တစ်ဖက်အခြမ်းက မြင်ရုံသာသာရှိဆဲ ငြိမ်းချမ်းရေးပန်းတိုင်ကြီး၏ ရှေ့ရှိ နှစ်ပေါင်း ကြာရှည်စွာ 'ဟ'နေတဲ့ တံခါးမကြီးတစ်ချပ်သည် ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိ ငါးရက်တာကာလအတိုလေးအတွင်းမှာ အောင်မြင်စွာဖြင့် ဖွင့်လှစ်နိုင်ပြီဖြစ်သည်။
တစ်ဖက်အခြမ်းက မြင်ရုံသာသာရှိဆဲ ငြိမ်းချမ်းရေးပန်းတိုင်ကြီး၏ ရှေ့ရှိ နှစ်ပေါင်း ကြာရှည်စွာ
'ဟ'နေတဲ့ တံခါးမကြီးတစ်ချပ်သည် ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိ
ငါးရက်တာကာလအတိုလေးအတွင်းမှာ အောင်မြင်စွာဖြင့် ဖွင့်လှစ်နိုင်ပြီဖြစ်သည်။
အနိုင်ရယူလိုခြင်းမရှိဘဲ ငြိမ်းချမ်းရေးကိုသာဦးတည်သည့် အပြိုင်အဆိုင်ဆွေးနွေးပွဲကြီးတွင်
ဦးစားပေးကဏ္ဍ ငါးရပ်ဖြစ်သည့်နိုင်ငံရေး၊ လုံခြံုရေး၊ လူမှုရေး၊ စီးပွားရေး၊မြေယာနှင့်
သဘာဝပတ်ဝန်းကျင်ဆိုင်ရာများကို အစုအဖွဲ့ ငါးဖွဲ့ခွဲပြီး အစိုးရ၊ တပ်မတော်၊လွှတ်တော်၊
နိုင်ငံရေးပါတီများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများနှင့် တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းများက ဆွေးနွေးခဲ့ကြသည်။
''ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ မျှော်လင့်ချက် အိပ်မက်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်
စနစ် အခြေခံကျင့်သုံးတဲ့ ပြည်ထောင်စုကြီးတည်ဆောက်ရေးရဲ့ အစပြုတဲ့ ဖြစ်စဉ်လို့ဆိုရမယ့်
ဒီညီလာခံကြီးမှာအစုအဖွဲ့အသီးသီးက ကိုယ်စားလှယ်တော်ကြီးများအနေနဲ့ အင်တိုက်
အားတိုက်နဲ့ အားကြိုးမာန်တက် ဆွေးနွေးခဲ့ကြတာကိုလည်း ဝမ်းမြောက်ဂုဏ်ယူဖွယ်ကြား
သိရပါတယ်။
ဒီအတွက် အစိုးရအဖွဲ့ကိုယ်စားရော တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ကျွန်တော့်အနေနဲ့ပါ အထူး
ကျေးဇူးတင် ဂုဏ်ယူမိပါကြောင်းလည်း ပြောကြားလိုပါတယ်''ဟု ရှမ်းတိုင်းရင်းသားကြီး
တစ်ဦးဖြစ်သူ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပထမအကြိမ် ပြည်ထောင်စု
ငြိမ်းချမ်းရေးညီလာခံ နောက်ဆုံးနေ့ ဇန်နဝါရီ ၁၆ ရက်က အားရကျေနပ်မှု အပြည့်နှင့်
ပြောကြားသွားသည်။
အခုကျင်းပပြီးစီးခဲ့သည့် ငြိမ်းချမ်းရေးညီလာခံကြီးတွင် 'ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို
အခြေခံသော ပြည်ထောင်စုကိုအောင်မြင်စွာ တည်ဆောက်နိုင်ရန်'ဟူသည့်
ရည်ရွယ်ချက် အပါအဝင် အစုအဖွဲ့ခုနစ်ဖွဲ့၏ ဆွေးနွေးအကြံပြုချက်မျာမှ အဓိကကျသည့်
အချက်များကိုသာ စာတမ်းတစ်စောင်အဖြစ် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု
ပူးတွဲကော်မတီ(UPDJC)က ထုတ်နုတ်ခဲ့သည်။
ထို့နောက် ဒီမိုကရေစီအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များရှိ မဏ္ဍိုင်ကြီးသုံးရပ်အကြား အာဏာများကို
ပိုင်းခြားသုံးစွဲခြင်းကိစ္စအပေါ် အာဏာပိုင်းခြားသုံးစွဲရေးနှင့် အပြန်အလှန် ထိန်းကျောင်းမှုရှိရန်
အစုအဖွဲ့အားလုံးကအကြံပြု ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ထူးခြားမှုမှာ ပါဝင်သင့်ပါဝင်ထိုက်သူများ အစုအဖွဲ့က
အကြံပြုဆွေးနွေးသည့် အမျိုးသမီးများ ၃ဝ ရာခိုင်နှုန်းအထိ ပါဝင်လာစေရေးအတွက် ကြိုးပမ်း
ဆောင်ရွက်သွားရန် ဖြစ်သည်။
ညီလာခံနောက်ဆုံးနေ့တွင် ငါးရက်ကြာဆွေးနွေးခဲ့ကြသည့် သက်ဆိုင်ရာကဏ္ဍအသီးသီးက
ဆွေးနွေးအကြံပြုချက်များထဲမှ လုံခြံုရေးကဏ္ဍကလည်း စိတ်ဝင်စားစရာ အကောင်းဆုံး
ဖြစ်နေသည်။
လုံခြံုရေးကဏ္ဍတွင် တစ်ခုတည်းသော တပ်မတော်ထားရှိရေး မူဝါဒအဖြစ် တပ်မတော်သည်
လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့်အတူ မျိုးချစ်စိတ်ဓာတ်ကိုအခြေခံပြီး ပြည်သူကြားက
ပေါက်ဖွားလာသည့်တစ်ခုတည်းသော ပြည်သူ့တပ်မတော်၊ တစ်နည်းအားဖြင့်
ပြည်ထောင်စုတပ်မတော်ပင် ဖြစ်သည်ဟုဆွေးနွေးသူများ၏ သဘောထား မှတ်ချက်ကို
တွေ့ရသည်။
မူဝါဒအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၈ ပါ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်
အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိသည်ဟု ဖော်ပြထားသည်။
ထို့ပြင် သဘောထားမှတ်ချက်ထဲတွင် ထာဝရငြိမ်းချမ်းရေးရရှိရန် တစ်နိုင်ငံလုံး အပစ်အခတ်
ရပ်စဲရေး သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးရုံဖြင့် မပြီးသေးဘဲ နိုင်ငံရေးလမ်းပြမြေပုံပါ
ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကျန်ရှိနေကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့များနှင့် လုံခြံုရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းလုပ်ငန်းများဖြစ်သော SSR/ DDR
လုပ်ငန်းစဉ်များကို လမ်းပြမြေပုံပါအတိုင်း အမျိုးသားရေးအသွင်ဖြင့် ဆက်လက်
အကောင်အထည်ဖော်ရမည်ဟု ပါရှိသည်။
ကယန်းအမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် အိန်ဂျလာသောင်းကအမျိုး
သမီးများကို အကြမ်းဖက်ခြင်းကိစ္စများတွင် တပ်မတော်သားများ အပြစ်ကျူးလွန်ခြင်းနှင့်
ပြစ်ဒဏ်ကျခံခြင်းများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၁၉ အရ စစ်ဘက်ဆိုင်ရာ
တရားရုံးများ၌ စစ်ဆေးခံရမည်ဖြစ်သော်လည်း ပွင့်လင်းမြင်သာမှုရှိစေရန်နှင့်
ပြစ်ဒဏ်ချမှတ်ခြင်းက ကင်းလွတ်ခြင်း မရှိစေရန် စစ်ခုံရုံးက စစ်ဆေးခြင်းအပြင် အရပ်ဘက်
ခုံရုံးကလည်း စစ်ဆေးသင့်ပြီး အမျိုးသမီးရဲမေဝန်ထမ်းများကို မြို့ငယ်များနှင့် ရွာများတွင်
တိုးချဲ့ခန့်ထားသင့်သည်ဟု အကြံပြုထားသည်။
လုံခြံုရေးနှင့်ပတ်သက်ပြီး အာဏာခွဲဝေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရကို
အတိုင်းအတာတစ်ခုပေးထားသင့်သည်ဟုလည်း ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်
ဦးသာညွန့်က အကြံပြုထားသည်။
''တပ်မတော်က အရပ်သားလက်အောက်မှာထားဖို့ ဆိုပြီးတော့ တိုင်းရင်းသားတွေကလည်း
ဆွေးနွေးလာကြတယ်။ တပ်မတော်ရဲ့ ကာကွယ်ရေးရဲ့ အဓိပတိကတော့ သမ္မတပဲဖြစ်သင့်တဲ့
အကြောင်းစသဖြင့် တိုင်းရင်းသားတွေကဘဲဆွေးနွေးတယ်၊ အဓိပတိကသမ္မတပဲ ဖြစ်သင့်တယ်၊
နောက်အရပ်သားကလည်း ဒီကိစ္စကို ကိုင်တွယ်မှုဆိုတဲ့အပိုင်းကတော့တပ်မတော်အနေနဲ့
ဆွေးနွေးမှုကတော့ ကျွန်တော်မတွေ့ရသေးဘူး။ တစ်ခုတည်းသော တပ်မတော်ကို အဖြစ်
ဖွဲ့စည်းဖို့ပဲ သက်သက်တင်ပြသွားတာလေးကို တွေ့ရတယ်''ဟု လုံခြံုရေးကဏ္ဍ ဆွေးနွေးပွဲ၏
သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဆိုင်းပေါင်နပ်က
ပြောကြားသည်။
လက်နက်ကိုင်တွေကို သောင်းကျန်းသူများဟု ခေါ်ဆိုနေခြင်းကို ငြိမ်ချမ်းရေးစယူပြီးနောက်ပိုင်း
ထိုအသုံးအနှုန်းကို ပြောင်းလဲသင့်ကြောင်း JMC ၏ ဒုဥက္ကဋ္ဌဖြစ်သူ ဦးစောအက်ဇက်က
ဆွေးနွေးသည်။
''ကျွန်တော်တို့ရဲ့ လာမယ့်အနာဂတ် မြန်မာနိုင်ငံတော်မှာ အထူးလိုအပ်တဲ့ ဖက်ဒရယ်
ဒီမိုကရေစီအတွက် ပထမဆုံးကငြိမ်းချမ်းရေးရဖို့က အဓိကကျတယ်လေ။ ငြိမ်းချမ်းရေးရဖို့
ဆိုတာလည်း ဒီအပစ်အခတ်ရပ်စဲရေး ခိုင်မာမှုကနေတစ်ဆင့်ဆိုတဲ့ နေရာမှာ တပ်မတော်
အပါအဝင်လက်နက်ကိုင်အဖွဲ့ အစည်းတွေကြားထဲမှာ နားလည်မှုရှိဖို့လိုတယ်။ နားလည်မှုရှိတဲ့
နေရာမှာလည်း နားလည်မှုကို ဖြစ်စေနိုင်တာက ဒီစကားလုံးအသုံးအနှုံးက စပြီးတော့
ပြောင်းလဲပြီးတော့ မသုံးဖို့ပေါ့လေ။ ဥပမာ- လက်နက်ကိုင်လူမျိုးစုပဲခေါ်ခေါ်ပေါ့''ဟု ၄င်းက
ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတတိယမြောက်နေ့ ဇန်နဝါရီ ၁၄ ရက်က အစုအဖွဲ့လိုက်
ဆွေးနွေးမှုတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက တင်သွင်းခဲ့သည့်
ဖက်ဒရယ်စနစ်အပေါ် အခြေခံရမည့်မူဝါဒ ရှစ်ချက်ဖြစ်သော အချုပ်အခြာအာဏာ၊
တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စစ်မှန်သော ဖက်ဒရယ်မူ၊ တိုင်းရင်းသားလူနည်းစုများ၏
အခွင့်အရေးကို ကာကွယ်ခြင်း၊ ဒီမိုကရေစီအရေးတန်းတူရေးနှင့် ကျား၊ မ ဆိုင်ရာ
တန်းတူညီမျှမှု၊ ပါတီစုံဒီမိုကရေစီနှင့် ဘာသာရေးကို အခြေခံနိုင်သော နိုင်ငံစသည်တို့ကို
တင်သွင်းဆွေးနွေးခဲ့ကြသည်။
ထိုကိစ္စကိုဆွေးနွေးခဲ့ကြရာတွင်လည်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဘက်က
တပ်မတော်နှင့် သဘောထားကွဲလွဲမှုများရှိနေသည်ဟု ချင်းအမျိုးသားတပ်ဦး(CNF)
အဓိပတိကောင်စီဝင် ဦးထန်းနိန်ကီးက ဇန်နဝါရီ ၁၆ ရက်က မြန်မာတိုင်း(မ်)ကို ပြောသည်။
''သဘောထားကွဲလွဲတာတွေက တပ်က တင်သွင်းလာတဲ့ ဒေသန္တရကိုပဲ အခြေခံပြီးတော့မှ
ပြည်နယ် တည်ဆောက်ရမယ်ဆိုတဲ့ဟာ၊ ပြီးတော့အားကောင်းတဲ့ ဗဟိုအစိုးရဖြစ်ရမယ်ဆိုတဲ့
ဟာကိုတော့ တိုင်းရင်းသား တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ကျွန်တော့်ရဲ့ ပေါ်လစီတွေနဲ့
မတူညီသေးတာကို တွေ့ရတယ်။ ဒါကတော့ ဆက်ညှိရမှာပေါ့နော်၊ အခုဟာက ပထမအကြိမ်ပဲ
ရှိသေးတာဆိုတော့ အချိန်ယူပြီးဆက်လက်ညှိနှိုင်းသွားရမယ်လို့ ကျွန်တော်မြင်တယ်''ဟု ၄င်းက
ပြောသည်။ လက်ရှိဆွေးနွေးပွဲတွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတွင် အဓိက
ကျသည့် ပြည်နယ်မည်သို့ ဖွဲ့စည်းရမည်ကိုသဲသဲကွဲကွဲမရှိသေးဟု ဦးထန်းနိန်ကီးကဆိုသည်။
''အခုလောလောဆယ်ကတော့ ပြည်နယ်ဘယ်လိုဖွဲ့စည်းရမယ်ဆိုတာကို သဲသဲကွဲကွဲ
မရှိသေးဘူး၊ အထူးသဖြင့် တပ်မတော်ဘက်ကနေ ကျွန်တော်တို့ရဲ့ ပေါ်လစီနဲ့ ကွဲလွဲဲတယ်၊
ကျန်တဲ့အပိုင်းတွေကတော့ အရင်ကထက် စာလို့ရှိရင် နီးစပ်လာတယ်လို့ မြင်တယ်၊
ပထမအကြိမ်ဆိုတော့ ကြိမ်ဖန်များစွာဆက်လက်ဆွေးနွေးရမယ်ဆိုတော့ သဘောထားတွေက
တဖြည်းဖြည်းနီးစပ်လာမယ်လို့မျှော်လင့်ပါတယ်''ဟု ၄င်းက ပြောသည်။
ယခုဆွေးနွေးပွဲတွင် ဖက်ဒရယ်ပြည်ထောင်စုဆိုသည့် စကားလုံး အသုံးအနှုန်းအရတပ်မတော်၊
အစိုးရနှင့် လွှတ်တော်တို့ဘက်က လက်ခံလိုက်သည့်အတွက် မျှော်လင့်ချက်ရှိသည်ဟု
ဦးထန်းနိန်ကီးကဆိုသည်။
ညီလာခံသို့ အစိုးရအဖွဲ့ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူ မြန်မာငြိမ်းချမ်းရေးစင်တာမှ
ဦးညိုအုန်းမြင့်က အသက်မဝင်သေးသည့် ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေပြီးထိုဥပဒေကို
ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များက မည်သို့
ကျင့်သုံးရမည်ဆိုသည့် ပြဿနာရှိနေသည်ဟုဆိုသည်။
''အဲဒီပြဿနာ ကျွန်တော်တို့ရှိတယ်၊ ကူးပြောင်းရေးကာလမှာ ဥပမာပြောရရင် ငါးနှစ်တာ
ကာလ အတောအတွင်းမှာသင်ခန်းစာယူသင့်တာတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြင်မယ်လို့သာ ပြောနေကြတယ်၊ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကသုံးကိုမသုံးရသေးဘူး
တချို့သုံးတဲ့နေရာတွေမှာကျတော့ ဥပမာအားဖြင့် ကချင်ပြည်နယ်မှာရေအားလျှပ်စစ်
၃ဝ မဂ္ဂါဝပ် လျော့တဲ့ဟာတွေကို ပြည်နယ်တွေကဆုံးဖြတ်လို့ရပါတယ်။ ဖွဲ့စည်းပုံ
အခြေခံဥပဒေကြီးကိုသာ မျက်စိမှိတ်စုံကန်ပြီးတော့ ပြင်ရမယ် ပြင်ရမယ် လုပ်ပေးမယ်
ပြောပေမယ့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြီး တကယ်မသုံးနိုင်တဲ့ အတွက်ကြောင့် ဒီငါးနှစ်မှာ
နောက်မေးခွန်းထုတ်စရာတွေ ဖြစ်လာတယ်'' ဟု ၄င်းက ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၏စတုတ္ထမြောက်နေ့အဖြစ် ကျင်းပသည့် စီးပွားရေးကဏ္ဍ
ဆွေးနွေးပွဲတွင်မူ အခြေခံရမည့် မူဝါဒခြောက်ချက်ကို ချမှတ်နိုင်သည်။ အဆိုပါ အခြေခံမူဝါဒ
ခြောက်ချက်သည်အခွန်နှင့် ပြည်သူ့ဘဏ္ဍာခွဲဝေမှုအတွက်ဖြစ်ပြီး၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ
ဥပဒေကိုစမှတ်တစ်ခုအဖြစ် ဆောင်ရွက်ရန်၊ လုပ်ငန်းစဉ် (Process) တစ်ခုအဖြစ် ရှုမြင်ပြီး
ဆွေးနွေးညှိနှိုင်းခြင်း၊ လက်တွေ့ စမ်းသပ်ကျင့်သုံးခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းဟူသော
ပုံစံဖြင့် ပိုမိုတိုးတက်ကောင်းမွန်လာအောင်ဆောင်ရွက်ရန်၊ ဖက်ဒရယ်စနစ်ကို အခြေခံ
စဉ်းစားရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အခြေခံရန်၊ တန်းတူညီမျှမှုကို
ရှေးရှုရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုရန်တို့ဖြစ်သည်။
ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသည် တူညီခြင်း၊ မတူညီခြင်းကို
အဓိကမထားဘဲ အဖွဲ့အသီးသီး၏အမြင်များကို စုစည်းကာမှတ်တမ်းအဖြစ်ထားရှိပြီး
နောင်တက်လာမည့် အစိုးရသစ်လက်ထက်တွင် ကျင်းပမည့် ဒုတိယအကြိမ် ညီလာခံသို့
ယူဆောင်သွားရုံသာဖြစ်သည်။
ထိုသို့ စုစည်းထားသည့် မှတ်တမ်းများကိုစာအုပ်အဖြစ် ထုတ်ဝေသွားမည်ဖြစ်သည်။ ထို့ပြင်
နိုင်ငံရေးအခင်းအကျင်းသစ် တစ်ခုအတွက် အရွေ့တစ်ခုဖြစ်သည်ဟုလည်းညီလာခံသို့
တက်ရောက်ခဲ့သည့် အစုအဖွဲ့များက သုံးသပ်ကြသည်။ထို့ကြောင့် လာမည့် အင်န်အယ်လ်ဒီ
အစိုးရသစ်လက်ထက်တွင် ကျင်းပမည့်ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက
ပွင့်သွားပြီဖြစ်သည့် ငြိမ်းချမ်းရေးတံခါးပေါက်ကြီးကိုမည်သို့ ဆက်လက်ရွေ့လျားနိုင်မည်
ဆိုသည်ကို အစုအဖွဲ့အားလုံးနှင့်ပြည်သူများက ယုံကြည်စွာ စောင့်ကြည့်ကြရဦးမည်ဖြစ်သည်။

















