ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နဲ့ စတွေ့ပုံ၊ ဘဝကို ဘယ်လိုဖြတ်သန်းလာရပုံတွေ ဇနီးသည်ဒေါ်ချိုချိုကိုမြန်မာတိုင်း(မ်)က နိုင်ငံရေးသတင်းထောက်ချုပ်ဒေါ်အိအိတိုးလွင်က နေပြည်တော်စည်ပင်ရိပ်သာအိမ်ခန်းမှာမေးမြန်းခဲ့ပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နဲ့ စတွေ့ပုံ၊ ဘဝကို ဘယ်လိုဖြတ်သန်းလာရပုံတွေ
ဇနီးသည်ဒေါ်ချိုချိုကို မြန်မာတိုင်း(မ်)က နိုင်ငံရေးသတင်းထောက်ချုပ် ဒေါ်အိအိတိုးလွင်က
နေပြည်တော်စည်ပင်ရိပ်သာအိမ်ခန်းမှာ မေးမြန်းခဲ့ပါတယ်။
"သူကမေးတယ် သူနိုင်ငံရေးလုပ်မယ်။ ဆင်းရဲမယ်။ ဒုက္ခရောက်မယ် ခံနိုင်လား။
ကလေးနှစ်ယောက်ကို ဘွဲ့ရအောင် ထားနိုင်မလား။ ဒို့ကလည်း အားလုံး လက်ခံနိုင်တယ်ဆိုပြီး
သူသဲပုံပေါ်မှာ တက်ဟောကတည်းက ကလေးနှစ်ယောက် လက်ဆွဲပြီး လိုက်ခဲ့တာ ဒီနေ့အထိပဲ" လို့
ပြောလိုက်တဲ့ ဒေါ်ချိုချိုရဲ့ မျက်နှာမှာ ယုံကြည်မှုတွေကအပြည့်။
နှစ်ပေါင်း ၂၀ ကျော် ခင်ပွန်းဖြစ်သူ နောက်ကို ယုံကြည်စွာလိုက်ရင်း ဒုက္ခမျိုးစုံ ခံခဲ့ရပေမယ့်
ဒီနေ့အချိန်မှာတော့ သူ့ယုံကြည်မှုတွေက အရာထင်ခဲ့ပါပြီ။
ဒီယုံကြည်ချက် ခိုင်မာတဲ့ အမျိုးသမီးကြီးကတော့ လက်ရှိပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ရဲ့
ဇနီး ဒေါ်ချိုချို ပါပဲ။
ဦးထွန်းမင်း-ဒေါ်ဝင်းကြည်တို့ရဲ့ တတိယမြောက် သမီး ဒေါ်ချိုချိုဟာ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့မှာ
မွေးဖွားကြီးပြင်းခဲ့တာ ဖြစ်ပြီး ပ ဉ္စမတန်း စတက်တဲ့ အချိန်မှာပဲ ဦးဝင်းမြင့်နဲ့ စတွေ့ခဲ့တာပါ။
ဦးဝင်းမြင့်ကို ဦးထွန်းကြင် - ဒေါ်သန်း မိဘနှစ်ပါးက ၁၉၅၁ ခုနှစ် နို၀င်ဘာလ ညောင်ပင်ချောင်း
ကျေးရွာမှာ မွေးဖွားခဲ့ပြီး မောင်နှမ လေးယောက်အနက် အငယ်ဆုံးသားလည်း ဖြစ်ပါတယ်။
ကျောင်းသားတွေကြားမှာ ဦးဝင်းမြင့်နဲ့ ပတ်သက်ပြီး ဒေါ်ချိုချို သတိထားမိတာက အတန်းထဲမှာ
အနေအေးပြီး စာတော်တဲ့ ကျောင်းသား တစ်ယောက် ဖြစ်လို့ပါပဲ။
အများအားဖြင့် တစ်ယောက်တည်း ခပ်အေးအေးနေတတ်ပေမယ့် ဘောလုံးကန်ဖို့ဆိုရင်တော့
ဦးဝင်းမြင့် တစ်ယောက် တက်တက်ကြွကြွဝင်ပါတတ်လေ့ရှိပါတယ်။
"ငါးတန်းကတည်းက သူငယ်ချင်းတွေ ဖြစ်ခဲ့တာ။ ရှစ်တန်းရောက်တော့ ခဏ ကွဲသွားပြီး ဆယ်တန်းမှာ
ပြန်တွေ့တာ။ ပုသိမ် အ.ထ.က (၆) ပေါ့။ ဒို့ကတော့ ဆယ်တန်းအထိပဲ တက်ခဲ့တာ။ သူကတော့
အောင်သွားတာပေါ့" လို့ ဒေါ်ချိုချိုကဆိုရင်း သူတို့ရဲ့ ငယ်ဘဝကို သတိတရပြောရှာတယ်။
ပြည့်စုံချမ်းသာတဲ့ မိဘနှစ်ပါးကနေ မွေးဖွားကြီးပြင်းခဲ့ရတဲ့ ဒေါ်ချိုချိုရဲ့ ငယ်ဘဝကတော့ ဆူးမရှိတဲ့
ဖယောင်းလမ်းပါပဲ။
သပြေညို သွေးဆေးလုပ်ငန်း၊ ဇမ္ဗူထွန်း ရုပ်ရှင်ရုံစတဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်ထားတာကြောင့်
ဒေါ်ချိုချိုတို့ရဲ့ ဘဝမှာ လိုလေသေးမရှိ ပြည့်စုံလှပါတယ်။
ထို့အတူ လယ်လုပ်ငန်းလုပ်တဲ့ မိသားစုက ကြီးပြင်း လာတဲ့ ဦးဝင်းမြင့်နဲ့ လက်ထပ်ဖို့ အရေးမှာလည်း
ဒေါ်ချိုချိုအတွက် အနှောင့်အယှက် မရှိခဲ့ပါဘူး။
ရိုးသား၊ ကြိုးစားတဲ့ ဂုဏ်တစ်ခုနဲ့ ဦးဝင်းမြင့်ကို ဒေါ်ချိုချိုတို့ မိသားစုတွေက ကြည်ဖြူစွာပဲ
လက်ခံပေးခဲ့ပါတယ်။
"ဒီဘက်ခေတ်တော့ မသိဘူး။ မိဘတွေကလည်း ရိုးသားရင် ပြီးတာပဲ။ ဒါပဲ စဉ်းစားတာ" လို့ ဒေါ်ချိုချိုက
ဆိုပါတယ်။
ဦးဝင်းမြင့်နဲ့ လက်ထပ်ပြီးချိန်မှာလည်း ဒေါ်ချိုချိုအတွက် အခက်အခဲဆိုတာ မရှိပါဘူး။
တရားလွှတ်တော်ရှေ့နေဖြစ်လာတဲ့ ဦးဝင်းမြင့်နဲ့ သားသမီးနှစ်ယောက်ရတဲ့တိုင် သူတို့
မိသားစုဘဝလေးက အေးချမ်းသာယာမှုတွေ ရှိနေတုန်းပါပဲ။
ဒါပေမဲ့ ၁၉၈၈ ဦးဝင်းမြင့် နိုင်ငံရေးလောကထဲဝင်တဲ့ အချိန်ကစလို့ ရွှေထီးဆောင်းခဲ့ရတဲ့ ဒေါ်ချိုချိုရဲ့
ဘဝက ပြောင်းပြန်ဖြစ်လို့ လာပါတော့တယ်။
"အခုအချိန်မှာ ရွှေထီးဆောင်းခဲ့တာတွေ ပြောနေလည်း အလကားပါပဲ။ သူနိုင်ငံရေး စလုပ်ကတည်းက
ဘယ်လောက် ခက်ခဲပင်ပန်းခဲ့ရလဲ ကိုယ်တိုင်ပဲ သိတယ်။ ဒါပေမဲ့ ကျေနပ်တယ်လေ၊ ကိုယ်က
ပြည်သူအတွက် အလုပ်အကျွေးပြုချင်တာကိုး"လို့ ဒေါ်ချိုချိုက ပြောပါတယ်။
ခင်ပွန်းဖြစ်သူ နိုင်ငံရေးလောကထဲ ၀င်ဖို့ သဘောတူညီချက်တောင်းတဲ့ အချိန်မှာ ပါရမီဖြည့်ဖို့
ကြည်ဖြူစွာ ခွင့်ပြုခဲ့ပေမယ့် လက်တွေ့ရင်ဆိုင်ရတဲ့ အခက်အခဲတွေက မနည်းမနောပါပဲ။
စီးပွားရေးပိုင်းမှာ လွတ်လွတ်လပ်လပ်လုပ်ဖို့ အခက်အခဲတွေ ရှိလာပြီး နောက်ဆုံးနေဖို့တောင်
အခက်အခဲ ဖြစ်ရတဲ့ အခြေအနေကို ရင်ဆိုင်ခဲ့ရပါတယ်။
"စီးပွားရေးကလည်း ဆက်လုပ်လို့ မရတော့ ရှိတဲ့ပစ္စည်းတွေ ရောင်းချပြီး ကလေးတွေ
ကျောင်းပြီးအောင် ထားရတယ်။ နောက် ကလေးနှစ်ယောက်ကပဲ ရှာကျွေးရတာ။ အဲဒီတုန်းက
ဘာရမလဲ။ နှစ်ယောက်ပေါင်းမှ လခလေး ငါးထောင်၊ ခြောက်ထောင်။ အိမ်ဆိုလည်း နေဖို့ မလွယ်ဘူး။
တစ်နေရာ ပြောင်းလိုက်၊ ဖယ်ခိုင်းလိုက်၊ နောက်တစ်နေရာ ပြောင်းလိုက် ဖယ်ခိုင်းလိုက်နဲ့ တော်တော်
အကျပ်တွေ့တာ" လို့ ဒေါ်ချိုချိုက သားသမီး နှစ်ယောက်နဲ့ ရုန်းကန်ခဲ့ရတဲ့ အချိန်တွေကို ပြောတဲ့
အချိန်မှာတော့ သူ့မျက်နှာမှာ ၀မ်းနည်းမှုတွေက အထင်းသား။
အထူးသဖြင့် သေဆုံးသွားတဲ့ သားဖြစ်သူ အကြောင်းကို မေးတဲ့ အချိန်မှာတော့ မျက်ရည်
အနည်းငယ်စို့တက်လို့ လာပါတယ်။
"အသက် ၁၆ နှစ်မှာ ဆုံးသွားတာ။ ဘာကြောင့်လဲတော့ မမေးနဲ့အေ။ မပြောချင်ဘူး။
စိတ်မကောင်းလွန်းလို့။ သူ့အဖေက နိုင်ငံရေး လုပ်တာကိုး" လို့ ၀မ်းနည်းသံ တစ်ဝက်နဲ့ ခပ်ပြတ်ပြတ်ပဲ
ငြင်းဆန်ပါတယ်။
သားဖြစ်သူ ဆုံးချိန်မှာ ဦးဝင်းမြင့်က ရဲမွန်မှာ ထိန်းသိမ်းခံထားရပြီး ရက်လည်ဆွမ်းသွတ်တဲ့ နေ့မှာတော့
လာခွင့်ရခဲ့တယ်လို့ ဒေါ်ချိုချိုက ပြောပါတယ်။
"ပြီးတာနဲ့ သူ့ကို ပြန်ခေါ်သွားတာပဲ"လို့ ပြောလိုက်တဲ့ ဒေါ်ချိုချိုရဲ့ အသံက ခပ်တိမ်တိမ်။ မြန်မာနိုင်ငံ
သမိုင်းဖြစ်ရပ်တွေထဲမှာ အထင်ရှားဆုံးဖြစ်တဲ့ ဒီမိုကရေစီ အရေးတော်ပုံတွင် ပါ၀င်မှုဖြင့်
ဦးဝင်းမြင့်တစ်ယောက် ၁၉၈၈ ခုနှစ်တွင် ပထမအကြိမ် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။
သို့ပေမဲ့ နိုင်ငံရေးမှာ ဆက်လက်လှုပ်ရှားရင်း ၁၉၉၀ အထွေထွေရွေးကောက်ပွဲမှာတေ့ာ သူ့ဇာတိ
ဓနုဖြူ မြို့နယ်၊ အမှတ်(၁) မဲဆန္ဒနယ်ကနေ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ပါတီ
ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ရခဲ့ပါတယ်။
လူထုက ယုံကြည်မှုနဲ့ ကိုယ်စားလှယ်အဖြစ် ထောက်ခံရွေးချယ်ခဲ့ပေမယ့်လည်း ကံဆိုးစွာပဲ ဒီရလဒ်ကို
အစိုးရက အသိအမှတ်မပြုခဲ့ပါဘူး။
အသိအမှတ် မပြုတဲ့အပြင် သူတင်မက ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အမတ်တွေ တော်တော်များများ
ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။
နိုင်ငံရေးသမားဖြစ်တဲ့ ခင်ပွန်းဖြစ်သူကြောင့် နှစ်ပေါင်းများစွာ နေစရာ အိမ်အတည်တကျ မရှိခဲ့ပေမယ့်
လက်ရှိနေထိုင်တဲ့ ရန်ကုန်မြို့ တာမွေမြို့နယ်၊ မဂ္ဂင်လမ်းက တိုက်ခန်းလေးကတော့ လူတစ်ယောက်ရဲ့
ကျေးဇူးနဲ့ ကိုယ်ပိုင်ဝယ်နိုင်တဲ့အထိ ကံကောင်းခဲ့ပါတယ်။
တိုက်ခန်းငှားခါစမှာ အရင်လိုပဲ လူတချို့က ဖယ်ပေးဖို့ အမိန့်ပေးခဲ့တာပါပဲ။
ဒါပေမဲ့ တိုက်ခန်းပိုင်ရှင်ဖြစ်သူ ဗိုလ်ကြီး တင်မြင့်ရဲ့ သတ္တိရှိရှိ ကာကွယ်ပေးခဲ့တာကြောင့် သူတို့
မိသားစု စိတ်ချလက်ချ နေနိုင်ခဲ့ပါတယ်။
"နောက်ဆုံး အဲဒီတိုက်ခန်းလေးကို ဦးတင်မြင့်က ၂၅ သိန်းနဲ့ ရောင်းပေးမယ်ဆိုတော့ ဓနုဖြူက
နှစ်ထပ်တိုက်ကို သိန်း ၃၀ နဲ့ ရောင်းပြီး ၀ယ်ခဲ့တာ။ သူ့ကျေးဇူးက အရမ်းကြီးလို့ ဘုရားရှိခိုးတိုင်း
မေတ္တာပို့ပေးပါတယ်"လို့ ဒေါ်ချိုချို ကပြောပါတယ်။
သို့ပေမဲ့ ၂၀၁၂ ခုနှစ် အင်န်အယ်လ်ဒီပါတီ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့
နောက်မှာတော့ ဦးဝင်းမြင့်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် လွှတ်တော်အမတ်
ဖြစ်လို့လာပါတယ်။
အမတ်ဖြစ်ပြီး နောက်မှာ နေပြည်တော်မှာ နေရတဲ့ အချိန်ပိုများတာကြောင့် ဒေါ်ချိုချိုလည်း ထုံးစံအတိုင်း
တာမွေက တိုက်ခန်းကို ပစ်လို့ ဦးဝင်းမြင့်နေထိုင်ရာ စည်ပင်ဧည့်ရိပ်သာက ၁၅ ပေ ပတ်လည်
အခန်းကျဉ်းထဲမှာ အတူလိုက်ပြီး နေထိုင်ခဲ့တာပါ။
Ocean Supermarket မှာ မန်နေဂျာအဖြစ် အလုပ်လုပ်နေသူ တစ်ဦးတည်းသော
သမီး ဒေါ်ဖြူဖြူသင်းကတော့ ရန်ကုန်မြို့မှာပဲ နေထိုင်ပါတယ်။
အခုတော့ ဒီအခန်းကျဉ်းကနေ ဒေါ်ချိုချို ထပ်မံပြောင်းရပါဦးမယ်။
ဒီတစ်ခါတော့ အရင်အချိန်တွေကလို အမိန့်နဲ့ နှင်ထုတ်ခဲ့ရတာမျိုး မဟုတ်တော့ပါဘူး။
ဦးဝင်းမြင့်က လူထုရဲ့ ထောက်ခံမှုနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အမတ်အဖြစ် ပြန်လည်အရွေးခံပြီး
နောက် ပါတီခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်စွာ တာဝန်ပေးမှုအရ
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတစ်ယောက် ဖြစ်သွားလို့ပါပဲ။
အခု ထပ်မံပြောင်းရမယ့် အိမ်ကတော့ ဇမ္ဗူသီရိမြို့နယ်ထဲက ယခင် သူရ ဦးရွှေမန်းနေထိုင်ခဲ့တဲ့
လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သူနေရမယ့်အိမ်ပါပဲ။
ခမ်းနားပြီး အဆောင်အယောင်အပြည့် ရှိနေတဲ့ အိမ်မှာနေခွင့်ရနေပြီ ဖြစ်ပေမဲ့ ဒေါ်ချိုချိုတို့
ဇနီးမောင်နှံနှစ်ယောက် လက်ရှိ ပါတီက အမတ်တွေ သိုက်သိုက်ဝန်းဝန်း နေထိုင်လေ့ရှိတဲ့
စည်ပင်ရိပ်သာထဲက အိမ်ခန်းလေးကနေ သံယောဇဉ်ကြီးစွာနဲ့ မပြောင်းနိုင်သေးပါဘူး။
ခင်ပွန်းဖြစ်သူ လွှတ်တော်ဥက္ကဋ္ဌဖြစ်သွားတဲ့ အပေါ်နဲ့ ခံစားခွင့်ရမယ့် အဆောင်အယောင်တွေအပေါ်
ဘယ်လိုခံစားနေရလဲလို့ မေးကြည့်တဲ့ အခါမှာတော့ "ဘယ်လိုမှ မခံစားရဘူး" လို့ ပွင့်ပွင့်လင်းလင်းပဲ
တုံးတိဖြေချလိုက်ပါတယ်။
"ဒို့က အများကြီး ပေးဆပ်ပြီး နေခဲ့ရတာပါ။ အကုန်စွန့်ပြီးသားဆိုတော့ အခု ဘာမှထူးပြီး မလိုပါဘူး။
မနက် ထမင်း၊ ညထမင်းရှိရင် ရပြီ။ ဒါပေမဲ့ ပြည်သူတွေအတွက် လုပ်ပေးနိုင်တာတော့ ဂုဏ်ယူတယ်။
ဒို့တောတစ်ခွင် ပြဲပြဲစင်ခဲ့တာဆိုတော့ ပြည်သူရဲ့ ဘဝကို သိတယ်။ ကိုယ့်မှာ မရှိပေမယ့်
တတ်နိုင်သလောက် ကူညီပေးခဲ့တယ်။ အခုလည်း ထက်ထက်သန်သန်ကို လုပ်ပေးချင်ပါတယ်"လို့
ဒေါ်ချိုချိုက စိတ်အားထက်သန်စွာနဲ့ ပြောပါတယ်။
စကားပြောရင် ဒို့ဒို့လို့ ထည့်ပြောတတ်တဲ့ ဒေါ်ချိုချိုက နာမည်အတိုင်း မျက်နှာကလည်း ချိုပါတယ်။
ခပ်ဝဝ ခန္ဓကိုယ်ပေါ်မှာ အနက်နဲ့ အနီရောစပ်ထားတဲ့ ချည်သားအနွေးထည်၊ ပါတိတ်လုံချည်ကို
၀တ်ဆင်ထားတဲ့ အသက် ၆၇ နှစ်အရွယ် ဒေါ်ချိုချိုက လွှတ်တော်ဥက္ကဋ္ဌ ဇနီးတစ်ယောက်
ဖြစ်နေပြီဆိုပေမယ့် အခုအချိန်မှာတော့ သာမန်အိမ်ထောင်ရှင်မ တစ်ဦးလိုပါပဲ။
ခင်ပွန်းဖြစ်သူ လွှတ်တော်သွားတဲ့ အချိန်မှာ ပြန်လာရင် အဆင်သင့် စားသောက်ဖို့ ချက်ပြုတ်ရင်း၊
တရားထိုင်၊ ဘုရားရှိခိုးရင်း ပါရီမီဖြည့်နေဆဲပါပဲ။
"ဒီတာဝန်ကို သူကောင်းကောင်းယူနိုင်မှာပါ။ လုပ်နိုင်မယ်လို့ ယုံကြည်မှု အပြည့်ရှိတယ်။
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း တော်တယ်လေ။ ဒို့ကတော့ သားကို သခင်၊ လင်ကို
ဘုရားဆိုတဲ့ အတိုင်းပဲ သူ့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ နေသွားမှာပဲ။ အန်တီတို့နှစ်ယောက်က
သေတစ်ပန်သက်ဆုံး မခွဲဘူး။ ဒီလိုပဲ ချစ်ချစ်ခင်ခင်နဲ့ သူ့အတွက် တတ်နိုင်သလောက်
ပါရမီဖြည့်ပေးသွားနေဦးမှာ"လို့ ပြောလိုက်တဲ့ ဒေါ်ချိုချို ရဲ့ မျက်ဝန်းတွေကတော့ ခင်ပွန်းဖြစ်သူအတွက်
ဂုဏ်ယူကျေနပ် ပီတိစိတ်တွေနဲ့ ပြည့်နေလေရဲ့။

















