ကျွန်တော်တို့ဟာ သဘောမတူညီမှုတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ စွန့်ခွာခြင်း၊ ပစ်ပယ်ခြင်း၊ ရန်လုပ်ခြင်းတို့အစား တွေ့ဆုံဆွေးနွေးသောနည်းဖြင့် ပဋိပက္ခတွေကို အကျဉ်းချုံးပစ်နိုင်ရပါမယ်...
ခုခံမှုအနည်းဆုံးလမ်းကြောင်းကိုရွေးချယ်ခြင်းကျွန်တော်အနှစ်သက်ဆုံး စာအုပ်တစ်အုပ်ကို
ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့အနှစ် ၃ဝ ကျော်လောက်ကစပြီး အခုထိတောက်လျှောက်ရည်ညွှန်းခဲ့
တဲ့ စာအုပ်ဖြစ်တဲ့ ၁၉၄၆ ခုနှစ်ထုတ် ဘီအိပ်ချ်လစ်ဒယ်ဟတ်ရဲ့ ''သွယ်ဝိုက်ချဉ်းကပ်ခြင်း
မဟာဗျူဟာ''စာအုပ်ပါပဲ။
ဒီစာအုပ်ဟာ ခရစ်မပေါ်ခင် နှစ်ပေါင်း ၅ဝဝ လောက်ကစပြီး ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့အထိ
စစ်သမိုင်းအဖြစ်အပျက်တွေကို လေ့လာသုံးသပ်ပြီး အဲဒီအချိန်မှာ ခေတ်အမီဆုံး စစ်မဟာဗျူဟာ
အယူအဆတစ်ရပ်ကို ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီစစ်မဟာဗျူဟာရဲ့ အနှစ်သာရကတော့ စစ်တိုက်တဲ့အခါမှာ ခုခံမှုအနည်းဆုံးလမ်းကြောင်းကို
ရွေးချယ်ရခြင်းနဲ့ ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားသော သွယ်ဝိုက်ချဉ်းကပ်ခြင်း နည်းလမ်းကို
အသုံးပြုရခြင်းပဲ ဖြစ်ပါတယ်။
မူလစာရေးသားသူဟာ စစ်ရေးသက်သက်အတွက်သာ ရည်ရွယ်ပြီးရေးသားခဲ့တာ ဖြစ်သော်
လည်း ဒီအယူအဆကို နိုင်ငံရေးမှာသော်လည်းကောင်း၊ စီးပွားရေးမှာသော်လည်းကောင်း
လိုအပ်သလို ရည်ညွှန်းသုံးစွဲနေကြတာ တွေ့ရပါတယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေး အောင်မြင်ခဲ့တဲ့ ကမ္ဘာ့နိုင်ငံအများစုကို လေ့လာကြည့်ရင်
သူတို့ဟာ တတ်နိုင်သမျှ ခုခံမှုအနည်းဆုံးလမ်းကြောင်းကို ရွေးချယ်ခဲ့ကြပါတယ်။ ထိပ်ပိုင်း
အလွှာက စတင်ပြီး ပြောင်းလဲခဲ့တဲ့ နိုင်ငံတွေမှာတော့ အတိတ်က အမိန့်ပေးအုပ်ချုပ်ရေး
စနစ်ကို ဂုဏ်သိက္ခာရှိရှိ ထွက်ခွာနိုင်ဖို့အတွက်လိုအပ်တဲ့အာမခံချက်တွေကို စတင်ကမ်းလှမ်း
ပြီးမှ နိုင်ငံကို ဒီမိုကရေစီအပ်နှင်းခဲ့ကြတာ ဖြစ်ပါတယ်။
လူထုရဲ့တိုက်တွန်းအားနဲ့ အောက်ခြေကစပြီး အသွင်ကူးပြောင်းရေးဖြစ်လာရတဲ့ နိုင်ငံအများ
စုမှာတော့ ဒီမိုကရေစီအင်အားများသာ ပါဝင်တဲ့ အုပ်ချုပ်ရေးအဖွဲ့သစ်တစ်ရပ် အရင်ဖွဲ့စည်း
တယ်။
ပြုပြင် ပြောင်းလဲမှုတွေလုပ်ဖို့နဲ့ ဒီမိုကရေစီအသစ်ကို ပုံဖော်ဖို့လုပ်တဲ့အခါကျမှသာ လူးသာ
လွန့်သာဖြစ်ဖို့နဲ့ လှုပ်ရှားမှု လွယ်စေဖို့အတွက် အမိန့်ပေးအုပ်ချုပ်ရေးစနစ်ရဲ့ ထွက်ခွာခြင်း
အပေါ်မှာ အနည်းအကျဉ်းမျှလိုက်လျောမှုပြုလုပ်ပေးနိုင်တာ တွေ့ရပါတယ်။
ဒါကြောင့်လည်း ဒီလိုအသွင်ကူးပြောင်းမှုတွေမှာ အတိတ်ကရှိခဲ့တဲ့ အမိန့်ပေးအုပ်ချုပ်ရေး
စနစ်ရဲ့ ခုခံမှုတွေက ပိုမိုပြင်းထန်တာ တွေ့ရပါတယ်။ ဒီလိုဖြစ်လာရင် ဒီမိုကရေစီ အုပ်ချုပ်
ရေးအသစ်ရဲ့ တည်ငြိမ်မှုကို ထိခိုက်စေတယ်။
အမိန့်ပေးအုပ်ချုပ်ရေးစနစ်ရဲ့ ဇာတ်ကောင်အများအပြားဟာ အစိုးရရုံးတွေပေါ်က ဆင်းပေး
လိုက်ရသည့်တိုင်၊ နိုင်ငံရေးဇာတ်ခုံပေါ်မှာတော့ သူတို့ရဲ့လွှမ်းမိုး နိုင်မှုစွမ်းရည်ကို အစွမ်းကုန်
ဆက်လက်ထိန်းသိမ်းထားတတ်ကြပါတယ်။
တစ်ခါတစ်ရံ ဒီမိုကရေစီအုပ်ချုပ်ရေးအသစ်ပြိုလဲနိုင်တဲ့အခြေအနေ၊ ဒါမှမဟုတ်ရင် အနည်းဆုံး
ဒီမိုကရေစီအပ်နှင်းရေးနဲ့ ဒီမိုကရေစီတောင့်တင်းခိုင်မာရေး လုပ်ငန်းစဉ်တွေကို ထိခိုက်ပြီး
ရပ်တန့်သွားစေနိုင်တဲ့ အခြေအနေအထိ ရောက်နိုင်ပါတယ်။ တစ်ချိန်တုန်းက ဟွန်ဒူးရပ်စ်နိုင်ငံနဲ့
အခုအာရပ်နွေဦးနိုင်ငံ တချို့ကို သာဓကယူနိုင်ပါတယ်။
ဒါကြောင့် နိုင်ငံတစ်ခုရဲ့ အသွင်ကူးပြောင်းရေးကို ဆောင်ရွက်ရာမှာဖြစ်စေ ဒီမိုကရေစီ
အပ်နှင်းရေးအတွက် အင်စတီကျူးရှင်းများကို ပြန်လည်တည်ဆောက်ရာမှာဖြစ်စေ နိုင်ငံရေး
ထိပ်ပိုင်းအလွှာ (Elites) တွေက ဒီမိုကရေစီအသစ်ကို အကူအညီပေးဖို့၊ အတူတကွ အလုပ်
လုပ်ကြဖို့ဆိုတဲ့ သဘောတူညီချက်ရဖို့ သိပ်အရေးကြီးပါတယ်။
ဒါဟာ အလွန်တာသွားပြီး ထိရောက်မှုရှိတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ဒီသဘော တူညီမှုဟာ
အုပ်ချုပ်ရေးအသစ်ရဲ့ တည်ငြိမ်မှုကို အထောက်အကူဖြစ်စေသလို ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာ
စရာ အကြောင်းတရားတချို့ကို ကြိုတင်လမ်းရှင်းထားတာဖြစ်တဲ့အတွက် ခုခံမှုအနည်းဆုံး
လမ်းကြောင်းကို ရွေးချယ်ခြင်းသဘောတရားနဲ့လည်း ညီညွတ်ပါတယ်။
ကျွန်တော်တို့ဟာ သဘောမတူညီမှုတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့
စွန့်ခွာခြင်း၊ ပစ်ပယ်ခြင်း၊ ရန်လုပ်ခြင်းတို့အစား တွေ့ဆုံဆွေးနွေးသောနည်းဖြင့် ပဋိပက္ခတွေကို
အကျဉ်းချုံးပစ်နိုင်ရပါမယ်။
ထိပ်ပိုင်းခေါင်းဆောင်တွေကသာ ဒီလို သဘောထားနိုင်ကြရင် ထားနိုင်သလောက် မြန်မာနိုင်ငံမှာ
ဒီမိုကရေစီအသစ်ဟာ တည်ငြိမ်မှုရှိနေမှာ ဖြစ်ပါတယ်။သို့သော် ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့
ပူးပေါင်းပါဝင်ဆောင်ရွက်မှုဆိုတာ အမှန်တကယ်ရဖို့ ခက်ခဲသလို၊ ရထားပြီးရင်လည်း
ဘယ်လောက်အထိ မြဲမြံမလဲဆိုတာ မပြောနိုင်ပါဘူး။ ထိပ်ပိုင်းနေရာ အပြောင်းအလဲ၊ မူဝါဒ
အပြောင်းအလဲ၊ ပန်းတိုင်အပြောင်းအလဲ၊ အကျိုးစီးပွားထိခိုက်ပွန်းပဲ့မှုဒဏ်ခံနိုင်ရည်ရှိမှုတို့
အပေါ်မှာ တည်ပါတယ်။
ဒီမိုကရေစီအုပ်ချုပ်ရေးအသစ်ဟာ ထိပ်ပိုင်းအလွှာတွေကိုချည်းပဲ တစ်ဖက်သတ် ကြည့်နေလို့
မရပါဘူး။ လူ့အဖွဲ့အစည်းအတွင်းမှာ ရှိနေတဲ့ အခြေခံနိုင်ငံရေးအင်အားစုတွေရဲ့ လက်ခံနိုင်မှု
ကိုလည်း ဆက်လက်ထိန်းသိမ်းထားရမယ့် အလုပ်က မဖြစ်မနေလုပ်ရမယ့် အလုပ်ပါပဲ။
သူတို့ရဲ့ မျှော်လင့်ချက်တွေကို မလွဲမသွေ အဖြေပေးရပါလိမ့်မယ်။ ဒီလို အဖြေပေးနိုင်ဖို့ လုပ်တဲ့
အခါမှာ ကွဲပြားခြားနားတဲ့ အဖွဲ့အစည်းတွေရဲ့ ထိပ်ပိုင်းအလွှာ အကျိုးစီးပွားတွေကို ထိခိုက်မှုတွေ
ရှိလာနိုင်ပါတယ်။
ဒီပြဿနာ အသစ်ကို အုပ်ချုပ်ရေးအသစ်ဟာ ခဲရာခဲဆစ် ကတ်သီးကတ်သတ် ကိုင်တွယ်ဖြေရှင်းရပါ
လိမ့်မယ်။ သူတို့ ဖယ်ရှားပစ်ခဲ့တဲ့ အုပ်ချုပ်ရေးအဟောင်းတုန်းကလိုပဲ သူတို့ရဲ့ စွမ်းဆောင်ရည်တွေ
အပေါ်မှာ ဆန်းစစ်ဝေဖန်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။
အုပ်ချုပ်ရေးအသစ်ဟာ အုပ်ချုပ်ရေးအဟောင်းရဲ့ အမွေကို ဆက်ခံထားရတာ ဖြစ်တဲ့အတွက်
ပြဿနာအဟောင်းတွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေကလည်း အမြဲတမ်းပိနေမှာဖြစ်ပါတယ်။ ဒီအချိန်မှာပဲ
အမိန့်ပေးအုပ်ချုပ်ရေးစနစ်ရဲ့ အမွေခံပုဂ္ဂိုလ်များကလည်း ပုဏ္ဏားကွယ်နောက်ကနေပြီး အာဏာ
ပြန်ရဖို့အတွက် အသင့်စောင့်ဆိုင်းနေကြမှာ ဖြစ်ပါတယ်။
၁၉၉၂ ခုနှစ် ပီရူးနိုင်ငံရဲ့ အကျပ်အတည်းကို သာဓကယူနိုင်ပါတယ်။ သာဓက နောက်တစ်မျိုး
ကတော့ ယူဂန်ဒါနိုင်ငံမှာ ဖြစ်ခဲ့ပါတယ်။ ဒီမိုကရေစီအုပ်ချုပ်ရေး အသစ်ကိုထောက်ခံကူညီခဲ့ကြတဲ့
ထိပ်ပိုင်းခေါင်းဆောင်တချို့ဟာ သူတို့ဘက်က ထိန်းချုပ်ဖို့ အခွင့်သာလာ ပြီဆိုတာနဲ့သူတို့ရဲ့
ထောက်ခံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ချက်ချင်းရုပ်သိမ်းပစ်လိုက်ကြတယ်။
၁၉၈ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ ယူဂန်ဒါပြည်သူ့ကွန်ဂရက်ပါတီက အနိုင်ရပြီး ဒီမိုကရေစီ
အသစ်ထူထောင်ဖို့ ထိပ်ပိုင်းခေါင်းဆောင်တချို့ လက်တွဲလာကြတယ်။
ပြည်သူ့ကွန်ဂရက်ပါတီခေါင်းဆောင် မင်လတန်အိုလ်ဘုတ်သမ္မတဖြစ်လာခဲ့တယ်။ အဲဒီရွေး
ကောက်ပွဲကလည်း တရားမျှတတယ်လို့ ပြည်တွင်းပြည်ပက လက်ခံကြတယ်။ တစ်နှစ်အတွင်း
မှာပဲ ဒီမိုကရက်တစ်ပါတီနဲ့ ယူဂန်ဒါပြည်သူ့လှုပ်ရှားမှုပါတီတို့က အိုလ်ဘုတ်ရဲ့ ဒီမိုကရေစီအသစ်
လမ်းကြောင်းကို ပယ်ခွာခဲ့ကြတယ်။
မငြိမ်မသက်ဖြစ်လာတော့ စစ်တပ်က တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူပေးခဲ့ရပါတယ်။
အဲဒီမှာပဲ ပြည်တွင်းစစ်စဖြစ်လာခဲ့တယ်။ ၁၉၈၄ ခုနှစ်မှာတော့ အိုလ်ဘုတ်အစိုးရကို စစ်တပ်က အာဏာသိမ်းပိုက်ပြီး ဖြုတ်ချခဲ့ပါတယ်။ကမ္ဘာ့နိုင်ငံတချို့ရဲ့ ဖြစ်စဉ်နဲ့ နှိုင်းယှဉ်ပြီး ကျွန်တော်ဆ
ဆွေးနွေးတင်ပြလိုတာကတော့ ဒီမိုကရေစီ အုပ်ချုပ်ရေးအသစ်တိုင်းဟာ စိုးရိမ်ဖွယ်စိန်ခေါ်မှု
တွေနဲ့ ရင်ဆိုင်ရနိုင်တယ် ဆိုတာပါပဲ။
တပ်မတော်နဲ့ အခြား ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုရရှိတဲ့
အတွက် စပိန်နဲ့ ပိုလန်နိုင်ငံတွေမှာ ဒီမိုကရေစီအပ်နှင်းခြင်းနဲ့ ဒီမိုကရေစီခိုင်မာတောင့်တင်းခိုင်မာရေး
အစီအစဉ်ဟာ အောင်မြင်မှုရရှိခဲ့တယ်။ နောက်သာဓကတစ်မျိုးကတော့ ထိပ်ပိုင်းခေါင်းဆောင်
တွေရဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်မှု မရရှိခဲ့ပေမယ့် ဒီမိုကရေစီအုပ်ချုပ်ရေးအသစ်ဟာ
ကြံ့ကြံ့ခံနိုင်ခဲ့တဲ့အတွက် ဟွန်ဒူးရပ်စ်နဲ့ တူရကီနိုင်ငံတွေမှာ ဒီမိုကရေစီ အပ်နှင်းရေး အောင်မြင်
ခဲ့သော်လည်း ခိုင်မာတောင့်တင်းမှု သိပ်မရရှိခဲ့ဘူး။ ပိုဆိုးတာကတော့ ခုခံမှုအလွန် ကြီးမားတဲ့
လမ်းကြောင်းပေါ် ကျရောက်ခဲ့ရတဲ့ နိုက်ဂျီးရီးယား၊ ဆူဒန်နဲ့ ယူဂန်ဒါနိုင်ငံတွေမှာတော့
ဒီမိုကရေစီ ကျဆုံးခဲ့ရပြီး တစ်ကျော့ပြန်အမိန့်ပေး အုပ်ချုပ်ရေးစနစ်အောက် ကျရောက်ခဲ့ရခြင်းပါပဲ။
















