်သလဲ ဒီသင်တန်းကို ဘာကြောင့်တက်ရောက်ဖို့
လျှောက်ထားရသလဲ နောက်ပြီး သင်တန်းပြီးဆုံးသွားရင် ဘယ်လိုအလုပ်အကိုင်မျိုးကို
ရွေးချယ်လုပ်ကိုင်မလဲ ဆိုတာတွေကို ရေးပြရပါမယ်။ (ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေဟာ
များသောအားဖြင့် ပညာသင်မှုပြီးဆုံးသွားရင် သင့်ကို ကိုယ့်နိုင်ငံကို ပြန်သွားပြီး မိမိနိုင်ငံအတွက်
ဖွံ့ဖြိုးတိုးတက်မှုတွေ ဆောင်ရွက်ရာမှာ ပါဝင်လုပ်ဆောင်ဖို့ မျှော်လင့်ထားကြတာပါ)

၂။ သုသေတနအကြံပြုလွှာ- ဒီအကြံပြုလွှာမှာ များသောအားဖြင့် သင်ကြိုးစားသင်ယူနေတဲ့
ဘွဲ့ဒီဂရီတစ်ခုကို ရရှိဖို့အတွက် အရေးအကြီးဆုံး လိုအပ်ချက်တွေထဲက တစ်ခုဖြစ်တဲ့
အရည်အသွေးပြည့်ဝတဲ့ MA/MS/PhDသုသေတနစာတမ်း၊ သို့မဟုတ် ကျမ်းတစ်ခုကို
ပြီးမြောက်အောင် ဆောင်ရွက်ဖို့အတွက် ဖော်ပြပေးရမှာပါ။

သင့်ရဲ့ MA/MS/PhDသုသေတနစာတမ်း၊ သို့မဟုတ် ကျမ်းအတွက်ဆောင်ရွက်ရမယ့်
သုသေတနစီမံကိန်းနဲ့ သက်ဆိုင်တဲ့ ရှင်းလင်းတိကျတဲ့ အကြံပြုလွှာတစ်ခုနဲ့အတူ တက္ကသိုလ်ကို
ရောက်လာဖို့ကိုလည်း ညွှန်ကြားခံရနိုင်ပါတယ်။

တစ်ခါတလေ သုသေတနအကြံပြုလွှာရေးသားရမယ့် အကြမ်းဖျင်း ရှင်းလင်းချက်တစ်ခုကို
ပေးထားတတ်ပါတယ်။ အဲဒီလိုအခါမျိုးဆိုရင်တော့ ပေးထားတဲ့ ရှင်းလင်းချက်ကို တိတိကျကျ
လိုက်နာရပါမယ်။ (သင်တက္ကသိုလ်ကို ရောက်လို့ သုသေတနစာတမ်းလုပ်ရမယ့် အချိန်ကျရောက်
လာရင်တော့ သင့်ရဲ့ သုသေတနစာတမ်း၊ သို့မဟုတ် ကျမ်းရဲ့ ခေါင်းစဉ်ကို အမြဲပြောင်းလဲနိုင်ပါတယ်)
ဘွဲ့လွန်သင်တန်းတစ်ခုကို ဝင်ခွင့်ရရှိစေဖို့ပညာသင်ဆုတွေ ရရှိစေဖို့အတွက် ကျွန်တော်ရဲ့
အကြံပြုချက်တွေကို အောက်မှာ ဖော်ပြထားပါတယ်။

၁။ တတ်နိုင်သမျှ ပညာရှင်အဆင့်ပုံစံမျိုးဖြစ်အောင်ရေးပါ။ အထူးသဖြင့် သုတေသန
အက်ဆေးရေးရာမှာ ဖြစ်ပါတယ်။ ဒီလိုရေး နိုင်ဖို့အတွက် ဆောင်းပါးတွေ အထူးသဖြင့် ပညာရှင်
တွေက စိစစ်တည်းဖြတ်ပေးထားတဲ့ ဂျာနယ်မျိုးတွေကို ရှာဖတ်ပါ။ ပြီးတော့ အရေး
အသားစတိုင်ကို အတုယူ လေ့လာပါ။ ဆောင်းပါးတွေကို တစ်ထပ်တည်း ကူးရေးတာမျိုး
စကားလုံးအနည်းငယ်လောက် ပြောင်းပြီး ပြန်ရေးတာမျိုးတော့ မလုပ်ပါနဲ့။

၂။ တက္ကသိုလ်တွေနဲ့ ပညာသင်ဆုပေးတဲ့အစီအစဉ်တွေမှာ ဘက်လိုက်မှုတွေတော့ကိုယ်
စီရှိကြပါတယ်။ အချိန်ကာလအလိုက် နိုင်ငံအချို့က သူတွေကို ရွေးပြီး ပေးချင်ပေးမယ်။
ဘာသာရပ်အချို့ကို သင်ယူလေ့လာထားသူတွေကို ဦးစားပေးပြီးပေးချင်ပေးမယ်။အဖွဲ့အစည်း
အချို့မှာ အလုပ်လုပ်ခဲ့သူ ဒါမှမဟုတ် အလုပ်လုပ်နေဆဲသူတွေကို ပေးတာမျိုးရှိချင်လည်းရှိမယ်။
ဒီလိုအချက်တွေကိုသတိမူပြီး သူတို့နဲ့ သဟဇာတဖြစ်အောင်ကြိုးစားပါ။

၃။ ယနေ့ခေတ်မှာ လူတွေဟာ တိုင်းတာရေတွက်မှုလုပ်ရတဲ့ အရာတွေကို သဘောကျ
နှစ်ခြိုက်လာကြတယ်။ သင်္ချာတွက်ချက်မှုတချို့ လုပ်ကြည့်ပါ။ သင်္ချာဘာသာရပ်ကို
ကောင်းကောင်း နားလည်ထားရင် စာရင်းအင်းပညာ၊ မိုက်ခရိုနဲ့ မေခရို အီကောနောမစ်
(micro and macro economics) အဆင့်အထိရှိတဲ့ သင်ခန်းစာတွေကို နားလည်စေနိုင်အောင်
အထောက်အကူ ပေးနိုင်ပါတယ်။

၄။ လက်ရှိဖြစ်ပျက်နေတာတွေနဲ့ နိုင်ငံတကာရေးရာတွေနဲ့ ပတ်သက်ပြီး သင် သိရှိထားတာတွေ
ထက် ပိုသိရှိနိုင်ဖို့အတွက် အောက်မှာ ဖော်ပြထားတဲ့ ဝက်ဘ်ဆိုက်နှစ်ခုကို ပုံမှန်ဝင်ကြည့်ပေးပါ။
The New York Times, The Economist နဲ့ အခြား ဝက်ဘ်ဆိုက်အနည်းငယ်တို့ ဖြစ်ပါတယ်။

၅။ သင့်ရဲ့ အကြားစွမ်းရည်တွေကိုလည်း တိုးတက်အောင် လုပ်သင့်ပါတယ်။ မှန်ကန်တဲ့
အင်္ဂလိပ်စာတမ်းထိုးတွေပါတဲ့ တီဗီစီးရီးတွေ ရုပ်ရှင်တွေကို ကြည့်ပေးပါ။ အင်္ဂလိပ်စာတမ်းထိုး
မှန်ကန်မှုကို ဘာဖြစ်လို့ပြောတာလဲဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံမှာရနိုင်တဲ့ အချို့  DVD တွေမှာ
စာတမ်းထိုးတွေ မမှန်လို့ ဖြစ်ပါတယ်။ ။

၆။ အရေးစွမ်းရည် တိုးတက်ချင်တယ်ဆိုရင် သင်တန်းတစ်ခု တက်ပါ ဒါမှမဟုတ် အပြင်ဆရာတစ်ဦး
ငှားပြီး သင်နိုင်ပါတယ်။ ဘယ်လိုနည်းလမ်းကိုပဲ ရွေးရွေး ''ကိုယ်တိုင် လေ့လာသင်ယူခြင်းဟာ
အကောင်းဆုံး သင်ယူမှုပါပဲ။

၇။  တက္ကသိုလ်တစ်ခုမှာ ဝင်ခွင့်လျှောက်ထားတဲ့အခါ ပညာသင်ဆုလျှောက်ထားတဲ့အခါမျိုးမှာ
ဘယ်တော့မှ လွယ်လွယ်နဲ့ အရှုံးမပေးလိုက်ပါနဲ့။ လျှောက်လွှာ ၄ဝ၊ သို့မဟုတ် ၅ဝ အထိ ဒါမှမဟုတ်
ဒီထက်များနိုင်သလောက် များများလျှောက်ထားဖို့ လိုအပ် ပါတယ်။

၈။ ပညာရပ်ဆိုင်ရာအတွက် ရွေးချယ်ခွင့်ရှိမယ်ဆိုရင်တော့ သူ့ရဲ့ လက်အောက်မှာ မတူညီတဲ့
ကောလိပ်တွေရှိတဲ့ တက္ကသိုလ်တစ်ခုကို ရွေးသင့်ပါတယ်။ ဒါဆိုရင် သင်တက်ရောက်နေတဲ့
ကောလိပ်၊ သို့မဟုတ်သင့်ရဲ့ဌာနကောလိပ်မှာ မရှိတဲ့ ဘာသာရပ်တွေကို အခြားဌာနတွေမှာ
သွားတက်နိုင်မယ့် အခွင့်အရေးတစ်ခု ရရှိပါလိမ့်မယ်။ကျွန်တော် ဟာဝိုင်ယီမှာ ကျောင်းတက်တုန်းက
စာကျက်ဝိုင်းတစ်ခုကို ကျွန်တော်တို့ ဖွဲ့ခဲ့ပါတယ်။ ကျွန်တော့်မှာ အခြားအဖွဲ့ဝင် သုံးဦးရှိပြီး
နှစ်ဦးက စာ သိပ်မတော်ပါဘူး။ ဒါပေမဲ့ အခု ဒီစာသိပ်မတော်သူ နှစ်ယောက်က ဒေါက်တာဘွဲ့
ရရှိဖို့ အတွက်ကြိုးစားနေကြပြီး စာတော်တဲ့ တစ်ယောက်ကတော့ အလုပ်ဝင်နေပါပြီ။

ဒီလို စာသိပ်မတော်တဲ့ သူတွေဟာ အထူးသဖြင့်ပညာကို ဆည်းပူးလေ့လာတဲ့ နေရာမှာ
ပိုကြိုးစားကြပြီး ရည်မှန်းချက်လည်း ကြီးကြတာကို ကျွန်တော် မကြာခဏ တွေ့ရှိရပါတယ်။
ဒါကြောင့် အခွင့်အရေးရမယ်ဆိုရင် ဉာဏ်ရည်ထက်မြက်သူတွေ ပညာဆက်လက်သင်ယူဖို့
ကျွန်တော် တိုက်တွန်းလိုပါတယ်။ဒါပေမဲ့တကယ်လို့ အသက် ၄ဝ၊ သို့မဟုတ် ၅ဝ ဝန်းကျင်
အရွယ်အတွင်း ရောက်နေသူတွေဆိုရင်တော့ ပညာဆက်လက်သင်ကြားဖို့ကို နှစ်ခါပြန်
စဉ်းစားစေချင်တယ်။ အထူးသဖြင့် မိမိရဲ့ သွေးသားရင်းချာတွေကို ထားခဲ့ရမယ် ဆိုရင်ပေါ့။

သီရီမင်းထွန်း၊ ဝင်းသော်တာနှင့် ဇာဇာစိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021