အရပ်သားအစိုးရက ကိုင်တွယ်တာမျိုးကိုပဲ နှစ်သက်တယ်လို့ ယုံကြည်တယ်

အရပ်သားအစိုးရက ကိုင်တွယ်တာမျိုးကိုပဲ နှစ်သက်တယ်လို့ ယုံကြည်တယ်

ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာမယ်လို့ နာမည်ကြီးနေတဲ့ ဂွမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီပုကို မြန်မာတိုင်း(မ်) အကြီးတန်းသတင်းထောက်ဉာဏ်လင်းအောင်က စစ်တွေမြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာမယ်လို့ နာမည်ကြီးနေတဲ့ ဂွမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီပုကို မြန်မာတိုင်း(မ်) အကြီးတန်းသတင်းထောက်
ဉာဏ်လင်းအောင်က စစ်တွေမြို့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

* ရခိုင်မှာက အင်န်အယ်လ်ဒီက နေရာအများစု နိုင်ထားတာမဟုတ်ဘူး။ တစ်ဖက်မှာ
အေအင်န်ပီကလည်း တစ်တိုင်းပြည်လုံး အနေအထားနဲ့ကြည့်ရင် တတိယအင်အား
အကြီးဆုံးပါတီလို့ ပြောလို့ရတယ်ဆိုတော့ သေချာပါတယ် အင်န်အယ်လ်ဒီက သူတို့ကို
ညှိဖို့အတွက် အစီအစဉ်လုပ်ရမယ့်သဘောရှိတာပေါ့လေ။ အဲဒီတော့ သိချင်တာက
ဘယ်လိုမျိုး ညှိနှိုင်းသွားမလဲ။ မဖြစ်မနေညှိနှိုင်းရမယ့် အခြေအနေကို ရောက်လာခဲ့ရင်ပေါ့။

အင်န်အယ်လ်ဒီက မညှိနှိုင်းဘူးလို့ ပြောထားတာ မဟုတ်ဘူး။ ပူးပေါင်းဆောင်ရွက်သွားဖို့
ညှိနှိုင်းဆောင်ရွက်သွားဖို့က အစပိုင်းကတည်းက ပြောထားပြီးသားပါ။ ကျွန်တော်တို့ဘက်က
ပြောချင်တာက မဆွေးနွေးနိုင်ဘူး။ မညှိနှိုင်းနိုင်ဘူးဆိုပြီး ပိတ်ထားတာ မဟုတ်ဘူး။
တောက်လျှောက်ဖွင့်ထားတာ။ ရွေးကောက်ပွဲမတိုင်မီကရော ရွေးကောက်ပွဲ ပြီးတော့ရော
တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းပါမယ်လို့ ပြောထားပြီးသားပါ။ ဒါကတစ်လျှောက်လုံးပါ။ ဒါပေမဲ့ တချို့က
အဲဒီဟာကို ပြောင်းပြန်လုပ်လိုက်တယ်။ အင်န်အယ်လ်ဒီက မကမ်းလှမ်းဘူး။ မဆွေးနွေးဘူးဆိုပြီး။
တချို့ က အဲဒါကိုနားယောင်သွားတယ်။ တကယ်တော့ ကျွန်တော်တို့တစ်လျှောက်လုံး ဖွင့်ထားတယ်။
ဒါပေမဲ့ ပါတီရဲ့ ရပ်တည်ချက်က ရှိသေးတယ်လေ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့နိုင်ထားတဲ့
ပါတီကြီးလေ။ ခုလိုဖွင့်ပေးထားရင် လုံလောက်နေပြီ။ ဒီဖွင့်ထားတဲ့အပေါ်မှာ ဘယ်လိုဟန်နဲ့
တွေ့ချင်တယ်။ ဘယ်ဟာတွေတော့ ဆွေးနွေးချင်တယ်။ ဒါတွေလာရမှာ။ ဒါဆိုရင် ဒါပြေလည်သွားပြီ။

* အဲဒီတော့ ပြဿနာကို ကျွန်တော်မြင်တာက တစ်ဖက်ကလည်း ကမ်းလှမ်းမလာလို့
တစ်ဖက်ကလည်း တင်ပြမလာလို့ဆိုတာမျိုးဖြစ်နေတော့ ဒီအချိန်မှာက နိုင်ငံရေး
ရင့်ကျက်မှုနဲ့ နိုင်ငံရေးသဘောထားကြီးမှုက ပိုပြီးတော့များ အရေးပါလာမလား။

မှန်ပါတယ်။ အဲဒါအရေးကြီးပါတယ်။ အဲဒါကြောင့်လည်း အင်န်အယ်ဒီဘက်က အပိတ်ဆိုတာမျိုး
လုပ်မထားဘဲ တောက်လျှောက် ဖွင့်ထားတာပါ။

* လာမယ့်ပြည်နယ် လွှတ်တော်အခင်းအကျင်းမှာ ဘယ်အပိုင်းတွေ အရေးတကြီးအနေနဲ့
ဆောင်ရွက်ဖို့ရှိနိုင်မလဲ။

အင်းဒါလည်းပဲ ယေဘုယျပြောရမှာပေါ့။ ကျွန်တော်တို့က လွှတ်တော်ကဏ္ဍမှာပဲဖြစ်ဖြစ် အစိုးရကဏ္ဍမှာ
ဖြစ်ဖြစ် ဘယ်ကဏ္ဍမဆို ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ မူပါပဲ။ ဒါကလည်း ကိုယ့်ပြည်နယ်
ပြည်သူတွေရဲ့ အကျိုးအတွက် ရည်ရွယ်ချက်ကို ဦးတည်ပြီးလုပ်ရမှာပေါ့။ ပူးပေါင်းစရာရှိရင်
ပူးပေါင်းပြီးသွား ရမှာပေါ့။

* ပြည်နယ်ဝန်ကြီးချုပ်နေရာက ရခိုင်ပြည်နယ်အတွက် နိုင်ငံရေးအရေးပါမှုမှာ
ဘယ်လောက်ထိ
အကျိုးသက်ရောက်မှု ရှိနိုင်မယ်ထင်လဲ။

နိုင်ငံရေးအရေးပါမှုက ကျွန်တော့်အမြင် ပြောရရင်တော့ သိပ်ခက်ခဲတဲ့ ကြီးမားတဲ့ ပြဿနာတွေ
ဖြစ်လာမယ်လို့တော့ မထင်ဘူး။ ဥပဒေလည်းရှိနေတာကိုး။ အဲဒီတော့ အခုမှ စပြီးပေါ်ပေါက်လာတဲ့
အစိုးရ လွှတ်တော်တွေလည်း မဟုတ်တော့ ဥပဒေတွေ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေလည်း
ရှိပြီးသားဆိုတော့ ဒီပုံစံအတိုင်းပဲ ဆက်ပြီးတော့ သွားရမှာပေါ့။ အင်န်အယ်လ်ဒီက ဗဟိုအစိုးရအနေနဲ့
အာဏာရလာပြီဆိုရင် ပြည်နယ်အစိုးရဖွဲ့ဖို့တွေ ၀န်ကြီးတွေခန့်အပ်ဖို့တွေ ဒါတွေက
ဒီလိုပဲဆက်သွားရမှာပေါ့။ အဲဒါတွေလည်း အခက်အခဲမရှိလောက်ပါဘူး။

* ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း လက်ထက်မှာ သူကစစ်တပ်က နောက်ခံပြုထားတဲ့
သူတစ်ယောက်
ဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်ရဲ့ ပြဿနာတချို့ကို ကိုင်တွယ်တဲ့နေရာမှာ
ချက်ချင်း ဟတ်စကီးတောင်သုံးပြီး သွားလာနိုင်တဲ့ အခြေအနေမျိုးရှိခဲ့တယ်။ ဒါက
တပ် နောက်ခံကြောင့်ပေါ့လေ။ အဲဒီတော့ ရခိုင်ပြည်နယ်ကို ကိုင်တွယ်နိုင်ဖို့အတွက်က
အရပ်သားနောက်ခံပြုထားတဲ့ ၀န်ကြီးချုပ်က အဆင်ပြေမလား။ စစ်တပ်က
နောက်ခံပြု ထားတဲ့ ၀န်ကြီးချုပ်က ပိုပြီးတော့အဆင်ပြေမလား။ ဘယ်လိုထင်ပါသလဲ။

လူထုသဘောကတော့ စစ်တပ်က နောက်ခံပြုမယ်။ ကိုင်တွယ်မယ်ဆိုတဲ့ အနေအထားမျိုးထက်
ကိုယ့်ပြည်သူတွေက ရွေးချယ်ထားတဲ့ အရပ်သားအစိုးရက ကိုင်တွယ်တာမျိုးကိုပဲ နှစ်သက်တယ်လို့
ကျွန်တော်ကတော့ ယုံကြည်တယ်။

* ရခိုင်ပြည်နယ်မှာက အဓိက တွေ့နေရတဲ့ ပြဿနာက လူ့အခွင့်အရေးနဲ့ အမျိုးသားရေး
အပိုင်းနှစ်ပိုင်းပေါ့လေ။ အဲဒီတော့ ဘယ်လို မြင်လဲဗျ။ ဒီနှစ်ပိုင်းကို ကိုင်တွယ်နိုင်ဖို့အတွက်
ချိန်ညှိနိုင်ဖို့အတွက်ပေါ့။

ကျွန်တော်မြင်တဲ့ အပိုင်းနှစ်ပိုင်းက ပထမအချက်က တည်ငြိမ်မှုပေါ့။ ဒုတိယတစ်ခုကတော့ အစိုးရ
တစ်ရပ်ရဲ့ ဦးဆောင်မှုနဲ့ ပြည်နယ်ဖွံ့ဖြိုးမှုပေါ့။ ပထမတည်ငြိမ်မှု ဆိုတဲ့နေရာမှာ ပြီးခဲ့တဲ့ကာလတုန်းက
အကြောင်းအမျိုးမျိုးနဲ့ မတည်ငြိမ်မှုတွေ ဖြစ်တယ်။ မတည်မငြိမ်ဖြစ်အောင် ဘယ်သူတွေက လုပ်တာလဲ။
ဘာကြောင့်လုပ်တာလဲ နိုင်ငံရေးအတွက် လုပ်တာလား။ သူ့အကျိုးစီးပွားအတွက်လုပ်တာလား။
တကယ့်လူမျိုးရေး မှန်ကန်လို့လား။ အဲဒါတွေက ကျွန်တော်တို့မှာ ပြောစရာတွေ အများကြီးရှိတယ်။
ဒီအချိန်မှာ ပြောဖို့ကတော့ နည်းနည်းစောပါသေးတယ်။ ဒါပေမဲ့ ပြည်သူကရွေးပေးထားတဲ့
ကျွန်တော်တို့ လူမျိုးအစိုးရ တစ်ရပ်က ဦးဆောင်လာပြီဆိုရင်တော့ အရင်လိုပုံစံတွေ
လုပ်လို့ မရတော့ဘူး။ အနေအထားတွေ ပြောင်းသွားပြီ။ ပြည်သူဘက်ကလည်း သူတို့ ဒီထက်
နစ်နာတာမျိုး မလိုလားတော့ဘူး။ သူတို့အတွက် ဘယ်လိုတိုးတက်အောင် လုပ်ပေးနိုင်မလဲဆိုတာကို
စဉ်းစားလာပြီလို့ထင်တယ်။ ဒါကြောင့် တည်ငြိမ်မှုအများကြီး ကောင်းလာနိုင်တယ်လို့ ယူဆတယ်။
ဒုတိယ အချက်အနေနဲ့လည်း အစိုးရပြောင်းလဲလာပြီ ဖြစ်တဲ့အတွက် ဖွံ့ဖြိုးရေးပိုင်းတွေမှာလည်း
ပြောင်းလဲလာမှာပါ။ အဲဒီတော့ ဒီအပေါ်မှာ ကျွန်တော့်အနေနဲ့ စိုးရိမ်မှု မရှိပါဘူး။

* ရခိုင်ပြည်နယ်မှာ နောက်တစ်ခုအရေးကြီးတာက လုံခြံုရေးပေါ့။ အနောက်ဘက်
ကမ်းရိုးတန်းက ရှည်တယ်။ ကာကွယ်မှုအပိုင်းကတော့ အားနည်းနေတုန်းပေါ့။ ဆိုတော့
လွှတ်တော်ထဲရောက်သွားရင် ဒီလုံခြံုရေး အပိုင်းနဲ့ပတ်သက်လို့ ဘယ်လိုအခင်းအကျင်းမျိုးကို
ဦးဆောင်ဖန်တီးသွားဖို့ရှိနိုင်မလဲ။

အရေးကြီးတာတွေကတော့ အများကြီးပေါ့ဗျာ။ ကျွန်တော်တို့ ရခိုင်ပြည်နယ်က တခြားတိုင်းနဲ့
ပြည်နယ်တွေနဲ့ စာရင် အင်မတန်ထူးခြားနေတဲ့ အနေအထားဆိုတော့ အဓိကကျတာတွေလည်း
အများကြီးပဲ။ တစ်ဖက်မှာ စီးပွားရေးအရလည်း ဖွံ့ဖြိုးမှုက အောက်ဆုံးအဆင့်ရောက်နေတော့
ပြန်ရုန်းထနေရတာလည်း အများကြီးပဲ။ နောက် တခြားပြဿနာတွေလည်း အများကြီးပဲ။ ဆိုတော့
တကယ်လုပ်ဆောင်တဲ့အခါ ဘယ်ဟာကိုတော့ ပထမအနေနဲ့လုပ်ရမယ်။ ဘယ်အရာကိုတော့
ဒုတိယအနေနဲ့လုပ်ရမယ် ဆိုပြီး လုပ်ဆောင်ရမှာပေါ့။ ဒါတောင်မှ သိမ်သိမ်မွေ့မွေ့လုပ်ရမယ့်ဟာနဲ့
သိသိသာ သာလုပ်ရမယ့်ဟာတွေလည်း ရှိသေးတယ်။ အမြန်ဆုံး ရုပ်ပိုင်းဆိုင်ရာအနေနဲ့ပြောင်းလဲ
သွားအောင်လုပ်ဖို့တော့ ရှိပါတယ်။ တချို့ အပိုင်းတွေမှာတော့ ပြောင်းလဲသွားအောင် လုပ်ချင်ပေမယ့်
လုပ်လို့ဖြစ်ချင်မှဖြစ်မှာဆိုတော့ ချိန်ဆပြီးတော့ လုပ်သွားရမှာပေါ့။

* ဒီနှစ်ဘတ်ဂျက်က နည်းတော့ လုံခြံုရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်တဲ့နေရာမှာ
ဘဏ္ဍာရေး အခက်အခဲကြောင့် နှောင့်နှေးမယ်ထင်လား။

ဒါကတော့ လုပ်ရတဲ့အပေါ်မှာ မူတည်မှာပေါ့။ နည်းနည်းရရင် ရသလို၊ များများရရင် ရသလိုပေါ့။
ဒါပေမဲ့ အစိုးရကခုမှစတာ မဟုတ်တော့ ရှေ့က လုပ်သွားတဲ့ အခြေအနေပေါ် ဆက်လုပ်သွားရမှာပေါ့။
တိုးရအောင်။ ပိုလုပ်ခွင့်ရအောင်ကတော့ တာဝန်ယူရမယ့် အစိုးရကတော့ ဆက်လုပ်သွားရမှာပေါ့။
ကျွန်တော်တို့ တာဝန်ယူရရင်လည်း ကျွန်တော် တို့ဒါကို လုပ်မှာပါပဲ။

* ပြည်ထောင်စုအစိုးရကတော့ ဘယ်လိုပဲဖြစ်ဖြစ် အင်န်အယ်လ်ဒီဦးဆောင်တဲ့ အစိုးရ
ဖြစ်လာမှာပေါ့လေ။ ဆိုတော့ ပြည်နယ်
အစိုးရတစ်ရပ်အနေနဲ့ ပြည်ထောင်စု အစိုးရနဲ့
ဘယ်အပိုင်းတွေမှာ အဓိက ညှိနှိုင်းလုပ်ဆောင်ရလိမ့်မယ်လို့ထင်ပါသလဲ။

အဓိက ဘဏ္ဍာရေးပါတာပေါ့လေ။ လုံခြံု ရေး၊ ဖွံ့ဖြိုးရေး၊ စီးပွားရေးလုပ်ငန်းတွေအဓိက ပါပါလိမ့်မယ်။

* တစ်ခါတလေကျတော့ လူတွေက စိတ်ကူး တွေရှိတယ်ပေါ့ဗျာ။ ဥပမာ ငါဆရာဝန်
ဖြစ်ရင်တော့ ကျေးလက်ဒေသက လူတွေအတွက်ဆေးကုမယ်ဆိုတာမျိုးပေါ့။ အဲဒီတော့
ဦးညီပုသာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာခဲ့မယ်ဆိုရင် ငါတော့ ဘယ်ကိစ္စကို အရင်ဆုံး
အရေးတကြီးအနေနဲ့ ကိုင်တွယ်မယ်ဆိုတာမျိုးရှိလား။

လိုအပ်ချက်တွေ လုပ်ရမယ့် ကိစ္စတွေကတော့ အများကြီးရှိတယ်။ တစ်ခုတည်းလုပ်လို့တော့ မရဘူးဗျ။
စီးပွားရေး၊ လုံခြံုရေးနဲ့ ဖွံ့ဖြိုးမှုကတော့ အဓိကလုပ်ရမှာပဲ။

* ဖြည့်စွက်ပြောချင်တာရှိရင်ပြောပါဦး။

ပြောရရင်တော့ အားလုံးသိတဲ့အတိုင်း အပြောင်းအလဲက ကျွန်တော်တို့နိုင်ငံမှာ သိသိသာသာ
ပြောင်းလဲလာတယ်။ အားလုံး ကလည်းမျှော်လင့်နေတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့အတွက်
အခွင့်အလမ်းတွေ အများကြီးပေါ်ပေါက်လာဖို့လည်း ရှိတယ်။ ဆိုတော့ ဒီရလဒ် ဒီအကျိုးဆက်ကိုတော့
အားလုံးက တန်ဖိုးထားပြီးတော့ အလုပ်လုပ်ဖို့လိုတာပေါ့။ အဲဒီလို မလုပ်နိုင်ဘူးဆိုရင်တော့
ကျွန်တော်တို့ ရင်းနှီးခဲ့ရတာတွေ ပေးဆပ်ခဲ့ရတာတွေ စွန့်လွှတ်ခဲ့ရတာတွေက
အလကားဖြစ်သွားမှာပေါ့။ အင်မတန် တန်ဖိုးရှိတဲ့ ဒီအပြောင်းအလဲကြီးကလည်း တန်ဖိုးမရှိသလို
ဖြစ်သွားမှာပေါ့။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021