ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထားတဲ့ တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် မူဘောင်အတွင်းမှာပဲ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို လိုလားသော အစိုးရအသစ်တစ်ရပ်ပေါ်ထွန်းလာခြင်းမျှသာဖြစ် ...
စိတ်အေးအေးထားပြီးပါ၀င်ကြပါ အမိန့်ပေးအုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့
အသွင် ကူးပြောင်းကြရာမှာ နိုင်ငံအလိုက် သူ့ဟန်နဲ့သူ ရှိပါတယ်။
သူများဟန်ကို ကျွန်တော်တို့ ယူလို့မရသလို ကျွန်တော်တို့ဟန်ကလည်း သူများနဲ့ တူမှာတော့
မဟုတ်ပါဘူး။
ဒါပေမဲ့ သူတို့ဟန်ကလေးတွေကို ကျွန်တော်တို့က သိနားလည်ထားရင် ကိုယ့်အလှည့်မှာ
သိပ်အရုပ်မဆိုးအောင်တော့ လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ဘရာဇီးလ်နိုင်ငံမှာဆိုရင် အမိန့်ပေးအုပ်ချုပ်တဲ့ အစိုးရဟာ (၁၉၇၀ ပြည့်လွန်နှစ်များမှ ၁၉၈၅ ခုနှစ်အထိ)
ရှည်ကြာစွာ အချိန်ယူပြီးမှ ဒီမိုကရေစီကူးပြောင်းခဲ့တာ ဖြစ်ပါတယ်။
မနှေးလွန်း မမြန်လွန်းသော ကူးပြောင်းမှုကတော့ ၁၉၈၇ ခုနှစ် တောင်ကိုရီးယားနိုင်ငံပါပဲ။
ဖိလစ်ပိုင်ရဲ့ ၁၉၈၆ ခုနှစ် အပြောင်းအလဲကတော့ အင်အား ချိန်ခွင်လျှာ ရုတ်ခြည်းပြောင်းသွားပြီး
အလျင်အမြန် အသွင်ကူးပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။
နောက်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုတိုင်း အောက်က စလှုပ်မှ အထက်က
လိုက်ပြောင်းတာချည်းပဲလို့လည်း မယူဆစေလိုပါဘူး။
ဖိလစ်ပိုင်လို လူထုအားနဲ့ တိုက်တွန်းမှု (Mass- Driven)နဲ့ ပြောင်းလဲခဲ့တာ ရှိသလို စပိန်လို
ထိပ်ပိုင်းအလွှာရဲ့ တွန်းအား (Elite-Driven) နဲ့ ပြောင်းလဲခဲ့တာလည်း ရှိပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်များအတွင်း ကမ္ဘာ့ နိုင်ငံရေးသမိုင်းမှာ အမိန့်ပေးအုပ်ချုပ်ရေး စနစ်တွေ တစ်ခုပြီးတစ်ခု
ပြိုလဲကျဆင်းခဲ့ပုံတွေကို လေ့လာကြည့်မယ်ဆိုရင် အထင်အရှားဆုံး တွေ့ရတဲ့ အကြောင်းရင်း
တစ်ခုကတော့ အမိန့်ပေးအုပ်ချုပ်ရေး စနစ်ကိုယ်တိုင်က ချို့ယွင်းချက်တွေ တဖြည်းဖြည်းများလာပြီး
ထိန်းမနိုင်သိမ်းမရ အခြေအနေကို ရောက်ခါနီး ဖြစ်နေလို့ပဲဆိုတာ သွားတွေ့ရပါတယ်။
အာဂျင်တီးနားနိုင်ငံမှာဆိုရင် နိုင်ငံက ရည်မှန်းထားတာတွေ လုံးဝမအောင် မမြင်ဖြစ်ခဲ့တယ်။
အကျင့်ပျက် ခြစားမှုတွေကြောင့် အထွေထွေ စွမ်းဆောင်ရည် အကြီးအကျယ် ကျဆင်းလာခြင်း၊
နိုင်ငံ့အရင်းအမြစ်တွေ ဆုံးရှုံးကုန်ခြင်းတို့ရဲ့ အကျိုးဆက်အဖြစ် ပြိုလဲရတယ်လို့ မြင်ကြတယ်။
တူရကီနိုင်ငံမှာလည်း အလားတူအခြေအနေတွေ ဖြစ်လာတော့ အမိန့်ပေးအုပ်ချုပ်သူကစပြီး
ဆန္ဒအလျောက် အခြားအဖွဲ့အစည်းတွေနဲ့ သဘောတူညီချက်ချုပ်ဆိုပြီးမှ အာဏာလက်လွှတ်ခဲ့တာ
ဖြစ်ပါတယ်။
အီရန်နိုင်ငံမှာဆိုရင်တော့ အမိန့်ပေးအုပ်ချုပ်ရေးရဲ့ ချို့ယွင်းချက်တွေကြောင့် အတိုက်အခံရဲ့အင်အားက
ကြီးထွားလာပြီး အမိန့်ပေးအုပ်ချုပ်ရေးစနစ်ကို ဖြုတ်ချနိုင်ခဲ့တာပါ။
ပနားမား နိုင်ငံကျတော့ လက်ရှိအမိန့်ပေးအုပ်ချုပ်ရေးဟာ ချို့ယွင်းချက်များ ရှိရုံမျှမက လူ့အခွင့်အရေးနဲ့
နိုင်ငံတကာ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ရာကျခဲ့တဲ့အတွက် ပြည်ပဇာတ်ကောင်တွေက
ရည်ရွယ်ချက်ရှိရှိနဲ့ တမင်အားထုတ်ပြီး ပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်စေခဲ့ရတာပါ။
ဒါကြောင့် ပြိုလဲခဲ့ရတဲ့ အမိန့်ပေးအုပ်ချုပ်ရေးစနစ်တိုင်းမှာ ချို့ယွင်းချက် အပြစ်အနာအဆာတွေ
ရှိနေခဲ့တယ်၊ ဒီချို့ယွင်းချက်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေဟာ တစ်နေ့တခြား ကြီးထွားလာတဲ့အခါမှာ
ဘယ်အဖွဲ့အစည်းကမျှ ဆက်လက်ခုခံကာကွယ်ခြင်း မပြုနိုင်တော့ဘဲ အဆုံးတစ်နေ့မှာ ပုံစံတစ်မျိုးမျိုးနဲ့
ပြိုလဲကျဆုံးကုန်ရတာပဲ ဖြစ်ပါတယ်။
တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အမိန့်ပေး အုပ်ချုပ်ရေးစနစ်တွေ ပြိုလဲပုံပြိုလဲ နည်းတွေ မတူညီကြသလို
ဒီမိုကရေစီ အပ်နှင်းခြင်း၊ သို့မဟုတ် ဒီမိုကရေစီ ဖော်ဆောင်ရာမှာလည်း ကွဲပြားခြားနားကြပါတယ်။
နိုင်ငံ့စီးပွားရေးကို အံ့ဖွယ် ပြောင်းလဲတိုးတက်စေရန်ဆိုတဲ့ ဦးတည်ချက်နဲ့ ၁၉၇၀ ပြည့်လွန်နှစ်များက
ဘရာဇီးလ်နိုင်ငံမှာ အသင်းအဖွဲ့တွေ လွတ်လပ်ခွင့်ပိုပေးတယ်၊ နိုင်ငံရေး အကျဉ်းသားတွေ
လွှတ်ပေးတယ်၊ လူ့အခွင့်အရေး လှုပ်ရှားမှုများကို လျှော့ပေါ့လက်ခံပေးတယ်၊ ရွေးကောက်ပွဲတွေ
ကျင်းပခွင့်ပေးခဲ့ပါတယ်။
အမှန်တော့ အမိန့်ပေး အုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို စနစ်တကျ
ထိန်းချုပ်မှုအောက်ကနေ တဖြည်းဖြည်း အကောင်အထည်ဖော်ပေးနေတာပါပဲ။
အသွင်ကူးပြောင်းရေး ကာလကြာမြင့်ပေမဲ့ ၁၉၈၅ ခုနှစ်မှာ နိုင်ငံကို ဒီမိုကရေစီ အပ်နှင်းနိုင်မှု
အခွင့်အရေးက မြန်မြန်ဆန်ဆန် ဖြစ်လာခဲ့ပါတယ်။
တချို့ ခပ်မြန် မြန် အသွင်ကူးပြောင်းခဲ့တဲ့ နိုင်ငံတွေမှာတော့ ဒီမိုကရေစီအပ်နှင်းမှုက အခက်အခဲ
အများကြီးရှိခဲ့တာကိုလည်း တွေ့ရပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အမိန့်ပေး အုပ်ချုပ်ရေးစနစ်ရဲ့ ထွက်ခွာခြင်း မဟာဗျူဟာ
(Exit Strategy)ဟာ အချိန်ပို ယူဖို့ ရည်ရွယ်ထားတယ်ဆိုတာ ထင်ရှားပါတယ်။
ဒါပေမဲ့လည်း ထွက်ခွာခြင်း မဟာဗျူဟာထဲမှာ ရွေးကောက်ပွဲဆိုတာ ပါလာပြီဆိုရင်တော့
ဒါဟာ မျှော်လင့်မထားတဲ့ (သေချာပေါက် တွက်ချက်ထားတဲ့အတိုင်း ဖြစ်မလာနိုင်တဲ့)
အသွင်ကူးပြောင်းမှု အဆင့်တစ်ခုဆီသို့ ရောက်ရှိသွားနိုင်တယ်ဆိုတာကို ကျွန်တော်တို့ရဲ့ ရှေ့က
အသွင်ကူးပြောင်းပြီးခဲ့တဲ့ နိုင်ငံတချို့မှာ တွေ့ခဲ့ရပါတယ်။
၁၉၈၆ ခုနှစ် ဖိလစ်ပိုင်နိုင်ငံရဲ့ လျှပ်တစ်ပြက်ရွေးကောက်ပွဲမှာ အာဏာရှင်မားကို့စ်က သူပဲ
အနိုင်ရစေရမယ်ဆိုပြီး အပိုင်တွက်ထားခဲ့တာပါ။
ဒါပေမဲ့ လူထုက အားနည်းသူ အက်ကွီနိုကိုပဲ ထောက်ခံခဲ့တယ်။
၁၉၈၅ ခုနှစ် ဥရုဂွေးမှာလည်း စစ်တပ်က ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုထောက်ခံမှု
သေချာပေါက်ရမှာပဲ ဆိုပြီး လူထုဆန္ဒခံယူပွဲလုပ်လိုက်တာ မမျှော်လင့်ဘဲ ရှုံးနိမ့်သွားခဲ့ရဖူးပါတယ်။
၁၉၈၃ ခုနှစ် တူရကီနိုင်ငံရွေးကောက်ပွဲမှာလည်း စစ်တပ်က ထောက်ခံအားပေးထားတဲ့
အမျိုးသားရေးဒီမိုကရက်တစ် ပါတီဟာ ရွေးကောက်ပွဲစည်းရုံးရေးတွေ စတင်ချိန်ကျပြီဆိုမှ
အတိုက်အခံ အမိမြေပါတီကို မနိုင်နိုင်တော့မှန်း သိခဲ့ရတာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် ချီလီနိုင်ငံ လူထုဆန္ဒခံယူပွဲမှာ အာဏာရှင် ပီနိုချေးဟာ သူနိုင်မှာပဲ၊ အာဏာဆက်လက်
တည်မြဲစေရမယ်လို့ လုံးဝ ယုံကြည်စိတ်ချနေခဲ့တာပါ။
အတိုက်အခံက အခြားပါတီ ၁၇ ခုနဲ့ မဟာမိတ်လုပ်လိုက်တော့မှာ ရှုံးသွားခဲ့ရတာ ဖြစ်ပါတယ်။
ဒါတွေကတော့ ကမ္ဘာ့နိုင်ငံရေးသမိုင်းမှာ အမိန့်ပေးအုပ်ချုပ်ရေးစနစ် သို့မဟုတ် သူ့ရဲ့
အမွေခံအုပ်ချုပ်ရေးစနစ်တွေ အလစ်အငိုက်မိသွားခဲ့ရတဲ့ သာဓက တချို့ပဲ ဖြစ်ပါတယ်။
ဒီ နိုင်ငံတွေမှာ ရွေးကောက်ပွဲကြောင့် ရလာတဲ့ အခွင့်အရေးကို ဆုပ်ကိုင်ပြီး ဒီမိုကရေစီ
အသွင်ကူးပြောင်းရေးကို လျင်လျင်မြန်မြန်ပဲ ဆောင်ရွက်သွားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဟန်က သူတို့နဲ့ မတူပါဘူး။
ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပေးထားတဲ့ တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်
မူဘောင်အတွင်းမှာပဲ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို လိုလားသော အစိုးရအသစ်တစ်ရပ်
ပေါ်ထွန်းလာခြင်းမျှသာဖြစ်ပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအဆင့် တစ်ခု တိုးတက်လာတယ်လို့သာ ပြောနိုင်ပါသေးတယ်။
ဒီမိုကရေစီ အပ်နှင်းခြင်း အဆင့်ကို မရောက်သေးပါဘူး။
ဒါကြောင့် လူထုက တက်ထောင်လို့ မရသေးပါဘူး။
ပန်းတိုင်နဲ့ နီးလာပြီ၊ လမ်းကြောင်းတည့်နေပြီဖြစ်တဲ့အတွက် တစိုက်မတ်မတ် အားသွန်ခွန်စိုက်
ဆက်လက် လှော်ခတ်ရပါဦးမယ်။
ပြီးခဲ့တဲ့ တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီ အုပ်ချုပ်ရေးကာလမှာ အမိန့်ပေးအုပ်ချုပ်ရေးစနစ်ရဲ့
အင်စတီကျူးရှင်း အများစုဟာ မတို့မထိရသေးဘဲ မူလအတိုင်း ရှိနေကြပါတယ်။
အင်စတီကျူးရှင်း ပြုပြင်ပြောင်းလဲရေးကို ရည်ရွယ်ချက်ရှိရှိနဲ့ မလုပ်ရသေးပါဘူး။
ဒါကြောင့် အစိုးရသစ်ဟာ ဒီအမိန့်ပေး အင်စတီကျူးရှင်း အဟောင်းတွေနဲ့ပဲ ဆက်လက် လက်တွဲပြီး
အလုပ်လုပ်ရဦးမှာပါ။
လက်တွဲအလုပ်လုပ်ရင်း အင်စတီကျူးရှင်း ပြုပြင်ပြောင်းလဲရေးကို စတင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
အင်စတီ ကျူးရှင်းတွေကလည်း ကိုယ်ပြောင်းချင်တိုင်း အလွယ်တကူလိုက်ပါပြောင်းလဲကြတာ
မဟုတ်ပါဘူး။
ဥပဒေရော နည်းဥပဒေရော အသစ်ရေးဆွဲထား ပြီးဖြစ်တာတောင်မှ လက်တွေ့ မလိုက်နာနိုင်၊
အကောင်အထည် မဖော်နိုင်သေးတာတွေ ရှိနေပါတယ်။
အတွင်းခုခံမှုတွေ အများကြီးရှိနေပါတယ်။
နှစ်ပေါင်း ၅၀ ကျော်ကြာခဲ့ပြီဖြစ်တဲ့ အမိန့်ပေးအုပ်ချုပ်ရေးစနစ် အမျိုးမျိုးရဲ့ ခုခံကာကွယ်ရေးမဟာဗျူဟာ
ယန္တရားကြီးကလည်း အချက်အချာနေရာအများစုကို သိမ်းပိုက်ထားပြီး ဖြစ်နေကြတယ်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်မယ့်လူတွေဘက်က ကြည့်လိုက်တော့ လူသားအရင်း
(Human Capital) အများကြီးလိုနေတယ်။
ဒါတွေကို ငှားရမ်းသုံးစွဲတာကို ဒီမိုကရေစီ လိုလားသူတွေက လက်ခံနိုင်ရပါမယ်။
လှေပြိုင်ပွဲ ဥပမာနဲ့ ကြည့်မယ်ဆိုရင် လှော်သားတစ်ယောက် တိုးတာပေါ့၊ တက်ညီလက်ညီ
လှော်ခတ်ဖို့၊ ထော်လော်ကန့်လန့် မဖြစ်ဖို့ပဲလိုတာပါ။
နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံသမိုင်းအစဉ်အလာ၊ ယဉ်ကျေးမှု၊ ယုံကြည်မှု၊ ဓလေ့ထုံးစံ၊ နည်းပညာ၊
အသိပညာ၊ အတတ်ပညာ ကျွမ်းကျင်မှုတွေဟာ နိုင်ငံရဲ့အားတွေပါပဲ။
ဒီအားတွေဟာ နိုင်ငံသားတွေဆီမှာ ရှိနေတာပါ။
ဒီအားတွေနဲ့အတူ နိုင်ငံသားတွေက စိတ်အေးအေးထားပြီး ပါ၀င်ကူညီပေးကြရပါမယ်။
အစိုးရ၊ နိုင်ငံရေးပါတီများအပါအဝင် လူထုအဖွဲ့အစည်းများနဲ့ မီဒီယာအပါအဝင် ပုဂ္ဂလိကကဏ္ဍ
အဖွဲ့အစည်းများက နိုင်ငံတော်ကို ဒီမိုကရေစီအပ်နှင်းပေးနိုင်ရေးအတွက် စုစည်းညီညွတ်စွာ
ဆက်လက်ကြိုးပမ်းသွားကြရမှာ ဖြစ်ပါတယ်။
ဒီလိုလုပ်နိုင်မှသာ အထက်က တင်ပြခဲ့တဲ့ ခုခံမှုတွေကို ကျော်လွှား လွန်မြောက်နိုင်မှာဖြစ်ပါကြောင်း
တင်ပြလိုက်ရပါတယ်။
















