ကုန်ကျစရိတ်ကြောင့် ကျောင်းဆက် မတက်နိုင်တဲ့ ကျောင်းသား ကျောင်းသူတွေ ရှိနေဆဲ

ကုန်ကျစရိတ်ကြောင့် ကျောင်းဆက် မတက်နိုင်တဲ့ ကျောင်းသား ကျောင်းသူတွေ ရှိနေဆဲ

ဇွန်လဆိုရင် အခြေခံပညာကျောင်းတွေဖွင့်တော့မှာ ဖြစ်ပါတယ်။ အစိုးရကို ပေးသွင်း ရတဲ့ကျောင်းလခက မဆိုစလောက်နည်းပေမယ့် အဝတ်အစားနဲ့ အသုံးအဆောင်တွေ အပါအဝင် စာရေးကိရိယာ စရိတ်တွေကြောင့်ကျောင်းသားမိဘတွေ စိတ်ပူရတဲ့ အချိန်လို့လည်း ဆိုနိုင်ပါတယ်။

ဇွန်လဆိုရင် အခြေခံပညာကျောင်းတွေဖွင့် တော့မှာ ဖြစ်ပါတယ်။ အစိုးရကို ပေးသွင်း
ရတဲ့ကျောင်းလခက မဆိုစလောက် နည်းပေမယ့် အဝတ်အစားနဲ့ အသုံးအဆောင်တွေ အပါအဝင်
စာရေးကိရိယာ စရိတ်တွေကြောင့် ကျောင်းသားမိဘတွေ စိတ်ပူရတဲ့ အချိန်လို့လည်း ဆိုနိုင်ပါတယ်။

အစိုးရက ၂ဝ၁၃ -၂ဝ၁၄ ပညာသင်နှစ်က စပြီး အခမဲ့မသင်မနေရမူလတန်း ပညာရေး စနစ်ကို
အကောင်ထည်ဖော်ခဲ့ပြီး တဲ့နောက်၂ဝ၁၄ -၂ဝ၁၅ ပညာသင်နှစ်မှာ ပညာရေးအသုံးစရိတ်
ကျပ် ခုနှစ် ဘီလျံ ကုန်ကျခံပြီး အလယ်တန်းအခမဲ့ ပညာရေးစနစ်ကိုပါ အကောင်အထည်
ဖော်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျူရှင်လခနဲ့ လူနေမှုစရိတ်တွေ မြင့်တက်လာတဲ့အတွက် ကလေးများတဲ့
မိဘ တွေအတွက် သူတို့ ပညာရေးကို မပံ့ပိုးနိုင် တာတွေရှိနေပါသေးတယ်။

''ဒီနှစ်တော့ ကိုးတန်းတစ်ယောက်ကို ကျောင်းမအပ်တော့ဘူး။ အရင်နှစ်တွေတုန်းက အငယ်တွေ
ကျူရှင်လခကို တစ်လလောက်ပဲပေးနိုင်ပြီး နောက်မပေးနိုင်ဖြစ်ခဲ့ တယ်လေ။ ဒါကြောင့် ဒီနှစ်တော့
အငယ်တွေအတွက် ကိုးတန်းနဲ့ ဆယ်တန်း တစ်ယောက်ကို အလုပ်လုပ်ပေးဖို့ပြောထားတ
ယ်''လို့ ရန်ကင်းမြို့နယ်မှာနေထိုင်တဲ့ ကျောင်းသား ခြောက်ဦးရဲ့ မိခင် ဒေါ်အေးအေးခိုင်က
ပြောပါတယ်။

ရပ်ကွက်ထဲမှာ အဝတ်လျှော်တဲ့အလုပ်ကို လုပ်နေရတဲ့ ဒေါ်အေးအေးခိုင်နဲ့ သိမ်ကြီးစျေးမှာ
ကုန်တင်ကုန်ချ လုပ်ကိုင်နေသူ သူ့အမျိုးသားတို့မှာ သူငယ်တန်းကလေးအတွက် ကျူရှင်လခ
တစ်လကို ကျပ် ၁ဝ,ဝဝဝ ပေးရပြီး ကျန်ကလေးတွေအတွက်က တစ်လ ကို ကျပ် ၂ဝ,ဝဝဝ
ကနေ ၂၅,ဝဝဝ ကြား ရှိတယ်လို့ သူက ဆိုပါတယ်။

မနှစ်ကတော့ အငယ်ဆုံးကလေး ကျောင်းမတက်ရသေးတာကြောင့် တစ်နှစ် ကျထားပြီး အပြင်ဖြေနဲ့
ထပ်တက်နေတဲ့ တက္ကသိုလ်ဝင်တန်းကျောင်းသား တစ်ဦးအပါအဝင် စုစုပေါင်း ကျောင်းသား ငါးဦး
ရှိတယ်။

''စာမေးပွဲပြီးကတည်းကကိုးတန်းနဲ့ ခုနစ် တန်းနှစ်ယောက်က အလုပ်လုပ်တယ်လေ။
သူတို့ရတဲ့ ပိုက်ဆံနဲ့ ရပ်ကွက်ထဲမှာ လူစုပြီး နေ့စဉ် ပိုက်ဆံစုတယ်။ မဲနှိုက်ပြီး နံပါတ်ကျရာ
ယူရတဲ့ စနစ်မို့ ဒီနှစ် အစ်မက နံပါတ် ၆ ရပြီး ၅ လပိုင်းမှာ ထုတ်ရမယ်။ မနှစ်က တစ်နေ့ ကျပ်
၁,ဝဝဝ စုတယ်။ ဒီနှစ် တစ်နေ့ကို ကျပ်၂,ဝဝဝ စုတယ်။ ကျောင်းအပ်တာက ဘာမှမကုန်ပါဘူး။
စာအုပ်တို့၊ ကျောပိုးအိတ်တို့အဲဒါတွေ အတွက်ပဲ ကုန်တာ။ ကလေးငါးယောက်အတွက်
တစ်နှစ် ကျပ်တစ်သိန်းခွဲလောက်ကုန်တယ်''လို့ သူက ဆိုပါတယ်။

''သူငယ်တန်းအတွက်က ကျောင်းအပ် ရင် ဘာမှမကုန်ဘူး။ ပိုက်ဆံလည်း ပြန်ပေးသေးတယ်။
ကျပ် ၁,ဝဝဝ - ၁,၅ဝဝ လောက် ပေးတယ်။ မနှစ်က ခုနစ်တန်းသမားကတော့ စာမေးပွဲကြေးတို့၊
စာရွက် စာတမ်းကြေးတို့ ဆိုပြီး ကျပ် ၅,၅ဝဝ တို့၊ ၆,၅ဝဝ တို့ တောင်းတယ်။ ဖတ်စာအုပ်ကတော့
ပေးတယ်။ဗလာစာအုပ်တော့ သူတို့ဆီက ဝယ်ရတယ်။ မဝယ်လည်းရတယ်။ တစ်ကျောင်းနဲ့
တစ်ကျောင်း မတူဘူး။ အစ်မတို့ ကလေးတွေရဲ့ကျောင်းက အဲဒီလိုတောင်းတယ်။ ဒီနှစ်တော့
မသိသေးဘူး'' လို့ သူက ပြောပါတယ်။

မနှစ်က သူတို့လေးတွေအတွက် ဗလာ စာအုပ်၊ ဘောပင်နဲ့ စာရေးကိရိယာတွေကိုလိုသလောက်
စာရေးသူ ထောက်ပ့ံပေးခဲ့သေးတယ်။ ဒါပေမဲ့ ကိုးတန်းကျောင်းသူ ကလေးမက ၂ဝ၁၄ - ၂ဝ၁၅
ပညာသင်နှစ်မှာ စာမေးပွဲကျခဲ့တာမို့ သူ့အမေက ဒီနှစ်ကို ကျောင်းဆက်မတက်ခိုင်းတော့ဘဲ
အလုပ်လုပ်ဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။

''သူက တက်ချင်တယ်။ ဒီနှစ်အောင် အောင်လုပ်မယ်လို့ ပြောတယ်။ ဒါပေမဲ့ ဒီနှစ်ကို အောင်ပြီးရင်
နောက်နှစ် ဆယ်တန်းတက်မယ်။ အဲဒီအချိန်ကျ သူ့နောက်က ရှစ်တန်းသမားက ကိုးတန်းဖြစ်လာမှာ။
အစ်မမှာပိုပြီးအခက်အခဲဖြစ်မယ်။ အကြီးမတွေတုန်းကလည်း မထားနိုင်ဘူး။ ဆယ်တန်းအထိပဲ
ထားပေးနိုင်တာ။ သုံးယောက်မြောက်ကျတော့ ရှစ်တန်း အထိပဲ ထားပေးနိုင်တာ။
အဲဒီနှစ်က ဆယ်တန်း နှစ်ယောက်ဖြစ်နေလို့ သူ့ကိုကျောင်းမအပ်နိုင်ခဲ့ဘူး။ သူ့ဘာသာသူ
အလုပ်ထွက်လုပ်တာ။ အခုအိမ်ထောင် ကျကုန်ပြီ''လို့ ဒေါ်အေးအေးခိုင်က ဆိုပါတယ်။

သူ့ကို သားသမီးတွေရဲ့ ပညာရေးကုန်ကျစရိတ်နဲ့ပတ်သက်လို့ မေးမြန်းနေချိန်မှာ မျက်ရည်
ဝိုင်းသွားတာကို စာရေးသူ သတိထားမိလိုက်တယ်။ အမှန်ဆိုစာရေးသူက ကိုးတန်းကျတဲ့
ကလေးမကိုအိမ်ခေါ်ထားပြီး ကျောင်းထားပေးချင်တာ။

ဒါပေမဲ့ သူကျောင်းမတက်ရတာသူ့ ကျောင်းစရိတ်တစ်ခုတည်း အတွက်မဟုတ်ဘဲ အငယ်တွေရဲ့
ကျောင်းစရိတ် အတွက်ဆိုတော့ အားမတန်တာနဲ့ မာန်လျှော့ နေလိုက်ရတယ်။

''ကျောင်းထဲမှာတော့ ဘာမှမကုန်တော့ဘူး။ မူလတန်းဆို ကျောင်းသုံးဖတ်စာအုပ်
အခမဲ့ပေးတယ်။ ဗလာစာအုပ်ပေးတယ်။ ကျောင်းလခလည်း အခမဲ့။ အလယ်တန်းလည်း
ကျောင်းလခ အခမဲ့ဖြစ် သွားပြီလေ။ ကျောင်းမှာက တစ်ဘာသာကို ဗလာ စာအုပ်တစ်အုပ်ပဲ
ကုန်မှာဖြစ်ပေမယ့် မိဘတွေကမီးနင်း စာအုပ်က သတ်သတ်၊ ဟိုဟာ သတ်သတ်၊ ဒီဟာ
သတ်သတ်ထားတာ ရှိတယ်။ ဒါ့ပြင် ကျောပိုးအိတ်တို့၊ ဖိနပ်ကောင်းကောင်းလေးတို့ပေါ့လေ။
ဒါတွေ အပိုကုန်ကြတာပါ'' လို့ မင်္ဂလာဒုံမြို့နယ်က အလယ်တန်း ကျောင်းအုပ်ဆရာကြီး တစ်ဦးက
ဆိုပါတယ်။

''အစ်မသားက ကျောင်းလည်း တက်တယ်။အင်္ဂလိပ်စာအတွက် စနေ၊ တနင်္ဂနွေဆို
အင်္ဂလိပ်ကျောင်း တစ်ခုထားတယ်။ ကျောင်းအတွက် ကျူရှင် လခက တစ်လကို ကျပ်
၅ဝ,ဝဝဝ၊ စနေ၊ တနင်္ဂနွေ အင်္ဂလိပ်ကျောင်းလခက ဒေါ်လာနဲ့ သွင်းရတာ ဖြစ်ပြီး မြန်မာငွေနဲ့ဆို
တစ်လကို ကျပ် ၆ဝ,ဝဝဝ လောက် ပေးရတယ်။ ကားကျပ်ရင် တက္ကစီနဲ့ သွားခိုင်းရတာ။
အသွားကျပ် ၂,ဝဝဝ၊ အပြန် ကျပ် ၂,ဝဝဝ ကုန်တယ်''လို့ ဗဟန်းမြို့နယ်မှာ နေထိုင်တဲ့
ဒေါ်အိဖြိုးကြည်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

သားဖြစ်သူရဲ့ကျောင်းက ဗဟန်းမြို့နယ်မှာ နာမည်ကြီး ကျောင်းတစ်ကျောင်း ဖြစ်တဲ့ အထက (၂)
ဖြစ်တာကြောင့် ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေရှိအောင် ကျောပိုးအိတ်ဆိုလည်း ကျပ် ၂၅,ဝဝဝ
ကျော်၊ နေ့စဉ် မုန့်ဖိုးက ကျပ် ၁,ဝဝဝ၊ ကျောင်းအတွက် ကျူရှင်သွားတဲ့ လမ်းစရိတ်က တစ်နေ့ကို
ကျပ် ၁,၂ဝဝ လောက်ကုန်တယ်လို့ သူကပြော တယ်။

ကျူရှင်ရော၊ ပြင်ပ အင်္ဂလိပ်ကျောင်းရော အတွက် ဗလာစာအုပ်ဖိုးက တစ်လကို ကျပ် ၉,ဝဝဝ
လောက်ကုန်ပြီး ဘောပင်လည်း တစ်လကို ၁၂  ချောင်းလောက် ကုန်တယ်လို့ သူက
ဆိုပါတယ်။ ခဲဖျက်တို့ ပေတံတို့ကတော့ဝယ်ပေး လိုက်ပျောက်လိုက်နဲ့ တစ်လကို သုံးလေး
ကြိမ်လောက် အသစ်ပြန်ဝယ်ပေးနေရတယ်လို့ သူက ပြောတယ်။

အခမဲ့ ပညာရေးစနစ်မတိုင်ခင် အလယ်တန်းကျောင်းလခက စာသင်နှစ် တစ်နှစ်စာ ကျပ် ၅ဝဝ
ကနေ ၈ဝဝနဲ့ အထက်တန်းအတွက် ကျောင်းလခ စာသင်နှစ် တစ်နှစ်စာ ကိုးတန်း ကျပ်
၉ဝဝ၊ ဆယ်တန်း ကျပ် ၁,ဝဝဝ ဖြစ်ပါတယ်။

ကျောင်းသုံးဖတ်စာအုပ်ဖိုးကတော့ အလယ်တန်း အတွက် ကျပ် ၁,၅၅ဝ ကနေ ကျပ် ၂,၃ဝဝ
ကြားဖြစ်ပြီး အထက်တန်းအတွက် ကိုးတန်း ကျပ် ၂,၄၅ဝ ကနေ ကျပ် ၂,၆ဝဝ ကြားနဲ့
ဆယ်တန်းအတွက် ကျပ် ၃,၂၅ဝ ကနေ ကျပ် ၃,၃ဝဝ ကြား ဖြစ်ပါတယ်။

၂ဝ၁၃ -၂ဝ၁၄ ပညာသင်နှစ်အထိ အခြေခံပညာကျောင်းသားကျောင်းသူ အရေအတွက် ရှစ်သန်း
ကျော်ရှိနေတဲ့ မြန်မာနိုင်ငံမှာ အစိုးရက ဘယ်လိုပဲ ကျောင်းလခတွေ အခမဲ့လုပ်ပေးစေဦးတော့
မိဘတွေရဲ့ စီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်မလာဘူးဆိုရင် ကျောင်းဆက်
မတက်နိုင်ဘဲတစ်ဝက်တစ်ပျက်နဲ့ လုပ်ငန်းခွင် ဝင်ရောက်သွားရတဲ့ ကျောင်းသားလေးတွေ
ရှိနေဦးမှာပါပဲ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021