နေပြည်တော် စည်ပင်ဧည့်ရိပ်သာအတွင်းရှိ အဆောင်တစ်ဆောင်ရှေ့တွင် ကားတစ်စီးထိုးရပ်လိုက်သည်။
နေပြည်တော် စည်ပင်ဧည့်ရိပ်သာအတွင်းရှိ အဆောင်တစ်ဆောင်ရှေ့တွင် ကားတစ်စီး
ထိုးရပ်လိုက်သည်။
ကားပေါ်တင်လာသည့် ပစ္စည်းများကို ကြည့်ရသည်မှာ အိမ်ထောင်ငယ် တစ်ခု ပြောင်းလာသည်ဟု
ထင်ရသည်။
မကြာမီ ကားပေါ်မှ အမျိုးသမီးတချို့ ဆင်းလာပြီး အဆောင်ထဲရှိ တာဝန်ရှိသူထံ သွားရောက်ကာ
မည်သူ မည်ဝါဖြစ်ကြောင်း ပြောပြလိုက်သောအခါ "အခန်းနံပါတ်...ပါ ရှေ့က အဆောင်မှာ
အခန်းသော့ သွားထုတ်ပါ"ဟု ဆိုသည်။
သော့ယူရန် ခပ်သွက်သွက်ဖြင့် ထွက်ခွာသွားသည့် အမျိုးသမီးတို့၏ ဟန်ပန် အမူအရာတို့က
တက်ကြွမှု အပြည့်ပင် ဖြစ်သည်။
အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေသော စည်ပင်ဧည့်ရိပ်သာသည် မကြာမီ ကျင်းပမည့်
လွှတ်တော်အသစ်သို့ တက်ရောက်မည့် ကိုယ်စားလှယ်အသစ်များကို ကြိုဆိုခြင်းဖြင့်
စည်ကားသာယာလို့နေသည်။
ကိုယ်စားလှယ်အသစ်များသည် နေပြည်တော်သို့ ပြီးခဲ့သည့် တနင်္ဂနွေနေ့ (ဇန်နဝါရီလ ၂၄ ) ရက်မှ
စတင်ခါ ရောက်ရှိနေကြပြီး အင်္ဂါနေ့သည် နောက်ဆုံး စာရင်းသွင်းရမည့်နေ့ ဖြစ်သည်။
"တော်တော်များများတော့ ရောက်နေပြီ။ ၉၀ လောက်ပဲ ကျန်တော့တယ်။ ဒီနေ့က နောက်ဆုံးရက်
ဆိုတော့ ည ၉ နာရီလောက်အထိတော့ ကျွန်တော်တို့ စောင့်ပြီး စာရင်းသွင်းပေးနေတယ်"ဟု
ပြည်သူ့လွှတ်တော်ရုံး တာဝန်ရှိသူက ဆိုသည်။
၀င်လာသမျှ ကိုယ်စားလှယ်များကို ဖော်ရွေတက်ကြွစွာ ကြိုဆိုနေသော ထိုလွှတ်တော်အရာရှိ၏
ဟန်ပန်မှာ ယခင်နှင့် မတူထူးခြားနေသည်က အမှန်ပင်။
အစိုးရဝန်ထမ်းဆိုကတည်းက သာမန်ပြည်သူကို ဟောက်စားလုပ်လေ့ ရှိသည်ကိုသာ မြင်တွေ့ရလေ့
ရှိသော်လည်း ထိုမြင်ကွင်းက ပြောင်းလဲခြင်း၏ အစဟု မှတ်ယူရမည်လား။
ဒါကလည်း သေချာပေါက် မှတ်ယူလို့ မရသေး။
ယခင်က အတိုက်အခံပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)မှ
ကိုယ်စားလှယ်အသစ်တွေနှင့် အတူတွဲလုပ်ရမည့်အပေါ် စိုးရိမ်ပူပန်မှု ရှိလားဆိုတော့
"တခြား ၀န်ထမ်းတော့ မသိဘူး။ ကျွန်တော့်အတွက်တော့ ပိုအဆင်ပြေတယ်။ အရင်က
ကိုယ်စားလှယ်ဆိုတာက ၀န်ကြီးတွေ၊ ဗိုလ်ချုပ်တွေလေဗျာ။ ဒီတော့ တွေ့တာနဲ့ အဟောက်ခံရတာပဲ။
အပေါ်ကပဲ ဆက်ဆံ ခံရတာ။ အခုတော့ အားလုံးက ပါတီက လူတွေက အရပ်သားတွေလေ။
ဒါမျိုးတော့ ရှိမှာ မဟုတ်ဘူး။ ကိုယ်တွေဘက်ကလည်းအတူ လက်တွဲလုပ်ဖို့ အဆင်သင့်ပဲ" ဟု
ခပ်ပြံုးပြံုးဖြင့် ဆိုသည်။
ခင်ပွန်းဖြစ်သူ ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးပြီးနောက် အမှုမှန်ပေါ်ပေါက်ရေးအတွက်
ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့သူ ဒေါ်သန္တာသည် လက်ရှိ အချိန်မှာတော့ လွှတ် တော်အမတ်တာဝန်ယူရန်
အဆင်သင့် ဖြစ်နေလေပြီ။
"စိတ်ထဲမှာ အခု ဘာဖြစ်နေလဲဆိုတော့ ပြည်သူ့ကိုယ်စားလှယ် ဖြစ်တော့မယ်ပေါ့။ လွှတ်တော်ထဲမှာ
ဘာတွေ လုပ်မလဲဆိုတာ အခုထိတော့ ပါတီက ဘာမှ ညွှန်ကြားတာ မရှိသေးဘူး။ ကျွန်မကတော့
ပြည်သူ့ရေးရာ မူဝါဒအပိုင်းတွေ ချမှတ်တာမျိုး လုပ်ချင်တယ်။ ကိုယ်ဝါသနာပါရာ လုပ်ရရင်တော့
အကောင်းဆုံးပေါ့။ လူထုအကျိုးအတွက် အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် လုပ်သွားမယ်" ဟု
ယုံကြည်ချက် အပြည့်ဖြင့် ပြောသည်။
သို့ပေမဲ့ သူစိုးရိမ်သည့်အချက် တစ်ချက် တော့ရှိသည်။ အဲဒါကတော့ သူ့ဒေသက ပြည်သူတွေရဲ့
နိုင်ငံရေးအသိပညာ အားနည်းမှုပင် ဖြစ်သည်။
နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ်အဖြစ် အရွေးခံထားရသူ
ဦးမျိုးဇော်ဦးအတွက် အနည်းငယ် စိတ်ကသိကအောက် ဖြစ်စရာက လူသေထားသည့် အခန်းတွင်
နေရာချထားခံရခြင်းပင် ဖြစ်သည်။
ထိုအခန်းထဲတွင် ရခိုင်ပြည်နယ်မှ လွှတ်တော်အမတ် တစ်ဦးနေထိုင်ခဲ့ပြီး လွန်ခဲ့သည့်
သုံးနှစ်လောက်က သေဆုံးခဲ့ခြင်းဖြစ်သည်။
"လွှတ်တော်ထဲမှာ ဘာလုပ်ချင်တယ် ဆိုပြီးတော့ မရှိပါဘူး။ ဘာတာဝန်ပေးခံရမလဲ မသိသေးဘူး။
အခုလောလောဆယ်တော့ နေပြည်တော် ကောင်စီ ဥပဒေကို လေ့လာနေတယ်။ ကိုယ်လည်း
အစကတည်းက ဒီမှာနေတာဆိုတော့ သိပ်အများကြီးတော့ လေ့လာစရာမလိုဘူး"ဟု ဦးမျိုးဇော်ဦးက
ဆိုသည်။
လက်ရှိအခြေအနေမှာ ရောက်ခါစ ဖြစ်တာကြောင့် ပါတီက ညွှန်ကြားချက် တစ်စုံတစ်ရာ
မရသေးပေမယ့် လွှတ်တော်ပြင်ပ အချိန်များတွင် သင်တန်းများ တက်ရောက်ရမည်ဟု ဆိုသည်။
"တစ်နေ့ကို ၁၅ နာရီလောက် အလုပ်လုပ်ရမယ့်သဘောရှိတယ်"ဟု သူကဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် လွှတ်တော်အမတ်ဖြစ်တော့မည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်
ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုဌေးဝင်းအောင် (ခ) ကိုပြံုးချိုကတော့ ပါတီက တာဝန်ပေးပါက
မီဒီယာနှင့် ပတ်သက်သည့် စီမံခန့်ခွဲမှုအပိုင်းတွင် တာဝန်ယူရန် စိတ်အားထက်သန်နေသည်။
ဖေဖော်ဝါရီ ၁ ရက်မှာ လွှတ်တော်အမတ် တာဝန်စပြီးထမ်းဆောင်ရတော့မည့် ကိုယ်စားလှယ်သစ်
တွေက တက်ကြွမှု အပြည့်နဲ့ လွှတ်တော်တွင်း ၀င်ရောက်ဖို့ အားယူပြင်ဆင်နေသည့်အချိန်တွင်
လွှတ်တော်မှ မကြာခင် ထွက်ခွာရမည့် သူများကလည်း ၎င်းတို့ နေရပ်သို့ပြန်ရန် ပြင််ဆင်နေကြပြီ
ဖြစ်သည်။
လက်ရှိ လွှတ်တော်တွင် အသက်အကြီးဆုံးဟု ပြောရမည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက
အမျိုးသားလွှတ်တော်အမတ် ဦးစောသောင်းဖေကတော့ "၀ဋ်ကျွတ်ပြီ" ဟု ပွင့်လင်းစွာဆိုသည်။
အသက် ၈၈ နှစ်အရွယ် ကရင်တိုင်းရင်းသား ဦးစောသောင်းဖီကို လွှတ်တော်တွင် ဖထီးဟုသာ
လူသိများပြီး တွေ့သမျှကို ဗေဒင်တွက်ပေးရန် ၀န်မလေးသူဖြစ်သည်။
ပါတီက တာဝန်ပေးမှုကြောင့် လွှတ်တော်ထဲ ရောက်ရှိလာသူဖြစ်ကြောင်းကိုလည်း ပွင့်လင်းစွာ
၀န်ခံပြောကြားလေ့ရှိရာ တိုင်းရင်းသားပီပီ ပွင့်လင်းမှုကြောင့် လွှတ်တော်ထဲတွင် လူချစ်လူခင်
များသူလည်း ဖြစ်သည်။
"၂၉ ရက်နေ့ပြီးရင် ၃၀ ရက်နေ့ ပြန်မယ်။ ဘာမှတွယ်တာစရာလည်း မရှိပါဘူး။ နောက်လူတွေ
ဆက်လုပ်လိမ့်မယ်" ဟု ခပ်လေးလေး ဆိုသည်။ နိုင်ငံရေးယုံကြည်ချက် မြင့်မားသူ၊ နိုင်ငံရေးကို
တစ်စိုက်မတ်မတ်လုပ်လာသူ စစ်ကိုင်းတိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော်ချင်း အမျိုးသားကြီး
ဦးပေါ်လျံလွင်ကတော့ အခွင့်ပေးပါက ဆက်လုပ်ခွင့်ရှိချင်သေးတယ်ဟု ဆိုသည်။
"တခြားတော့ စိတ်မကောင်းဖြစ်တာ မရှိပါဘူး။ တစ်ခုပဲ၊ အခု အန်ကယ်အသက်က ၆၅ နှစ်ဆိုတော့
နောက် ငါးနှစ်လောက်တော့ ကောင်းကောင်းလုပ်နိုင်သေးတယ်။ အခု ဆက်မလုပ်နိုင်တော့
ကိုယ့်ဒေသအတွက် နစ်နာတာပေါ့။ ဒါတော့ စိတ်မကောင်းဘူး" ဟု ဦးပေါ်လျံလွင်က ဆိုသည်။
ဒေသအတွက် တာဝန်ယူချင်စိတ်ဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် မဲဆန္ဒနယ်
အမှတ်(၁၀) က ထပ်မံဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း အင်န်အယ်လ်ဒီက ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့်
တူဖြစ်သူ ဦးလားလ်မင်းထန်ကို ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။
၎င်းတို့လို နိုင်ငံရေး နားလည်သည့် ပုဂ္ဂိုလ်များ မပါ၀င်သော်လည်း နောင်လွှတ်တော်တွင်
တာဝန်ယူရမည့် ကိုယ်စားလှယ်အသစ်များသည် ပါတီ၏ ဦးဆောင်မှုအောက်တွင် ဒီမိုကရေစီစနစ်ကို
ပီပြင်စွာ အသက်သွင်းနိုင်မှု ယုံကြည်ကြောင်း ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီမှ ဦးပေါ်လျံလွင်က
ပြောသည်။
"အန်ကယ်တို့တုန်းက အာဏာရှင်တစ်ပိုင်း ဘဝနဲ့ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတာ။ လစာဆိုလည်း
လေးနှစ်လောက်အထိ သုံးသိန်းနဲ့ ကိုယ့်အိမ်နဲ့ အဝေးမှာနေရတယ်။ အခု လစာဆိုလည်း တိုးသွားပြီ။
ပါတီကလည်း ဒီမိုကရေစီကို ကြွေးကြော်ခဲ့တဲ့ ပါတီဆိုတော့ လုပ်ပိုင်ခွင့်က အများကြီးပဲ။ တကယ့်
လက်တွေ့မှာ ဒီမိုကရေစီစနစ်အတိုင်း လွတ်လပ်စွာ ဆွေးနွေးခွင့်ရမယ်ဆိုရင်တော့
ပိုကောင်းတာပေါ့" ဟု ဦးပေါ်လျံလွင်က ဆိုသည်။
နောက်တက်လာမည့် ကိုယ်စားလှယ် အသစ်များမှာ ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏
အရှိန်အဝါကြောင့် အနိုင်ရခဲ့သည့် အမတ်များဖြစ်ရာ ပါတီ၏ ဦးဆောင်မှု အောက်တွင်
စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရန်လိုကြောင်း ၎င်းက အကြံပြုသည်။
"အန်ကယ်တို့က လွှတ်တော်ပြင်ပကနေ ပါတီနိုင်ငံရေး ဆက်လုပ်နေဦးမှာပဲ။ အခုတော့ ပစ္စည်းတွေ
သိမ်းနေပြီ။ တစ်ဝက်တော့ သိမ်းဖို့ ကျန်သေးတယ်" ဟု ဦးပေါ်လျံလွင်က ဆိုသည်။
ကာကီရောင် ဘောင်းဘီနှင့် အပြာရောင် ဆွယ်တာ ၀တ်ဆင်ထားသည့် ဦးပေါ်လျံလွင် ၏ ပုံစံမှာ
အနိုင်ရပါက နောက်ထပ်ငါးနှစ်ခန့် ကောင်းကောင်း အလုပ်လုပ်နိုင်သည်မှာ သံသယဖြစ်စရာ
မရှိသော်လည်း လူထု၏ ဆုံးဖြတ်ချက်အရ လွှတ်တော် နိုင်ငံရေးက ရက်ပိုင်းအတွင်းမှာပဲ
အနားယူရတော့မည် ဖြစ်သည်။
လွှတ်တော်ရှိ အမျိုးသမီးအမတ် အနည်းငယ်ထဲက တစ်ယောက်ဖြစ်သည့် မွန်ပြည်နယ်၊ ရေးမြို့နယ်က
ပြည်သူ့လွှတ်တော်အမတ် ဒေါ်မိမြင့်သန်းတစ်ယောက် သူ ငါးနှစ်တာ ကျင်လည်ခဲ့သည့်
လွှတ်တော်နှင့် မိတ်ဆွေများကို ခွဲခွာရန် စိတ်မကောင်းဖြစ်နေဆဲပင်။
"ဒေါ်နန်းဝါနု ပြန်သွားတုန်းက ကျွန်မ နှစ်ရက်လောက် အိပ်မပျော်ဘူး။ ဒါပေမဲ့ ဗုဒ္ဓဘာသာမှာက
တွေ့ဆုံကြံုကွဲ ဆိုတော့ ဒါမျိုးက ကြံုရမယ်ဆိုတာ နားလည်ပါတယ်။စိတ်တော့ မကောင်းဘူးပေါ့" ဟု
၎င်းက မွန်သံ ခပ်ဝဲဝဲဖြင့် ပြောသည်။
နောက်လွှတ်တော်အတွက် ဒေါ်မိမြင့်သန်း စိုးရိမ်သည့်အချက်ကတော့ 'အပြန်အလှန်
ထိန်းကျောင်းမှုစနစ်' ပျောက်ဆုံးမှုနှင့် ပါတီတွင်း စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်လာမည်ကို ဖြစ်သည်။
"အရင်က ပြည်ခိုင်ဖြိုးပါတီကို ကျွန်မတို့ ကောင်းကောင်း ဝေဖန်ထောက်ပြနိုင်တယ်။ အခုက
တစ်ပါတီတည်း အနိုင်ရတာဆိုတော့ လွှတ်တော်လည်း သူတို့ပဲ၊ အစိုးရဖွဲ့လည်း သူတို့ပဲဆိုတော့
တစ်ဖက်နဲ့တစ်ဖက် ထိန်းကျောင်းမှု လျော့မလားပေါ့။ နောက်တစ်ချက်က အစိုးရအဖွဲ့ထဲ ပါမယ့်သူနဲ့
လွှတ်တော်မှာ ကျန်ခဲ့သူကြား စိတ်ဝမ်းကွဲမှာစိုးတာ။ ပြည်ခိုင်ဖြိုးတုန်းကလည်း
ဒီလိုဖြစ်ခဲ့ကြတာလေ" ဟု ဒေါ်မိမြင့်သန်းက ပြောသည်။
ယခင်က လွှတ်တော်တွင် နိုင်ငံရေးပါတီပေါင်း ၁၈ ပါတီခန့် ရှိသော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင်
အင်န်အယ်လ်ဒီပါတီ အများစု အနိုင်ရပြီးနောက် နောက်လွှတ်တော်တွင် ၁၃ ပါတီသာ
ကျန်တော့မည်ဖြစ်သည်။
မွန်ဝတ်စုံကို အမြဲတစ်စေ ၀တ်ဆင်လေ့ရှိသူ မွန်ဒေသလုံးဆိုင်ရာ ပါတီကိုယ်စားပြု ဒေါ်မိမြင့်သန်း၏
အပြင်ပန်းပုံစံမှာ သေးသေးသွယ်သွယ်နှင့် မိန်းကလေးဆန်သည့် ပုံစံမျိုး ဖြစ်သော်လည်း
လွှတ်တော်တွင် ငြင်းခုံ ဆွေးနွေးမှုများတွင် သတ္တိရှိရှိနှင့် တက်ကြွစွာ ဆွေးနွေးလေ့ရှိသူ ဖြစ်သည်။
လက်ရှိ လွှတ်တော်သက်တမ်းမှာ လာမည့် ဇန်နဝါရီ ၂၉ ရက်တွင် ကုန်ဆုံးတော့မည်ဖြစ်ရာ
လွှတ်တော်အမတ်အချို့မှာ လွှတ်တော်မှ ခွင့်ယူကာ ပြန်သွားကြပြီဖြစ်သော်လည်း အများစုမှာ
မိမိတို့ ငါးနှစ်တာ ထမ်းဆောင်ခဲ့သည့် လွှတ်တော်တွင် သက်တမ်းပြီးဆုံးသည်အထိ တက်ရောက်ရန်
ဆုံးဖြတ်ထားသည်။
လွှတ်တော်ကိုယ်စားလှယ် အသစ်များကလည်း လွှတ်တော်အမတ်ဟောင်းများ၏ နေရာကို
အစားထိုးဝင်ရောက်ရန် တာစူနေပြီဖြစ်သည်။
"လွှတ်တော်ကြီးက ကြီးကျယ်ခမ်းနားသလောက် ပြည်သူလူထုက ဆင်းရဲနေတယ်။
လွှတ်တော်ကြီးလိုပဲ ပြည်သူတွေ ချမ်းသာအောင် လုပ်ပေးမယ်" ဟု ခမ်းနားလှသည့်
လွှတ်တော်အဆောက်အအုံကို ကြည့်ရင်း မကြာမီ တွံတေးမြို့နယ် ပြည်သူ့လွှတ်တော် အမတ်အဖြစ်
တာဝန်ယူရမည့် အင်န်အယ်လ် ဒီအမတ် ဦးမြင့်လွင်က ကြံုးဝါးလိုက်လေသည်။

















