ကလေးခိုးတယ်ဆိုတဲ့ ကောလာဟလ တစ်ခုရဲ့နောက်ကွယ်မှာ လူတစ်ယောက်ကို ကလေးသူခိုးဆိုပြီး စွပ်စွဲရိုက်သတ်ခဲ့ကြတယ်။ဒေသအသီးသီးမှာလည်း နေ့ချင်းညချင်း ကောလာဟလတွေ လူမှုကွန်ရက်ကတစ်ဆင့်လုပ်ကြတယ်။
ကလေးခိုးတယ်ဆိုတဲ့ ကောလာဟလ တစ်ခုရဲ့နောက်ကွယ်မှာ လူတစ်ယောက်ကို
ကလေးသူခိုးဆိုပြီး စွပ်စွဲ ရိုက်သတ်ခဲ့ကြတယ်။ ဒေသအသီးသီးမှာလည်း နေ့ချင်းညချင်း
ကောလာဟလတွေ လူမှုကွန်ရက်ကတစ်ဆင့်လုပ်ကြတယ်။
တရုတ်ယောကျ်ားတစ်ယောက်ကို ယူရင် ဘယ်လောက်ပေးမယ်ဆိုပြီး လူကုန်ကူးကြတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး
သက်နောင်နဲ့ မြန်မာတိုင်း(မ်) ဂျာနယ်တို့ တွေ့ဆုံ မေးမြန်းခဲ့ကြပါတယ်။
ပထမဆုံး လူကုန်ကူးနဲ့ ပတ်သက်တဲ့ အမှုအခင်းအခြေအနေလေးကို အရင်ပြောပြပေး
စေလိုပါတယ်။
တရုတ်နိုင်ငံနဲ့ ဆက်စပ်ပြီးဖြစ်တဲ့ မှုခင်းကအများဆုံးပေါ့။ အရင်ကတည်းက
အဲဒီလိုပဲ။ ၂ဝ၁၅ အတွင်းမှာ လူကုန်ကူးမှု ၁၃ဝ ဖြစ်ခဲ့တယ်။ အဲဒီမှာလည်း တရုတ်နိုင်ငံကို
ပို့ဆောင်ရောင်းစားခံရတာက များတယ်။ အဓမ္မလက်ထပ်ထိမ်းမြားဖို့ ပို့ဆောင်ရောင်းစားခံရတာ
များပါတယ်။ နောက်တစ်ခုက ထိုင်းနိုင်ငံ။ ထိုင်းနိုင်ငံဘက်ကြတော့ လုပ်အားခေါင်းပုံဖြတ်ခံရတာ
များပါတယ်။ သူတို့ နိုင်ငံက စက်ရုံအလုပ်ရုံတွေနဲ့ ဒီဘက်နှစ်ပိုင်းမှာ အရမ်းကို လူသိများလာတဲ့
ရေထွက်လုပ်ငန်းတွေ၊ ငါးဖမ်း သင်္ဘောတွေအတွက် လူကုန်ကူးတာတွေပေါ့။
နောက်ပြီး ဒီဘက်နှစ်ပိုင်းမှာ အင်ဒိုနီးရှားရေပိုင်နက်ထဲမှာ မြန်မာလုပ်သားတွေ၊ ကမ္ဘောဒီးယား
လုပ်သားတွေကို ထိုင်းနိုင်ငံပိုင် ငါးဖမ်းသင်္ဘောတွေပေါ်မှာ အဓမ္မခိုင်းစေတာတွေကို တွေ့လာရ
တယ်။ ဒီကိစ္စဟာ နှစ်နိုင်ငံတည်းမဟုတ်ဘဲနဲ့ သုံးနိုင်ငံလောက်ပေါင်းပြီးဖြစ်တဲ့ လူကုန်ကူူးမှုမျိုးပါ။
ပြည်တွင်းဘက်မှာကျတော့ အဓမ္မ ပြည့်တန်ဆာလုပ်ခိုင်းတာမျိုးတွေ။ ပြီးတော့ အရွယ်မရောက်
သေးတဲ့ ကလေးတွေကို လိင်ပိုင်းဆိုင်ရာမှာ ခေါင်းပုံဖြတ်တာမျိုးတွေကို တွေ့ရပါတယ်။
အဲဒါတွေကို လျော့နည်းကျဆင်းအောင် ဘယ်လို စီမံချက်တွေရှိပါသလဲ။
နိုင်ငံတွေအနေနဲ့တော့ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတွေကြားမှာ မြန်မာက အဲဒီနိုင်ငံတွေနဲ့ နှစ်နိုင်ငံ
အကြား လူကုန်ကူးမှုတိုက်ဖျက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး ပူးပေါင်း
ဆောင်ရွက်မှုတွေ ရှိပါတယ်။ နောက်အခုဆိုရင် အင်ဒိုနဲ့ မလေးနဲ့လညး် လက်မှတ်ရေးထိုးဖို့
လိုအပ်လာပြီ။
နောက်မြေပြင် ဆောင်ရွက်ချက်တွေကြတော့ တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့နိုင်ငံကြားမှာ နယ်စပ်
ဆက်ဆံရေး ရုံးတွေကို ဖွင့်ထားပါတယ်။ နောက်ထိုင်းနိုင်ငံနဲ့ကြားမှာလည်း နယ်စပ်ဆက်ဆံရေး
ရုံးတွေ ဖွင့်ထားပါတယ်။
ပြီးတော့မှ နှစ်နိုင်ငံကြားက ရဲတပ်ဖွဲ့ဝင်တွေ နီးနီးကပ်ကပ်ဆောင်ရွက်မှုတွေ ရှိပါတယ်။
နယ်မြေချင်း ဆက်စပ်နေတဲ့ နိုင်ငံတွေမှာ နယ်စပ်ဆက်ဆံရေးရုံးတွေ ထူထောင်ပြီးမှ
ဆောင်ရွက်နေပါတယ်။ ပြီးတော့ နိုင်ငံတွေနဲ့ by electoral meeting တွေနဲ့ ရင်းရင်းနှီးနှီး
ဆောင်ရွက်တယ်။
ပြည်တွင်းမှာလည်း လူကုန်ကူးမှုလျော့နည်း ကျဆင်းရေးအတွက် ဆောင်ရွက်တာတွေ
အနေနဲ့ ၂ဝဝ၅ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေကို လက်ရှိ
ခေတ်အခြေအနေနဲ့ ကိုက်ညီအောင် ပြင်ဆင်ရေးဆွဲနေပါတယ်။
အခုဆိုရင် နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ဒီဥပဒေကို ခေတ်နဲ့ညီအောင်ရယ်။ နောက်ပြီး
နိုင်ငံတကာအဆင့်အတန်းနဲ့ ရေးဆွဲနေတာဖြစ်တဲ့အတွက် ပြန်လည်ပြင်ဆင်ရေးဆွဲနေတဲ့
ဥပဒေသစ် ထွက်ပေါ်လာရင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းတွေမှာ လာမယ့်
အနာဂတ်ကာလတွေမှာ ပိုမိုထိရောက်လာနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။
နောက်တစ်ခုက ၂ဝဝ၅ ခုနှစ်က ဥပဒေအရပဲ။ လူကုန်ကူးမှုတားဆီးရေး ဗဟိုအဖွဲ့
central body ဖွဲ့စည်းတယ်။ ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်တယ်။
အဲဒါအပြင်ကို ထပ်ပြီးဖွဲ့စည်းလာ တာဆိုရင် ဗဟိုအဆင့်တင်မကဘူး တိုင်းဒေသကြီးပြည်နယ်
အဆင့်အဖွဲ့တွေ ဖွဲ့တယ်။
အခုလက်ရှိအခြေအနေ ဆိုရင် အောက်ခြေက ရပ်ရွာအဖွဲ့ထိကို စောင့်ကြည့်ရေးအဖွဲ့တွေ
ဖွဲ့စည်းနိုင်တဲ့ အဆင့်ထိ ဖြစ်လာတယ်။ ပြောချင်တာက တကယ့် ပြည်သူအတွင်းက
အောက်ခြေတွေ အထိကို လူကုန်ကူးမှု စောင့်ကြည့်ရေးအဖွဲ့တွေကို ဖွဲ့စည်းနိုင်တဲ့ အခြေအနေ
အထိလုပ်နိုင်ခဲ့တယ်။
လူကုန်ကူးခံနေရတဲ့ အဓိကသားကောင်တွေက ရိုးသားတယ်။ အသိဉာဏ်နည်းတယ်။
ပညာနည်းတယ်။ အဲဒီလိုလူတွေဆီတိုက်ရိုက်ထိရောက်တဲ့ပညာပေးမှု။ သူတို့အနေနဲ့
သူတို့ အခြေအနေအရ တိုင်ကြားရဲအောင်။ တိုင်ကြားဝံံ့အောင် ဘယ်လိုလုပ်နေလဲ
သိပါရစေ။
အဖွဲ့အစည်းတစ်ခုတည်းက ကာကွယ်ရင် လုံလောက်တဲ့ အကာအကွယ်မဖြစ်ဘူး အကုန်ပါ
လာရင် အကောင်းမွန်ဆုံး အကာအကွယ်ပေါ့။ ရပ်မိရပ်ဖတွေက တစ်ဆင့် ဘယ်လိုနေရာ
ကပဲဖြစ်ဖြစ် သတင်းအချက်အလက်တွေ ရရင်ကောင်းပါတယ်။
ကျွန်တော်တို့လည်း ကျွန်တော်တို့ အင်အားနဲ့ ဖြန့်ခွဲဆောင်ရွက်နေတာရှိသလို
အားလုံးပူးပေါင်း ဆောင်ရွက်ရင် ပိုကောင်းတာပေါ့။
လူထုထဲကို ထိရောက်စွာ အသိပညာရအောင် ဘယ်လိုလုပ်နေလဲဆိုတဲ့ အပိုင်းကလေး
ကျန်နေသေးတယ်။
ရှိပါတယ်။ တိုင်းရင်းသားဒေသတွေမှာတောင် သက်ဆိုင်ရာဘာသာစကားနဲ့ အသိပေး
စာတွေလုပ်ပါတယ်။ ကချင်စစ်ဘေးရှောင်ပြည်သူတွေနေတဲ့ စခန်းတွေမှာလည်း
လူကုန်ကူးမခံရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာတွေ။ ဟောပြောမှုတွေကိုလည်း
တိုင်းရင်းသား ဘာသာစကားနဲ့ လုပ်တယ်။
သီချင်းတွေလည်း ဆိုကြတယ်။ ဖြန့်စာတွေရော၊ စိုက်ထူတဲ့ ဘေလ်ဘုတ်တွေမှာပါ။
Hot Line ဖုန်းတွေပါတယ်။ နေရာအသီးသီးက လူကုန်ကူးမှုတားဆီးရေးအဖွဲ့တွေရဲ့
ဖုန်းနံပါတ်တွေလည်းပါတယ်။
လူကုန်ကူးခံရတာ ဘယ်ဒေသတွေမှာ အဖြစ်များသလဲ။ရှမ်းပြည်မှာ
ဖော်ထုတ်နိုင်တာက အများဆုံးဖြစ်တယ်။
တရုတ်ရဲ့နယ်စပ်ထွက်ပေါက်လည်းဖြစ်နေတော့။ နောက်တစ်ချက်က
ဒီကလေးတွေ ဘယ်က ထွက်လာကြသလဲဆိုတာကို ပြန်ကြည့်တော့ ရန်ကုန် ဆင်ခြေဖုန်း
ဘက်က ကလေးတွေက ပိုများတယ်။ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးပြီး
ဘဝရပ်တည်ချက်မလွယ်ကူတဲ့ လူတွေစုစည်းနေတဲ့ နေရာတွေမှာများတယ်။
အဲဒါတွေကို တိုက်ဖျက်တဲ့နေရာမှာ ထိရောက်တဲ့ တိုက်ဖျက်မှုမျိုးက
ဘယ်လိုဟာမျိုးတွေလဲ။
အထိရောက်ဆုံးက အများပြည်သူ အသိဉာဏ်ပိုကြွယ်လေလေ။ ပိုပြီး ထိရောက်လေလေပဲ။
နိုင်ငံတွင်း အလုပ်အကိုင်ရှိလာကြမယ်။ အခြေခံလစာက လူတစ်ယောက်ရပ်တည်နိုင်တဲ့
ဝင်ငွေမျိုး ဖြစ်ရမယ်။ ဒါတွေဖြစ်လာရင် သေချာပေါက်အောင်မြင်မယ်ဆိုတာ ငြင်းမရဘူး။
နိုင်ငံဆင်းရဲခြင်းက လူကုန်ကူးမှုခံရတဲ့ သားကောင်တွေအပေါ် ရိုက်ခတ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ပေါ်လစီတစ်ခုက မြန်မာနိုင်ငံက မိန်းကလေးတွေ လူကုန်ကူး
ခံရမှုဖြစ်စေတယ်။ အခု အဲဒီပေါ်လစီကို ပြင်လိုက်ပြီ။ အဲဒီတော့ ဘယ်လို
ဖြစ်လာနိုင်လဲ။
ကျွန်တော့်အနေနဲ့ ပြောရရင် ကလေးနှစ်ယောက်မွေးခွင့်ရစေဦးတော့ သူတို့ဆီမှာ
မင်္ဂလာစရိတ်က သိပ်ကို ကြီးမြင့်လွန်းတယ်။ သူတို့တွေ မြန်မာ မိန်းကလေး တစ်ယောက်
ကို လက်ထပ်ဖို့ မြန်မာငွေ သိန်း ၅ဝ လောက် ပေးရင်ရတယ်။ သူတို့ နိုင်ငံတွင်းက
လူတွေကြတော့ အဲဒီလောက်ငွေကို တောသူ၊ တောင်သားတွေပါ တတ်နိုင်ကြတယ်။
ကျွန်တော်တို့နိုင်ငံက ခက်ခဲနေတဲ့ ကလေးတွေကြတော့လည်း ဒီငွေက ပမာဏ သိပ်များနေ
တယ်။ သူတို့ရဲ့ ပေါ်လစီအပြောင်းအလဲအရ မိန်းမတွေ မွေးလာပြီး အိမ်ထောင်ပြုလို့ရတဲ့
အရွယ်မတိုင်ခင်အတွင်း မြန်မာနိုင်ငံကလည်း သူတို့ပေးတဲ့ ငွေကို ကိုယ့်နိုင်ငံတွင်းမှာတင်
လွယ်ကူစွာ ရှာနိုင်အောင် စီမံထားနိုင်ရင် ဒီလိုကိစ္စနဲ့ လူကုန်ကူးမှုတွေ ကျသွားနိုင်ပါတယ်။
ဒီလိုမှမဟုတ်ရင်။ တရုတ်ပြည်ရဲ့ မင်္ဂလာစရိတ်ကြီးမြင့်ခြင်း၊ မြန်မာနိုင်ငံရဲ့ ဘဝရပ်တည်မှု
ခက်ခဲခြင်းတွေ ရှိနေဦးမယ်ဆိုရင် လျှော့ကျလာဖို့ မလွယ်ပါဘူး။
အဲဒီလိုဆိုတော့ ဒီကနိုင်ငံသားက ဒီဝင်ငွေမျိုးလိုချင်လို့ သွားတာမျိုးရှိလား။
အရင်က တရုတ်နိုင်ငံကို ရောင်းစားရင်ယောကျ်ားယူဖို့ဆိုပြီး လူကုန်ကူးတာမျိုးမဟုတ်ပါဘူး။
ဟိုရောက်မှ ခြိမ်းခြောက်ပြီး လုပ်တာမျိုး။ အခုယောကျ်ားကို တစ်နှစ်ပေါင်းပြီး ကလေးမွေးပေးရင်
ဘယ်လောက်ရမယ်ဆိုပြီး ခေါ်တာမျိုးတွေ ရှိလာတာကြောင့် ကိုယ့်နိုင်ငံကဆင်းရဲနေဦးမယ်ဆို
ရင် ကိုယ့်ဘာသာ ကိုယ်ရောင်းစားတာမျိုး ဖြစ်လာနိုင်ပါတယ်။
အခု နိုင်ငံတွင်းမှာ ကလေးတွေ ခိုးနေတယ်ဆိုတဲ့ သတင်းတွေ ကြားရတယ်။
အဲဒီအပေါ် မိဘတွေရဲ့ စိုးရိမ်စိတ်ပျောက်သွားအောင် ဘယ်လိုလုပ်သင့်တယ်
ထင်ပါသလဲ။
ကလေးပျောက်ခြင်းနဲ့ ခိုးခြင်းပေါ့ နှစ်မျိုးရှိတယ်။ အခုဖြစ်တာက ကလေးခိုးတယ်
ဆိုတဲ့ ကောလာဟလ၊ ပျောက်တာတွေက နေ့စဉ်ရှိတယ်။ ကလေးဆိုတဲ့နေရာမှာ
အသက်သတ်မှတ်ချက်က ၁၆ နှစ်အထိ အကျုံးဝင်တယ်။
စိတ်ကစားတတ်တဲ့ ၁၅၊ ၁၆၊ ၁၇ အရွယ်တွေ ပျောက်လို့ ကလေးပျောက်တိုင်တာတွေရှိတယ်။
ပျောက်လို့တိုင်တဲ့နေရာမှာ မိဘနဲ့ စိတ်ဆိုးပြီးပျောက်တာမျိုး။ သမီးရည်းစားနောက်လိုက်တာမျိုး။
စျေးထဲမှာ ကလေးနဲ့ သွားရင်းလာရင်းနဲ့ ပျောက်တာမျိုး။
ဘုရားပွဲသွားရင်းပျောက်တာမျိုး ဒါမျိုးတွေ ပျောက်တာ တော့ရှိတယ်။ ခု ကောလာဟလ
ထွက်နေတဲ့ ကလေးခိုးတာတော့ မရှိသေးပါဘူး။ အဲဒီလို ဖြစ်တဲ့နောက်ပိုင်းမှာ ကလေးသူခိုးပါ
ဆိုပြီး ရိုက်နှက်လို့ သေတဲ့လူလည်း သေခဲ့ပြီးပြီး။
မန္တလေးမှာ တစ်ယောက်သေတယ်။ မတ္တရာမှာ စိတ်မနှ့ံသူတစ်ယောက် ရိုက်နှက်ခံရတယ်။
ဒီကောလာဟလရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ များလာတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း
သားသမီးတွေရှိတယ်။ ကလေးသူခိုးတွေ တကယ်ရှိလာမှာကိုလည်း စိတ်ပူတာပေါ့နော်။
ဒါတွေ ပျောက်သွားဖို့ ဘာတွေ လိုအပ်မလဲ။
ဒါတွေပျောက်ဖို့က အဲဒီလို ကောလာဟလသတင်းတွေ မပြန့်ပွားဖြစ်ဖို့။ အဓိက အဲဒီလို
တက်လာတာက လူမှုကွန်ရက်တွေကဖြစ်တယ်။ ရုပ်ရှင်တွေ ကြည့်လိုက်တယ်။
အခြေအမြစ်ရှိတာ မရှိတာကို မသိဘူး။
တချို့က ရည်ရွယ်ချက်ရှိရှိနဲ့ တင်တယ်ဆိုတာကို ယုံကြည်လို့ရတယ်။ တချို့က ဘာမှန်းညာမှန်း
မသိဘူး။ လူစုပြီး အုတ်အုတ်ကျက်ကျက်ဖြစ်နေတာနဲ့ အဲဒီလူအုပ်ထဲက ကလေးဆိုတဲ့
စကားလောက်လေးကြားတာနဲ့ စိုးရိမ်စိတ်နဲ့ ကလေးခိုးတယ်ဆိုပြီး အွန်လိုင်းမှာ ဖြန့်လိုက်ကြ
တယ်။
အွန်လိုင်းတင်မယ့်အစား သက်ဆိုင်ရာ ရဲစခန်းကို လှမ်းစုံစမ်းတာနဲ့ အဖြစ်မှန်သိရတယ်။ အဲဒီလို
မစုံစမ်းကြဘူး။အခု လူမှုကွန်ရက်တွေက ဖွံ့ဖြိုးလာပြီး စက္ကန့်ပိုင်းအတွငး် လူသောင်းချီဆီကို
ပြန့်ပွားအောင် သတင်းအချက်အလက်တွေ ပေးပို့လို့ရနေပြီ အဲဒီတော့ ဒီလို ဖြစ်စဉ်တွေကို
မဆင်မခြင် မတင်သင့်ဘူး။
ကောလာဟလဖြစ်အောင် ရည်ရွယ်ချက်ရှိရှိတင်တဲ့ လူတွေကလည်း မိမိတို့ရဲ့ ရည်ရွယ်ချက်က
ဘာလဲ။ ဖြန့်လိုက်တဲ့ ကောလာဟလကြောင့် လူသားတစ်ဦးချင်းဆီထိ လိုက်ပြီးထိခိုက်တယ်။
နောက်တစ်ပိုင်းရှိပါတယ်။
တာဝန်ရှိသူတွေအနေနဲ့ ဒီလိုကိစ္စမျိုးတွေ တက်လာရင် ပြန်ပြီးတုံ့ပြန်သင့်တဲ့ အပိုင်းပါ။
ရှေးရိုးစွဲကြီးသွားနေလို့ မဖြစ်နိုင်ပါဘူး။ သတင်းစာမှာချပြမယ်။ သတင်းစာရှင်းလင်းပွဲမှာ
ပြောတယ်။ ဒါတွေက တာဝန်ယူ တာဝန်ခံရမယ့် အပိုင်းတွေရှိနေလို့ နည်းနည်းကြာမယ်။
ဒါတွေမလုပ်ခင်မှာ အလျင်အမြန်တုံ့ပြန်မှုတွေအရင်လုပ်ရမယ်။
အလျင်အမြန်တုံ့ပြန်ဖို့ ဘယ်လို ဆောင်ရွက်သင့်လဲ။
ဥပမာ မတ္တရာမှာ ကလေးခိုးတယ်ဆိုပါစို့ စုံစမ်းတော့လည်း မဟုတ်ဘူး။ မဟုတ်ဘူးဆိုရင်
တကယ့်ကို တာဝန်ရှိတဲ့ အကောင့်ကနေပြီးတော့ တရားဝင်ပြန်ပြီး ပြောရမယ်။
''ဒီကိစ္စက မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ တိကျတဲ့ သတင်းတွေကို ထုတ်ပြန်ပါမယ်''ဆိုတဲ့
တုံ့ပြန်မှုတွေကို ဖြန့်ပေးနိင်ရင် ကောလာဟလတွေ ငြိမ်သက်သွားမယ်လို့ ကျွန်တော့်အနေနဲ့
ယုံကြည်ပါတယ်။

















