သမ္မတလောင်း အမည်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပါလာနိုင်ပါ့မလား

သမ္မတလောင်း အမည်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပါလာနိုင်ပါ့မလား

ပြည်ထောင်စု လွှတ်တော်က သတ်မှတ်လိုက်တဲ့ သမ္မတလောင်း အမည်စာရင်း တင်သွင်းမယ့်ရက်ကို  လိုအပ်တာထက်ပိုပြီး အချိန်ယူတဲ့သဘောရှိပေမယ့် အများစုကတော့ ဒီအပေါ်မှာ အကောင်းမြင်နေကြပါတယ်။

ပြည်ထောင်စု လွှတ်တော်က သတ်မှတ်လိုက်တဲ့ သမ္မတလောင်း အမည်စာရင်း တင်သွင်းမယ့်
ရက်ကို  လိုအပ်တာထက်ပိုပြီး အချိန်ယူတဲ့သဘောရှိပေမယ့် အများစုကတော့ ဒီအပေါ်မှာ
အကောင်းမြင်နေကြပါတယ်။

အကြောင်းရင်းကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက်  တပ်မတော်နဲ့ ညှိနှိုင်း
အဖြေရှာဖို့ အချိန်ပိုရတာကြောင့်ပါပဲ။  အစိုးရသစ်ကို ဦးဆောင်မယ့် သမ္မတသစ်ရွေးချယ်ရေးကို
စတင်ဖို့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စား
လှယ် အစုအဖွဲ့သုံးခုက ဒုသမ္မတလောင်း အမည်စာရင်းတွေကို  မတ်၁၇ ရက်မှာ သက်ဆိုင်ရာ
လွှတ်တော်အသီးသီးကို တင်သွင်းရမှာဖြစ်ပါတယ်။

လွှတ်တော်ကို တင်သွင်းရမယ့် ဒုသမ္မတလောင်းသုံးဦးအနက် လွှတ်တော်နှစ်ရပ်မှာ အမတ်
နေရာ အများဆုံးရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ပါတီက
ဒုသမ္မတနှစ်ဦးကို  ရွေးချယ်ခွင့် ရရှိထားပါတယ်။

သို့ပေမဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ သမ္မတအရည်အချင်း သတ်မှတ်ချက်ပုဒ်မ ၅၉ (စ)
မှာ  နိုင်ငံခြားသားနဲ့ သွေးသားတော်စပ်သူကို သမ္မတဖြစ်နိုင်ခွင့်ကနေ ကန့်သတ်ထားတဲ့အတွက်  
ဗြိတိသျှ နိုင်ငံသားနှစ်ဦးရဲ့ မိခင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ဒီပုဒ်မကို
မတ် ၁၇ ရက်မတိုင်မီ အချိန်မီ ပြင်နိုင်ဖို့ လိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး နဲ့ ပတ်သက်ပြီး ၅၉ (စ)ကို ကျော်နိုင်ဖို့ ဖြစ်နိုင်ခြေ
ရှိနိုင်တဲ့ နည်းလမ်းနှစ်ခု ရှိပါတယ်။ ပထမနည်းလမ်းကတော့ ၅၉ (စ) ပြင်ဆင်ရေးပါ။ ဒါပေမဲ့
ပြည်ထောင်စု လွှတ်တော်ရဲ့ စုစုပေါင်း အမတ်ဦးရေ  ရ၅ ရာခိုင်နှုန်းအထက်ရမှ ပြင်လို့ ရနိုင်မယ့်
၅၉ (စ)က တပ်မတော်သား တစ်ယောက်မှ မပါဘဲ ပြင်လို့ မရနိုင်ပါဘူး။

ဒုတိယ နည်းလမ်းကတော့  ဒီပုဒ်မကို လွှတ်တော် ကိုယ်စားလှယ် အများစုရဲ့ ထောက်ခံချက်နဲ့
ဆိုင်းငံ့ရေးပါ။ ဒီနည်းလမ်းနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိပေမဲ့ ဖြစ်နိုင်ခြေရှိတယ်လို့ ပါတီဝင်
တွေက ယူဆထားပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း အင်န်အယ်လ်ဒီပါတီက ဆိုင်းငံ့ဖို့အတွက် လွှတ်တော်မှာ
အရေးကြီး အဆိုတစ်ရပ်အဖြစ် တင်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါသေးတယ်။
ဒီကိစ္စအပေါ် အင်န်အယ်လ်ဒီဘက်က  တရားဝင်ပြောဆိုမှု မရှိသည့်တိုင် အရေးကြီးအဆိုဟာ
ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီ၊ မညီဆိုတဲ့ လွှတ်တော်တွင်း ငြင်းခုံမှုတွေလည်း ရှိနေပါတယ်။

အခြေခံ ဥပဒေကို ဆိုင်းငံ့ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာလည်း အခြေခံဥပဒေတစ်ခုလုံးကို
ဆိုင်းငံ့တဲ့နိုင်ငံနဲ့ တစ်စိတ်တစ်ပိုင်းကို ဆိုင်းငံ့ခဲ့တဲ့နိုင်ငံများလည်း ရှိပါတယ်။ အလားတူ မြန်မာ
နိုင်ငံမှာလည်း ၁၉၄၇ အခြေခံဥပဒေပါ ပုဒ်မ ၁၆၆ ကို ၁၉၅၉ ခုနှစ်က ဆိုင်းငံ့ခဲ့ရတာမျိုး ရှိခဲ့ဖူးပါ
တယ်။

''အဲဒီတုန်းက ပုဒ်မ ၁၆၆ ကို ဆိုင်းငံ့ဖို့ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအရင် ပြဋ္ဌာန်းပေး
ရတယ်။ အခု ၅၉ (စ)ကို ဆိုင်းငံ့ချင်တယ်ဆိုရင်လည်း  ၂ဝဝ၈ ကို အရင်ပြင်၊ ပြင်ဆင်သည့်
ဥပဒေပြဋ္ဌာန်းပေးရမယ်။ ဒါမှသာ ၅၉ (စ) ကိုဆိုင်းငံ့လို့ ရမယ်'' လို့ မြန်မာ့နိုင်ငံရေးလေ့လာသူ
ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

ဒါကြောင့် ကြားကာလအတွင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်
တို့ကြားမှာ  သဘောတူညီမှု ရယူနိုင်သည့်တိုင် မတ် ၁၇ ရက်ကိုမီနိုင်ဖို့ ခဲယဉ်းတယ်လို့
ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

''လုပ်ရမယ့် အဆင့်တွေက များတော့ မတ်  ၁၇ မီဖို့ ဖြစ်နိုင်ခြေတော့ နည်းတယ်။ တွန်းတွန်းတို
က်တိုက်လုပ်မယ်ဆိုရင်တော့ မပြောတတ်ဘူး''လို့ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

သတ်မှတ်ရက်အမီ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ရေး နည်းလမ်းအပေါ် ခန့်မှန်းပြော
ဆိုမှုတွေ အမျိုးမျိုး ရှိနေပေမယ့် တပ်မတော်ဘက်ကတော့  ဒေါ်အောင်ဆန်းစုကြည် သမ္မတ
ဖြစ်ရေးနဲ့ ပတ်သက်ပြီး ယနေ့အထိ မီးစိမ်းပြတာ မရှိသေးပါဘူး။ တပ်မတော်သား လွှတ်တော်
ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့  ဗိုလ်မှူးချုပ် တင့်ဆန်းနိုင်ကတော့လက်ရှိပြောဆိုနေတဲ့ နည်းလမ်း
နှစ်ခုစလုံးမဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက မြန်မာတိုင်း(မ်)ကို ပြောဆိုလိုက်ပါတယ်။

''ဆိုင်းငံ့ဖို့ဆိုတာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ ပြဋ္ဌာန်းမထားဘူး''လို့ ဗိုလ်မှူးချုပ် တင့်ဆန်းနိုင်
က ပြောပါတယ်။၂ဝ၁၅ ခုနှစ် ဇွန်လအတွင်း  ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေ
ကြမ်းကို  ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့စဉ်တုန်းက  တပ်မတော်သားလွှတ်တော်ကိုယ်
စားလှယ်တွေက ၅၉ (စ) အပါအဝင် ရ၅ ရာခိုင်နှုန်းနဲ့အထက် သဘောတူညီမှုနဲ့ ပြင်ဆင်ခွင့်ရ
မယ့် ပုဒ်မတွေကို ပြင်ဆင်ဖို့ ငြင်းဆန်ခဲ့ဖူးပါတယ်။

အခုထိလည်း  ၅၉ (စ)  ပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ တပ်မတော်ရဲ့ သဘောထားက မပြောင်းလဲ
သေးပါဘူး။

''အရင်ဆွေးနွေးကတည်းက ပြောထားပြီးသားပါ။ ဒီအတိုင်းပဲ ထပ်ပြောစရာ မရှိဘူး'' လို့
ဗိုလ်မှူးချုပ် တင့်ဆန်းနိုင်က ပြောပါတယ်။ ဒါ့ပြင် ၅၉ (စ) ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့ ကြားမှာ ဆွေးနွေးညှိနှိုင်းတာ
မရှိဘူးလို့ သူကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ဖို့ အလားအလာနဲ့ပတ်သက်ပြီး ''ပုဂ္ဂိုလ်ရေးကတော့
ကျွန်တော်လည်း မပြောပါဘူး။ အဓိက အရေးကြီးတာက တိုင်းပြည်တည်ငြိမ်ဖို့ပဲ။ အခုနိုင်တဲ့
အဖွဲ့က နိုင်ငံတိုးတက်အောင်လုပ်မယ်။ တိုင်းပြည်တိုးတက်အောင် လုပ်မယ်ဆိုရင် ကျွန်တော်
တို့ကလည်း ပူးပေါင်းဆောင်ရွက်ပေးမှာပဲ'' လို့ ဗိုလ်မှူးချုပ်တင့်ဆန်းနိုင်က ပြောပါတယ်။

တပ်မတော်ဘက်က တိုင်းပြည်ရဲ့ခေါင်းဆောင်နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်
နေရာပေးဖို့ တင်းမာနေသေးသည့်တိုင်  ပါတီဝင်တွေဘက်ကတော့ သူတို့ ခေါင်းဆောင်
သမ္မတဖြစ်ဖို့ မျှော်လင့်နေတုန်းပါပဲ။ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့တဲ့ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် မတ် ၁၇ ရက်မှာ သမ္မတလောင်းဖြစ်လာဖို့ ယုံကြည်နေဆဲ ဖြစ်ပါတယ်။

''ဒါက ကျွန်မတို့ နှစ်ပေါင်း ၂ဝ ကျော် မက်လာခဲ့တဲ့ အိပ်မက်ပဲ။  ဒီလို ဖြစ်လာလိမ့်မယ်လို့ပဲ
ယုံကြည်တယ်''လို့ အင်န်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော်အမတ်  ဒေါ်မြင့်မြင့်စိုးက
ပြောပါတယ်။

လေ့လာအကဲခတ်သူ တချို့ကလည်း ရထားတဲ့အချိန် တစ်လကျော်အတွင်းမှာ အပြောင်းအလဲ
တွေ ရှိနိုင်တာမို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတဲ့ အချက်အပေါ် ယတိ
ပြတ် ထင်မြင်ချက်ပေးဖို့ ခက်နေပါတယ်။

''မတ်လအထိ နောက်ဆုတ်တယ် ဆိုကတည်းက  ကြားထဲမှာ တပ်နဲ့ ညှိနှိုင်းဖို့ အချိန်ယူတာ
ဖြစ်နိုင်တယ် ။ နောက်တစ်ခုက  ဒေါ်စု မဟုတ်ရင်တောင်  ဘယ်သူဖြစ်သင့်လဲဆိုတာ  ပြင််ဆင်ဖို့
အချိန်ယူတာလည်း ဖြစ်နိုင်တယ်။ ယတိပြတ် ပြောဖို့တော့ ခက်တာပေါ့။ စောင့်ကြည့်ရမှာပဲ''လို့
မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021