ရန်ကုန်မြို့ရဲ့ ရပ်ကွက်တွေမှာ အမ်ဘီဘီအက်စ် ဘွဲ့ရ ဆရာဝန်တွေရဲ့ အထွေထွေရောဂါကုဆေးခန်းငယ်လေးတွေ ပြည်သူ့ကျန်းမာရေး အတွက်များစွာ အကျိုးပြုလျက်ရှိပါတယ်။
ရန်ကုန်မြို့ရဲ့ ရပ်ကွက်တွေမှာ အမ်ဘီဘီအက်စ် ဘွဲ့ရ ဆရာဝန်တွေရဲ့ အထွေထွေရောဂါကု
ဆေးခန်းငယ်လေးတွေ ပြည်သူ့ကျန်းမာရေး အတွက်များစွာ အကျိုးပြုလျက်ရှိပါတယ်။
ဒါပေမဲ့လည်း ကောင်းကျိုး ရှိသလို ဘေးထွက်ဆိုးကျိုးတချို့ ရှိတယ်ဆိုရင်လည်း မမှားပါဘူး။
ဒီဆေးခန်းတွေမှာ လူလတ်တန်းစားနဲ့ အောက်ခြေလူတန်းစား အများစု ဆေးခန်းလာပြနိုင်ဖို့
လူနာရဲ့ဝင်ငွေ နဲ့မျှတအောင် စမ်းသပ်ခနဲ့ ဆေးဖိုးအပါ အဝင် ငွေကျပ် ၁,၅၀၀ လောက်နဲ့
လူနာတွေ ကို လက်ခံဆေးကုသပေးနေရပါတယ်။
အခုလို လူနာရဲ့ ၀င်ငွေကို မူတည်ပြီး ဆေးကုသပေးနေတဲ့ ဆရာဝန်တွေဟာ ၀င်ငွေ အတွက်၊
အမြတ်အစွန်းကျန်ဖို့အတွက် ဈေးချို သာပြီး အာနိသင် ပျော့တဲ့ဆေးတွေနဲ့ ဆေး ကုမ္ပဏီတွေက သက်တမ်းကုန်ခါနီးလို့ ဈေး လျှော့ရောင်းတဲ့ ဆေးတွေကို ရောသုံးပြီး ဖြေရှင်းနေရပါတယ်။
"ဒီမြို့နယ်မှာ တစ်ယောက်ကို ၁,၅၀၀ နဲ့ ကုမပေးဘူးဆိုရင် လူနာတွေက မတတ်နိုင်လို့
ဆေးခန်းကို လာတော့မှာမဟုတ်ဘူး။ ဒါကြောင့် မတတ်သာလို့ ဈေးသက်သာတဲ့၊ ဆေးလေးတွေ
ရောသုံးပေးရတယ်။ ဒါမှ ဆေးခန်းစရိတ်ကာမိမှာ၊ မသုံးဘူးဆိုရင် ဆေးခန်းပိတ်ရလိမ့်မယ်" လို့
တောင်ဥက္ကလာပ မြို့နယ်မှာ ကိုယ်ပိုင်ဆေးခန်း ဖွင့်လှစ်ထား တဲ့ ဆေးခန်းပိုင်ရှင် ဒေါ်ဇာဇာက
မြန်မာ တိုင်း(မ်)ကို ပြောပါတယ်။
မြန်မာနိုင်ငံက ဆေးဈေးကွက်တွေမှာ အများဆုံးရနိုင်တဲ့ ဈေးသက်သာတဲ့ ဆေးတွေဆိုတာ
ဘာတွေလဲ၊ ဒီဆေးတွေနဲ့ ပတ်သက်ပြီး တော့ ဆေးကုမ္ပဏီလောကမှာ ၁၀ နှစ်နီးပါး ကျင်လည်
ခဲ့ပြီး ကိုယ်တိုင်လည်း ကိုယ်ပိုင် ဆေးပေးခန်းဖွင့်ထားတဲ့ ဦးမျိုးဇော်က အခုလို ပြောပါတယ်။
"အရည်အသွေး မပြည့်တဲ့၊ နယ်စပ်ကနေ တရားမဝင် သွင်းလာတဲ့ တရုတ်၊ အိန္ဒိယ ဆေးတွေရယ်၊
ဆေးကုမ္ပဏီတွေက သက်တမ်း ကုန်ခါနီးလို့ ဈေးလျှော့ရောင်းတဲ့ ဆေးတွေ ရယ်၊ အိန္ဒိယဆေး
ကုမ္ပဏီတချို့က ပို့လိုက်တဲ့ အရည်သွေးမပြည့်မီတဲ့ ဆေးတွေပါပဲလို့" ဟု သူကပြောပါတယ်။
မြန်မာနိုင်ငံက ဆေးကုမ္ပဏီအများစုဟာ ရပ်ကွက်ထဲမှာရှိတဲ့ ဆေးခန်းတွေကို ဦးတည်
ရောင်းချတဲ့ ဈေးကွက်က အများဆုံးဖြစ်ပြီး အထူးကုတွေဆရာဝန်တွေ အသုံးပြုတဲ့ ရောဂါ
သီးသန့်ကုဆေးဝါးတွေနဲ့ ဆေးဆိုင်တွေကို လည်း ဖြန့်ချိတင်ပို့ရောင်းချပါတယ်။ ဈေးသက်သာတဲ့
ဆေးတွေကိုသုံးတဲ့ ဆရာဝန်တချို့က လူနာတွေ မသိအောင် တံဆိပ်မပါ၊ စာတန်းမရှိ
ဘာဆေးမှန်းခွဲခြား ရခက်အောင် ရောင်စုံဆေးလုံးတွေကိုသာ ရောစပ် ပေးလေ့ရှိတယ်လို့
ဦးမျိုးဇော်က ပြောပါတယ်။ "ဒီထက်ပိုဆိုးတာက ဆေးစာအုပ်တွေမှာ ဘာဆေးတွေ သုံးမှန်း
မသိအောင် သောက် ရတဲ့ ဆေးအမည်တွေ၊ အမျိုးအစားတွေကို ထည့်မပေးတာပါပဲ။ ဆေးမှတ်တမ်း
စာအုပ် ထားမပေးတာတွေလည်း ရှိပါတယ်။ လူနာ အများစုက နားမလည်တော့ မသိကြဘူးပေါ့။ နောက်ပြီးတော့ ဆေးစာအုပ်တွေမှာ ရေးမပေး တာကတော့ လူနာတွေက
ဆေးနာမည်တွေ သိပြီး ဆေးခန်းမှာကိုယ်တိုင် ဆေးဝယ်သောက် လို့ ပျောက်သွားရင်
ဆေးခန်းမလာကြတော့မှာ စိုးလို့လည်း ပါတယ်"လို့ သူက ပြောပါတယ်။
အခုလို ဆရာဝန်များ ဆေးဆိုင်များရဲ့ နည်းစနစ်မကျမှု၊ ဆေးကုမ္ပဏီအချို့ရဲ့ အကျိုး အမြတ်ရလိုမှု၊
မသိနားမလည်တဲ့ လူနာတွေ၊ ဌာနဆိုင်ရာရဲ့ ဆေးဝါးများကြီးကြပ်ကွပ်ကွဲမှု အားနည်း
တာတွေကြောင့် နောက်ဆက်တွဲ ဆိုးကျိုးကတော့ မြန်မာနိုင်ငံမှာ ဆေးယဉ်ပါးမှု တစ်နည်း
အားဖြင့် ရောဂါတွေ ကုသရာမှာ ဆေးမတိုးတာတွေ ဖြစ်ပွားရပါတယ်။ "နမိုးနီးယား(ခေါ်)
အဆုတ်ရောင်ရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ရောဂါ၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါတွေမှာ
ဆေးမတိုးတဲ့ ဆေး ယဉ်ပါးမှု ဖြစ်ပေါ်နေတယ်" လို့ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ဒေါက်တာမီမီကိုက မြန်မာတိုင်း(မ်)ကို ပြောကြားသွားပါတယ်။ "မြန်မာနိုင်ငံက
ဆေးယဉ်ပါးမှုများတဲ့ နိုင်ငံတွေထဲမှာ ပါပါတယ်။ ဒါနဲ့ ပတ်သက် ပြီးတော့လည်း ကျန်းမာရေး
ပညာရှင်တွေက စိုးရိမ်နေတယ်" လို့ သူက ပြောပါတယ်။
"တကယ်လို့ ရောဂါတွေက ဆေးမတိုး တော့ဘူးဆိုရင် ဆေးဝါးအသစ်တွေ တိုးလာမယ်။
တကယ်တော့ ဆေးဝါးအသစ်တွေ ထုတ်ဖို့ဆိုတာ ပညာရှင်တွေ ၁၀ နှစ်လောက် ကြာအောင်
ကြိုးစားပြီးတော့မှ ရလာနိုင် တယ်။ ဒါကြောင့် ဆေးမတိုးတဲ့ ရောဂါတွေ မဖြစ်အောင် တားဆီးဖို့
လိုပါတယ်" လို့ သူက ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ရောဂါကုတဲ့ ဆရာဝန်တွေ ကလည်း ကျင့်ဝတ်ပိုင်း
အရ ထိန်းသိမ်းဖို့ လိုအပ်နေပေမယ့် ဆရာဝန်အများစုက စိတ် မဝင်စားကြဘူးလို့ သူကပြောပါတယ်။
ပြည်သူ့ကျန်းမာရေးကို အနီးကပ်ဖြေရှင်း ပေးနေတဲ့ ဒီလိုအထွေထွေရောဂါကုဆေးခန်း (ဂျီပီ)
တွေပိုပြီး ကျန်းမာရေး ၀န်ဆောင်မှု ပိုမို ပေးနိုင်ဖို့ ၀ိုင်းဝန်းစဉ်းစားသင့်နေပါပြီ။

















