ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံမန်နေဂျာဦးအောင်မျိုးကို အလုပ်သမားအငြင်းပွားမှုနှင့်ပတ်သက်၍ တွေ့ဆုံအင်တာဗျူးမေးမြန်းပြီးနောက်ပိုင်းဆက်သွယ်နိုင်ရန် ဖုန်းနံပတ်တောင်းစဉ်မှာတော့ အကျောက်အကန်ငြင်းဆန်ခဲ့သည်။
ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံမန်နေဂျာဦးအောင်မျိုးကို အလုပ်သမားအငြင်းပွားမှုနှင့်
ပတ်သက်၍ တွေ့ဆုံအင်တာဗျူးမေးမြန်းပြီး နောက်ပိုင်းဆက်သွယ်နိုင်ရန် ဖုန်းနံပတ်
တောင်းစဉ်မှာတော့ အကျောက်အကန် ငြင်းဆန်ခဲ့သည်။
သူ့ဖုန်းနံပါတ် အများကြားပြန့်သွားလျှင်သူ့အတွက် အသက်အန္တရာယ်ရှိသည်ဟုသူက
အခိုင်အမာ ပြောသည်။ မီဒီယာသမားတစ်ဦးအနေဖြင့် မိမိသတင်းရင်းမြစ် ဖုန်းနံပါတ်ကို
မပေါက်ကြားရန် အပြည့်အဝ တာဝန်ယူ အာမခံသည်ဟု ကတိစကားဆိုသော်လည်း သူ
မယုံကြည်ခဲ့ပေ။ ထို့ကြောင့် ၄င်း၏ ဖုန်းနံပါတ်ရရှိရေး ကိုယ်ကပင် လက်လျှော့ပေးလိုက်ရသည်။
''ကျွန်တော့်အတွက် အသက်အန္တရာယ်ရှိနေလို့ပါ။ ကျွန်တော့်ဖုန်းနံပါတ် ပွသွားရင် ကျွန်တော်
အသတ်ခံရမှာ၊ ကျွန်တော်ပေးချင်ပါတယ်။ ဒါပေမဲ့ ဖုန်းနံပါတ်ပြန့်သွားရင်ကျွန်တော့်မှာ
အန္တရာယ် အများကြီး ရှိနေတယ်'' လို့ လှိုင်သာယာမြို့စက်မှုဇုန် ကနောင်ခန်းမမှာ အလုပ်သမား
များအတွက် လစာကျန်ငွေ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်လာတဲ့ ထိပ်တန်းမြန်မာ
အထည်ချုပ် စက်ရုံမန်နေဂျာ ဦးအောင်မျိုးက ပြောခဲ့သည်။
အဆိုပါ အခမ်းအနားကိုပင် အလုပ်သမားဝန်ကြီးဌာနတာဝန်ရှိသူများ ကားဖြင့် လာရောက်
ဆောင်ရွက်မှုကြောင့်သာလျှင် လာရဲခြင်းဖြစ်သည်ဟု သူက ပြောသည်။ ၄င်း၏ စက်ရုံသူဌေးနှင့်
အခြားလုပ်ငန်းရှင်တစ်ဦးကြားပေးခြေရန်ရှိသည့် ငွေကြေးကိစ္စတစ်ခုကို လူမိုက်အဖွဲ့မှတစ်ဆင့်
ဖြေရှင်းခဲ့ခြင်းဖြစ်ပြီး ၄င်းအနေဖြင့် ကြားညှပ်ခဲ့ရခြင်း ဖြစ်သည်ဟုလည်း ဦးအောင်မျိုးက
ပြောသည်။
''ဟိုဘက်သူဌေးက ကျွန်တော်တို့စက်ရုံအခြေအနေအကြောင်းရှင်းပြဖို့ခေါ်လို့ သူတို့ချိန်းတဲ့
လက်ဖက်ရည်ဆိုင်မှာ ကျွန်တော်က သွားရှင်းပြတာပါ။ ဒီမှာ လူမိုက်က ကုတ်ဆွဲပြီး ဓားနဲ့
ထောက်တော့ ကျွန်တော့်မှာ ကြောက်လန့်ပြီး ထွက်ပြေးခဲ့ရတယ်။ ပိုက်ဆံရှစ်သိန်းခွဲနဲ့ ဖုန်းနှစ်
လုံး ဘယ်နေရာမှာ ကျကျန်ခဲ့လဲတော့မသိဘူး'' ဟု ဦးအောင်မျိုးက သူခြိမ်းခြောက်ခံခဲ့ရသည့်
အတွေ့အကြံုကို ပြောပြသည်။
ထို့ပြင် ၄င်းတွင် မည်သည့်ရန်ငြိုးရန်စပင် မရှိဘဲ၊ အခြားလုပ်ငန်းရှင်က ငွေကြေးကိစ္စအချို့ကို
လူမိုက်ငှား၍ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ၄င်းမှာ သူဌေးနှစ်ဦးကြားတွင် ကြားညှပ်ခဲ့ရခြင်း ဖြစ်သည်
ဟု သူကဆိုပါသည်။
လှိုင်သာယာမြို့နယ်အတွင်း အလားတူ ငွေကြေးပြဿနာများနှင့် မြေယာအငြင်းပွားမှုကိစ္စများ၊
ဥပဒေမဲ့အုပ်စုဖွဲ့ မြေယာကျူးကျော်မှုများ အများအပြားဖြစ်ပွားနေသည့်အပြင် ယင်းသို့သော
အရေးကိစ္စများတွင် ရဲတပ်ဖွဲ့ထံတွင်တင်ပြတိုင်တန်းပြီးဖြေရှင်းကြသည်ထက် နာမည်ရှိ လူမိုက်
ဆိုသူများထံတွင် အခကြေးငွေပေး၍ ဖြေရှင်းကြလေ့ရှိနေသည်ဟု မြို့ခံနိုင်ငံရေး ပါတီ
ခေါင်းဆောင်များ၊ ယင်းလူမိုက်ခေါင်းဆောင်များနှင့် နီးစပ်သူများက ပြောကြသည်။
စက်ရုံ၊ ကုမ္ပဏီများနှင့် လယ်ရှင်မြေရှင်များအကြားရှိ မြေယာပိုင်ဆိုင်မှု အငြင်းပွားမှုများ၊
ကုမ္ပဏီများနှင့် ဥပဒေမဲ့ ကျူးကျော်နေသူများကြားရှိ အရေးကိစ္စများတွင် လူမိုက်အဖွဲ့များ
ငှားရမ်းအသုံးပြုနေကြပြီး ဖြေရှင်းခမှ သိန်းရာချီမှ၊ ထောင်ချီအထိရှိနေသည်ဟုလည်း စုံစမ်း
သိရသည်။
''အထူးခြားဆုံးအနေနဲ့ကတော့ ကျူးကျော်တွေကို ကာကွယ်ပေးမယ်ဆိုပြီး ပိုက်ဆံယူလိုက်၊
တစ်ဖက်မြေယာပိုင်ရှင်ဘက်ကိုလည်းကျူးကျော်တွေ ရှင်းပေးမယ်ဆိုပြီး ပိုက်ဆံယူလိုက်နဲ့
လုပ်စားနေကြတာ။ ကျူးကျော်တစ်ခုကို ဖြေရှင်းတော့ သိန်း ၃,ဝဝဝ လောက်ထိရတယ်။ အခု
သူတို့အချင်းချင်း အဝေမတည့်လို့ ပြေးတဲ့သူပြေးနဲ့ လိုက်သတ်တဲ့သူက သတ်နဲ့ ဖြစ်နေ
တယ်။ ဒီ သိန်း ၃,ဝဝဝလောက်ရတာတော့ တော်တော်အတွင်းကျကျသိတာပါ။ သူတို့ထဲက
သူတွေပဲ ပြောပြကြတာ'' ဟု လှိုင်သာယာမြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF )
မှ ဥက္ကဋ္ဌ ဦးမြင့်သိန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
လှိုင်သာယာမြို့နယ်အတွင်းရှိ ကေတီဗီ၊ မာဆတ်(အနှိပ်ခန်း)စသည့် တရားမဝင် လုပ်ငန်း
များတွင် လိုင်းကြေးယူစောင့်ရှောက်သည့်၄င်းတို့၏ လုပ်ငန်းများမှာ ပြည်သူများသို့တိုက်ရိုက်
သက်ရောက်မှုမရှိသော်လည်းမူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးနေခြင်းများ၊ မြေယာအငြင်းပွား
မှုကြား ငွေကြေးယူဝင်ရောက်ဖြေရှင်းနေမှုများနှင့် ၄င်းတို့၏ သြဇာအာဏာလွှမ်းမိုးလာစေရန်
ရံဖန်ရံခါ ဖြစ်ပွားလေ့ရှိသည့် အုပ်စုဖွဲ့အနိုင်ကျင့်မှုများမှာ ပြည်သူအကြား ဆိုးရွားစွာ ဖြစ်ပေါ်နေ
လျက်ရှိသည်ဟုလည်း ၄င်းက ပြောသည်။
အချို့သော သိန်းရာချီမှ ထောင်ချီရှိသည့်ငွေကြေး အချေးအငှားနှင့် ပတ်သက်သည့် ပြဿနာ
များ၊ မြေယာကိစ္စအငြင်းပွားမှုပြဿနာများတွင် နစ်နာသူများက ရဲများထံတွင် တိုင်ကြားမှု
မရှိတော့ဘဲ အမြန်ဆုံးပြေလည်နိုင်သည့် လူမိုက်များအားငွေပေး၍ ဖြေရှင်းခိုင်းသည့် နည်းလမ်း
များကို အများအပြားအသုံးပြုနေကြသည်။ အချို့သောပြဿနာများတွင် ရဲများကိုယ်တိုင်
လူမိုက်အဖွဲ့များဖြင့် ဆက်သွယ်ပေး၍ ဖြေရှင်းနေသည့် ကိစ္စများ များစွာရှိနေသည်ဟု မြို့နယ်
လူမိုက်ခေါင်းဆောင်တစ်ဦးနှင့် ရင်းနှီးကျွမ်းဝင်သူ မြို့ခံတစ်ဦးက မြန်မာတိုင်း(မ်)၏ တွေ့ဆုံ
မေးမြန်းမှုတွင် ပြောကြားသည်။
ယခုလို လူမိုက်များအာဏာကြီးမားလာခြင်းမှာလည်း အချို့သောပြဿနာရပ်များ၊ နစ်နာမှုများ
တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ရဲတပ်ဖွဲ့တို့၏ အရေးယူဆောင်ရွက်မှုဆိုင်ရာ
လုပ်ငန်းများ အားနည်းခြင်း၊ ကြန့်ကြာခြင်းများကြောင့်ဖြစ်ပြီး နစ်နာသူများက အမြန်
ဆုံးနှင့် ထိရောက်မှု အရှိဆုံးဖြစ်သည့်လူမိုက်ကို ငွေပေးဖြေရှင်းခိုင်းခြင်းများကြောင့်
ဖြစ်သည်ဟု အဆိုပါ မြို့ခံက ပြောသည်။
''ကြီးကြီးမားမားကိစ္စတွေမှာ လုပ်ကိုင်ဆောင်ရွက်နေကြသလို၊ ရပ်ကွက်အတွင်းက အသေးအဖွဲ
ကိစ္စတွေမှာလည်း ဗိုလ်ကျစိုးမိုးမှုရှိတွေရှိလာတော့ ပြည်သူတွေကတော့ စိုးရိမ်မှုတွေ ရှိတာပေါ့။
သက်ဆိုင်ရာအာဏာပိုင်တွေအကုန်လုံးက အကြီးကောင်ကနေ အသေးကောင်ထိ ဘယ်သူတွေ
ဆိုတာ သိကြပါတယ်။ မြို့နယ်ချင်း ဘယ်လိုချိတ်ဆက်တယ်ဆိုတာကအစ သိကြပါတယ်။ ဒါကို
ထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရဲ့သားနဲ့ အရေးမယူခဲ့ကြတာပါ'' ဟု လှိုင်သာယာမြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဥက္ကဋ္ဌလည်းဖြစ်ပြီး လက်ရှိရွေးကောက်ခံ ပြည်သူ့
လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာသန်းမြင့်က ပြောသည်။
ထို့ပြင် မြို့နယ်အတွင်းကြီးထွားနေသည့် လူမိုက်အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး မြို့နယ်
အပြင်၊ တိုင်းနှင့် ဗဟိုအဆင့်ကပါ သိရှိနေကြပြီး အရေးယူဆောင်ရွက်မှုများမပြုလုပ်ခဲ့သည်မှာ
ပြည်သူများအနေဖြင့် မေးခွန်းထုတ်စရာဖြစ်နေသည်ဟု ဒေါက်တာသန်းမြင့်က ဆက်လက်
ထောက်ပြသည်။
ယင်းလူမိုက်များအပြင် လှိုင်သာယာမြို့နယ် ရပ်ကွက်အချို့တွင် ခိုးဆိုးလုယက်သူများ အများ
အပြား ခိုအောင်းနေသဖြင့် မိမိတို့၏ အိုးအိမ်လုံခြံုရေးကို အမြဲတမ်းစိုးရိမ်ကြောင့်ကြနေရသည်
ဟုလည်း မြို့ခံ ဦးတင်ထွန်းဝင်းက ပြောသည်။
''ရပ်ကွက်ထဲမှာ လူနေအဆောင်တွေအများအပြားဆောက်လုပ်လာကြတယ်။ ဒီမှာ လူပေါင်းစုံ
လာရောက်နေထိုင်ကြတယ်။ ဒီလူတွေနောက်ကြောင်း ဘယ်သူ့မှ မသိကြဘူး။ တချို့ ခိုးဆိုး
လုယက်တွေလည်း ဒီလိုပဲ အဆောင်တွေ၊ အိမ်ခန်းတွေမှာ လာအောင်းနေကြတာတွေရှိတယ်။
ဒါတွေကို ရပ်ကွက်အာဏာပိုင်တွေက စိစစ်ဖို့လိုတယ်။ လှိုင်သာယာမှာ ခိုးဆိုးနှိုက်တွေစုနေပြီး
သူတို့ ရလာတဲ့ ပစ္စည်းတွေ ပြန်ချရောင်းတဲ့ စျေးကွက်တောင်ရှိတယ်။ ဒါတွေကို ရဲတွေ သိပါ
တယ်။ အရေးယူမှု မရှိကြတာပါ''ဟု ၄င်းက ပြောသည်။
လှိုင်သာယာမြို့နယ်သည် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့ကြားဆက်သွယ်ရာ တိုင်းကူးမြို့
တစ်ခုဖြစ်ပြီး ၂ဝ၁၄ ခုနှစ် သန်းခေါင်းစာရင်းများအရ လူပေါင်း ၆၈,ဝဝဝ ကျော် နေထိုင်လျက်
ရှိသည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန်းမြင့်ဦးက ၂ဝ၁၆၊ ဖေဖော်ဝါရီ ၁ ရက်က တွေ့ဆုံမေးမြန်း
မှုတွင် မြန်မာတိုင်း(မ်)ကို ပြောသည်။ သို့သော်လည်း လတ်တလော တိုးပွားလျက်ရှိသည့်
ရွှေ့ပြောင်းနေထိုင်မှုများအရ လှိုင်သာယာတွင် လူပေါင်း ခုနစ်သိန်းကျော်ခန့်အထိ ရှိနေနိုင်
သည်ဟု မြို့ခံများနှင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီများက ခန့်မှန်းထားသည်။
ဖွဲ့စည်းပုံစနစ်အရ ရဲတပ်ဖွဲ့အင်အားပြည့်မီသော်လည်း မြို့နယ်လူဦးရေနှင့် အချိုးချပါက
လူ ၃,၇ဝဝ တွင် ရဲတစ်ဦးသာရှိနေသဖြင့် ဖွဲ့စည်းပုံပြင်ခြင်း၊ သို့မဟုတ် တပ်ဖွဲ့ဝင်အင်အား
တိုးမြှင့်နိုင်ရန် တင်ပြထားသည်ဟုလှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းမြင့်ဦးက
မြန်မာတိုင်း(မ်)ကို ပြောကြားထားသည်။
လှိုင်သာယာမြို့နယ်အတွင်းတွင် ခိုးမှုနှင့် လုယက်မှုများ အများဆုံးဖြစ်ပွားနေပြီးအသက် ၂ဝ
ဝန်းကျင်ရှိ လူငယ်များ အများဆုံး ပါဝင်နေသည်ဟု ၄င်းက ပြောသည်။ ယင်းသို့ ပါဝင်နေခြင်းမှာ
လည်း အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ အသိပညာ၊ အတန်းပညာများတက်ရောက်
သင်ကြားခဲ့ရမှု မရှိသူများ ဖြစ်နေသည်ဟု မြို့နယ်ရဲမှူးက ပြောသည်။
ထို့ပြင် လှိုင်သာယာမြို့နယ်အတွင်းတွင် အစိုးရနှင့် ကုမ္ပဏီပိုင် မြေလွတ်များကို ဥပဒေမဲ့အုပ်စုဖွဲ့
ဝင်ရောက်ကျူးကျော်နေမှုများမှာလည်း ယနေ့တိုင်ဖြစ်ပွားနေသေးသည်ဟုလည်း မြို့နယ်ရဲမှူး
က ပြောသည်။၂ဝ၁၃ မှ ၂ဝ၁၅ အတွင်း လှိုင်သာယာမြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်လျက်
ရှိသည့် မြေလွတ်များကို အုပ်စုဖွဲ့ဝင်ရောက်ကျူးကျော်မှု အများအပြားဖြစ်ပွားသည့်အပြင်
ကြီးမားသည့် အုပ်စုဖွဲ့မြေနေရာဝင်ရောက်လုယက်ကျူးကျော်မှုကြီး သုံးခုခန့် သက်ဆိုင်ရာ
အာဏာပိုင်များနှင့် မြို့နယ်ပြည်သူများရှေ့မှောက်တွင် ပေါ်ပေါ်ထင်ထင် ဖြစ်ပွားထားသည်။
ယင်းကျူကျော်မှုကြီးထဲမှ ၂ဝ၁၃ နှစ်စပိုင်းအတွင်း အဆင်မြင့် ၅ ရပ်ကွက်အတွင်း ဖြစ်ပွားခဲ့
သည့် ကျူးကျော်မှုကြီးမှာ သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် ဖယ်ရှားရှင်းလင်းနိုင်မှု
မရှိသဖြင့် လက်ရှိတွင် ကျူးကျော်အိမ်ပေါင်းထောင်ချီသည့် ကျူးကျော်ရပ်ကွက်စုကြီးအဖြစ်
ယနေ့တိုင်တည်ရှိနေသည်။
ထို့ပြင် ၂ဝ၁၄ နှစ်စပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်နှင့် တွံတေးမြို့နယ်ခြားအစပ် ပန်းလှိုင်
မြစ်အနီးတွင် တည်ရှိသည့် ဒေသခံများပိုင် ဥယျာဉ်ခြံမြေများနှင့် တွံတေးဝဲယာ လမ်းမတစ်
လျှောက်တွင် ကျူးကျော်အိမ်ပေါင်း ၅,ဝဝဝ မှ ရ,ဝဝဝခန့်အထိရှိသည့် ကျူးကျော်မှုကြီးတစ်ခု
ဖြစ်ပွားသည်။
ယင်းကျူးကျော်မှုတွင်လည်း ဒေသခံများနှင့် ဝင်ရောက်ကျူးကျော်သူများအကြား အကြမ်းဖက်
တိုက်ခိုက်မှုများ၊ ပဋိပက္ခများ လချီကြာဖြစ်ပွားပြီးမှ သက်ဆိုင်ရာက ဖယ်ရှားရှင်းလင်းနိုင်ခြင်း
ဖြစ်သည်။
၂ဝ၁၅ အစောပိုင်း လများအတွင်းတွင်လည်း လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေးကားဝင်း
အနီးရှိ ဝါဝါဝင်းကုမ္ပဏီပိုင် မြေကွက်များပေါ်တွင် အုပ်စုဖွဲ့ဝင်ရောက်ကျူးကျော်မှုများ ဖြစ်ပွားပြီး
ကုမ္ပဏီဘက်က မြို့နယ်လူမိုက်များဦးဆောင်သည့်အဖွဲ့များ ငှားရမ်းအသုံးပြုပြီး ဖယ်ရှား
ရှင်းလင်းကြရသည်။
ယင်းဖြစ်စဉ်တွင်လည်း ကျူးကျော်သူများနှင့် ကုမ္ပဏီမှ ငှားရမ်းထားသည့် လူမိုက်အဖွဲ့များ
အကြား ပဋိပက္ခများဖြစ်ပွားပြီး လူထိခိုက်ဒဏ်ရာ ရရှိမှု၊ နေအိမ်နှင့် ဆိုင်ကယ်များ မီးရှို့ဖျက်ဆီး
ခံရမှုများ ဖြစ်ပွားထားသည်။
မြေယာအငြင်းပွားမှုများ၊ ကျူးကျော်မှုများနှင့်ပတ်သက်ပြီး တိုင်ကြားမှုများကြောင့် ရဲတပ်ဖွဲ့က
ဖြေရှင်းပေးသည့်အမှုများစွာရှိနေသည့်အပြင် ကုမ္ပဏီများက နာမည်ရှိလူမိုက်များပါဝင်သည့်
အလုပ်သမားများ ငှားရမ်း၍ ဖယ်ရှားရှင်းလင်းသည့် ဖြစ်စဉ်များလည်း ရှိနေသည်ဟု မြို့နယ်
ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းမြင့်ဦးက ပြောသည်။
လှိုင်သာယာမြို့နယ်သည် အမှုအခင်းများ ထူပြောစွာဖြစ်ပွားနေသည့်အပြင် အချို့သော
အုပ်စုဖွဲ့ ကျူးကျော်သူများ မြေလွတ်များကိုကျူးကျော်မှုများမှာ မြို့နယ်တာဝန်ရှိသူများ ရှေ့
မှောက်တွင် ထင်ထင်ပေါ်ပေါ် ဖြစ်ပွားနေသဖြင့် လှိုင်သာယာမြို့နယ်သည် တရားဥပဒေစိုးမိုးမှု
ကင်းမဲ့နေသည့် အမည်းရောင်နယ်မြေဖြစ်နေသည်ဟုလည်း မြို့နယ် နိုင်ငံရေးပါတီခေါင်းဆောင်
များနှင့် ဒေသခံပြည်သူများက တွေ့ဆုံမေးမြန်းမှုများတွင် ဖြေကြားထားကြသည်။
သို့သော်လည်း တရားဥပဒေစိုးမိုးရေးနှင့် အမှုအခင်းများကျဆင်းရေးသည် ရဲတပ်ဖွဲ့ တစ်ခုတည်း
တာဝန်သာ မဟုတ်ဘဲ ပြည်သူများတွင်လည်းတာဝန်ရှိနေပြီး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပါဝင် ဆောင်
ရွက်ရန် လိုအပ်သည်ဟု စွပ်စွဲပြောဆိုနေမှုများနှင့်ပတ်သက်ပြီး မေးမြန်းစဉ် မြို့နယ်ရဲမှူး
သန်းမြင့်ဦးက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
''နစ်နာသူတိုင်း သူတို့နစ်နာမှုများကို ရဲတပ်ဖွဲ့မှာ လာတိုင်ပါ။ ကျွန်တော်တို့ အရေးယူပေး
ပါမယ်။ နစ်နာမှုတိုင်းကို အရေးယူပေးပါမယ်။ တကယ်လည်း ထိထိရောက်ရောက်အရေးယူ
ဆောင်ရွက်ချင်တာပါ။ ဒါကြောင့် နစ်နာသူတိုင်း ရဲတပ်ဖွဲ့ထံမှာတိုင်းကြားမှုပြုလုပ်ပြီး ပူးပေါင်း
ပေးပါလို့ ပြောချင်တယ်'' ဟု ရဲမှူးသန်းမြင့်ဦးက ပြောသည်။
ထို့ပြင် လက်ရှိခံဝန်ခြေချုပ်များဖြင့် တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည့် မှုခင်း
ကျော်ဇောသူများနှင့် ပတ်သက်ပြီး နစ်နာသူများရှိပါက လာရောက်တိုင်ကြားနိုင်ပြီး ထိရောက်စွာ
အရေးယူ ဆောင်ရွက်ပေးသွားမည်ဟု ၄င်းက ပြောကြားသည်။
လှိုင်သာယာမြို့နယ်သည် ရန်ကုန်တိုင်းအတွင်း မှုခင်းဖြစ်ပွားမှုအများဆုံးမြို့နယ်တစ်ခု ဖြစ်ပြီး
၂ဝ၁၅ အတွင်းတွင် လူသတ်မှု ၂၅ မှု၊ လုယက်မှု ၁၁ မှု၊ အဓမ္မပြုကျင့်မှု ၁၁ မှုအပါအဝင်
အမှုကြီးပေါင်း ၄၈ မှု ဖြစ်ပွားထားသည်။
ထို့ပြင် ခိုးမှု ၈၇ မှု၊ နာကျင်စေမှု ၂၅၅ မှုနှင့် အခြားအမှုပေါင်း ၆၂၁ မှုထိဖြစ်ပွားထားသည်ဟု
မြို့နယ်ရဲမ·းက ပြောသည်။လှိုင်သာယာ လူဆိုးလူမိုက်များနှင့် ပတ်သက်ပြီး အတွင်းကျကျ
သိသူတစ်ဦးက အင်တာနက်ဖေ့စ်ဘုတ်ခ်စာမျက်နှာပေါ်သို့ ၂ဝ၁၆ ဇန်နဝါရီအတွင်း ရေးတင်
မှုများပြုလုပ်ထားသည်။
ထို့ကြောင့် လှိုင်သာယာမြို့နယ်အတွင်းရှိ လူဆိုးလူမိုက်များအကြောင်း ပြည်သူကြား ကြီးမား
သည့်ပျံ့နှံ့မှုများ ဖြစ်ပွားပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက လူမိုက်ကျော်စောအမည်
ရှိသူများကို စီမံချက်တစ်ရပ်ဖြင့် ယနေ့တိုင် ဖမ်းဆီးနေခြင်းဖြစ်သည်။

















