ကျွန်တော်တို့ ရန်ကုန်မြို့ကြီး၏ အတိတ်သမိုင်းကို လွန်ခဲ့သောနှစ်ပေါင်း ၂,၅၀၀ အထက်သို့ ရည်ညွှန်းလေ့ရှိကြပါသည်။
ကျွန်တော်တို့ ရန်ကုန်မြို့ကြီး၏ အတိတ်သမိုင်းကို လွန်ခဲ့သော နှစ်ပေါင်း ၂,၅၀၀ အထက်သို့
ရည်ညွှန်းလေ့ရှိကြပါသည်။
ထိုစဉ်က ဥက္ကလာပမြို့။ သက်သေ... ရွှေတိဂုံဘုရား၊ ဆူးလေဘုရား၊ ဗိုလ်တထောင်ဘုရား။
ထိုမှ ဒဂုံ (ဒဂုန်) မြို့အဖြစ် နှစ်ပေါင်း ရ၀၀။ ထိုမှ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ နီးပါးမှ ရန်ကုန်မြို့ဟု
အမည်တွင်ခဲ့ခြင်း။ ထိုစဉ်က ကျွန်တော်တို့ လူမျိုးများ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှာန်းနှင့်...။
ထို့နောက် နယ်ချဲ့အင်္ဂလိပ်အစိုးရတို့ နှစ်ပေါင်း ၁၀၀ ကျော် အုပ်စိုးခဲ့ချိန်တွင် ရန်ကုန်မြို့ကြီးသည်
ဘုရင်ခံချုပ် စံမြန်းရာ ဗဟိုဌာနချုပ် မြို့ကြီး...။
ထို့ကြောင့် ရန်ကုန်မြို့ကြီးကို ခမ်းနားလှပစွာဖြင့် အကွက်ချ အဆင့်မြင့် မြို့တော်ကြီးအဖြစ်
အသွင်ပြောင်းလဲစေခဲ့သည်။
ထိုသို့ သန့်ရှင်း သာယာအောင် ဆောင်ရွက်မှုများကြောင့် ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီက
ရန်ကုန်မြို့ကြီးသည် အရှေ့တောင် အာရှတွင် အလှပဆုံး စံတင်ထားထိုက်၊ အတုယူထိုက်သော
မြို့ကြီးအဖြစ် ထင်ရှားကျော်ကြားခဲ့ခြင်း ဖြစ်ပါသည်။
ဗိုလ်အောင်ကျော်လမ်းသည်ကား ထိုစဉ်က ရန်ကုန်အရေးပိုင် ကပ္ပတိန် တီပီစပတ်ကို ဂုဏ်ပြု၍
စပတ်လမ်းဟု ခေါ်ခဲ့သည်။
ရန်ကုန်မြို့သစ်ကြီးတည်ခါစ စပတ်လမ်း(ဗိုလ်အောင်ကျော်)လမ်းမှာပင် စိန့်ပေါလ်ဘုရားကျောင်းကြီးကို
တည်ဆောက်ခဲ့၍ ၁၈၆၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
ဘုရင်ဂျီဘုရားရှိခိုးကျောင်းကြီးနှင့် စာသင်ကျောင်းများကို တွဲလျက် စိန်ပေါလ်ကျောင်း ...
စိန်ပေါလ်ဘုရားရှိခိုးကျောင်းကြီးဟု အသိများခဲ့ကြသည်။
ထိုကာလများမှာပင် တစ်ပြိုင်နက်တည်း ဆောက်လုပ်ခဲ့ကြသည်များမှာ စပတ်လမ်းတစ်လျှောက်
အတွင်းဝန်ရုံးကြီး၊ ဗဟိုစာတိုက်ကြီး၊ ဂန္ဓီဟောခန်းမကြီး၊ အောက်လမ်းမရှိ ဘုရားရှိခိုးကျောင်း၊
ဟိန္ဒူဘုရားကျောင်း၊ ဗလီ...တည်ဆောက်ခဲ့ကြသည်ဆို၏။
၁၈၉၃ ခုနှစ်တွင် အတွင်းဝန်ရုံးကြီးကို စတင် ဖွင့်ပွဲလုပ်ခဲ့သည်။
၁၉၀၀ ပြည့်နှစ်များတွင် ထိုလမ်းမကြီးမှာ အထူးစည်ကားခဲ့လေပြီဟု ဆိုထားသည်။
ထိုလမ်းမကြီး သွေးချောင်းစီး၍ ထင်ရှားကျော်ကြားခဲ့သည်မှာကား (၁၉၃၈ ခုနှစ်)၁၃၀၀ ပြည့်
အရေးတော်ပုံကြီးကာလ...။
ဒို့ဗမာ အစည်းအရုံးကြီးနှင့် ပူးတွဲ၍ မြန်မာတစ်နိုင်ငံလုံး ဆန္ဒပြပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပနေချိန်
ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တို့ ဦးဆောင်လျက် အတွင်းဝန်ရုံးကြီးကို ၀ိုင်းဝန်းဆန္ဒပြနေကြစဉ်
နယ်ချဲ့အင်္ဂလိပ် မြင်းစီးပုလိပ်တပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲခဲ့သဖြင့် ကျောင်းသားခေါင်းဆောင်
ကိုအောင်ကျော် (ဗိုလ်အောင်ကျော်) ကျဆုံး ကွယ်လွန်သွားခဲ့ခြင်းပင် ဖြစ်လေသည်။
ထို့ပြင် ဒုတိယအကြိမ် ထင်ရှားကျော်ကြားခဲ့သည်မှာလည်း မြန်မာ့လွတ်လပ်ရေးအတွက်
ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ စည်းဝေးပွဲကျင်းပနေချိန် ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်၌
အတွင်းဝန် ရုံးကြီးအတွင်း မသမာသူတို့ လုပ်ကြံသတ် ဖြတ်ခြင်းခံခဲ့ရလေ၏။
ထိုအဖြစ်အပျက် ကြီးများစွာသည် စပတ်လမ်း(ဗိုလ်အောင်ကျော်) လမ်းမကြီးနံဘေး ၀ဲယာတွင်
ဖြစ်ပွားခဲ့ခြင်းပင်။
ထိုသို့ သမိုင်းဝင်အဖြစ်အပျက်ကြီးများကြောင့် မြန်မာပြည်ကြီး လွတ်လပ်ရေး ရရှိခဲ့သည့်အချိန်
နောက်ပိုင်းတွင် ရန်ကုန်မြို့ တွင်း မြို့ပြင်လမ်းများကို မြန်မာတို့၏ ထင်ရှားကျော်ကြား
ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုသောအားဖြင့် အမည်ပေးမှည့် ခေါ်ခဲ့ကြလေ၏။
ထို့ကြောင့် စပတ်လမ်းသည် ယခု ဗိုလ်အောင်ကျော်လမ်း...။
ဤသို့ အမည်တွင်ခဲ့သောလမ်းကို ကျွန်တော်တို့ ဖြတ်ကျော်လျှောက်လှမ်းခဲ့သည်မှာ
နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီ။
ကျွန်တော်တို့ခေတ်အထိ ဗိုလ်အောင်ကျော် လမ်းမကြီးသည် ရှင်းသန့်နေခဲ့သည်။
စိန်ပေါလ်ဘုရားကျောင်းဝင်းကြီး အတွင်းဝန်ရုံး ကြီးတို့နှင့်ပင် နှစ်ဘလောက် ရှိနေသဖြင့်
လူနေအိမ်ခြေမရှိသလောက်ပင်။
ရုံးတွေ၊ ကုမ္ပဏီတွေ၊ ဗလီ၊ ဟိန္ဒူဘုရားကျောင်းနှင့် တိတ်ဆိတ်ငြိမ်သက်နေခဲ့သော လမ်းမကြီး။
ထိုလမ်းမကြီးကို ကျွန်တော်တို့ အကြိမ်ပေါင်းများစွာ ဖြတ်သန်းသွားလာနေခဲ့ဆဲ။
အရိပ်ရ သစ်ပင်ကြီးငယ်တွေကလည်း စိုပြည်အုံ့ဆိုင်းလျက်။
ထို့ပြင် ကျွန်တော်တို့ စာပေနယ်၏အဓိကရ ဟံသာဝတီ စာအုပ်တိုက်ကြီး တည်ရှိခဲ့ဖူးသည်။
သူရိယ သတင်းစာဂျာနယ်တိုက်ကြီး တည်ရှိခဲ့ဖူးသည်။
ယခု ဖျက်သိမ်းထားသော စားဖျော်ရုံးချုပ်ကြီး အပေါ်ထပ်တွင် ရွှေဝတ်မှုန်မဂ္ဂဇင်းကြီး ရှိခဲ့ဖူးသည်။
ထို့အတူ ရှုဒေါင့်ဂျာနယ်နှင့် လုံမလေးမဂ္ဂဇင်းတို့လည်း ရှိခဲ့ဖူးသည်။
ယခုသော်ကား . . .။
ဟံသာဝတီစာအုပ်တိုက်ကြီးရှိခဲ့ရာ အနီးအနားသို့ ရောက်လေတိုင်း ကျွန်တော်တို့
သက်ကြီးစကားအဖြစ် ဖတ်မှတ်ကြားနာခဲ့ရသော ဟံသာဝတီစာအုပ်တိုက်ပိုင်ရှင်
သူဌေးကြီး ဦးညွန့်၏ . . . "ကျွန်တော်များ ဟံသာဝတီစာအုပ် တိုက်မှ ထုတ်ဝေဖြန့်ချိခဲ့သော
စာအုပ်များကို အကောင်းဆုံးဖြစ်အောင် ရေးသားထုတ်လုပ် ဖြန့်ချိပုံနှိပ်ထုတ်ဝေထားပါသည်။
ကျွန်တော်များ စာအုပ်တိုက်မှ ထုတ်ဝေဖြန့်ချိခဲ့သော စာအုပ်များတွင် 'သတ်ပုံသတ်ညွှန်း'များကို
အထူးကြပ်မတ် စစ်ဆေးရန် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းထားပါသဖြင့် မည်သည့် စာအုပ်မှမဆို
'သတ်ပုံမှားတစ်လုံး'ပါသည်ဟု ထောက်ပြ၊ ညွှန်ပြနိုင်လျှင် ရွှေဒင်္ဂါးတစ်ပြား ဆုချီးမြှင့်ပါမည်"ဆိုသော
စကားများ . . ." ကျွန်တော်တို့ မဆလခေတ်တစ်လျှောက်လုံး ဗိုလ်အောင်ကျော်လမ်းကို
သင်္ဘောသားလမ်းဟု အသိအမှတ်ပြုခဲ့ကြရသည်။
နိုင်ငံတကာနှင့် ဆက်သွယ်လှုပ်ရှားလိုသူတိုင်း ဤလမ်းမကို ကျော်ဖြတ်ကြရသည်။
နိုင်ငံ တကာနှင့် ပစ္စည်းပို့၊ ငွေပေး၊ ငွေယူ၊ ချိန်းဆို၊ ဆုံတွေ့ ... ဆက်သွယ်ရေးများသည်
ဤ လမ်းမကြီးသည် အဓိက။
ဤလမ်းမကြီးပေါ်မှာ ရှစ်လေးလုံး ကာလဆန္ဒပြသူများ ပြည့်ကျပ်နေခဲ့သည်မှာ ကိုယ်တွေ့မျက်မြင်။
ကျွန်တော်တို့ ကိုယ်တိုင် မြန်မာနိုင်ငံ ကဗျာဆရာများ အဖွဲ့ တွင် ပါ၀င်ခဲ့လျက်။
အနော်ရထာလမ်းမကြီးရှိ ၃၃ လမ်းထိပ် ရွှေကြည်အေး လက်ဖက်ရည်ဆိုင်တွင် လူစု။
မောင်အောင်ပွင့်၊ မြေချစ်သူ၊ အောင်ဝေး၊ မောင်စိမ်းနီ စသူတို့နှင့်။ အနော်ရထာလမ်းမကြီးတစ်လျှောက်
ဆန္ဒပြ၊ ဆေးရုံကြီးကို ကွေ့ဝိုက်ချီတက်။
ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျှောက်မှ ဗိုလ်အောင်ကျော်လမ်းသို့။ ထိုမှပြန်ကွေ့။
ပန်းဆိုးတန်း - ဘားလမ်းတွင် လူစုခွဲ။ ထိုသို့ နေ့စဉ်တစ်လလုံးနီးပါး။
ထိုအချိန်က ဂန္ဓီဟောခန်းမကြီး၏ လူထု လှုပ်ရှားမှုများတွင် ဗိုလ်အောင်ကျော်လမ်းမကြီး
တစ်လျှောက်လုံး ပင်နီရောင်တွေ ဖုံးလွှမ်းလျက်။
ကျွန်တော်တို့ သခင်စိုးမြင့်၊ သခင်လွင်တို့ နံဘေးမှာ ကိုမောင်မောင်၊ ကိုညီညီတို့နှင့် ပူးတွဲလျက်။
ယခုသော်ကား သူတို့လည်း ကွယ်လွန်သွားခဲ့ကြလေပြီ။
ဗိုလ်အောင်ကျော်လမ်းမကြီးသာ စကားပြောတတ်မည်ဆိုပါက သူ့လမ်းမကြီးပေါ်မှာ ဖြစ်ပျက်ခဲ့သော၊
တွေ့ကြံုခဲ့ရသော၊ အချိုးအကွေ့ပေါင်းများစွာကို ပြောချင်နေ ရှာပေလိမ့်မည်။
ကောက်ကျစ်သော လူတွေ၊ ယုတ်မာသောလူတွေ၊ အမိန့်အရဆိုသော လူတွေ၊ ဝေလေလေတွေ၊
သူတော်ကောင်းတွေ၊ သူရဲကောင်းတွေ စသဖြင့် ဒီလူတွေဟာ လူကောင်းလေးတွေပါ။
သူတို့ မမှားပါဘူး။
ခေတ်သမိုင်းကို ရိုင်းအောင်လုပ်နေတာ သူတို့မဟုတ်ပါဘူး။
ရဲရဲတောက်စကားတွေသာ ပြောတတ်ကြတာပါ။
အနစ်နာခံ သွားရတာသူတို့ပါ စသည်ဖြင့်။
ကျွန်တော်တို့ ကိုယ်တိုင်လည်း ယနေ့အချိန်အထိ ဘာမျှမတတ်နိုင်။
ဗိုလ်အောင်ကျော်လမ်းမကြီးကို ဖြတ်သန်းသွားလာနေ ရဆဲ၊ ငေးမောနေရဆဲ။
ဟိုတစ်ချိန်က ရှိခဲ့ဖူးသည်၊ မြင်ခဲ့ဖူးသည်တို့ကို ပြန်လည် တမ်းတနေမိဆဲ။
ဗိုလ်အောင်ကျော်လမ်းမကြီး တည်ရှိနေသရွေ့ စိန်ပေါလ်ဘုရားရှိခိုးကျောင်းကြီး၊ အတွင်းဝန်ရုံးကြီး၊
ဗဟိုစာတိုက်ကြီး၊ ဟိန္ဒူ ဘုရားရှိခိုးကျောင်း၊ ဗလီဝတ်ကျောင်း ရှိနေသေးသည့်အတွက်
ဖြေသာပါသေးသည်။
လွမ်းစရာတွေ၊ သတိရစရာတွေ၊ တွေးစရာတွေ၊ ပျော်စရာတွေများစွာနှင့် ကျွန်တော်တို့
ဗိုလ်အောင်ကျော်လမ်းမကြီး ချမ်းမြေ့သာယာ ရှိပါစေလို့ ဆုတောင်း ရင်း . . .။
ဤလမ်းမကြီးများ အဓွန့်ရှည်ပါစေလို့ ဆုတောင်းရင်း ...။

















