ကြွေလွင့်သွားခဲ့သော မိုးသောက်ကြယ်တစ်ပွင့် သို့မဟုတ် သတင်းစာဆရာကြီး ဦးဝင်းခက်

ကြွေလွင့်သွားခဲ့သော မိုးသောက်ကြယ်တစ်ပွင့် သို့မဟုတ် သတင်းစာဆရာကြီး ဦးဝင်းခက်

ကျွန်တော်တို့ မျက်မှောက် မြန်မာ့နိုင်ငံရေးနှင့် စာပေခရီးလမ်းမှာ အဓိက ငွေကြယ်ပွင့်ကြီး တစ်ပွင့်ကြွေလွင့်သွားခဲ့ခြင်း...။

ကျွန်တော်တို့ မျက်မှောက် မြန်မာ့နိုင်ငံရေးနှင့် စာပေခရီးလမ်းမှာ အဓိက ငွေကြယ်ပွင့်ကြီး တစ်ပွင့်
ကြွေလွင့်သွားခဲ့ခြင်း...။

၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ မရောက် မီမှာပင် မလွတ်လပ်သေးသော ဒီမိုကရေစီ တိုက်ပွဲဝင်
ခေါင်းဆောင်ကြီးတစ်ဦး ပျောက်ဆုံးသွားခဲ့ခြင်းမှာ တိုက်တိုက်ဆိုင်ဆိုင်...။

ကျွန်တော်တို့ခေတ်၏ မြန်မာ့နိုင်ငံရေးခရီး၊ စာပေခရီးကို မဆလခေတ် ၁၉၈၅ ခုနှစ် တစ်ဝိုက်ကပင်
တက်ကြွ နိုးကြားစွာ တိုက်တွန်း နိုးဆော်ခဲ့သော၊ ဖောက်ခွဲခဲ့သော၊ စုစည်းခဲ့သော၊ အနာခံခဲ့သော၊
ကြိုမြင်ခဲ့သော... ဆရာ...ဟု အားလုံးက အသိအမှတ်ပြုခဲ့ကြရသည်။ ရှစ်လေးလုံး
အရေးတော်ပုံကြီးကား ဝေးပါသေးသည်။

ထိုကာလတွင် ဆရာနှင့် ကျွန်တော်တို့ လက်ပွန်းတတီး။

ဆရာက ကျွန်တော်တို့ အလုပ်လုပ်သော၊ ဘဝတက္ကသိုလ်စာပေက ထုတ်ဝေဖြန့်ချိခဲ့သော
'စာမော်ကွန်း' မဂ္ဂဇင်းတွင် အယ်ဒီတာချုပ်။ ကျွန်တော်တို့က စာစီ၊ လက်ထောက်ဖိုမင်။
ဘဝချင်းက မိုးနှင့်မြေ။ သို့သော်...နေ့တိုင်း ဆုံကြံုနေကျ။

ထိုမဂ္ဂဇင်းကို အကြောင်းပြု၍ ကျွန်တော်တို့ကိုယ်တိုင် ဆုံကြံုခဲ့ရသည့် ထိုစဉ်က ဆရာများမှာ...
မောင်သော်က၊ မောင်မဲ၊ ဦးဝင်း တင်၊ သခင်လှကွန်း၊ မောင်ကြာညို၊ ကိုပညာ(အမရပူရ)၊ ဌေးလွင်
(ဆားလင်းကြီး)၊ ဦးဆန်းလွင်၊ ဦးရန်အောင်၊ ဆင်ဖြူကျွန်း အောင်သိန်း၊ တက်တိုး၊ စိန်ခင်မောင်ရီ၊
အထောက်တော် လှအောင်၊ ဗမိုး၊ မောင်ခက်ပန်၊ မင်းကျော်၊ မောင်နေဝင်း၊ နတ်နွယ်၊ ပန်းချီစံတိုး၊
ပန်းချီ တင်မောင်မျင့်၊ ပန်းချီ ၀သုန်၊ ပန်းချီကျော်သောင်း၊ ပန်းချီ မောင်မောင်သိုက်၊ ၀င်းဖေမြင့်၊
ကာတွန်းမြေဇာ၊ ကာတွန်းငွေကြည်၊ မုံရွာ အောင်ရှင်၊ မောင်ဝံသ၊ မောင်မိုးသူ၊ မောင်ပေါ်ထွန်း၊
ဖိုးကျော့၊ ဒေါက်တာငွေစိုး၊ မောင်ထွန်းသူ၊ ဦးမြတ်ဆွေ၊ အောင်သာမိုး...စသည်...စသည်တို့...။
ကျန်ရှိနေသေးသူ အများအပြား...။

စာမော်ကွန်း မဂ္ဂဇင်းကား နိုင်ငံရေးမဂ္ဂဇင်း ဖြစ်သည့်အတွက် ထိုစဉ်က စာပေစိစစ်ရေး ဌာနနှင့်
လစဉ် အကြိတ်အနယ်၊ လိပ်ခဲတည်း လည်းပေါင်းများစွာနှင့်...။ ဖြုတ်၊ ပယ်၊ ကွက်လပ်ပေါင်း
များစွာနှင့်...။ ထိုကာလတွင် ထုတ်ဝေခဲ့သော ဆရာမောင်ဝံသ၏ အတွေးအမြင် မဂ္ဂဇင်းမှာကား
ထိုအချိန်မှ ယနေ့အချိန်အထိ ပန်းပန်ဆဲ။ ဈေးကွက်ဝင်ဆဲ၊ အောင်မြင်နေဆဲ...။ စာမော်ကွန်းက
စာတွေကောင်းသည်။ နိုင်ငံရေးသမားများ၊ စာရေးဆရာများစုံသည်။ သို့သော် မြန်မာ့နိုင်ငံရေးကား
သွေးအေးနေဆဲ...ကြောက်ရွံ့နေဆဲကာလ ဖြစ်သောကြောင့် ရှုံးခဲ့ရလေတော့သည်။
ရပ်ဆိုင်းသွားခဲ့ရလေတော့သည်။ စာမော်ကွန်း အမှတ်စဉ် ၈ ဟူ၍သာ...။

ကျွန်တော်တို့ တွေ့မြင် ဆုံကြံုခဲ့ရသော အထက်ပါ ဆရာကြီးများသည် ယခုအချိန်တွင် သက်ရှိထင်ရှား
အနည်းငယ်သာ ရှိတော့သည်မှာ အားလုံးအသိ။ ထို့ပြင် ကျန်းမာရေးအရ အသက်အရွယ်အရ
ဆရာကြီးများကို မြင်တွေ့ ရဖို့ မလွယ်ကူတော့။

ဆရာဦးဝင်းခက်သည် စာမော်ကွန်း မဂ္ဂဇင်း ရပ်ဆိုင်းသွားခဲ့သော်လည်း ဇွဲမလျှော့။ နိုင်ငံရေးနှင့်
စာပေခရီးတွင် ဆက်လက် ချီတက်မြဲ။

ထိုမှ ပန်မဂ္ဂဇင်း အယ်ဒီတာချုပ်ဘဝ။ ဆရာမောင်ကောင်းမြင့်၊ ဆရာမုံရွာ အောင်ရှင်၊
ဆရာ ဦးမြတ်ဆွေတို့နှင့် တပူး တွဲတွဲ ဆက်လက်၍ ရှေ့သို့...။

ဒီလိုနှင့် ၈၈ အရေးအခင်းကြီး ဖြစ်ပွားခဲ့လေပြီ။ ဆရာဦးဝင်းခက်လည်း နေရာဌာန အသီးသီးမှာ
ပါ၀င်ခဲ့လေပြီ။ ကျွန်တော်တို့ ဆရာ့အနီးမှာ...နီးလိုက်...ဝေးလိုက်။

ဆရာအဖမ်းခံရပြီတဲ့။ ဆရာထွက်ပြေး ရှောင်တိမ်းနေရပြီတဲ့...စသော သတင်းများက မျိုးစုံ။
ကျွန်တော်တို့ ဘဝမှာလည်း အကြောင်းအရာ အမျိုးမျိုးအဖုံဖုံ။ မြန်မာ့နိုင်ငံရေး ရှုပ်ထွေးခဲ့၍
အသက်မသေ၊ အဖမ်းမခံရသေးသော်လည်း ဘဝကို ခါးသီးစွာ ရုန်ကန်နေရဆဲ၊ နိုင်ငံရေးနှင့်
စာပေ ထွေးရောယှက်တင် အာရုံဝင်စားခဲ့ရသော နေ့ရက်များ...။

ထိုမှ ဆရာဦးဝင်းခက်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတင် ဖွဲ့စည်းရာတွင် ပါ၀င်ခဲ့လေပြီ။
ကျွန်တော်တို့လည်း တက်ကြွစွာဖြင့် ဆရာ့ အနီးမှာ။ ထိုကာလတွင် ဆရာမင်းသိင်္ခ၊ ဆရာမောင်မိုးသူ၊
ဆရာအောင်ဝေး၊ ဆရာ မောင်အောင်ပွင့်၊ မင်းသားကြီး ဦးအောင်လွင်၊ အဆိုတော် စိုင်းထီးဆိုင်တို့နှင့်
အနီးကပ်...။ ကျွန်တော်တို့ကို ဆရာက သာကေတမြို့ နယ် စည်းရုံးရေးမှူး တာဝန်ပေးသည်။ သို့သော်
ထိုစဉ်ကတည်းက လူအင်အားများ၍ တာဝန်ခံ စည်းရုံးရေးမှူးများက များမှ များ...။ လူလုံး မကွဲသော
ကာလကြီး...သာကေတမြို့နယ်တွင် ကျွန်တော်တို့ ပန်းချီဆရာ၊ ရှေ့နေ၊ ကျောင်းဆရာ၊
ကျောင်းသားများစွာနှင့် ပျော်တပြံုးပြံုးကာလများ...။ သို့သော် မကြာခဲ့ပါ။ စစ်အစိုးရက
စတင် ဖမ်းဆီးခဲ့လေပြီ။ ကျွန်တော်တို့လည်း ဇာတိမြေ အောင်လံမြို့ နယ်သို့ ပြန်ပြေးခဲ့ရ...။

ထိုသို့နှင့် ၁၉၉၀-၉၃ ရွေးကောက်ပွဲကြီးဖြစ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်နိုင်။
ဂန္ဓီဟောခန်းမကြီး ကြေညာချက်၊ စုစည်းမှုများ အောင်မြင်မှု။ သို့သော်...မကြာခင် စစ်အစိုးရက
တစ်စစီ ဖြိုခွဲ၊ ဖမ်းဆီး၊ ထောင်ချ၊ ထွက်ပြေး၊ စွန့်ခွာကြ...။

စစ်အစိုးရက အနိုင်ရပါတီကြီးကို ဟိုနေ့ အာဏာလွှဲမှာလိုလို၊ ဟိုနှစ် အာဏာလွှဲမှာ လိုလိုနှင့်
ကတိတွေ လွယ်လွယ်ပေး၊ နောက် ပုဒ်မမျိုးစုံတပ်၍ အကြောင်းရှာ ဖမ်းဆီး ထောင်ချ...ကျွန်တော်တို့
မြန်မာပြည်ကြီး အမှောင်ကျသော နေ့ရက်များ...။

ဆရာဦးဝင်းခက်ကို မြင်တွေ့ရဖို့ မလွယ် ကူတော့။ မကြာခင် ဆရာနိုင်ငံခြားသို့ ရောက် သွားလေပြီ။
ကျွန်တော်တို့ သိသော၊ ခင်သော၊ လက်တွဲခဲ့သော ရဲဘော်ပေါင်းများစွာ... ဆရာပေါင်းများစွာ...
ရက်တွေကြာ ... နှစ်တွေပြောင်း... ဒီမိုကရေစီလမ်းကြောင်းမှာ ရှည်လျားစွာ ဖြတ်သန်းပျောက်ကွယ်
သွားခဲ့ကြရလေပြီ။ တစ်ခါတစ်ရံရေဒီယိုက ဆရာ့အသံကို ကြားရသည်။

အဝေးရောက် မြန်မာများ အစိုးရအဖွဲ့ ဖွဲ့ကြသည်။ ဆရာပါသည်။ သို့သော်... ရေခြားမြေခြား
နိုင်ငံခြားမှာ။

ထိုသူများကို ဟားတိုက်ရယ်မော၍ စစ် အစိုးရက ပြည်တွင်းတွင် ကျန်ရစ်သူများကို ပိုက်စိပ်တိုက်
ရှာဖွေနှိပ်စက်၍၊ ထောင်သွင်း အကျဉ်းချ ...ခေါ်ယူမေးမြန်း၍ မဆုံးနိုင်။ စာပေရေးသူ၊ ပန်းချီဆွဲသူ၊
ရုပ်ရှင်ရိုက်သူ၊ သီချင်းဆိုသူ...ဟူဟူသမျှ မူလလုပ်ငန်းများတွင် လုပ်ကိုင်၍ မရနိုင်အောင် နှောင့်ယှက်
ဖျက်ဆီးခဲ့ကြသည်။ ဥပမာ - စာရေးသူ စာမရေးရ၊ ပန်းချီဆွဲသူ ပန်းချီမဆွဲရ၊ ရုပ်ရှင်ရိုက်သူ
ရုပ်ရှင်မရိုက်ရ။

ဟိုလိုလို ဒီလိုလိုနှင့် စစ်အစိုးရ အုပ်ချုပ်ခဲ့သည်မှာ လမှနှစ်၊ နှစ်မှ ရက်ပေါင်းများစွာ...။ ယနေ့အချိန်အထိ။
လွတ်လပ် ရေးခရီးပင် ၆၈ နှစ်။ ဒီမိုကရေစီခရီးသည် ယခုကာလအထိ ဘာလဲ...။ ဘယ်လဲ ...။
ဝေဝါးနေဆဲ ...။

ထိုအချိန် နှစ်ကာလကြီးအတွင်းမှာ ဆရာ့လိုပင် အသက်အရွယ်ကြီးရင့်လာ၍ တဖြုတ်ဖြုတ်
ကြွေလွင့်ခဲ့သော ဆရာပေါင်းများစွာ ... ခေါင်းဆောင်ပေါင်းများစွာ ...။ ဥပမာ - ဦးဝင်းတင်၊
သခင်စိုးမြင့်၊ သခင် အုန်းမြင့်၊ လေထီးဦးအုန်းမောင်၊ ဆရာ မင်းသုဝဏ်၊ ဆရာမြောင်းမြဘဆွေ၊
ဆရာ မောင်ဝံသ၊ ဆရာမင်းသိင်္ခ၊ ဗိုလ်ချုပ် အောင်ကြီး၊ ၀န်ကြီးချုပ် ဦးနု၊ သခင်ချစ်၊ ၀ိဓူရ သခင်ချစ်မောင်၊
ဆရာ ဒဂုန်တာရာ၊ ဆရာမကြီး လူထုဒေါ်အမာ စသည် ...စသည်... တို့နှင့် ပြည်သူ ပြည်သား ...
ထောင်ပေါင်းများစွာ ...

ယခု ဆရာကွယ်လွန်ချိန်မှာလည်း ဆရာ့ ဈာပနက ရပ်ဝေးမြေခြား ဟိုး အဝေးမှာ...။ ကျွန်တော်တို့
မသွားနိုင်၊ မရောက်နိုင်သော နေရာဒေသ ...။

ဆရာတင်မိုးလည်း ဆရာ့လိုပင် ဝေးမြေ တစ်နေရာမှာ ကြွေ ...ကြွေ...။

ဝေစည်လာမည့် ဒီမိုကရေစီ ခရီးလမ်းက မြန်မာနိုင်ငံ အနာဂတ်ကို ဆရာတို့ မမြင်နိုင်တော့...
မသိနိုင်တော့...။ ငြိမ်းချမ်းရေးကို မြတ်နိုးခဲ့သော...စာပေများစွာ ရေးဖွဲ့ချင်ခဲ့သော ... မြန်မာပြည်နှင့်
ပြည်သူ လူထုကြီးကို ချစ်ခင်မြတ်နိုးသော်လည်း ... ချစ်ပါသော်လည်း ကွေကွင်းခဲ့ရပြီဖြစ်သော
ဆရာ့ကို ကျွန်တော်တို့သည် ယခုဘဝတွင် ပြန်လည် ဆုံတွေ့ချင်သည့်တိုင် မရနိုင်တော့ ...။

ထို့ကြောင့် ဆရာ့ကို ကျွန်တော်တို့ ရင်ဝယ် မမေ့နိုင်တော့ပါ ဆရာခင်ဗျား ...။

ကျွန်တော်တို့ မြန်မာပြည်ကြီးအတွက် ဆရာ တာဝန်ကျေခဲ့ပါသည်။ ဆရာ့ကို ကျွန်တော်တို့
သံသရာမှာ ပြန်လည် ဆုံစည်းချင်ပါသည် ဆရာ ...။

လက်ရှိ မြန်မာ့နိုင်ငံရေး သာယာဝပြော ဖို့အရေး တွေးဆကြိုးစားခဲ့သော ဆရာ့ ရည်မှန်းချက်
ပြည့်လုပါပြီခင်ဗျား။

ဆရာ မြင့်မြတ်ရာ ဘုံဘဝက ကြည်နူး ၀မ်းသာလိုက်ပါတော့ ဆရာ ...။

မေ့ပစ်၍မရသော
မမေ့နိုင်သော
ရဲဘော်...များစွာ...။

ဦးဝင်းခက် ကိုယ်ရေး အတ္ထုပ္ပတ္တိ အကျဉ်း

၁၉၃၆ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်
၀ါးခယ်မမြို့၌ မွေးဖွားခဲ့သည်။

ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် ၁၉၅၃-၅၄ ခုနှစ်၊
အောက်တိုဘာ ကျောင်းသားလှုပ်ရှားမှု၌ ပါ၀င်ခဲ့ပြီး၊
နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းများ၌ ဆက်လက်
ပါ၀င်ဆောင်ရွက်ခဲ့သည်။

၁၉၆၃ ခုနှစ်တွင် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြားခဲ့ပြီး
နောက်ပိုင်း အလုပ်သမားခေါင်းဆောင်အဖြစ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

၁၉၆၇ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း အိုးဝေဂျာနယ်၊ ရှုဒေါင့်ဂျာနယ်၊ ပန်မဂ္ဂဇင်း၊ လှပရုပ်စုံဂျာနယ်၊
စာမော်ကွန်းမဂ္ဂဇင်းများ၌ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။

ရှစ်လေးလုံးလူထုအုံကြွမှုကြီးတွင် မြန်မာ နိုင်ငံစာရေးဆရာသမဂ္ဂမှ ဦးဆောင်ပါ၀င် လှုပ်ရှားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင် တည်ထောင်ရာတွင် ပါ၀င်ခဲ့သော်လည်း ၁၉၉၀ ပြည့်နှစ်တွင်
ကရင်ပြည်နယ် မာနယ်ပလောသို့ တိမ်းရှောင်ပြီး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်ရေး
နယ်မြေ)၏ အတွင်းရေးမှူး၊ ဒုဥက္ကဋ္ဌ တာဝန်များအထိ ဆောင်ရွက်ခဲ့သည်။

နော်ဝေနိုင်ငံ အောစလိုမြို့ ဒီမိုကရက်တစ် ဗမာ့အသံ၏ ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်တွင် မြန်မာနိုင်ငံသို့ ခေတ္တပြန်ရောက်စဉ် နှစ်ပေါင်း
၂၂ နှစ်ကျော်ကြာ နိုင်ငံရေးဆောင်ရွက်မှု အတွေ့အကြံုများရှင်းလင်းပွဲကို ရွှေဂုံတိုင် တော်ဝင်နှင်းဆီ
စားသောက်ဆိုင်၌ ကျင်းပခဲ့သည်။

သတင်းစာဆရာကြီး ဦးဝင်းခက် သည် အသက် ၈၀ ပြည့်နှစ်၊ ဇန်နဝါရီ ၃ ရက်၊ နံနက် ၉ နာရီခန့်တွင်
၎င်းနေထိုင်ရာ ဩစတြေးလျနိုင်ငံ ဆစ်ဒ်နီမြို့၌ ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်သည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021