မူးယစ်နွံထဲနစ်နေတဲ့ အင်းတော်ကြီးဒေသ ရုန်းထွက်ဖို့ ခက်ခဲနေ

မူးယစ်နွံထဲနစ်နေတဲ့ အင်းတော်ကြီးဒေသ ရုန်းထွက်ဖို့ ခက်ခဲနေ

ကချင်ပြည်နယ် အင်းတော်ကြီး ကမ်းပါးပေါ်ကကတ္တရာလမ်းဘေးတစ်ဖက်ရှိ  ချုံတွေကြားထဲကစခန်းငယ်လေးတွေထဲကို လူတချို့ ဝင်လာပြီး နာရီပိုင်းအကြာမှာ အလျှိုလျှိုပြန်ထွက်လာကြပါတယ်။

ကချင်ပြည်နယ် အင်းတော်ကြီး ကမ်းပါးပေါ်က  ကတ္တရာလမ်းဘေးတစ်ဖက်ရှိ  ချုံတွေကြားထဲက
စခန်းငယ်လေးတွေထဲကို လူတချို့ ဝင်လာပြီး နာရီပိုင်းအကြာမှာ အလျှိုလျှိုပြန်ထွက်လာကြပါတယ်။

မိနစ်ပိုင်းအတွင်းမှာတော့  စခန်းရဲ့  မလှမ်းမကမ်းမှာ ရပ်ထားတဲ့ဆိုင်ကယ်တွေစီးပြီး ပျောက်ကွယ်
လို့ သွားကြပါတယ်။  ရွှေရှာဖို့ မြေကြီးတွေကို ကျင်းကြီးချိုင့်ကြီးတွေဖြစ်အောင်တူးထားတဲ့
လုပ်ကွက်တွေအနီးရွာအပြင်မလှမ်းမကမ်းက လမ်းကြားလေးကနေ ခက်ခက်ခဲခဲဆင်းသွားရပြီး
မလှမ်းမကမ်း တောင်ကုန်းကမူတစ်ခုပေါ်က ဘိန်းရှူတဲ့သူတွေရဲ့ စခန်းတစ်ခုကို မြန်မာတိုင်း(မ်)
သတင်းထောက်တစ်ယောက်အနေနဲ့ ဖေဖော်ဝါရီလ ၁၁ ရက်က ရောက်ရှိခဲ့ပါတယ်။

အင်းတော်ကြီးဒေသ ရာသီဥတုက ဆောင်းတွင်းလဲဖြစ်၊ တစ်နေကုန်လည်းမိုးအုံ့နေတာကြောင့်
အေးပြီးစိမ့်နေပါတယ်။ နွယ်ပင်တွေ၊ ချုံတွေကြားထဲမှာ  တိုးဝင်ပြီး  ဖြစ်ကတတ်ဆန်းလုပ်ထားတဲ့
မြေသား လှေကားထစ်ပုံထွင်းထားတဲ့ လမ်းအတိုင်းတက်သွားတဲ့အခါမှာတော့   ဆေးထိုးအပ်အခွံ၊
ပလတ်စတစ်အိတ်အခွံတွေ ပျံကျဲနေတဲ့ မြေကွက်လပ်တစ်ခုကိုတွေ့ရပါတယ်။ အလယ်မှာတော့
အအေးဒဏ်ခံနိုင်အောင် သစ်တုံး အခြောက်ကြီးတစ်ခုနဲ့ မီးဖိုထားပါတယ်။

အသက်ကြီးကြီးအရွယ်  လူကြီးငါးယောက်၊ လူလတ်ပိုင်းအရွယ် သုံးယောက်၊ လူငယ်
တစ်ယောက်တို့ဟာ ဆေးထိုးအပ်နဲ့ လက်မောင်းကိုထိုးနေသူထိုး၊ စီးကရက်ငွေရောင်
စက္ကူပေါ်မှာ အောက်ကနေ မီးခြစ်နဲ့ရှို့ပြီး စက္ကူကိုလိပ်ထားတဲ့ပိုက်နဲ့ ရှူတဲ့သူကရှူနေကြပါတယ်။

နောက်ထပ်လူငယ်တစ်ဦးကတော့ ကချင်ဓားကို ကိုင်ထားပြီး သစ်ကိုင်းတစ်ခုကိုအချောသပ်ရင်း
လူစိမ်းဝင်လာတာကိုကြည့်နေပါတယ်။အသက် ၅၆ နှစ်အရွယ်ရှိ စခန်းမှာ ဘိန်းရောင်းနေတဲ့
သူက ''ကျွန်တော်တို့က ဒီမှာ လူစုပြီးတော့ မျှသုံးကြတာပါ၊ စီးပွားဖြစ်လုပ်တာတော့မဟုတ်ပါ
ဘူး''လို့ သူက အဖြူနဲ့ အဝါရောင် အမှုန့်လေးတွေရောထားတဲ့ ပင်နီဆီလင်ပုလင်းကလေးကို
ပြရင်းပြောပါတယ်။ 

ဟီးရိုးအင်းလို့ပြောတဲ့ အဲဒီပုလင်းတစ်ပုလင်းကို ကျပ်ငွေ နှစ်သောင်းခွဲပေးပြီးဝယ်ရတယ်လို့
ဆိုပါတယ်။ ဘေးနားက ထင်းရှူးသား သစ်တာအပျက်တစ်လုံးပေါ်မှာတော့ အင်န်ဂျီအိုတစ်ဖွဲ့က
ဝေငှထားတဲ့ ဆေးထိုးအပ်၊ ဘိန်းထိုးတဲ့အခါရောစပ်ဖို့ လက်မအရွယ်တစ်ခါသုံး ပလတ်စတစ်
မိုးရေပုလင်းငယ်လေးများနဲ့ ဘိန်းရှူတဲ့အခါ အဆင်သင့်သုံးဖို့ စာရွက်တွေကိုလိပ်ပြီး ပိုက်အဖြစ်
သုံးနိုင်အောင် စီမံထားပါတယ်။

မီးဖိုနဲ့ မလှမ်းမကမ်း သစ်ပင်အောက်မှာတော့ အသက်ခပ်ကြီးကြီးအရွယ် အသားညိုညို အမျိုးသား
တစ်ဦး ဆောင်ကြောင့်ထိုင်ပြီး သူ့ရဲ့ ညာဘက်လက်မောင်းမှာ ဆေးထိုးအပ်ကြောင့်ထွက်လာတဲ့
သွေးစတွေကို ဂွမ်းစနဲ့ လိုက်သုတ်နေပါတယ်။ သူက ဘိန်းရှူလာတာ ၁ဝ နှစ်ကျော်ပြီလို့
ဆေးပေါ့လိပ်ကို ပါးစပ်မှာကိုက်ထားရင်းပြောပါတယ်။ သူ့မျက်နှာကတော့ အချိန်ပြည့်အောက်ကို
ငုံ့ထားပါတယ်။

သူ့နဲ့ ခပ်လှမ်းလှမ်းအခြားတစ်ဖက်မှာတော့ သားရေအကျႌအနက်ခပ်နွမ်းနွမ်းအရောင်ဝတ်ထားတဲ့
လူငယ်တစ်ဦးက သူ့ရဲ့ ဒူးခေါင်းနှစ်ဖက်ပေါ်မှာ မျက်နှာအပ်ထားပြီး မျက်စိစုံမှိတ်ထားပါတယ်။
သူဟာပတ်ဝန်းကျင်ကို ဘာမှ သတိမရနိုင်တော့တဲ့ အနေအထားကို တွေ့ရပါတယ်။

''ကျွန်တော်တို့ဘိန်းဖြတ်ချင်တယ်၊ ဘိန်းကြောင့် ကျွန်တော်တို့ လူရာမဝင်ဖြစ်တယ်၊ မိသားစု၊
ပတ်ဝန်းကျင်၊ ကိုယ့်ကိုယ်တိုင် ဒုက္ခအမျိုးမျိုးခံစားနေရတယ် ဆိုတာလည်းသိတယ်၊ ဝယ်လို့ရ
နေတော့ ဖြတ်လို့ကိုမရဘူးဖြစ်နေတယ်''လို့ အသက် ၄ဝ အရွယ်ရှိ ဆေးသုံးစွဲသူတစ်ဦးက
ဆေးထိုးအပ်နဲ့ သူရဲ့လက်မောင်းမှာ ထိုးသွင်းနေရင်း ပြောပါတယ်။နေ့စဉ် စဉ်ဆက်မပြတ်
ဆေးထိုးအပ်တွေနဲ့ ထိုးသွင်းတာကြောင့်မို့သူတို့ရဲ့ လက်မောင်း သွေးကြောနေရာတွေမှာ
ဆေးထိုးအပ်ရာ အမာရွတ်တွေ တွေ့ရပါတယ်။ သူကတစ်ရက်ကို မနက်၊ ညနေ နှစ်ကြိမ်
ထိုးသွင်းတယ်လို့ပြောပြီး တချို့ကတော့ ပိုက်ဆံရှိရင်ရှိသလောက် အကြိမ်ကြိမ်သုံးစွဲကြတဲ့
အကြောင်း ပြောဆိုကြပါတယ်။

''ဘယ်လောက်ဖြတ်ဖြတ် ဘယ်နေရာမှာဘိန်းရတယ်ဆိုတဲ့ အသံကြားလိုက်တာနဲ့မသိစိတ်က
သုံးစွဲဖို့အတင်းတိုက်တွန်းတော့တာပဲ၊ နေကိုမနေနိုင်ဘူး''လို့ အသားဖြူဖြူ ခပ်ပိန်ပိန် အရပ်
မြင့်မြင့်အသက် ၅၂ အရွယ် အနွေးထည်အနီရောင်နဲ့ ဘောင်းဘီရှည်အပွဝတ်ဆင်ထားတဲ့
အမျိုးသားတစ်ဦးကပြောပါတယ်။

အဲဒီစခန်းကို သတင်းထောက်အနေနဲ့ ဓာတ်ပုံရိုက်ဖို့၊ အင်တာဗျူးဖို့ကိုတော့ အဆက်အသွယ်ရှိသူ
တစ်ဦးကနေ ကြိုတင်အကြောင်းကြားတဲ့အခါမှာတော့ အဲဒီစခန်းဖွင့်ထားတဲ့သူက လက်ခံပါ
တယ်။

ဒါပေမဲ့ သူတို့စခန်းကလေးအကြောင်း သတင်းအဖြစ်ရေးတဲ့အခါမှာ သူတို့ကိုရဲတွေ
လာဖမ်းကြမှာ၊ရိုက်ပုတ်ကြမှာကြောက်ကြပါတယ်။ ဒါပေမဲ့သူတို့နယ်မြေကို အလွယ်တကူ
ဘိန်းတွေ ဝယ်လို့မရတော့အောင် အရေးယူစေချင်ကြတယ်။ အလွယ်တကူ ဝယ်လို့မရတော့တဲ့
အချိန်ကျရင် သူတို့လည်း ဘိန်းပြတ်သွားမယ်လို့ ပြောဆိုကြပါတယ်။နမ့်မွန်း၊ မိုင်းနောင်၊
မမုန်ကိုင် လုံးတုံစတဲ့ ကျေးရွာတွေအပြင်  ရွှေမှော်၊ ကျောက်စိမ်းမှော်တွေရှိရာ အင်းတော်ကြီး
ဒေသတစ်ဝိုက်မှာရှိတဲ့ ဒေသတစ်ခုလုံးမှာ ဘိန်းဖြူ၊ ဘိန်းမည်း၊ ရာမစတဲ့ စိတ်ြ<ွကမူးယစ်ဆေးဝါး
မျိုးစုံကို လွန်ခဲ့တဲ့ ၁ဝ စုနှစ်အတော်များများကာလ ကတည်းက အလွယ်တကူ ဝယ်လို့ရနိုင်တာမို့
အလုပ်လုပ်နိုင်တဲ့ လူငယ်တော်တော်များများဟာ မူးယစ်ဆေးစွဲနေကြတယ်လို့ ဒေသခံတွေက
ပြောဆိုကြပါတယ်။

ကိုအောင်အောင်(အမည်လွှဲ) ၂၁  နှစ်ဟာ ဘိန်းစွဲနေတဲ့သူတွေ အသုံးပြုဖို့ဆေးထိုးအပ်တွေ
လိုက်လံဝေငှပေးပြီး အသစ်နဲ့ အဟောင်းလိုက်လံလဲလှယ်ပေးရတဲ့ ကျန်မာရေးဆိုင်ရာအဖွဲ့အစည်း
တစ်ဖွဲ့မှာ အလုပ်လုပ်နေတဲ့  ဏနနမ လို့ခေါ်တဲ့ ဘဝတူလုပ်သား တစ်ဦးဖြစ်ပါတယ်။

ကိုအောင်အောင်ကို မိုင်းနောင်ရွာထဲက ခေါက်ဆွဲသုပ်ရောင်းတဲ့ဆိုင်တစ်ဆိုင်မှာထိုင်ပြီး ဆေးလိပ်ဖွာ
နေတာကို အမှတ်မထင်တွေ့ခဲ့ရာက သူနဲ့စကားပြောဖြစ်ခဲ့တာဖြစ်ပါတယ်။ အင်းတော်ကြီးဒေသ
တစ်ဝိုက်က ရွှေထုတ်လုပ်ရေးမှော်တွေနဲ့ နီးတဲ့ ဘိန်းရှူတဲ့ စခန်းငယ်လေးတွေမှာ သွားရောက်ပြီး
ဘိန်းစားတွေ အသုံးပြုပြီးသား ဆေးထိုးအပ်တွေကောက်ယူပြီး အသစ်နဲ့အဟောင်း လဲလှယ်ပေး
ရပါတယ်။

အပတ်စဉ် တနင်္လာနဲ့သောကြာနေ့တိုင်းမှာ ဆေးထိုးအပ်ပေါင်း ၂,၅ဝဝ ကိုဘိန်းခန်းနှစ်ခုကို
ဝေငှပေးရတာဖြစ်ပါတယ်။

''ဆေးထိုးအပ်ထိုးသွင်းတာက အရှိန်ပိုပြီးထိသလို ပိုက်ဆံအကုန်အကျလည်းသက်သာတာမို့
ဘိန်းရှူတဲ့သူ တော်တော်များများက အဲဒီနည်းကို နှစ်ခြိုက်ကြတယ်''လို့သူက ပြောပါတယ်။
ကိုအောင်အောင်ဟာ သူ့ အသက် ၁၆ နှစ် အရွယ်မှာ ကိုးတန်းကနေထွက်ပြီး ဖားကန့်
ကျောက်တူးဖော်ရေးလုပ်ငန်းမှာ သွားရောက်လုပ်ကိုင်ရာက မူးယစ်ဆေးသုံးစွဲသူတွေနဲ့
ခင်မင်ပြီးစတင်သုံးစွဲဖြစ်ခဲ့တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ 

ဘိန်းခန်းမှာ အလုပ်လုပ်တဲ့ကောင်မလေးတစ်ယောက်ကို မြင်ပြီး နေ့တိုင်းသူငယ်ချင်းတွေနဲ့
လိုက်သွားရာက မူးယစ်ဆေးကိုစွဲခဲ့တာလို့လည်းသူက ပြောပါတယ်။''စသုံးတဲ့ အချိန်ကတော့
အိမ်ကမသိဘူး၊ အလုပ်မှာပိုက်ဆံကလည်း များများရတဲ့ အခါကျတော့ အဆင့်ကတဖြည်းဖြည်း
တက်လာတယ် ရှူတဲ့အဆင့်ကနေ ဂန်းထိုးတဲ့အဆင့်ထိ ရောက်လာတယ်''လို့ သူက ပြောပါ
တယ်။

ဘိန်းကို ဆေးထိုးအပ်နဲ့ထိုးသွင်းတာကို ဂန်းထိုးတယ်လို ့ဗန်းစကားအနေနဲ့ သုံးပါတယ်။ သူဟာ
စကားပြောဆိုနေရင်းမှာပဲ ဖက်ကြမ်းဆေးလိပ်ကို စဉ်ဆက်မပြတ်ရှိုက်ဖွာနေပါတယ်။ သူရဲ့
ခပ်ပိန်ပိန် မျက်နှာအသွင်အပြင်နဲ့ မျက်လုံးအမူအရာက လှုပ်ရှားမှုကင်းမဲ့နေပြီး အဝေးတစ်နေရာ
ကို လှမ်းပြီး ကြည့်နေပါတယ်။

သူဘိန်းမစွဲခင်က သူတို့မိသားစု အလ·တစ်ခုမှာရိုက်ထားတဲ့ ဗီနိုင်းဓာတ်ပုံတစ်ခုကိုထုတ်ပြပြီး
ဘိန်းစွဲပြီးနောက်ပိုင်း နုနယ်တဲ့ သူ့ရုပ်ရည် လုံးဝပြောင်းလဲသွားခဲ့ ကြောင်းလည်း သူနဲ့
အင်တာဗျူး စကားပြောပြီးနောက်ပိုင်း သူ့နေတဲ့အိမ်ကိုလိုက်သွားတဲ့အခါမှာ သူက ပြောပါ
တယ်။

သူဟာ ဘိန်းရှူနေရင်းကနေ သူဝယ်နေကျ ဆေးရောင်းသူရဲ့ အရင်းအနှီးနဲ့  ငွေရလွယ်ပြီး
အလုပ်လည်းမပင်ပန်းတဲ့ ထပ်ဆင့်ဖြန့်ဖြူးရောင်းချတဲ့ အလုပ်ကိုပါလုပ်ကိုင်ဖြစ်ခဲ့တယ်လို့
ဆိုပါတယ်။

သူ့အတွက် ၁၅ ရက် အလုပ်လုပ်စာဟာ ငွေ ခုနစ်သိန်းအထိ အမြတ်အစွန်း ရခဲ့ဖူးကြောင်း
သူက ဆက်ပြောပါတယ်။ မှတ်မှတ်သားသားအနနဲ့ သူ့အမေကို ဆွဲကြိုးတစ်ကုံးဝယ်ပေးခဲ့
တယ်လို ့ပြောပါတယ်။

''အဲဒီတုန်းကတော့ ရောင်းလည်း ရောင်းစားလည်းစားဆိုတော့ တဖြည်းဖြည်းနဲ့ အရှိန်က
ပိုပြီးတက်လာတယ်၊ တစ်ရက်ကိုပင်နီဆီလင် တစ်ပုလင်းကုန်တဲ့အထိ ၁၅ မိနစ်တစ်ခါ
ထိုးလိုက် မှိန်းလိုက်ပေါ့''လို့သူက ပြောပါတယ်။

သူသုံးစွဲတဲ့ အချိန်က ဘိန်းဖြူအသန့်ပင်နီဆီလင်ပုလင်းတစ်ပုလင်းစာ ပမာဏဟာ ငွေကျပ်
၄ဝ,ဝဝဝ ကနေ ၅ဝ,ဝဝဝ ဝန်ကျင်အထိ ပေါက်စျေးရှိတယ်လို့သူက ပြောပါတယ်။

''ကျွန်တော့်အမေ့ကိုလည်း စိတ်ချမ်းသာစေချင်တယ်၊ နောက်ပြီးတော့ အခုအရွယ်ရောက်လာ
ပြီဖြစ်တဲ့ ကျွန်တော့်ညီလေးကိုလည်း ကျွန်တော့်လိုဘိန်းစားမဖြစ်စေချင်လို့ကျွန်တော်
ဖြတ်လိုက်ပါပြီ''လို့သူက ပြောပါတယ်။

သူ ဘိန်းကို လေးနှစ်နီးပါးသုံးစွဲခဲ့ပြီး ချိန်မှာတော့ အင်န်ဂျီအိုတစ်ခုကအခမဲ့ တိုက်ကျွေးတဲ့
မက်သဒုံးလို့ခေါ်တဲ့ ဘိန်းဖြတ်ဆေးသောက်နေတာ တစ်နှစ်နီးပါးရှိပြီဖြစ်ပါတယ်။ အဲဒီအဖွဲ့
အစည်းအတွက်လည်း လစာ ရဝ,ဝဝဝ နဲ့ ဆေးထိုးအပ်ကောက်ပေးတဲ့ ဘဝတူ ကယ်ဆယ်
ရေးလုပ်သားတစ်ဦး ဖြစ်နေပါတယ်။

ငယ်ငယ်ကတည်းက ချစ်ခဲ့ရတဲ့ သူ့ရဲ့ ရည်းစားကတော့ ဘိန်းစွဲနေမှန်းသိတဲ့ အချိန်ကတည်းက
သူ့ကို ဖြတ်သွားခဲ့တဲ့အကြောင်း သူက စိတ်မကောင်းဟန်နဲ့ဖွင့်ဟပါတယ်။မိုင်းနောင်ရွာနံဘေး
က ရွှေမှော်အနီးမှာ ဖွင့်ထားတဲ့ ဘိန်းရောင်းတဲ့ ဆိုဒ်တစ်ခုကိုတော့ သတင်းထောက်ကို
ဒေသခံတွေ လိုက်မပို့ရဲကြပါဘူး၊ သူတို့အတွက် အန္တရာယ်ရှိတဲ့လုပ်ရပ်တစ်ခုဖြစ်တယ်လို့
ပြောဆိုကြပါတယ်။

အဲဒီစခန်းမှာ ဘိန်းကျွေးပြီးခိုင်းထားတဲ့အစောင့် ၁ဝ ဦးထက်မနည်းရှိတယ်လို့ အဲဒီ ဆိုဒ်
နေ့စဉ်သွားရောက်ပြီး ဘိန်းနဲ့မူးယစ်ဆေးဝယ်ယူ သုံးစွဲနေသူ မိုင်းနောင်ရွာသားတစ်ဦးက
ပြောပါတယ်။

သူ့ရဲ့ပြောဆိုချက်အရ အဲဒီစခန်းကို ဝါးထရံတွေနဲ့ကာထားပြီး အစောင့်နှစ်ယောက်က
အပေါက်ဝမှာစောင့်ပါတယ်။ စခန်းနဲ့မလှမ်းမကမ်းက သစ်ပင်တွေပေါ်၊ တောင်ကုန်းတွေပေါ်မှာ
နှစ်ယောက်စီ ကင်းစောင့်နေကြပြီးဖုန်းနဲ့ အချိတ် အဆက်လုပ်ထားကြပါတယ်။

သူတို့လက်ထဲမှာတော့ ဂျင်ကလိ၊ တုတ်၊ ဓား၊ လေးခွ စတဲ့ လက်နက်တွေကိုင်ဆောင်ထားကြ
တယ်လို့ ဆိုပါတယ်။

''မူးယစ်ဆေးဝါး လျော့ချရေး ဆောင်ရွက်ဖို့ ကျွန်မတို့ဘိန်းရောင်းတဲ့သူတွေနဲ့ စကားသွားပြော
တာကိုတောင် အစိုးရတာဝန်ရှိသူတစ်ဦးက နှောင့်ယှက်တာ ကြုံခဲ့ရပါတယ်၊  ရဲတွေကလည်း
ဖမ်းတဲ့အခါမှာ သေးသေးမွှားမွှားရောင်းဝယ်သူတွေကိုပဲဖမ်းတယ်၊ လက်ကြီးသမားတွေကို
မဖမ်းဘူး''လို့ မိုင်းနောင်ရွာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားနေသူ မမီးမီးက
မြန်မာတိုင်း(မ်)ကိုပြောပါတယ်။

အဲဒီ မူးယစ်ဆေးဝါးရောင်းဝယ်ရေးမှာ ဒေသက ပိုက်ဆံရှိတဲ့ သူဌေးကြီးတွေပါဝင်နေသလို
အာဏာပိုင်တွေရဲ့ကျောထောက်နောက်ခံ ရထားပုံရတဲ့အကြောင်း မမီးမီးကပြောပါတယ်၊
ဒါပေမဲ့ ဒါကိုသက်သေပြဖို့အတော့်ကို ခက်ခဲတယ်လို့ဆိုပါတယ်။မိုးညှင်းမြို့နယ် အင်းတော်ကြီး
ဒေသ တစ်ဝိုက်မှာ တပ်မတော်နဲ့ကေအိုင်အေတို့တိုက်ပွဲတွေ မကြာခဏဖြစ်တာမို့အနီးနားက
ရွာတွေမှာရှိတဲ့ ရဲစခန်း သုံးခုလောက် လုံခြုံရေးစိတ်မချရလို့ ပိတ်ထားရပါတယ်။

ဘိန်းနဲ့မူးယစ်စေတတ်တဲ့ ဆေးရောင်းချသူ၊ ဖြန့်ဖြူးသူတွေဟာ ကေအိုင်အေနဲ့ အစိုးရ ထိန်း
ချုပ်ရာဒေသ နှစ်ခုကြားက ဥပဒေစိုးမိုးမှု အားနည်းနေတဲ့နေရာမှာ လှုပ်ရှားနေကြတာဖြစ်တယ်လို့
လုံတုံကျေးရွာ စခန်းမှူး ရဲအုပ်ရဲထွန်းက ပြောပါတယ်။

အင်းတော်ကြီးဒေသတစ်ခုလုံးမှာရဲတပ်ဖွဲ့အင်အား ၁ဝ ယောက်ပဲရှိပါတယ်၊ ပိတ်သိမ်းလိုက်ရတဲ့
ရဲအင်အားကလည်း သူ့စခန်းကိုမရောက်တာမို့ ဒေသလုံခြုံရေးအားနည်းချက်တွေ ရှိနေတာဖြစ်
တယ်လို့ သူက ပြောဆိုပါတယ်။ 

''ဘိန်းရောင်းတဲ့သူတွေက ရွှေတွင်းတွေနားမှာနေကြတာ၊ ကျွန်တော်တို့အင်အားလောက်နဲ့
သွားမဖမ်းရဲဘူး''လို့ရဲအုပ်ကပြောပါတယ်။ အဲဒီရွှေတွင်းဒေသမှာရှိတဲ့သူတွေဟာ ရဲတပ်ဖွဲ့ဝင်
တချို့ကို တိုက်ခိုက်ရန်မူတာရှိသလို လက်နက်ကိုင်အဖွဲ့အစည်းရဲ့ ရန်လည်းရှိကြောင်း''၄င်းက
ပြောပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲသူတွေဟာ နေ့စဉ် မသုံးရမနေနိုင်ဖြစ်တာမို့ ရပ်ကွက်ပတ်ဝန်းကျင်မှာ
ဆိုင်ကယ်၊ အိုးခွက်ပန်းကန်၊ ဆိုလာဘက်ထရီအိုးစတဲ့ လူအသုံးအဆောင်ပစ္စည်းတွေမကြာခဏ
ခိုးယူတာတွေ ဖြစ်ပွားလာတာမို့ နေအိမ်တွေမှာ လုံခြုံစိတ်ချမှုမရှိတဲ့ အကြောင်း လုံးတုံဒေသခံ
မညိုက ပြောပါတယ်။

မညိုရဲ့ အစ်ကိုအရင်းနဲ့ ဝမ်းကွဲအစ်ကို၁၂ ယောက်ဟာ ဘိန်းကြောင့် အသက်ဆုံးရှုံးရတဲ့အထိ
ခံစားခဲ့ရတယ်လို့ပြောပါတယ်။ မူးယစ်ဆေးဝါးကို သုံးစွဲသူတွေဟာဆေးထိုးအပ်ကို အဓိကထား
ပြီး ထိုးသွင်းသုံးစွဲကြတာမို့ အပ်ပေါင်းသုံးစွဲရာကနေ  HIV/AIDS အသည်းရောင်အသားဝါ
ဘီပိုး၊ စီပိုး၊ ကာလသားရောဂါ စတာတွေ အများဆုံးကူးစက်ခံရတာတွေ့ရကြောင်း ဟိုပင်မြို့
မူးယစ်ဆေးစွဲရောဂါ သုတေသနအသင်း(ှဗျွဗ)မှ ဒေါက်တာ မျိုးမင်းမင်းက ပြောပါတယ်။

''ဆေးထိုးအပ်တစ်ခုထဲကို လူအများနဲ့ ပေါင်းသုံးဖူးတဲ့ လူတိုင်းနီးပါး  HIV positive တွေ့ရတာ
များတယ်''လို့သူက ပြောပါတယ်။

ဟိုပင်မြို့ပေါ်မှာ မူးယစ်ဆေးကြောင့်ဖြစ်ပွားနိုင်တဲ့ ကူးစက်ရောဂါလျှော့ချရေးအတွက် အပ်ဝေခြင်း၊
ကျန်းမာရေးအသိဖြန့်ဝေခြင်းလုပ်ငန်းတွေကိုလုပ်နေတဲ့ မူးယစ်ဆေးစွဲရောဂါသုတေသနအဖွဲ့
SARA နဲ့ ကမ္ဘာ့ဆရာဝန်များအဖွဲ့က (MDM) နှစ်ဖွဲ့ရှိပါတယ်။ သူတို့ဟာ Peer လို့ခေါ်တဲ့ ဘဝတူ
မူးယစ်ဆေးစွဲနေတဲ့သူတွေကို အလုပ်အကိုင်ပေးပြီးအပ်ကောက်တာတွေ၊ ဘိန်းကိုဖြတ်ပြီး
မက်သဒုံးဆေးသောက်လာအောင် စည်းရုံးရေးလုပ်ငန်းတွေဆောင်ရွက်နေတာဖြစ်ပါတယ်။

''စိတ်ကြွဆေးပြားတွေ၊ ဘိန်းတွေ အလွယ်တကူရနေတဲ့ ဒီနယ်မြေမှာ မူးယစ်ဆေးဝါးပြဿနာတွေက
ဆက်ရှိနေဦးမှာပါ၊ ဒါဟာစိုးရိမ်စရာ အခြေအနေလည်း ဖြစ်ပါတယ်၊ သူတို့မူးယစ်ဆေးမသုံးဖို့
ကျွန်တော်တို့ဆေးရုံတွေက အားလုံးမလုပ်ပေးနိုင်ပါဘူး''လို့ ဟိုပင်မြို့နယ်ဆေးရုံကြီး တာဝန်ခံ
ဆရာဝန် ဒေါက်တာသိန်းအောင်က ပြောပါတယ်။

ဟိုပင်မြို့နယ်ဆေးရုံကြီးမှာ မက်သဒုံးဆေးသောက်သုံးနေသူ ၄ဝဝကျော်ရှိပါတယ်၊ ဒါ့ပြင် SARA နဲ့
MDM အဖွဲ့မှာ နှစ်စဉ်  ကျန်မာရေးစောင့်ရှောက်မှု ခံယူနေတဲ့သူပေါင်း၈ဝဝ ကနေ ၁,ဝဝဝ ကြား
ရှိတယ်လို့ သိရပါတယ်။ ဆေးကုသမှုမခံယူဘဲနေတဲ့ ထောင်နဲ့ချီတဲ့လူငယ်လူရွယ်တွေ ကြားထဲမှာ
မူးယစ်ဆေးဝါးဟာ တွင်တွင်ကျယ်ကျယ် ဆက်ပြီးရှိနေဆဲပဲဖြစ်ပါတယ်။မနှစ်က ကချင်ပြည်နယ်မှာ
ဘိန်းစိုက်ဧက၁၄၉၅ ဧက ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။ ၂ဝ၁၄ ခုနှစ်မှာ ၃၉၅ ဧကပဲ ဖျက်ဆီးနိုင်ပါ
တယ်လို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021