မူဆယ်မြို့အထွက် ၁၀၅ မိုင်အနီး မိုင်းယုရွာ ဖလန်နယ်ဘောင်းဘီရှည်ပေါ်တွင် ပန်းပွင့်များ ပုံဖော်ထားသည့် ပါတိတ်ထဘီကို ၀တ်ဆင်ထားသည့် ပလောင်တိုင်းရင်းသူ မသန်း (အမည်လွှဲ)ကို ကြည့်ရသည်မှာ အနည်းငယ် ကိုးရိုးကားရားနိုင်လှသည်။
မူဆယ်မြို့အထွက် ၁၀၅ မိုင်အနီး မိုင်းယုရွာ ဖလန်နယ်ဘောင်းဘီရှည်ပေါ်တွင် ပန်းပွင့်များ
ပုံဖော်ထားသည့် ပါတိတ်ထဘီကို ၀တ်ဆင်ထားသည့် ပလောင်တိုင်းရင်းသူ မသန်း (အမည်လွှဲ)ကို
ကြည့်ရသည်မှာ အနည်းငယ် ကိုးရိုးကားရားနိုင်လှသည်။
မသန်း ကတော့ အဝတ်အစားကို အာရုံမစိုက်အား။ မီးဖိုချောင်နှင့် အိမ်ခန်းထဲ တစ်လှည့်စီ ၀င်လိုက်
ထွက်လိုက်ဖြင့် အလုပ်ရှုပ်လို့နေသည်။
သူ့အတွက် လောလောဆယ် အရေးကြီးသည်က တောင်ယာထဲမသွားမီ အိမ်အလုပ်များကို
လက်စသိမ်းနိုင်ရေးပင် ဖြစ်သည်။
အိမ်ခန်းအတွင်း၌မူ ကျောင်းဝတ်စုံ ၀တ်ဆင်ထားသည့် ခြောက်နှစ်အရွယ် ကလေးငယ်
တစ်ယောက်သည် မသန်း ပြင်ပေးထားသည့် ခေါက်ဆွဲကို တူတစ်ချောင်းနှင့် အေးအေးလူလူ
စားသောက်လို့ နေသည်။
ထိုကလေးငယ်၏ ဖခင်ဖြစ်သူ ကိုမိုင်း (အမည်လွှဲ)ကတော့ မူးယစ်ဆေးဖြတ်နိုင်ရန် မိသားစုအားလုံး၏
ဆုံးဖြတ်ချက်ဖြင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်သို့ ၀င်ရောက်စစ်မှုထမ်းလျက်ရှိသည်မှာ
ရှစ်လပြည့်လုနီးပြီ ဖြစ်သည်။
မူးယစ်ဆေးစွဲသူများကို လက်နက်ကိုင် တိုင်းရင်းသားတပ်များက ခေါ်ဆောင်သွားကာ
မူးယစ်ဆေးဖြတ်စေပြီး တပ်တွင် တာဝန် ထမ်းဆောင်စေသည်ဆိုသော သတင်းများသည် ကွတ်ခိုင်၊
မူဆယ်၊ နမ့်ခမ်းမြို့များ တစ်လျှောက် ပျ့ံနှံ့လို့နေသည်။
ထိုသတင်းများအရ ဒေသခံများ၏ အကူအညီဖြင့် မူဆယ်သို့ မြန်မာတိုင်း(မ်)က သွားရောက်ကာ
ကိုမိုင်းတို့ မိသားစုနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးစွဲသူဘဝမှ လက်ရှိစစ်သားအဖြစ် တာဝန်ထမ်းဆောင်နေရသည်ဆိုသော ကိုမိုင်း နေသည့်
နေရာကတော့ မူဆယ်မြို့အထွက် ၁၀၅ မိုင်အနီးက မိုင်းယုရွာပင် ဖြစ်သည်။
တိုင်းရင်းသားတို့၏ ရိုးရာဓလေ့အရ အိမ်သို့ ရောက်သည်ဆိုသည်နှင့် အအေးဒဏ်ခံနိုင်ရန် အိမ်တွင်းရှိ
မီးဖိုအနီး နေရာချပေးပြီး ရေနွေးကြမ်းဖြင့် ဧည့်ခံသည်။
မိဘများ၊ ဇနီးဖြစ်သူနှင့်အတူ ဆွေမျိုးနီးစပ် ဦးလေး တစ်ဦး စကားဝိုင်းတွင် ၀ိုင်းထိုင်ကာ မေးသမျှကို
ဖြေဆိုပေးနေသည်။
ခင်ပွန်းမရှိသည့် ဘဝတွင် ပင်ပန်းလှသည့် တောင်ယာလုပ်ငန်းကို လုပ်ကိုင်နေရသူ မသန်းကို
လက်ရှိအခြေအနေ မေးမြန်းရာ "တစ်ယောက်တည်း ရုန်းကန်ရ တာမလွယ်ပါဘူး။ ယောက်ျားလည်း
မရှိတော့ ပင်ပန်းပါတယ်" ဟု ၂၈ နှစ်အရွယ် မသန်းက အနွေးဓာတ်ရစေရန် မီးဖိုသည့် မီးဖိုအနီးတွင်
ပြောင်းဖူးရိုးများ စုစည်းနေရင်း ပြောသည်။
"သူကလည်း ဆေးစွဲနေတော့ အိမ်မှာရှိလည်း ဒုက္ခရောက်တယ်။ တပ်ထဲလိုက်သွားပြီး ဆေးဖြတ်ဖို့
မိသားစု အားလုံးက ဆုံးဖြတ်တယ်။၂၀၁၅ ဧပြီလမှာ တအာင်းတပ်က လာခေါ်သွားတယ်"ဟု
မသန်းက ပြောသည်။
အသက် ၂၈ နှစ်အရွယ် ကိုမိုင်းတစ်ယောက် ဆေးမစွဲမီက ပန်းရန် အလုပ်သမားအဖြစ် လုပ်ကိုင်စဉ်က
မိသားစု စားသောက်ရန် လုံလောက်သည့် ၀င်ငွေရရှိသော်လည်း ဆေးစွဲပြီး နောက်ပိုင်း ထို၀င်ငွေသည်
ဆေးဖိုးသာ ဖြစ်လာတော့သည်။
ဆေးစွဲပြီး သုံးနှစ်ကာလ နီးပါးရှိလာသည့်အချိန်တွင် ပန်းရန်လုပ်ကိုင်ရာမှ ရရှိသည့် ၀င်ငွေအပြင်
ဇနီးနှင့် မိသားစုဆီက ဆေးဖိုးတောင်း၍ စိတ်ဒုက္ဒရောက်ကြရသည်။
"မူးယစ်ဆေးစွဲလို့ ဖြတ်ဖို့ မိန်းမကလည်း ချော့မော့ပြောတယ်။ ကျွန်မကိုယ်တိုင်လည်း
ရိုက်နှက်ပြောဆိုတာတောင် မရဘူး။ သူမဖြတ်နိုင်ဘူး။ ခု တပ်ထဲမှာ မူးယစ်ဆေးတော့ ပြတ်သွားပြီ။
သေမယ် ရှင်မယ် မသိဘူး။ သူ့ကို အိမ်ပြန်လာစေချင်ပြီ"ဟု ဒေါ်အန်းဘွယ်က ဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်များက ဆေးစွဲသူများကို ဆေးဖြတ်ပေးသည့်အခါ ဆေးအနည်းငယ်
ပေးကာ ဖြေးဖြေးချင်းနှင့် ပြတ်စေသည့်နည်း (သို့) အကြမ်းနည်း လုံးဝပြတ်စေသည့်နည်းတို့ကို
ဆေးစွဲသူအခြေအနေပေါ်ကြည့်ကာ သုံးစွဲ၍ ဆေးဖြတ်စေကြောင်း ကျောက်မဲ၊ မူဆယ်တစ်ဝိုက်ရှိ
ဒေသခံများက ပြောသည်။
"ခုချိန်ထိ သူပြန်လာတာ နှစ်ခေါက်ရှိပြီ။ ဆေးက ပြတ်သွားတော့ လူက ပုံစံပြောင်းသွားတယ်။
ပြန်လာရင်လည်း အရင်လို ရွာထဲ လျှောက်သွားနေတာမျိုး မလုပ်ဘဲ အိမ်မှာပဲ နေတယ်။
အသားအရည်ကလည်း ဆေးသမားအသားအရည်မျိုး မဟုတ်တော့ဘူး" ဟု ဒေါ်အန်းဘွယ်က
သားဖြစ်သူ၏ အခြေအနေကို ပြောသည်။
ဆေးသုံးစွဲသူ သား ဆေးပြတ်သွားသဖြင့် ပျော်ရွှင်ရသော်လည်း ယခုအခါ ပဋိပက္ခများစွာ ဖြစ်နေသော
စစ်ပွဲများအတွင်း တာဝန်ထမ်းဆောင်နေရခြင်းကြောင့် စိတ်မအေးချမ်းနိုင်သေးကြောင်း သူ၏
ခံစားချက်ကို ပြောသည်။
သားဖြစ်သူ၏ ဆေးစွဲသည့်ဒုက္ခကို ပြောပြနေသည့် မိခင်ဖြစ်သူ ဒေါ်အန်းဘွယ် (အမည်လွဲ)၏
မျက်နှာတွင် ထိုကာလများကို ပြန်မြင်ယောင်တွေးတောနေရင်း စိတ်မသက်မသာ ဖြစ်နေရပုံပေါ်သည်။
"သူက အိမ်ပြန်လာရင် တောထဲပြန်မသွားချင်တော့ဘူး။ အရမ်းပင်ပန်းတယ်။ စားရတာလည်း
မဝဘူးလို့ အမြဲပြောတယ်။ ဆေးပြတ်သွားလို့ စိတ်ဆင်းရဲရတာ လျော့သွားပေမယ့် စိတ်ချမ်းသာမှု
ကတော့ ပျောက်နေတုန်းပါပဲ"ဟု ဇနီးဖြစ်သူ မသန်းက ပြောသည်။
ဒေါ်အန်းဘွယ်(အသက် ၅၅ )နှင့် ဦးရီဆိုင်(အသက် ၆၀) တို့တွင် သားလေးဦး၊ သမီးတစ်ဦး ရှိပြီး
ကျန်သားသုံးဦးနှင့် သမီးတစ်ဦးမှာ အိမ်ထောင်ကျပြီး တစ်အိုးတစ်အိမ် ထူထောင်ကာ မိဘများနှင့်
အတူမနေထိုင်ဘဲ ကိုမိုင်းတို့ မိသားစုသာ မိဘများနှင့် အတူနေထိုင်ခြင်း ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်များက မိဘများကို လုပ်ကျွေးရမည့်သူ၊ မိသားစုကို စောင့်ရှောက်ရန်
တာဝန်ယူရမည့်သူ ဖြစ်ပါက စစ်တပ်တွင် တာဝန်ထမ်းဆောင်ရခြင်းမှ ကင်းလွှတ်ခွင့် ပေးထားသည်။
လက်နက်ကိုင် တပ်ဖွဲ့များမှ ခေါ်ယူမှုကို ဒေသခံများက အကြောက်တရားကြောင့် ငြင်းဆန်လေ့
မရှိသော်လည်း ရပ်မိရပ်ဖများက သေချာစွာ ပြန်လည်ပြောဆို တောင်းယူသော် ပြန်လည်
လွှတ်ပေးသည့် ဖြစ်ရပ်များလည်း ရှိသည်။
"တအာင်းတပ်ထဲ ၀င်ဖို့ ဆန္ဒရှိလားလို့ ကိုမိုင်း (အမည်လွဲ)ကို သူ့အစ်ကိုကမေးပါတယ်။ တကယ်လို့
ဆန္ဒမရှိဘူးဆိုရင်လည်း သူက မိသားစုမှာ တစ်ဦးတည်း ကျန်တဲ့သားဖြစ်တဲ့အတွက် စစ်မှုထမ်းဖို့
ငြင်းခွင့်ရှိတယ်။ သူကိုယ်တိုင်က ဆေးပြတ်ဖို့အတွက် တပ်ထဲဝင်မယ်လို့ ဆုံးဖြတ်တယ်"ဟု ကိုမိုင်း၏
ဆွေမျိုးနီးစပ်တော် သူက စကားဝိုင်းသို့ ၀င်ရောက်ပြောဆိုသည်။
အိမ်နှင့်တောင်ယာမှာ တစ်နာရီခန့် လမ်းလျှောက်သွားရပြီး မနက်စောစော အချိန်များ၊ ညဘက်
မိုးချုပ်သော ရက်များတွင် မိန်းမသားတစ်ဦးတည်း ပြန်လာရခြင်းက သူ့ဘဝ၏ ခက်ခဲသောအချိန်
စိတ်ပင်ပန်းရသော အချိန်များဖြစ်ကြောင်း မသန်းက ဆိုသည်။
"အမှောင်တွေထဲ အဝေးကြီး တစ်ယောက်တည်း သွားရတာ ကြောက်တယ်။ ကလေးကိုလည်း
ကျောင်းထားပေးရဦးမယ်။ သူ့ကို ပြန်လာစေချင်ပြီ" ဟု သူက ဆိုသည်။
သို့သော် လက်နက်ကိုင်တပ်များအတွင်းသို့ ၀င်ရောက်ပြီးလျှင် ပြန်လည်နုတ်ထွက်ရန် မဖြစ်နိုင်ကြောင်း
တိုင်းရင်းသားများက သိရှိပြီးဖြစ်သည်။
မူးယစ်ဆေးသုံးစွဲမိရာမှ လက်နက်ကိုင်တပ် အကူအညီတောင်းခံ ဖြတ်ရသည့် အခြေအနေ
ရောက်ရသည့် ကိုမိုင်းလို အဖြစ်မျိုးကြောင့် ရွာများက ဒေသခံများ မူးယစ်ဆေးတားမြစ်ရေးကို
အနည်းငယ် အထောက်အကူပြုကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူ
တအာင်းလူငယ်(နမ့်ခမ်း)မှ ကိုမိုင်းသန်းညွှန့်က ပြောသည်။
"မူးယစ်ဆေးစွဲတဲ့သူဆို သတင်းရတာနဲ့ လက်နက်ကိုင်အဖွဲ့က လာခေါ်တာမျိုး ရှိတယ်။ ဒါကလည်း
မူးယစ်ဆေး တိုက်ဖျက်ရေးမှာ အသုံးကျတဲ့ အချက်ပဲ။ လူငယ်တွေ စစ်ထဲ မလိုက်ချင်ဘူးလေ။
အရမ်းဆိုးဆိုးဝါးဝါး ဖြစ်အောင် နာမည်ဆိုးထွက်အောင် သုံးဖို့ ကြောက်လာကြတယ် " ဟု ဆိုသည်။
"ဆေးသုံးသူတွေ အရမ်းဆိုးလာရင် မိဘတွေကိုယ်တိုင် လက်နက်ကိုင်အဖွဲ့တွေကို အကူအညီ
တောင်းတာမျိုး ရှိတယ်။ လက်နက်ကိုင်အဖွဲ့တွေက ခေါ်ပြီး ဆေးဖြတ်ပေးတယ်။ ဒါတွေက ဒီဒေသမှာ
ကြားနေကျပါပဲ။ ဆေးစွဲသူတွေမှာ အကြောက်တရား ရှိလာတာပေါ့"ဟု ကွတ်ခိုင်-မူဆယ် ကားဆရာ
ကိုလှအောင်က ပြောသည်။
မိသားစုနှင့် တကွဲတပြား၊ အန္တရာယ်များကြားတွင် တာဝန်ထမ်းဆောင်နေရသည့် သားကို ကံကြမ္မာက
ထပ်မံရွေးချယ်ခွင့် ပေးခဲ့လျှင် ဒေါ်အန်းဘွယ်အနေဖြင့် တအာင်းတပ်မတော်သို့ ထည့်မည်လား၊
မူးယစ်သားကောင်အဖြစ် အိမ်တွင်ထားမည်လားဟု မေးမြန်းရာ တိတ်ဆိတ်စွာ စဉ်းစားရင်း
"ဆေးပြတ်တာပဲ လိုချင်ပါတယ်" ဟူသော အဖြေကို လေးပင်စွာ ဆိုပါသည်။

















