မြန်မာ့တိုင်းရင်းဆေးပညာ လူထုသိဖို့ လိုအပ်နေသေး

မြန်မာ့တိုင်းရင်းဆေးပညာ လူထုသိဖို့ လိုအပ်နေသေး

ပုဂံခေတ်ကစတင်ပြီး ကုန်းဘောင်ခေတ်တွင် တန်ခိုးအကြီးဆုံးဖြစ်ခဲ့တဲ့ မြန်မာ့တိုင်းရင်းဆေးပညာအကြောင်း၊ မျက်မှောက်ခေတ်တိုင်းရင်းဆေးရုံအကြောင်းတွေကို မန္တလေးရုံးခွဲမှ စာတည်းခင်ဆုဝေက အခုလို တင်ပြထားပါတယ်။

ပုဂံခေတ်ကစတင်ပြီး ကုန်းဘောင်ခေတ်တွင် တန်ခိုးအကြီးဆုံးဖြစ်ခဲ့တဲ့ မြန်မာ့တိုင်းရင်း
ဆေးပညာအကြောင်း၊ မျက်မှောက်ခေတ်တိုင်းရင်းဆေးရုံအကြောင်းတွေကို
မန္တလေးရုံးခွဲမှ စာတည်းခင်ဆုဝေက အခုလို တင်ပြထားပါတယ်။

မြန်မာ့တိုင်းရင်းဆေးဟာ ပုဂံခေတ်ကတည်းက စတင်ခဲ့ပြီး တန်ခိုးအကြီးထွားဆုံး အချိန်
ဟာ ကုန်းဘောင်ခေတ်ဖြစ်ပါတယ်။ မင်းတုန်းမင်းတရားကြီးဟာ နန်းတွင်းသမားတော်
၁ဝ ယောက်တိတိ ထားရှိ ခန့်ထားခဲ့ဖူးတဲ့ရာဇဝင် ရှိခဲ့သလို မင်းစားဖိုဆောင်ကို စီမံခန့်ခွဲခွင့်
အပြည့်ရှိသည့်အပြင် ရှင်ဘုရင်တောင် ဝင်စွက်ဖက်ခွင့် မရှိခဲ့တဲ့ ရာဇဝင်အတိအကျ ရှိခဲ့ပါတယ်။

အင်္ဂလိပ်ခေတ်ရောက်ပြီးတဲ့နောက် မြန်မာ့တိုင်းရင်းဆေး အရှိန်အဝါ မှေးမှိန်ခဲ့ရပါတယ်။
လက်ရှိ အချိန်မှာတော့ တိုင်းရင်းဆေးက ဘယ်အခြေအနေထိ ရောက်နေပြီလဲဆိုတာ
တော့ မေးစရာရှိပါတယ်။ အစိုးရ တိုင်းရင်းဆေး ထုတ်လုပ်တဲ့လုပ် ငန်းတွေက ဖြန့်ချိတဲ့
ဆေးဝါး ၅၇ မျိုး၊ ပုဂ္ဂလိက ဆေးဝါးတွေက ဖြန့်ချိတဲ့ ဆေးဝါး ထောင်ချီရှိတာမို့ တိုင်းရင်း
ဆေးဝါးတွေက နိုင်ငံအနှံ့မှာ လွယ်လင့်တကူ ရရှိနိုင်သလိုမြန်မာ့တိုင်းရင်းဆေးကို
လက်ခံ သုံးစွဲကြဆဲဆိုတာ သိသာပါတယ်။

ဆေးခန်းအနေနဲ့တော့ အစိုးရတိုင်းရင်းဆေးခန်း ၂ဝဝ ကျော်ရှိပြီး ပုဂ္ဂလိက ဆေးခန်းတွေက
နေရာအနှံ့ တွေ့နိုင်ပါတယ်။ မြန်မာ့တိုင်းရင်းဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လက်ခံတယ်လို့
မန္တလေးမြို့က ခုတင် ၁ဝဝ ဆံ့ တိုင်းရင်းဆေးရုံကြီးက ဆေးရုံအုပ် ဦးသံချောင်းက ပြောပါတယ်။

တိုင်းရင်းဆေးရုံကြီးမှာ အတွင်းလူနာ ၁ဝဝ ဝန်းကျင်၊ ပြင်ပလူနာ ၁ဝဝ ဝန်းကျင်ရှိပြီး နေ့စဉ်
လူနာ ၁၂ဝ ခန့် ရှိပါတယ်။ အများစုကတော့ နာတာရှည်၊ လေဖြတ်လေငန်း၊ အနာပေါက်တွေ
ဖြစ်တာကြောင့် အဲဒီအပိုင်းမှာ တိုင်းရင်းဆေးပညာနဲ့ ကုသမှု ခံယူတာက နာမည်ရပါတယ်။

တိုင်းရင်းဆေးပညာဟာ လူထုကျယ်ကျယ်ပြန့်ပြန့်သိဖို့ လိုအပ်တယ်လို့ ဆေးရုံအုပ် ဦးသံချောင်းက
ပြောပါတယ်။ ''တိုင်းရင်းဆေးပညာဟာ ဘေးထွက်ဆိုးကျိုး နည်းတယ်။ ကိုယ့်အရပ်ဒေသက
ဘယဆေးပင်တွေနဲ့ပဲ ကုသလို့ရတယ်၊ တစ်နည်း ပြောရင် နိုင်ငံခြားငွေ သက်သာစေတယ်။

အနောက်တိုင်း ဆေးဝါးကတော့ ခေတ်မီ စက်ကိရိယာသုံးနိုင်တယ်၊ ရောဂါ တိတိကျကျ
ဖော်ထုတ်နိုင်တယ်။ နောက် သူက ခွဲစိတ်တာတွေ ကောင်းတယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုး
များတယ်။ ပခုက္ကူမှာ ဖြစ်သွားတဲ့ ကေစ့်လိုမျိုး။ နောက်ပြီး ငွေကုန်ကြေးကျများတယ်'' လို့
ဆိုပါတယ်။

တိုင်းရင်းဆေးရုံကြီးဟာ နှစ်ပေါင်း ၃ဝကျော် ကြာမြင့်နေပေမယ့်လည်း လူထုသိဖို့လိုအပ်တယ်
လို့လည်း သူက ဆိုပါတယ်။ တိုင်းရင်းဆေးဝါးလုပ်ငန်းဆိုတာ စိတ်စေတနာ အဓိကပါဖို့လိုပါတယ်
လို့ အသက်၁၉ နှစ် အရွယ်ကတည်းက တိုင်းရင်းဆေးဆရာမလုပ်လာတဲ့ မတ္တရာမြို့က
အသက် ၆၉ နှစ်အရွယ် ဒေါ်ထူးက ဆိုပါတယ်။ အဖိုးဖြစ်သူက လယ်ဧက ၈ဝ ကနေ ၁ဝဝ အထိ
ပိုင်တဲ့ တောင်သူကြီးဖြစ်ပြီး သူ့ဆီမှာအလုပ်လုပ်တဲ့ အလုပ်သမားလေးတွေအတွက် ဆေးဖော်ပြီး
ကုသပေးခဲ့သူ ဖြစ်ပါတယ်။

အဖိုး အမွေကို ဆရာမကြီး ဒေါ်ထူးထူးရဲ့ မိခင်က ဆက်ခံခဲ့ပြီး အဲဒီကတစ်ဆင့် ဒေါ်ထူးထူးက
ပညာအမွေ ရရှိခဲ့ပါတယ်။ ''ကျွန်မတို့ခေတ်ကျတော့ စာမေးပွဲဖြေမှဆေးကုသခွင့်ပေးတော့
အစိုးရ စာမေးပွဲဖြေခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်လောက်ကပေါ့။ ကျမ်းကြီး ၁၁ ကျမ်းက စာတွေကို
မေး ခဲ့တာပါ''လို့ ဆိုပါတယ်။

ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ၂ဝ၁၁ ခုနှစ်က ကျင်းပခဲ့သော တိုင်းရင်းဆေးဝါး ပြပွဲတွင် မော်ဒယ်တစ်ဦးက အဘထရှူဆေးကို ပြသနေစဉ်။ ကောင်းထက်/ မြန်မာတိုင်း(မ်)

လက်ရှိမှာ မတ္တရာမြို့မှ ဒေါ်ထူးထူးက အတူနေ တိုင်းရင်းဆေးပညာဘွဲ့ရ ဆရာမ နှစ်ဦးနဲ့အတူ
ဆေးကုသပေးလျက်ရှိသလို သူဖော်စပ်တဲ့ တိုင်းရင်းဆေးတွေကလည်း နာမည်ကြီးပါတယ်။
နေ့စဉ် လူနာ ၃၅ ဦး ကနေ ၄ဝ အထိ လာရောက် ကုသမှုခံယူ လျက်ရှိပါတယ်။ မတ္တရာဒေါ်ထူးထူး
အနေနဲ့ မတ္တရာမြို့ပေါ်မှာ ဆိုင်ခန်း ၁၂ ခန်းခန့် ပိုင်ဆိုင်ထားပြီး စျေးချိုမှာလည်း ဆိုင်ခန်း သုံး
ခန်းရှိပါတယ်။ တိုင်းရင်းဆေး ဆရာမအနေနဲ့ စတင်ခဲ့ပေမယ့်လည်း  သူကုသတဲ့လူနာတွေ
အတွက် ဆေးဝါးဖော်စပ်ကုသပေးခဲ့ရာမှ ဆေးဝါးရောင်းဝယ်ရေးလုပ်ငန်းပါ လုပ်ကိုင်ဖြစ်ခဲ့တယ်
လို့ ဆိုပါတယ်။

''ကြော်ငြာထားလို့ နာမည်ကြီးတာဆိုလို့ရှိရင် တီဘီအဆုတ်သန့်အတွက် သိကြားရေစင်ရယ်၊
ပန်းနာ ရင်ကျပ်အတွက် ရွှီအမှတ်တံဆိပ်ရယ်က ပေါက်ပါတယ်။ မကြော်ငြာဘဲနဲ့ ပေါက်တာ 
ဆိုရင်တော့  ဝတဲ့သူတွေ သောက်တဲ့သွေးတိုးကျဆေး ဖြစ်တဲ့ ဇဗ္မူဒီပါ ဆေးကလည်း နာမည်
ရှိပါတယ်'' လို့ ဒေါ်ထူးထူးကမြန်မာတိုင်း(မ်)ကို ပြောပါတယ်။

''မတ္တရာမှာ ဆိုင်ခန်း ၁၂ ခန်းဆိုပေမယ့်တကယ်တမ်းက ရှစ်ခန်းလောက်ပဲ အသုံးပြုတာပါ။
ဆေးဖော်တဲ့အခန်း၊ ကုသတဲ့အခန်း၊ နောက်ပြီး ဘယဆေးဖော်စေချင်ရင်လည်း သူတို့ပေးတဲ့
ဆေးညွှန်းနဲ့ ဖော်ပေးတဲ့အခန်း၊အခြားသူတွေထုတ်တဲ့ တိုင်းရင်းဆေးဝါးတွေလည်း ရောင်းပါတယ်။
ကိုယ်တိုင်လည်းကု၊ဆေးလည်းဖော်၊ သူတို့ဖော်စေချင်တဲ့အတိုင်းလည်း ဖော်ပေး၊ ဆေးလည်း
ရောင်း အကုန်လုပ်တာပါပဲ''လို့ သူက ပြောပါတယ်။

တိုင်းရင်းဆေးလုပ်ငန်း အောင်မြင်ဖို့ဆိုပညာရပ်ကို ကျွမ်းကျင်ရန်လိုအပ်ပြီး ထိုအပေါ်မှာ စေတနာ
ထားရှိရန်လိုအပ်ကြောင်း၊ လူထုသိရန် ပြောပြဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။

''တိုင်းရင်းဆေးက အနောက်တိုင်းဆေးလို အာနိသင်အပေါ် အခြေခံတာမဟုတ်ပဲနဲ့ သဘာဝအပေါ်
အခြေခံပါတယ်။ သဘာဝမပိုင်ရင်တော့ အဆင်မပြေနိုင်ပါဘူး။ ဆေးအနေနဲ့ဆိုရင် နေရောင်ခြည်
မဝင်ရ ဆိုရင် အဝင်မခံရတာတို့၊ အပူချိန် ဒီဂရီ ဘယ် လောက်ထားဖို့လိုအပ်တယ်ဆိုရင် ထား
လိုက်ဖို့၊ ပြီးတော့ သူ့ဝေဒနာအလိုက် အလွှာလေးတွေ ရှိတယ်ဆိုတာ သေချာဆောင်ရွက်ဖို့
လိုပါတယ်။

ဥပမာအနေနဲ့ ဝမ်းနုတ်ဆေးဆိုရင် ဝတဲ့သူဟာ ရေဓာတ်ဖွဲ့လို့ ဝတာ ဖြစ်တဲ့အတွက် နွေးတဲ့ဆေး
ပေးရတယ်၊ ပိန်တဲ့သူဆိုရင် အေးတဲ့ဆေး ပေးရပါတယ်။ လူနာတွေကိုလည်း သိအောင်လည်း
ရှင်းပြဖို့လိုပါတယ်။ ဆေးတွေ ပေးရင်လည်း ဘယ်ရောဂါရှိသူများကတော့ မသောက်ရပါဆိုပြီး
ရေးပေးရတယ်။ ဒူလာဆေးဆိုရင်လည်း သူ့အကျိုးးကဘာဖြစ်နိုင်သလဲပါ ရေးပေးပါတယ်''လို့
ဆရာမကြီးက ပြောပါတယ်။

မြန်မာ့တိုင်းရင်းဆေးနဲ့ ပတ်သက်ပြီးအမြင်တွေရှိတဲ့အထဲ အများစု ယုံကြည်တာကတော့
တိုင်းရင်းဆေးနဲ့ ကုသလို့ရတဲ့ရောဂါရှိသလို ကုသလိုမရတဲ့ ရောဂါလည်း ရှိတယ်လို့ အများစုက
ပြောပါတယ်။

''တိုင်းရင်းဆေးကို ယုံပါတယ်။ ဒါပေမဲ့ ကျွန်မ သိမီ သလောက်တော့ တိုင်းရင်းဆေးနဲ့ စားသောက်
သင့်တဲ့ အစားအစာအထိ ညွှန်းနိုင်တဲ့ဆေးဆရာ မတွေ့ကြတော့ ရောဂါကမြန်မြန် မပျောက်ဘူးပေါ့
လေ။ နောက်ပြီးရှေးရှေးက ဆရာကြီးတွေရဲ့ လက်ဆင့်ကမ်းနိုင်မှု အားနည်းနေတာလည်း ပါမယ်
ထင်ပါတယ်။ သားသမီးတွေက စိတ်မဝင်စားတော့လက်ဆင့်ကမ်းနိုင်မှုမှာ မြန်မာ့တိုင်းရင်းဆေးက
အားနည်းခဲ့တယ်လို့ ယူဆပါတယ်'' လို့ အသက် ၆၅ နှစ်အရွယ် ဒေါ်နှင်းအေးငယ်က ဆိုပါတယ်။

အကိုက်အခဲ၊ ဖျားနာတာကိုတော့ တိုင်းရင်းဆေးပဲ အမြဲသုံးတယ်လို့ သူကဆိုပါတယ်။ ဒါပေမဲ့လည်း
အရင်ခေတ် အစိုးရတိုင်းရင်းဆေး အသိအမှတ်ပြု လက်မှတ်နဲ့ဆေးကုသခွင့် ပေးတာရှိသလို
ဒီပလိုမာသင်တန်း၊ ဘွဲ့သင်တန်းကတစ်ဆင့် ဆေးကုသခွင့်ရရှိပေမယ့်လို့ ဘာလက်မှတ်မရှိပဲ
မျိုးရိုးလက်ဆင့်ကမ်းနဲ့ ကုသတာရှိသလို မြန်မာတိုင်းရင်းဆေး အမည်ခံပြီး ရမ်းကုတာတွေ ရှိတတ်
ကြလို့ သတိထား ဂရုပြုဖို့တော့လိုပါတယ်။ အနောက်တိုင်းဆေးနဲ့ တိုင်းရင်းဆေးမှာ အယူအဆ
မတူတဲ့ အချက်တွေ ရှိတယ်လို့ မန္တလေးမြို့ တိုင်းရင်းဆေးရုံကြီးက ဆေးရုံအုပ်ကြီးဦးသံချောင်းက
ပြောပါတယ်။

အချုပ်အားဖြင့် ပြောရမယ်ဆိုတော့ တိုင်းရင်းဆေးပညာ တိုးတက်ဖို့အတွက် ဆက်လက်ကြိုးစားနေဖို့
လိုအပ်နေသေးတဲ့အပြင် လူထု သိဖို့လိုအပ်တယ်လို့ ဆိုကြပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021