ကျွန်တော်တို့ တာဝန်ယူရတဲ့နယ်မြေမှာ လုပ်ရင် ဘာပဲလုပ်လုပ် အသိပေးသင့်တယ်

ကျွန်တော်တို့ တာဝန်ယူရတဲ့နယ်မြေမှာ လုပ်ရင် ဘာပဲလုပ်လုပ် အသိပေးသင့်တယ်

နေပြည်တော် - မန္တလေး အမြန်လမ်းမကြီးဟာ ၃၅၈ မိုင်ရှိပြီး နေပြည်တော် -ရန်ကုန်၊ နေပြည်တော် - မန္တလေးတို့ကို နေ့ချင်းပြန် သွားလာနိုင်လို့ လူသုံးအလွန်များလာတဲ့ လမ်းတစ်လမ်းပါ။ လက်ရှိ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး (ဌာနချုပ်) တပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ထွန်းအောင်က မဆင်မခြင်မောင်းနှင်၊စည်းကမ်း ဖောက်ဖျက်ကြလို့...

 

နေပြည်တော် - မန္တလေး အမြန်လမ်းမကြီးဟာ ၃၅၈ မိုင်ရှိပြီး နေပြည်တော် -ရန်ကုန်၊
နေပြည်တော် - မန္တလေးတို့ကို နေ့ချင်းပြန် သွားလာနိုင်လို့ လူသုံးအလွန်များလာတဲ့
လမ်းတစ်လမ်းပါ။ လက်ရှိ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး (ဌာနချုပ်) တပ်ဖွဲ့မှူး ရဲမှူးကြီး
ဇော်ထွန်းအောင်က မဆင်မခြင်မောင်းနှင်၊စည်းကမ်း ဖောက်ဖျက်ကြလို့မျှော်လင့်မထားတဲ့
အန္တရာယ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရသူတွေ ရှိသလို ဆင်ဆင်ခြင်ခြင်မောင်းနှင်ရင်အရင်က
တစ်ညအိပ်မောင်းနှင်ရတဲ့ ခရီးကိုနာရီပိုင်းအတွင်း ဒါမှမဟုတ် နေ့ချင်းပြန်၊အန္တရာယ်
ကင်းကင်းနဲ့ သွားလာနေကြသူတွေလည်း ရှိကြတယ်လို့ ဆိုပါတယ်။

ပရဟိတအဖွဲ့တချို့က အမြန်လမ်းမှာ ဖြစ်တဲ့ အမှုတွေကို ကူညီတာတွေ၊ ကယ်ဆယ်
တာတွေ
လုပ်နေတာတွေ တွေ့ရတယ်။ တရားဝင်ခွင့်ပြုချက်နဲ့ လုပ်တာလား။

ဒီကိစ္စမျိုးဟာ အမှန်တကယ် စနစ်တကျနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကပဲ အလေးထားပြီး
ဆောင်ရွက်နိုင်တာမျိုးပါ။ ကျန်တဲ့အဖွဲ့အစည်းတွေက အခါအားလျော်စွာ ကျွန်တော်တို့ကို
လာပူးပေါင်းတာပဲရှိပါတယ်။ ဒီလို ပရဟိတလုပ်တာကို အပြစ်တော့ မပြောပါဘူး။

ဒါပေမဲ့ ကျွန်တော်တို့တာဝန်ယူနေ ရတဲ့ နယ်မြေကို ဝင်ပြီး ကူညီတာပဲဖြစ်ဖြစ်၊
အဲဒီအဖွဲ့အစည်းတွေ ဘာပဲလုပ်လုပ်၊ နောက်ဆုံး ကျွန်တော်တို့ နယ်မြေတွင်းမှာ
လုပ်တဲ့ သူတို့အဖွဲ့အစည်း အကြောင်းကို သတင်းမီဒီယာမှာ ဖော်ပြတာပဲဖြစ်ဖြစ်
ကျွန်တော်တို့ကို အသိပေးသင့်တယ်လို့ ယူဆပါတယ်။

ဘာပဲလုပ်လုပ် ပေါင်းစပ်ညှိနှိုင်းပြီးမှ ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။ အဓိက
တာဝန်ချိန်ပြည့် ဆောင်ရွက်နေတာက ကျွန်တော်တို့ အဖွဲ့ပဲရှိပါတယ်။ ဒီမှာရှိတဲ့
ပရဟိတအဖွဲ့ဆိုတာမျိုးက တွေ့လိုက်လို့ ကူညီလိုက်တဲ့ အတိုင်းအတာလောက်ပဲ
လုပ်ကြတာပါ။

ဇန်နဝါရီ ၂၂ ရက် သတင်းစာထဲမှာပါတဲ့အဖွဲ့က တရားဝင်ဖွဲ့စည်းထားတာ မဟုတ်ဘူး။
အသင်းအဖွဲ့အနေနဲ့လည်း သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခွင့်ပြုထားတာမျိုး
မရှိပါဘူး။ သူက ပရဟိတ သက်တော်စောင့်အဖွဲ့ဆိုပြီး ကျွန်တော်တို့ကိုလာပြောပါတယ်။
လာတင်ပါတယ်။

ကျွန်တော်တို့က ကျွန်တော်တို့တာဝန်ယူထားရတဲ့ နယ်မြေဖြစ်နေတော့ခင်ဗျား
အသင်းအဖွဲ့မှတ်ပုံတင်တွေ၊ ဘာတွေတင်ပြပြီးတော့ ဆောင်ရွက်ပါ။ ပြီးရင် ကျွန်တော်တို့
နယ်မြေအတွင်းမှာ ခင်ဗျားတို့လုပ်တာကို ကျွန်တော်တို့ကို သတင်းပေးပါ ဆိုပြီး ပြောတယ်။

နောက်ပြီး အဲဒီအဖွဲ့ရဲ့တံဆိပ်မှာ ကြက်ခြေနီအမှတ်အသားပါနေတယ်။
ကြက်ခြေနီအမှတ်အသားဆိုတာမျိုးက ဒီအတိုင်း သုံးပိုင်ခွင့်မရှိလို့ အဲဒီအမှတ်အသားကို
မူပိုင်ခွင့်ယူထားတဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရဲ့ အသိအမှတ်ပြုချက်ယူခဲ့ပါလို့လည်း
ပြောထားပါတယ်။

လတ်တလော တပ်ဖွဲ့တွေရဲ့ လုပ်ငန်းဆောင်ရွက်ချက်အကျဉ်းကို ပြောပြပါဦး။

အဓိကကတော့ အမြန်လမ်းမကြီးတစ်လျှောက်ရဲ့ လုံခြံုရေးကို လှည့်ကင်း၊ ရပ်ကင်းတွေနဲ့
ဆောင်ရွက်ပါတယ်။ ခရီးသွားတွေ ဘေးအန္တရာယ်ကင်းအောင် ဆောင်ရွက်တယ်။
လမ်းအသုံးပြုတဲ့သူတွေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာအောင် ဆောင်ရွက်နေ
ပါတယ်။

လမ်းမှာ အန္တရာယ်ရှိနိုင်တာတွေကို သက်ဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေးအဖွဲ့တွေကို အချိန်နဲ့
တစ်ပြေးညီ သတင်းပို့တာတွေ ဆောင်ရွက်ပါတယ်။ အမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆ
ဖြစ်ရင် အခင်းဖြစ်တဲ့နေရာမှာ ကူညီနိုင်အောင် အမြန်ဆုံးသွားရောက်ပါတယ်။

ဆောင်ရွက်တဲ့နေရာမှာ ဘယ်အဖွဲ့အစည်းတွေပါသေးလဲ။

လုံခြံုရေးဆောင်ရွက်တာကတော့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ကပါပဲ။ နေပြည်တော်မှာ
ရှိတဲ့ တပ်ဖွဲ့မှူးရုံးရဲ့ ကွပ်ကဲမှုနဲ့ပဲ ရန်ကုန်လမ်းပိုင်း မိုင်တိုင် ဝ/ဝ ကနေပြီး ၃၆၆/၃အမြန်လမ်းမကြီး
ဧရိယာအဆုံး သတ်မှတ်နေရာတွေမှာ ရဲစခန်းပေါင်း ၁၆ ခု၊ ရဲကင်းပေါင်း ၄ဝ နဲ့ လုံခြံုရေးကို
ဆောင်ရွက်နေတာဖြစ်ပါတယ်။

အမြန်လမ်းမှာ မတော်တဆမှုဖြစ်ပြီဆိုရင် အမြန်ဆုံးသတင်းရရှိဖို့ ဘယ်လိုပုံစံနဲ့
ဆောင်ရွက်နေပါသလဲ။

ပြည်တွင်းမီဒီယာတွေကနေ အမြန်လမ်းမှာ မတော်တဆမှုဖြစ်ရင် ဆက်သွယ်နိုင်မယ့် ဖုန်းတွေ
ဖြန့်ဝေပြီးသားဖြစ်ပါတယ်။ တပ်ဖွဲ့မှူးအသစ်ပြောင်းပြီးနောက်ပိုင်းမှာ လက်ကမ်းစာစောင်တွေ
ဝေတာမျိုးတွေ ထပ်လုပ်ပါတယ်။

ရန်ကုန်အထွက် အမှတ် (၃) လမ်းဆုံ၊ ၁၁၅ မိုင်၊ မိတ္ထီလာ ၂၈၅ မိုင် သီးကုန်းဂိတ်၊
မန္တလေးဘက်က တိုးဂိတ်တွေကနေပြီး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပြီး ပြည်သူတွေကို
အသိပေးဆောင်ရွက်နေတာရှိပါတယ်။

အရေးပေါ်ဖုန်းနံပါတ်တွေကနေပြီးတော့လည်း သတင်းရယူပြီး အမြန်လမ်းရဲစခန်းကို ပို့ရင်
အမြန်လမ်းရဲတပ်ဖွဲ့က သွားရောက်ဆောင်ရွက်တာတွေရှိပါတယ်။ အခု လောလောဆယ်မှာတော့
အမြန်လမ်းမကြီးပြုပြင်ထိန်းသိမ်းရေးနဲ့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီးတော့ B-Smart
System တပ်ဆင် ဆောင်ရွက်နေပါတယ်။

ခြေရာခံစက်သဘောမျိုးပါပဲ။ စက်က ယာဉ်ဘယ်နေရာမှာ ရှိနေလဲ၊ ဘယ်နေရာမှာ
အချိန်ကြာမြင့်စွာ ရပ်နေလဲ။ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနေလား၊ယာဉ်မောင်းဟာ
အိပ်ငိုက်ပြီးတော့ ဘရိတ်ကိုဆောင့်နင်းနေသလားဆိုတာကို သိနိုင်ပါတယ်။

အခု အမြန်လမ်းမှာ သတ်မှတ်ထားတဲ့ သစ်သီးဝလံ၊ သား၊ ငါး၊ ပုစွန်၊ သတင်းစာ အစရှိသဖြင့်
တင်ဆောင်နေတဲ့ကုန်တင် ယာဉ်တွေမှာ တပ်ဆင်ပေးထားပါပြီ။ တပ်ဆင်တားထာ အစီး
၄၆ဝ နီးပါးရှိသွားပါပြီ။ ထို့အတူပဲ ခရီးသည်တင် မှန်လုံယာဉ်စီးရေ ၂၇ဝ လောက်မှာလည်း
တပ်ဆင်ထားပြီးပါပြီ။

နေ့မှာဖြစ်စေ ညမှာဖြစ်စေ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှာ ရှိတဲ့ Command & contro
center တွေက တစ်ဆင့် သိရှိနိုင်အောင် ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။
နောင် အမြန်လမ်းကို သုံးနေတဲ့ ယာဉ်ငယ်တွေ၊ ကိုယ်ပိုင်ယာဉ်တွေမှာပါ တပ်ဆင်မယ်။
သတ်မှတ်နေရာရောက်ရင် ပြန်ဖြုတ်ပြီး သိမ်းထားလိုက်မယ်။ အဲဒီလို စီစဉ်ထားပါတယ်။

အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးမြင့်ဦး။ အောင်ဌေးလှိုင်/ မြန်မာတိုင်း(မ်)

ကယ်ဆယ်ရေးဆောင်ရွက်တဲ့နေရာမှာ ဘယ်လို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း
ဆောင်ရွက်
ပါသလဲ။

အမြန်လမ်းရဲတပ်ဖွဲ့အပြင် အမြန်လမ်းက ရဲစခန်းတိုင်းမှာ ပြည်ထဲရေးဝန်ကြီးဌာနက
မီးသတ်တွေကိုလည်း တွဲပေးထားတာတွေရှိပါတယ်။ အမြန်လမ်းတစ်လျှောက်မှာ
မီးသတ်ယာဉ်အပါအဝင် မီးသတ်တပ်ဖွဲ့က တပ်စိတ်တစ်စိတ်ကို ရှိပါတယ်။
နောက်ပြီး ဖြူး ၁၁၅ မိုင်မှာ ရှိတဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကနေပြီးတော့
ဖွင့်လှစ်ထားတဲ့ အရေးပေါ်ကယ်ဆယ်ရေးစခန်း ရှိပါတယ်။ ၂၈၅ မိုင်မှာလည်း
ကြက်ခြေနီစခန်းရှိပါတယ်။ အခင်းဖြစ်ပွားတဲ့ နေရာကို အဲဒီအဖွဲ့အစည်း
တွေက ကျွန်တော်တို့ အမြန်လမ်းရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်ပါတယ်။

လက်ရှိ လုံခြံုရေးအတွက် တာဝန်ချထားတယ်ဆိုတဲ့ အပေါ်မှာ ပြောခဲ့တဲ့ အင်အား
တွေက
လုံလောက်မှုဖြစ်ရဲ့လား။ လိုအပ်တာမျိုးရှိသေးလား။

အရေးအပေါ် အခြေအနေမှာ အင်အားအလုံလောက်ရှိပါတယ်။ မီးတန်းပါ ဆိုင်ကယ်
စီးရေ ၉ဝ ခန့်ရှိပါတယ်။

ယာဉ်မတော်တဆမှု အများဆုံးဖြစ်တာတွေကို ထိန်းချုပ်ဖို့ နည်းစနစ်ရှိနေပြီလား။

အဓိက ခရီးသည်တင်ယာဉ်ကြီးတွေ မတော်တဆဖြစ်ရင် ဒဏ်ရာရသူ၊ သေဆုံးသူ
များပါတယ်။ ဒါကြောင့် ခရီးသည်တင်ယာဉ်ကြီးတွေမှာ ခရီးစဉ်အတွင်း သက်ဆိုင်ရာ
အပိုင်းအလိုက် ယာဉ်မောင်းတွေ ပြောင်းလဲမောင်းဖို့ ညွှန်ကြားထားတာမျိုးရှိပါတယ်။
အကူယာဉ်မောင်းတွေနဲ့ အလှည့်ကျ မောင်းရမှာပါ။ ရန်ကုန်ကနေ ဖြူးအထိ တစ်ယောက်၊
ဖြူးကနေ နေပြည်တော်အထိ တစ်ယောက်၊ နေပြည်တော်ကနေ မန္တလေးအထိ
တစ်ယောက်ဆိုပြီး သတ်မှတ်ပေးထားပါတယ်။

ယာဉ်မောင်းတွေ ကိုယ်စိတ်ပင်ပန်းနွမ်းနယ်နေရင် အဆင်မပြေပါဘူး။ ကျွန်တော်တို့ဆီမှာ
ယာဉ်မောင်းတွေကို ကျန်းမာရေး ဆေးစစ်ပြီးမှ မောင်းနှင်စေတာမျိုးလည်း မရှိပါဘူး။
ယာဉ်လိုင်းပိုင်ရှင်တွေအနေနဲ့ ယာဉ်မောင်းတွေကို သွေးတိုး၊ ဆီးချို အစရှိသဖြင့် အဲဒီလို
ရောဂါတွေ စစ်ဆေးတာမျိုး လုပ်သင့်ပါတယ်။

ယာဉ်မတော်တဆမှုတွေက အဓိကလူကြောင့်ဖြစ်တာလား။ ဘယ်အခြေအနေ
ကြောင့်လဲ။

ယာဉ်မတော်တဆမှု တစ်ခုဖြစ်ဖို့ လူကြောင့်လား၊ ယာဉ်ကြောင့်လား၊ ရာသီဥတုကြောင့်လား၊
လမ်းကြောင့်လားဆိုပြီး ရှိကြပါတယ်။ အဓိကအချက်က လူကြောင့်ပါ။ လူကြောင့်
ဆိုရာမှာလည်း အရက်သောက်လို့လား၊ ကျန်းမာရေးကြောင့်လား၊ မဆင်မခြင်မောင်းလို့လား
ဆိုပြီး ခွဲခြားနိုင်ပါတယ်။ အဲဒီလို ခွဲခြားကြည့်မယ်ဆိုရင် မဆင်မခြင်မောင်းနှင်လို့ ဖြစ်တာက
များပါတယ်။

ယာဉ်တွေကြံ့ခိုင်မှုပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်နေပါသလဲ။

အမြန်လမ်းပေါ် ယာဉ်တွေတက်ပြီး မောင်းနှင်တော့မယ်ဆိုရင် အမှတ်(၃) လမ်းဆုံ
Toll Gate ကနေပြီး အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကုန်းလမ်း
ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန၊ မူးယစ်တပ်ဖွဲ့၊
သတင်းတပ်ဖွဲ့ စသဖြင့် ယာဉ်တွေရဲ့ ကြံ့ခိုင်မှုကို စဉ်ဆက်မပြတ်စစ်ဆေးနေပါတယ်။
၂၄ နာရီလုံး စစ်ဆေးနိုင်တာမျိုးတော့ မဟုတ်ပါဘူး။

ကိုယ်ပိုင်ယာဉ်တွေ၊ ယာဉ်ငယ်လေးတွေနဲ့ ပတ်သက်ပြီး မတော်တဆမှုဖြစ်ရင် ဘယ်လို
ကိစ္စတွေ အများဆုံးဖြစ်လဲ။ဘုရားဖူးရာသီလိုမျိုးပေါ့။ ခရီးသွားရာသီတွေမှာ ကိုယ်ပိုင်
ယာဉ်တွေနဲ့ ခရီးသွားပါတယ်။ အဓိက လိုက်ထရပ်တွေပေါ့။ သတ်မှတ်အလေးချိန်ထက်
ပိုပြီး တင်တယ်။

အောက်ပိုင်းကြ့ံခိုင်မှု မစစ်ဆေးဘူး။ နောက်ပြီး တာယာတွေကို စစ်ဆေးမှုအားနည်းတယ်။
သတ်မှတ်ထားတဲ့ ကီလို ၆ဝ မိုင်နှုန်းထက် ကျော်လွန်ပြီးမောင်းနှင်တာမျိုးတွေလုပ်တယ်။
တာယာတွေ ပွင့်ထွက်ပြီး တိမ်းမှောက်တယ်။

ယာဉ်မောင်း အိပ်ငိုက်လို့ တိမ်းမှောက်တယ်။ တာယာပွင့်ချိန်တွေမှာ ယာဉ်မောင်းက
မကျွမ်းကျင်ရင် ကားကို ဆွဲမိဆွဲရာဆွဲတယ်။ ဘရိတ်ကို ဆောင့်နင်းတယ်။ အဲဒီအချိန်မှာ
လမ်းလယ်ကျွန်းကို ဝင်တိုက်တာမျိုးတွေဖြစ်တယ်။ ကားက တုံးလုံးလဲသွားတာမျိုးတွေ
ဖြစ်တယ်။

အဲဒါတွေကို ဘယ်လို ထိန်းချုပ်နေပါသလဲ။

အသိပညာပေးတာတွေ ရှိပါတယ်။ အမြန်လမ်းမကြီးပေါ်မှာလည်း သတ်မှတ်အရေအတွက်ထက်
လူပိုတင်လာရင် မော်တော်ယာဉ်ကို တားပြီးတော့ နောင်ကို လူပိုမတင်ဖို့၊ တာယာတွေဘာတွေ
စစ်ဆေးဖို့၊ အစရှိသဖြင့် ပညာပေးတာတွေ လုပ်တယ်။ ပြီးတော့ အခု လူပိုတင်ထားလို့
ဖြည်းဖြည်းလေး မောင်းဖို့တွေ ပြောရတာပေါ့။ အခုနောက်ပိုင်းတော့ ယာဉ်မတော်တဆမှု
လျော့လာပါပြီ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021