ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှကို လတ်တလောကာလ ထွက်ပေါ်နေတဲ့ ရခိုင်(အေအေ)လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်နဲ့ အမျိုးတော်စပ်မှု ကိစ္စရပ်တွေအပါအဝင် ရှေ့ဆက်မယ့် လွှတ်တော်အခင်းအကျင်းနဲ့ ပတ်သက်ပြီး မြန်မာတိုင်း(မ်) အကြီးတန်းသတင်းထောက် ဉာဏ်လင်းအောင်က သူ့နေအိမ်မှာတွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှကို လတ်တလောကာလ ထွက်ပေါ်နေတဲ့
ရခိုင်(အေအေ)လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်နဲ့ အမျိုးတော်စပ်မှု ကိစ္စရပ်တွေအပါအဝင်
ရှေ့ဆက်မယ့် လွှတ်တော်အခင်းအကျင်းနဲ့ ပတ်သက်ပြီး မြန်မာတိုင်း(မ်) အကြီးတန်းသတင်းထောက်
ဉာဏ်လင်းအောင်က သူ့နေအိမ်မှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
* အခုရခိုင်ပြည်နယ်လွှတ်တော်ရဲ့ အခြေအနေ အရ အေအင်န်ပီက လွှတ်တော်မှာ
အားသာနေတယ်။ အစိုးရအဖွဲ့ကို အင်န်အယ်လ်ဒီက ဦးဆောင်ဖွဲ့မယ်ဆိုတော့
လွှတ်တော်သက်သက် အစိုးရသက်သက်သီးခြားစီ ရပ်တည်တဲ့ အနေအထားမျိုး
ဖြစ်လာနိုင်မလား။
အန်ကယ်ထင်တာကတော့ သီးခြားစီ အပြိုင်အဆိုင်သဘောမျိုး ဖြစ်လာလိမ့်မယ်လို့တော့
မမျှော်လင့်ပါဘူး။ ညှိနှိုင်းကြရင် တစ်ခုခုတော့ အဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
* ဒါဆို အစိုးရနဲ့ လွှတ်တော်နဲ့ကြား ဘယ်လို ထိန်းညှိရလိမ့်မယ်ထင်လဲ။
ရခိုင်ပြည်နယ်လွှတ်တော်က တခြားပြည်နယ်တိုင်းလွှတ်တော်တွေထက် ထူးခြားတယ်။
တခြားပြည်နယ်လွှတ်တော်တွေမှာက အစိုးရ လည်း အင်န်အယ်လ်ဒီပဲ။ လွှတ်တော်လည်း
အင်န်အယ်လ်ဒီပဲ။ နှစ်ဖက်စလုံး အဆင်ပြေပြေ သွားကြမှာပဲ။ ဒီမှာက ရခိုင်ပြည်နယ် လွှတ်တော်က
ပြီးခဲ့တဲ့ ပြည်သူ့လွှတ်တော်တို့ အမျိုးသားလွှတ်တော်တို့တုန်းက သမ္မတကြီးနဲ့ နာယကကြီးတို့
တစ်မျိုးစီဖြစ်ခဲ့သလို ကြည့်ကောင်းတဲ့ လွှတ်တော်ဖြစ်လာနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် လွှတ်တော်
သဘောထားကတော့ တက်လာတဲ့ အစိုးရအဖွဲ့ရဲ့ သဘောထားကို ကန့်ကွက်ဖို့မဟုတ်ဘူး။ ဒီနေရာမှာ
အန်ကယ်ကိုယ်တိုင်လည်း ပါတီစွဲထားလို့ မရဘူး။ ပါတီစွဲရှိရင်လည်း အဲဒါကို ဖျောက်ရမှာပဲ။
လွှတ်တော်သဘောအတိုင်းပဲ သွားရမှာပဲ။ တစ်ဖက်မှာ အစိုးရလုပ်တာကောင်းတယ်ဆိုရင်
အန်ကယ်တို့လွှတ်တော်က ထောက်ခံရမှာပဲ။ မကောင်းတာဆိုရင်တော့ ထောက်ပြသွားရမှာပဲ။
* ဘယ်အချိန်လောက် လွှတ်တော်ပြန်စဖို့ ရည်မှန်းထားလဲ။
အခုအတိုင်းကတော့ ပြည်ထောင်စုက ဒုတိယ သမ္မတ။ သမ္မတတွေရွေးပြီးမှပဲ လွှတ်တော်က
ကောင်းကောင်းပြန်စလို့ရမှာဆိုတော့ အဲဒီမတိုင်ခင် ပြင်ဆင်လို့ရအောင် မတ်လ ၁၀ ရက်လောက်
ပြန်စဖို့ စီစဉ်ထားတယ်။
* လွှတ်တော်ပြန်စပြီးရင် အရေးတကြီး ကိစ္စ အနေနဲ့ ဘာတွေလုပ်ဖို့ရှိနိုင်မလဲ။
အခုလောလောဆယ်မှာ အန်ကယ်တို့ ကိုယ်စားလှယ်တွေထဲက တချို့တွေ အစိုးရ ဖွဲ့ပြီဆိုရင်
အဲဒီအထဲကို ပါသွားမယ်။ တချို့ ကျန်ခဲ့မယ်။ အဲဒီမှာ အန်ကယ်တို့ လွှတ်တော်ထဲ ဖွဲ့ရမယ့်
ကော်မတီတွေရှိတယ်။ အဲဒီ ကော်မတီတွေ စဖွဲ့ရမယ်။
* အေအင်န်ပီက အစိုးရအဖွဲ့ထဲမပါဘူးဆိုပြီး ထုတ်ပြန်ထားတာရှိတယ်။ အခုအန်ကယ်
ပြောခဲ့သလိုဆို အန်ကယ်တို့ပါတီထဲက တချို့တွေ အစိုးရအဖွဲ့ထဲ ပါသွားမယ်ဆိုတော့
အင်န်အယ်လ်ဒီနဲ့ အစိုးရဖွဲ့ဖို့အပိုင်းမှာ ညှိနှိုင်းမှုရှိပြီးပြီလား။
အင်န်အယ်လ်ဒီနဲ့တော့ စတင်တာမရှိ သေးပါဘူး။ အန်ကယ်အမြင်ပြောရရင်တော့
အင်န်အယ်လ်ဒီဘက်က ဒါကို စပြီးညှိနှိုင်းဖို့ လုပ်တာအကောင်းဆုံးပါပဲ။
* ကော်မတီတွေဖွဲ့မယ်ဆိုရင်ရော အဓိက ဘယ်ကော်မတီကို အရင်ဖွဲ့သွားဖို့ရှိလဲ။
ဖွဲ့ဖို့စီစဉ်ထားတဲ့ ကော်မတီကတော့ ခုနစ်ခုလောက်ရှိပါတယ်။ အဲဒီအထဲကမှ ဥပဒေရေးရာ
အကြံပေးအဖွဲ့ကို အရင်ဆုံး ဖွဲ့သွားဖို့ စီစဉ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကော်မတီက
ပါ၀င်တဲ့လူလည်း များတယ်။ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ကိုယ်တိုင် ဦးဆောင်ရမယ့်အဖွဲ့ဆိုတော့
အဲဒါကို အရင်ဆုံးဖွဲ့သွားမယ်။
* အန်ကယ်က ရခိုင်ပြည်နယ်ငါးလုပ်ငန်းရှင်များအဖွဲ့မှာလည်း ဥက္ကဋ္ဌ ဖြစ်ခဲ့ဖူးတော့
လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနဲ့ပတ်သက်ပြီးရော
ဘယ်လို ဖွဲ့စည်းသွားဖို့ရှိနိုင်မလဲ။
အန်ကယ်အဲဒီကော်မတီကိုလည်း အရမ်း စိတ်ဝင်စားတယ်။ ရခိုင်မှာဆို အခု ဒေသ စွန့်ခွာတွေ
အများကြီးဖြစ်လာနေတယ်။ အဲဒါကို ဘယ်လိုလုပ်မလဲပေါ့ စဉ်းစားမိတယ်။ ရခိုင်ပြည်နယ်မှာက
မြေလွတ်မြေရိုင်းတွေ ပေါတယ်။ ကိုယ့်ဒေသနားမှာရှိတဲ့ မြေကို ဒေသခံတွေ ပိုင်ဆိုင်ထားဖို့လိုတယ်။
ပိုင်ဆိုင်ထားပြီး အဲဒီမြေဟာ ကိုယ့်အတွက် ဘယ်လောက်အာမခံချက်ရှိနိုင်မလဲ အသုံးချ နိုင်မလဲ
ဆိုတာကို သိဖို့လိုတယ်။ အဲဒီလို သိလာပြီဆိုရင် ဒေသစွန့်ခွာတွေ နည်းသွားမယ်။ အဲဒါကို
အန်ကယ်တို့စဉ်းစားနေတယ်။ ဒေသခံတွေ မြေပိုင်တွေဖြစ်လာဖို့ အန်ကယ်တို့ ပြည်နယ်ရဲ့
လုပ်ပိုင်ခွင့်ထဲကနေ ဆောင်ရွက်သွားမယ်။ မိသားစုတစ်ခု အနည်းဆုံး မြေ(ရိုင်း) ၁၀ ဧက
ပိုင်ဆိုင်သွားစေချင်တယ်။ ဒါနဲ့ပတ်သက်ပြီး အစိုးရကလည်း ကူညီပေးမယ်။ မြေယာအသုံးချနိုင်မှု
အပေါ်မှာလည်း ဒေသခံတွေ ကောင်းကောင်း နားလည်လာမယ်ဆိုရင် ဒေသစွန့်ခွာတွေဖြစ်လာမှာ
မဟုတ်တော့ဘူး။ အန်ကယ်တို့ဒါကို ဆောင်ရွက်သွားဖို့ စဉ်းစားထားတယ်။
* ဒါဆို ဒီမြေယာကိစ္စနဲ့ စိုက်ပျိုးရေး စီမံခန့်ခွဲမှု အပိုင်းတွေက လွှတ်တော်ထဲမှာ မေးခွန်း
အဆိုတွေအဖြစ် ဦးစားပေး ထွက်ပေါ်လာမယ်ထင်လား။
ထွက်ပေါ်လာမှာပါ။ ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေအပေါ် အားလုံးကလည်း သဘောတူမှာပါ။
* ရခိုင်ပြည်နယ်ထဲမှာ ရှိနေသေးတဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့(အေအေ)နဲ့ ပတ်သက်ပြီး
လွှတ်တော်အခင်းအကျင်းထဲမှာ ဘယ်လို ထည့်သွင်းဆောင်ရွက်သွားဖို့ရှိနိုင်မလဲ။
ဒါနဲ့ပတ်သက်လို့ အန်ကယ်ပြောချင်တာကတော့ ဘာပဲလုပ်လုပ် ငြိမ်းချမ်းရေးရဖို့ လိုတယ်။ ဥပဒေကို
လိုက်နာလေးစားဖို့ လိုတယ်။ နောက်တစ်ခုက အမျိုးသားရင်ကြားစေ့ရေး၊ ဒါလည်းသိပ်ပြီးတော့
အရေးကြီးတယ်။ ဒါတွေ မရရင် အန်ကယ်တို့ တစ်မျိုးသားလုံးတိုးတက် ဖို့ဆိုတာ မလွယ်ဘူး။
ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်း ရေးအတွက် အန်ကယ်တို့ကြိုးစားသွားမယ်။
* ဖြည့်စွက်ပြောချင်တာရှိရင် ပြောပါဦး။
အန်ကယ်အခုဆို အသက် ၆၀ ကျော်ပြီ။ မကျန်တော့ဘူး။ ကျန်ရှိတဲ့ အချိန်ကာလလေးမှာ
ကိုယ့်လူမျိုးအတွက် တိုင်းပြည်အတွက် အဂတိတရားကင်းရှင်းစွာ အကောင်းဆုံးဖြစ်အောင်
ဆောင်ရွက်သွားမယ်။ လွှတ်တော်ထဲမှာလည်း လုပ်စရာတွေအများကြီးရှိတယ်။ အခုလာမယ့်
လွှတ်တော်က အရင်လွှတ်တော်နဲ့ မတူဘူး။ လောလောလတ်လတ်လုပ်လို့ ရနိုင်တဲ့ အနေအထားတွေ
ရှိတယ်။ လုပ်တဲ့ နေရာမှာတော့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ရပေါ့။ ဒီကြားထဲက
သဟဇာတကျအောင်၊ အကောင်းဆုံးဖြစ်အောင် လုပ်ချင်တာတွေချည်းပြောပြီး လုပ်လို့မရတာလည်း
မဖြစ်အောင်၊ လိုချင်တာတွေချည်းပဲ တောင်းဆိုနေတာမျိုးလည်း မဖြစ်အောင် ထိန်းညှိ
လုပ်ဆောင်သွားဖို့ရှိပါတယ်။

















