ဒီမိုကရေစီ အပ်နှင်းခြင်း (၁)

ဒီမိုကရေစီ အပ်နှင်းခြင်း (၁)

ခေါင်းဆောင်နှင့်စွန့်လွှတ်စွန့်စားမှုမြန်မာလူထုဟာ လွန်ခဲ့တဲ့ ၁ဝ စုနှစ် အနည်းငယ်ကတည်းက အမိန့်ပေး အုပ်ချုပ်ရေးစနစ်ကို မနှစ်မြို့တော့ကြောင်း၊ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်အောက်မှာသာ နေလိုကြောင်း အကြိမ်ကြိမ် သက်သေပြခဲ့ကြပါတယ်။

ခေါင်းဆောင်နှင့်စွန့်လွှတ်စွန့်စားမှုမြန်မာလူထုဟာ လွန်ခဲ့တဲ့ ၁ဝ စုနှစ် အနည်းငယ်ကတည်းက
အမိန့်ပေး အုပ်ချုပ်ရေးစနစ်ကို မနှစ်မြို့တော့ကြောင်း၊ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်အောက်မှာ
သာ နေလိုကြောင်း အကြိမ်ကြိမ် သက်သေပြခဲ့ကြပါတယ်။

နိုင်ငံနယ်နိမိတ်အတွင်းမှာ အတူတကွ နေထိုင်ကြတဲ့ လူ့အဖွဲ့အစည်းအများအပြားဟာ
ဒီလိုသက်သေပြမှုတွေမှာ တစ်ခဲနက် ပါဝင်ခဲ့ကြပါတယ်။ အထူးသဖြင့် ၂ဝ၁၅
နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်ဟာ ကမ္ဘာ့နိုင်ငံရေး သမိုင်းမှာပင်လျှင် ရွေးကောက်ပွဲဖြင့်
ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး ထူးခြားဖြစ်စဉ်တစ်ရပ် ဖြစ်လာနိုင်တယ်လို့
ကြိုတင်တွေးမြင်ထားကြသူတွေ ရှိနေပါတယ်။

အမိန့်ပေးအုပ်ချုပ်ရေး စနစ်ဟောင်းက ဖန်တီးပေးခဲ့တဲ့ တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီ
အုပ်ချုပ်ရေးစနစ်ဟာ အမိန့်ပေးအင်စတီကျူးရှင်းကြီးတွေနဲ့ အတူတကွ
အလုပ်လုပ်ရတာကြောင့်၊ တာရှည်မခံနိုင်ဘူး ဆိုတာကို ခပ်စောစောကတည်းက
နိုင်ငံရေးပညာရှင်တွေက တစ်ညီတညွတ်တည်း သဘောထားရှိကြ ပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ဆီက နိုင်ငံရေးဇာတ်ကောင်အတော်များများက ဒီသဘောထားတွေကို
သိပ်အလေးမထားမိကြဘူး။ ဒီတစ်စိတ်တစ်ပိုင်း ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်ကို
သက်တမ်းရှည်စေဖို့အတွက် အရင်းအမြစ်မြောက်မြားစွာနဲ့ နည်းလမ်းပေါင်းစုံအသုံးပြုပြီး
ကြိုးပမ်းအားထုတ်ခဲ့ကြတာကို ကျွန်တော်တို့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်။

နိုင်ငံရေးဇာတ်ကောင်တချို့ရဲ့ နိုင်ငံရေးအတွေးအမြင်ချို့ငဲ့မှုဟာ ဘယ်လောက်အထိ
လွဲမှားတဲ့ခန့်မှန်းခြေတွေ၊ ဘယ်လိုဆုံးရှုံးမှုတွေ၊ ကွဲပြဲမှုတွေ ဖြစ်စေခဲ့သလဲ။ ဒါဟာ
လေ့လာသုံးသပ်သူတွေကတစ်ဆင့် နောင်နှစ်အနည်းငယ်ကြာမှ တဖြည်းဖြည်းချင်း
ပေါ်ထွက်လာမယ့်အရာပါပဲ။ ဒါပေမဲ့ အခု ကျွန်တော်ပြောနိုင်တာကတော့ နိုင်ငံရေး
အတွေးအမြင် ချို့ငဲ့မှုရဲ့ အကျိုးဆက်ဟာ အခုလောက်နဲ့ ပြီးဆုံးသွားမှာ မဟုတ်သေး
ဘူး ဆိုတာပါပဲ။ ဘာကြောင့် ဒီလိုပြောရတာလဲ။

နိုင်ငံရေးဇာတ်ကောင်တချို့ နားလည်လက်ခံထားကြတာက ''အပြီးသတ်ရလဒ်သာလျှင်
လုပ်နည်းတွေကို အဆုံးအဖြတ်ပြုနိုင်တယ်''ဆိုတဲ့ ၁၉ ရာစုအတွေးအမြင်တစ်ခုပါ။

အလုပ်လုပ်ရာမှာ ဘယ်အကြောင်းကိစ္စမဆို၊ ဘယ်လို နည်းလမ်းနဲ့ လုပ်လုပ်၊ နောက်ပိတ်ဆုံးမှာ
ကိုယ်နိုင်ရင် ကိုယ်မှန်တယ်ဆိုတဲ့ အယူအဆပါပဲ။ ဒီအယူအဆဟာ အစွန်းရောက်တဲ့
အယူအဆပါ။

အကြမ်းဖက်မှုကို အားပေးတဲ့အယူအဆပါ။ ဒီအယူအဆရှိတဲ့ လူတွေဟာ ကိုယ့်ရဲ့
နိုင်ငံရေးအတွေးအမြင် လွဲချော်မှုတွေကို သင်ခန်းစာယူသော နည်းလမ်းနဲ့ ပြန်လည်တည့်မတ်
မှန်ကန်အောင် ပြုပြင်ဖို့အတွက် ဝန်လေးနိုင်ပါတယ်။

မြန်မာပြည်မှာ ဒီလို အတွေးအမြင်ရှိတဲ့ ဇာတ်ကောင်တွေ ဘယ်လောက်ထိ များနေသလဲ၊
အန္တရာယ်ဘယ်လောက် ကြီးမားနိုင်သလဲ ကျွန်တော် မတွက်တတ်ပါ။ ပြည်သူလူထု
အပိုင်းကတော့ အမိန့်ပေးအုပ်ချုပ်ရေးစနစ်နေရာမှာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နဲ့
အစားထိုးဖို့အတွက် ငါတို့ရွေးချယ်ပေးခဲ့ပြီးပြီဆိုပြီး ကျေနပ်အားရ နေကြမှာပါပဲ။

ဒီလိုအသွင်ကူး ပြောင်းရေး ကာလမှာ နိုင်ငံရဲ့ အနာဂတ်ပုံရိပ်ကို စိတ်ကူးယဉ်ပြီး လူထုက
ပီတိဖြစ်နေတာလည်း သဘာဝကျပါတယ်။ တကယ်တော့ ဒီလိုပုံစံနဲ့ အသွင်ကူးပြောင်းမှု
ဖြစ်လာရတယ်ဆိုတာကလည်း ပြည်သူလူထုဟာ နှစ်ပေါင်းများစွာ နိုင်ငံရေးဖိနှိပ်မှုအောက်မှာ
နေလာခဲ့ရတဲ့အတွက် လှုပ်ရှားရုန်းကန်ရင်း နိုးကြားလာတဲ့ နိုင်ငံရေးအသိ ပညာကြောင့်သာ
ဖြစ်ပါတယ်။

မကျော်လွှားနိုင်ဘူးလို့ ထင်ရတဲ့ တစ်ဖက်စီးနင်း အခြေအနေတစ်ရပ်ကို ပြောင်းပြန်
လှန်ပစ်လိုက်သလို ဖြစ်သွားလို့၊ လူများစွာရဲ့ အလွန်အကျွံအောင်ပွဲခံမှုတွေက ပြဿနာတွေ
ပေါက်ကွဲထွက်ပေါ်လာနိုင်ခြင်းကို အချိန်မီထိန်းကျောင်းထားလိုက်နိုင်တာကိုလည်း
လေ့လာသူတွေ ကောင်းစွာသတိထားမိပါတယ်။

၁၉၈၆ ခုနှစ်တုန်းက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့လမ်းမများအပေါ်မှာ လူတွေ ရုတ်တရက်
ထွက်ပေါ်လာပြီး ပျော်ရွှင်မြူးထူးစွာ အောင်ပွဲခံခဲ့ကြတဲ့ သတင်းဓာတ်ပုံတွေကို
ကျွန်တော်တို့ ကောင်းစွာသတိရနေပါသေးတယ်။

ဖာဒီနန်မားကို့စ်ရဲ့အုပ်ချုပ်ရေးကိုဖယ်ရှားနိုင်ခဲ့တဲ့အတွက် သမ္မတအသစ်ကို ရာဇန်အကွီနိုကို
အမေရိကန်ကွန်ဂရက်လွှတ်တော် ပူးတွဲကော်မတီက ချီးကျူးဂုဏ်ပြုခဲ့တာကိုလည်း
ရုပ်မြင်သံကြားအစီအစဉ်တွေမှာ အကျယ်တဝင့် တွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ ပြည်သူလူထုရဲ့ ဝမ်းသာပီတိဖြစ်မှုဟာ သိပ်ကြာကြာ မခံလိုက်ရပါဘူး။
စိုးရိမ်ကြောင့်ကြမှုတွေ စိတ်ဖိစီးမှုတွေ ပုံစံတစ်မျိုးနဲ့ ပြန်ဖြစ်လာခဲ့ပါတယ်။
နိုင်ငံတစ်ခုမှာ ဒီမိုကရေစီအပ်နှင်းဖို့ လုပ်ရတဲ့အလုပ်ဟာ ခက်ခက်ခဲခဲလုပ်ရသလို
မျှော်မှန်းထားတဲ့အတိုင်း အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာကို အသေအချာ
မပြောနိုင်ပါဘူး။

အိပ်ခန်းတစ်ခန်းမှာ လေအေးပေးစက်တစ်လုံး တပ်သလိုမျိုး မဟုတ်ပါဘူး။ ဒီမိုကရေစီ
ဖော်ဆောင်ရေး အလုပ်စလုပ်ပြီဆိုတာနဲ့ နောက်ငါးနှစ်၊ သို့မဟုတ် ၁ဝ နှစ်မှာ
ခိုင်မာတောင့်တင်းတဲ့ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာတော့မှာပဲလို့ အပိုင်တွက်လို့ မရပါဘူး။

ဒီမိုကရေစီအပ်နှင်းပေးမယ့် အုပ်ချုပ်ရေးစနစ်သစ်ပင်လျှင် တာရှည်ခံမယ်မခံဘူး
မပြောနိုင်ပါဘူး။ ဒါကြောင့် ဒီနိုင်ငံမှာ ဒီမိုကရေစီအပ်နှင်းဖို့ အခွင့်အရေးရှိလာပြီဆိုတာနဲ့
လူတွေဟာ ပျော်ရွှင်ပြီး လမ်းမပေါ် ထွက်လာမယ့်အစား အသေးအဖွဲကလေးက
စလို့ပဲဖြစ်ဖြစ်၊ အလုပ်လုပ်ကြဖို့ နှိုးဆော်တာဟာ ပိုပြီး သဘာဝ ကျတယ်လို့ ဆိုရမှာ
ဖြစ်ပါတယ်။

အမိန့်ပေးအုပ်ချုပ်ရေးစနစ်က နှစ်ပေါင်း ၅ဝ ကျော် အခြေကျနေတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ
တောင့်တင်းခိုင်မာရေးဆိုတဲ့ ပန်းတိုင်ဟာ အလွန်သေးမျှင်တဲ့ အပ်ချည်ကြိုးကလေးနဲ့
ချည်နှောင်ချိတ်ဆက်ထားရသလို ရင်တမမဖြစ်နေရမယ့်အချိန်ပါ။ အချိန်တန်ရင်
ဖြစ်လာမှာပဲဆိုပြီး ခပ်ပေါ့ပေါ့နဲ့ ယုံကြည် စိတ်ချနေလို့ မရပါဘူး။

အချိန်မရွေး ဒီပန်းတိုင်ဟာ ပျောက်ဆုံးသွားနိုင်ပါတယ်။ ဒီအချိန်မှာအုပ်ချုပ်ရေး စနစ်သစ်ဟာ
အနည်းဆုံး အလုပ်နှစ်ခုကို ချိန်သားမှန်မှန်နဲ့ လုပ်နေရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးစနစ်
အသစ်မှာ စစ်မှန်တဲ့ ဒီမိုကရေစီအင်အားစုတွေ အားကောင်းမောင်းသန် ပါဝင်လာစေဖို့ဆိုတဲ့
အလုပ်တစ်ခုနဲ့ နောက်အလုပ်တစ်ခုကတော့ အတိတ်အုပ်ချုပ်ရေးစနစ်အမွေခံတွေရဲ့ ခုခံမှု
အနည်းဆုံးဖြစ်စေဖို့ဆိုတဲ့ အလုပ်ပါပဲ။

ဒီအလုပ်နှစ်ခုဟာ ဒီနိုင်ငံကို ဒီမိုကရေစီ အပ်နှင်းချင်တယ်ဆိုရင် ပထမဆုံး ရင်ဆိုင်
လှုပ်ရှားရုန်းကန်နေရမယ့် အလုပ်ပါပဲ။ အခြားချိန်ဆထောက်ထားစရာ အကြောင်းတွေလည်း
ရှိမှာပဲ ဖြစ်ပါတယ်။ သမ္မတအကွီနိုခမျာ ဒီမိုကရေစီအပ်နှင်းရေးသင်ခန်းစာတွေကို သူ့မရဲ့
သမ္မတသက်တမ်းအတွင်းမှာ ကိုယ်တွေ့ကြံုခဲ့ရတဲ့ အတွေ့အကြံုကပဲ သင်ယူခဲ့ရတာပါ။

ခြောက်ကြိမ်တိုင်တိုင် အာဏာသိမ်းဖို့ ကြံစည် အားထုတ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရင်း
သူ့ကိုယ်သူ အာဏာလက်လွတ်ဖြစ် မသွားအောင် ထိန်းသိမ်း ကာကွယ်ခဲ့ရပါတယ်။
တစ်ချိန်တည်းမှာပဲ ဒီမိုကရေစီဘက်သားတွေ အားကောင်းလာစေရန်နဲ့ အင်စတီကျူးရှင်း
ပြောင်းလဲမှုတွေကို ချိန်ဆလုပ်ပေးခဲ့ရပါတယ်။

နိုင်ငံတစ်နိုင်ငံချင်းရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတိုင်းမှာ ထူးခြားတဲ့
အသွင်သဏ္ဌာန်ကလေးတွေ ရှိနေကြပါတယ်။ စပိန်နိုင်ငံရဲ့ ဒီမိုကရေစီဖွံ့ဖြိုး
တိုးတက်ရေးလုပ်ငန်းစဉ်ကို လေ့လာကြည့်မယ်ဆိုရင် အာဏာရှင်ဖရန်ကို ၁၉၇၅ ခုနှစ်၊
နိုဝင်ဘာ ၂ဝ ရက်မှာ ကွယ်လွန်တာ စပြောရမှာ ဖြစ်ပါတယ်။

သူ့မကွယ်လွန်ခင်ကတည်းက ပြည်ပမှာ ကွယ်လွန်ခဲ့တဲ့ မူလစပိန်ဘုရင် အယ်ဖိုဆို
(၁၃) ရဲ့ မြေးတော်စပ်သူ မင်းသားဂျန်ကားလို့စ်ကို သူ့အရာမှာ ဆက်ခံစေရန်
ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မင်းသားကားလို့စ် ကလည်း သူဘုရင်မဖြစ် သေးခင်အထိတော့ အာဏာရှင် ဖရန်ကိုရဲ့
ခြေလှမ်းအတိုင်းသာ လိုက်နေခဲ့ပြီးနောက်၊ သူကိုယ်တိုင် စပိန်ဘုရင်ဖြစ်လာတဲ့အခါမှာ
နိုင်ငံတော်ကို အာဏာရှင်စနစ်ကနေ (စည်းမျဉ်းခံဘုရင်) ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့
ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလို အပေါ်ဆုံး၊ ထိပ်ဆုံးက စတင်ပြောင်းလဲပြီး နိုင်ငံကိုဒီမိုကရေစီအပ်နှင်းခဲ့တဲ့
သမိုင်းကြောင်းတွေလည်း ရှိခဲ့တယ်ဆိုတာကို ကျွန်တော်တို့ သတိပြုရမှာဖြစ်ပါတယ်။
သို့သော်လည်း ဘုရင်ကာလော့စ်အနေနဲ့ ဒီမိုကရေစီအပ်နှင်းခြင်းကို လွယ်လွယ်ကူကူနဲ့
ပြီးမြောက်အောင်မြင်ခဲ့တာတော့ မဟုတ်ပါဘူး။

ရည်မှန်းချက်ပြင်းပြစွာဖြင့် အခက်အခဲတွေကို ကျော်လွှားခဲ့ရပါတယ်။ နိုင်ငံကို ဒီမိုကရေစီ
အပ်နှင်းခြင်းအတွက် ဘုရင်ကားလို့စ်ကို ပြည်တွင်းပြည်ပက အားပေးကူညီသူတွေ ရှိခဲ့တာ
မှန်ပါတယ်။

ဒါပေမဲ့ စပိန်နိုင်ငံကို ခြောက်လှန့်စေခဲ့တဲ့ ပြည်တွင်းစစ်ပွဲ(၁၉၃၆-၃၉)ကို အကြောင်းပြပြီး
စပိန်စစ်တပ်က အစိုးရအဖွဲ့နဲ့ လွှတ်တော်အတွင်းက အာဏာရှင်ဖရန်ကို ဘက်တော်တွေနဲ့
ပူးပေါင်းပြီး အုပ်ချုပ်ရေးယန္တရားကို ဝင်ရောက်စွက်ဖက်နေတာတွေကို အောင့်အည်း
သည်းခံပေးခဲ့ရပါတယ်။

တစ်ချိန်တည်းမှာပဲ လက်ဝဲသမားတွေကလည်း ဘုရင်ကားလို့စ်ဟာ အာဏာရှင်
ဖရန်ကိုကို ဆက်ခံခဲ့သူဖြစ်လို့အယုံအကြည်မရှိဘူးဆိုပြီး အပြစ်တင်ရန်ထောင်တာတွေ
ကိုခံယူရင်း နိုင်ငံ တည်ငြိမ်မှုအတွက် မျှခြေတစ်ခုရအောင် ထိန်းသိမ်းဆောင်ရွက်ခဲ့ရတာ
တွေ့ရပါတယ်။

ယခုအခါ ထိုက်သင့်အားလျော်စွာ ဒီမိုကရေစီတောင့်တင်းခိုင်မာနေပြီဖြစ်တဲ့ ဒီနိုင်ငံနှစ်ခုရဲ့
ဒီမိုကရေစီ အပ်နှင်းခြင်းသာဓကတွေကနေ ကျွန်တော်တို့ လေ့လာသင်ယူနိုင်တဲ့ အချက်ကလေး
နှစ်ချက်ကို မျှဝေပေးလိုပါတယ်။

ပထမအချက်ကတော့ ကျွန်တော်တို့ဟာ ဒီမိုကရေစီတောင့်တင်းခိုင်မာရေးဆိုတဲ့
ရေရှည်ပန်းတိုင်တစ်ခု ရှိရမယ်။ ဒီပန်းတိုင်အတွက် သန္နိဋ္ဌာန်ချ အားထုတ်ရာတွင် ရေတို
ပန်းတိုင်ဖြစ်တဲ့ လက်ရှိအာဏာမဆုံးရှုံးရအောင် အချိန်အဆမှန်မှန်ဖြင့် အပေးအယူ
အလျော့အတင်း လက်ခံနိုင်ဖို့နဲ့ စိတ်ရှည်သည်းခံဖို့တို့ လိုအပ်မှာဖြစ်ပါတယ်။

နိုင်ငံကို ဒီမိုကရေစီအပ်နှင်းဖို့အတွက် လုပ်ပိုင်ခွင့်ရရှိခြင်းဟာ အုပ်ချုပ်ရေးစနစ်သစ်ကို
အနည်းဆုံးရေတိုကာလအတွက်တော့ တည်ငြိမ်မှုဖြစ်စေလိမ့်မယ်လို့ အာမခံရာ
မရောက်ဘူးဆိုတာကိုလည်း ကျွန်တော်တို့ သတိပြုရပါမယ်။

၁၉၈၃ ခုနှစ် နိုက်ဂျီးရီးယားနိုင်ငံ၊ ၁၉၈၉ ဆူဒန် နိုင်ငံတို့မှာ ဒီမိုကရေစီအသစ်တွေ
ပြိုလဲခဲ့ကြတာ သာဓက ရှိပါတယ်။ ဒီမိုကရေစီအပ်နှင်းခြင်းဟာ သတိဝီရိယရှိရှိနဲ့
အမြဲတမ်း ကြိုတင်မြော်တွေးပြီး တွက်ချက်စွန့်စားနေရတဲ့ အလုပ်ပါ။

ဒုတိယမျှဝေပေးလိုတဲ့ အချက်ကတော့ ဒီမိုကရေစီအပ်နှင်းခြင်းဟာ ဖိလစ်ပိုင်လို အောက်ကပဲ
တက်လာလာ၊ စပိန်လို အပေါ်ကပဲ ကျလာလာ ဒီအလုပ်အတွက် တာဝန်ယူရတဲ့ ခေါင်းဆောင်
ဟာ ပင်ပန်းကြီးစွာ အားထုတ်ရတာချည်းပါပဲ။

ပြည်သူလူထုရဲ့ အစဉ်တစိုက် ထောက်ခံအားပေးမှုနဲ့ အပြည်ပြည်ဆိုင်ရာ အားပေးကူညီမှု
များဟာ နိုင်ငံကို ဒီမိုကရေစီအပ်နှင်းမယ့်ခေါင်းဆောင်တွေအတွက် အသက်ကယ်ကြိုးပမာ
အရေးကြီးလှပါတယ်။

တကယ်တော့ ဒီမိုကရေစီအပ်နှင်းမယ့် ခေါင်းဆောင်တွေဟာ အုပ်ချုပ်ရေး စနစ်သစ်
အားကောင်းမောင်းသန်ဖြစ်ရေးအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ပြဿနာတွေက
တစ်ဖက်၊ အမိန့်ပေးအုပ်ချုပ်ရေး အမွေခံတွေရဲ့ တုံ့ပြန်မှုတွေကို ရင်ဆိုင်ဖြေရှင်းနေရမယ့်
ပြဿနာတွေကတစ်ဖက်နဲ့ အမြဲတမ်းကြံုတွေ့ နေရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီမိုကရေစီအပ်နှင်းရေးခရီးလမ်းမှာ ရှေ့သို့တက်လှမ်းနိုင်ဖို့အတွက်ဆိုရင်
ခေါင်းဆောင်တွေဟာ စွန့်လွှတ်စွန့်စားတဲ့ စိတ်ဓာတ်အခံမရှိဘဲ မဖြစ်နိုင်ဘူးလို့ ပြောချင်ပါတယ်။ 



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021