ငြိမ်းချမ်းရေး တည်ဆောက်ရေးမှာ အစိုးရ ပေါ်လစီ ဘယ်လောက် အရေးပါလဲ

ငြိမ်းချမ်းရေး တည်ဆောက်ရေးမှာ အစိုးရ ပေါ်လစီ ဘယ်လောက် အရေးပါလဲ

အခုတစ်လော ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြတဲ့ ပြဿနာတွေထဲမှာ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေကို အစိုးရက ကားလိုင်စင် ချပေးတဲ့ ပြဿနာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

အခုတစ်လော ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြတဲ့ ပြဿနာတွေထဲမှာ တိုင်းရင်းသား
လက်နက်ကိုင် အုပ်စုတွေကို အစိုးရက ကားလိုင်စင် ချပေးတဲ့ ပြဿနာလည်း တစ်ခုအပါအဝင်
ဖြစ်ပါတယ်။

တချို့က ဒီလိုလုပ်တာဟာ တိုင်းရင်းသား အဖွဲ့တွေကို အခွင့်အရေးပေး လာဘ်ထိုးမှုပုံစံ ဖြစ်နေလို့
မသင့်တော်ဘူး၊ တချို့ကတော့ ဒီ လိုင်စင်တွေကို လက်နက်ကိုင်အဖွဲ့တွေက သူတို့ ကားတွေကို
တရားဝင်လိုင်စင်ဝင်တာ မဟုတ်ဘူး၊ လက်လွှဲရောင်းစားတော့ ပွဲစားတွေပဲ အမြတ်ရကြတယ်၊
အလွန်တန်ဖိုးကြီးတဲ့ ကားတွေကို တရားဝင်လိုင်စင်လုပ်ကြလို့ နိုင်ငံအတွက် အခွန်အခ
ဘယ်လောက် နစ်နာသွားတယ် စသဖြင့် ဝေဖန်တာရှိသလို တချို့ကတော့ ငြိမ်းချမ်းရေး
အကောင်အထည်ဖော်နေတဲ့ တာဝန်ရှိသူတွေကပဲ ကိုယ်ကျိုးရှာနေသယောင် မဟုတ်မမှန်
လုပ်ကြံစွပ်စွဲ ပုတ်ခတ်တာမျိုးလည်းလုပ်ပါတယ်။

ဒီပြဿနာဘယ်လို ပြဿနာမျိုးလဲ၊ ဘယ်လို ဖြေရှင်းရင်ကောင်းမလဲဆိုတာ ခုတစ်ပတ် ဆွေးနွေး
သုံးသပ်သွားပါ့မယ်။

အရင်ကတည်းက ရှိခဲ့တယ်

တကယ်တော့ ငြိမ်းချမ်းရေးကား ဆိုတာ အရင်ခေတ်ကတည်းက ရှိခဲ့တာပါ။ ဖြစ်ပုံက ဒီလိုပါ။

၁၉၉၀ နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အစိုးရနဲ့ ငြိမ်းချမ်းရေး ယူပြီးတဲ့အခါ
စီးပွားရေး အခွင့်အလမ်းမျိုးစုံ တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။

အဲဒီထဲမှာ တပ်ဖွဲ့ပိုင်ကားတွေကို မြို့တွေပေါ်မှာ တရားဝင် အသုံးပြုခွင့်ပေးဖို့ ဆိုတာလည်း ပါပါ
တယ်။

ဒါပေမဲ့ အားလုံးသိတဲ့အတိုင်း အဲဒီအချိန်က စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ကိုယ်ကျိုး
စီးပွားအတွက် ကားတင်သွင်းခွင့်တွေ ပိတ်ပင်ထားပြီး ပြည်တွင်းမှာ ကားဈေးနှုန်းတွေ မတရား
ခေါင်ခိုက်အောင် ဖန်တီးထားတဲ့ အချိန်ပါ။

အချိန်တချို့မှာဆို ကားတစ်စီး သွင်းခွင့်ပေးလိုက်တာနဲ့ ကျပ်ငွေ သိန်းထောင်နဲ့ချီ လာဘ်ငွေရတဲ့
ကာလမျိုးတောင် ရှိခဲ့ဖူးပါတယ်။

အဲဒီအတွက် ပြည်တွင်းမှာ ကားအစီးရေ ပေါများလာမှာကို ဘယ်လိုနည်းနဲ့မှ ခွင့်မပြုနိုင်ခဲ့ပါဘူး။
ဒီအတွက် ငြိမ်းအဖွဲ့တွေကို သုံးစားလို့မရတဲ့ မာစဒါဂျစ် အစုတ်လေးတွေ တစ်စီးနှစ်စီးစီ တရားဝင်
ချပေးပါတယ်။ ဒီလောက်ပါပဲ။

ငြိမ်းအဖွဲ့တွေကလည်း နယ်စပ်မှာဝယ်ရင် ကျပ်သိန်း ၁၀၀ မပေးရတဲ့ ကားတွေကို ပြည်တွင်းမှာ
သုံးဖို့ ကျပ်သိန်းထောင်နဲ့ချီ မသုံးချင်ပါဘူး။

တချို့အဖွဲ့တွေ အဲဒီလောက် ငွေမရှိပါဘူး။ ဒီ အတွက် နောက်ပိုင်း ထောက်လှမ်းရေးတပ်ဖွဲ့နဲ့
နားလည်မှုယူပြီး နယ်စပ်က သွင်းလာတဲ့ လိုင်စင်မဲ့ကားတွေကို ငြိမ်းအဖွဲ့ ထောက်ခံစာတွေနဲ့
အသုံးပြုပါတယ်။

အဲဒီအချိန်မီခဲ့သူတွေ သိပြီးဖြစ်တဲ့အတိုင်း နောက်ပိုင်း အဲဒီကားတွေ ရဟန်း သံဃာနဲ့ ပြည်သူတွေ
လက်ထဲရောက်သွားခဲ့ပါတယ်။

အကျဉ်းချုပ်ပြောရရင် ထောက်လှမ်းရေးတွေကို နှိပ်ကွပ်ပြီးနောက်ပိုင်း အဲဒီကားတွေကို တရားမဝင်
ဘူး၊ အားလုံးလာအပ်ရမယ်၊ မအပ်ရင် ဖမ်းမယ်ဆီးမယ် ထောင်ချမယ်လုပ်လို့ ပြည်သူပေါင်း
သောင်းနဲ့ချီ ကားအသိမ်းခံရ ဆုံးရှုံးခဲ့ကြရဖူးပါတယ်။

ငြိမ်းအဖွဲ့တွေကတော့ သူတို့ပိုင်ကားတွေ သူတို့နယ်ထဲ မောင်းယူသွား ပြီး စစ်အစိုးရနဲ့ ဆက်ဆံရေး
တင်းမာမှုလည်း အစပြုခဲ့ပါတယ်။

နောက်တစ်ကျော့

နောက်ပိုင်း အစိုးရဟာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေထဲက နယ်ခြားစောင့်တပ် ပြောင်းတဲ့
အဖွဲ့၊ ပြည်သူ့စစ်ပြောင်းတဲ့ အဖွဲ့တွေကို ဆုလာဘ်သဘောကားပါမစ်တွေ ထုတ်ပေးခဲ့ဖူးပါတယ်။

နမူနာအားဖြင့် နယ်ခြားစောင့်တပ် ပြောင်းတာကို လက်ခံလိုက်တဲ့ အင်န်ဒီအေ (ကချင်) အဖွဲ့ဆို
ခေါင်းဆောင်တွေအတွက် ကားအစီး ၄၀ ကျော် လိုင်စင်ရပါတယ်။

လုပ်ပုံလုပ်နည်းကတော့ ဘယ်ကရရ ရထားတဲ့ လိုင်စင်မဲ့ကားကို လိုင်စင်ဝင်လိုက်ရင် တရားဝင်
ဖြစ်သွားပါပြီ။

ဒီအတွက် ကားဈေးကောင်းတဲ့ အဲဒီအချိန်က ခေါင်းဆောင်တချို့ဟာ လိုင်စင် ၀င်ပြီးကား ပြန်ရောင်း
ရုံနဲ့တင် ကျပ်ငွေ သိန်း ၁,၀၀၀ လောက်ရတဲ့သူလည်း ရသွားကြပါတယ်။

နှစ်ပေါင်းများစွာ တော်လှန်ရေးလုပ်၊ အသက်မသေဘဲ ကျန်ခဲ့ပြီး တပ်ဖွဲ့ကို အစိုးရ တပ်မတော်
လက်အောက် အပ်လိုက်တဲ့အတွက် ရလာတဲ့ ဆုလာဘ်ဆိုပြီး လှောင်ပြောင်တာ ခံသူ ခံရပါတယ်။

လက်ရှိ အခြေအနေ

အခုဆိုရင် အစိုးရနဲ့ အပစ်ရပ် လက်မှတ်ထိုး ထားတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ၁၄ ဖွဲ့ ရှိနေ
ပါတယ်။

အဲဒီအဖွဲ့တွေဟာ အရင်လိုပဲ ငြိမ်းချမ်းရေးလုပ်ထားစဉ်ကာလ မြို့ထဲသွား လာဖို့ သူတို့ကားတွေ
လိုင်စင်လုပ်ပေးပါလို့ တောင်းဆိုမှုတွေ ရှိတယ်လို့ အစိုးရ တာဝန်ရှိသူ တွေက ပြောပါတယ်။

ဒီတစ်ကြိမ်တော့ အစိုးရဘက်က လိုက်လျောခဲ့ပါတယ်။ အရင်တစ်ချိန်က ဖြစ်ခဲ့တဲ့ အခြေအနေ
တွေကို သုံးသပ်ပြီး လက်နက်ကိုင်တပ်ဖွဲ့ ထောက်ခံစာနဲ့ လိုင်စင်မဲ့ကားတွေ မြို့ပေါ်ရောက်မလာ
စေဖို့ ရည်ရွယ်ပုံရပါတယ်။

ဒီလိုနဲ့ တပ်ဖွဲ့အကြီးအသေးအလိုက် တချို့အဖွဲ့ကို လိုင်စင် ၁၂၀၊ တချို့အဖွဲ့ကို ၈၀၊ တချို့အဖွဲ့ကို ၆၀
စသဖြင့် ချပေးခဲ့ပါတယ်။

လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ သူတို့ကား၊ ဘာကား မဆိုလာပြီး မှတ်ပုံတင်ရင် တချို့ကားတွေ
လုံးဝ အခွန်ကင်းလွတ်ခွင့်ရမယ်၊ တချို့ကားတွေက တော့ တစ်ပိုင်းတစ်စ အခွန်ကင်းလွတ်ခွင့်ပေး
မယ်ဆိုတဲ့ နည်းနဲ့ပါ။

ပြောရရင် အရင်ခေတ်တုန်းကလို မြို့တွေပေါ်မှာ လိုင်စင်မဲ့ကားတွေ ရောက်မလာအောင် စည်းကမ်း
တကျ လုပ်လိုက်တာဖြစ်ပါတယ်။

တစ်ဆက်တည်း လက်နက် ကိုင်အဖွဲ့အစည်းတွေရဲ့ အခက်အခဲတစ်ခု ဖြေရှင်းပေးတာလည်း
ဖြစ်ပါတယ်။

ဒါပေမဲ့ လက်တွေ့အခြေအနေမှာ တချို့ လက် နက်ကိုင်အဖွဲ့တွေဟာ သူတို့တပ်ဖွဲ့ကား သူတို့
လိုင်စင်လာဝင်ပေမယ့် တချို့ကျတော့ ပါမစ်ရောင်းစားတာ လုပ်ပါတယ်။ ဒါလည်း သဘာဝကျ
ပါတယ်။

ပါမစ်ရောင်းစားပြီး ရလာတာကို တပ်ဖွဲ့ရံပုံငွေ လုပ်မယ်၊ အဲဒီထဲက ငွေတချို့သုံးပြီး သင့်တော်တဲ့
ကားပြန်ဝယ်သုံးမယ် ဒီလို လုပ်တာမျိုးတွေလည်း ရှိပါတယ်။

တပ်ဖွဲ့ရန်ပုံ ငွေ ဟုတ်မဟုတ်၊ ကိုယ်ကျိုးတွေ သုံးမသုံး တစ်ဖွဲ့ ချင်းစီရဲ့ ပြဿနာပဲ ဖြစ်ပါတယ်။

ဈေးကွက် ဂယက်

လက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်ပိုင်းအတွက် ချပေးတဲ့ ကားလိုင်စင် အရေအတွက် တချို့ကို
အစိုးရက လုံးဝ အခွန်ကင်းလွတ်ခွင့် ပေးထားတဲ့အတွက် အဲဒီ ပါမစ်တွေကိုင်ပြီး တန်ဖိုးအလွန်မြင့်
တဲ့ ကားတွေကို လိုင်စင်ဝင်၊ ဈေးကွက်ထဲ ပြန်ရောက်တဲ့အခါ အမြင့်ကားတွေ ဈေးဇောက်ထိုး
ကျကုန်ပါတယ်။

ဒီအခါ တကယ့်အမြင့်ကားကြီးတွေ ဈေးကျအောင် အစိုးရကလုပ်တာဆိုပြီး ကိုယ်ကျိုးစီးပွား
ထိခိုက်သွားသူတွေက မီဒီယာသုံးထိုးနှက်တာ တွေတောင် ရှိလာပါတယ်။

အဓိကကတော့ ဒီလို ကားဈေးတွေ ထိုးကျသွားတာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း
ကော်မတီရဲ့ လုပ်ရပ်လို့ ယူဆပြီး ငြိမ်းချမ်းရေး လုပ်ငန်း ထိခိုက်နိုင်သည်အထိ မမှန်မကန်
အချက်အလက်တွေနဲ့ စွပ်စွဲဝေဖန် ပုတ်ခတ်ကြပါတော့တယ်။ (တကယ်တော့ လက်နက်ကိုင်အဖွဲ့
တွေကို ကားလိုင်စင် လုပ်ပေးတာ အစိုးရအဖွဲ့ ဆုံးဖြတ်ချက်ပါ)။

တကယ်တော့ ဒါကလည်း မဆန်းပါဘူး။ အရင်တစ်ချိန်တုန်းကလည်း ကားဈေးတွေကျအောင်
လုပ်တယ်ဆိုပြီး ကားဝယ်ရောင်းသမား တချို့နဲ့ မီဒီယာတွေပေါင်းပြီး ပြည်သူတွေ မျက်နှာမကြည့်
ဘဲ အစိုးရကို ဆူပွက်ခဲ့ကြပါ သေးတယ်။

9F/- ပြဿနာ

ကြားထဲ ထပ်မှောင့်တာက ငြိမ်းအဖွဲ့တချို့ အရင်ခေတ်ကအတိုင်း ထောက်ခံစာ ထုတ်ပေးပြီး
လိုင်စင်မဲ့ကား ရောင်းတဲ့ ပြဿနာပါ။

အဲဒီ ပြဿနာ ရှိတယ်၊ သူတို့ တပ်ဖွဲ့နာမည် ခုတုံး လုပ်ပြီး ကားဘယ်လောက် ရောင်းပြီးပြီ၊
ထောက်ခံစာ ဘယ်လောက် ထုတ်ပေးထားပြီး ပြီး မသိနိုင်ဘူး ဆိုပြီး ကေအင်န်ယူ၊ ကေအင်န်
အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ တာဝန်ရှိသူတွေက ရန်ကုန်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ရပါ
တယ်။

အဲဒါဟာ 9F နံပါတ်တပ် ကား တွေရဲ့ ပြဿနာပါ။ အဲဒီလို ကားမျိုးတွေကို ရဲစခန်းတွေမှာ ဖမ်းထား
တာတွေ ရှိနေပြီး တချို့ အပြင်မှာ သုံးနေတာတွေ ရှိပါတယ်။

အဲဒီ နံပါတ်ပြားတွေဟာ အစိုးရ ကညနက ထုတ်ထားပေးတဲ့ နံပါတ်တွေ မဟုတ်ပါဘူး။

စောစောက သတင်းစာရှင်းပွဲမှာ ပြောခဲ့တဲ့ မသမာသူ တစ်ယောက်က လုပ်ကြံဖန်တီးထားတဲ့
ကားနံပါတ်ပြားတွေပါ။

ရှင်းရှင်းပြောရရင် လိုင်စင်မဲ့ကားပါ။ ခံရတော့ လက်ဝယ်ရှိ ပြည်သူတွေပါ။

နောက်ဆုံးတော့ ကားတင်သွင်းခွင့်ပေါ်လစီ

ပြဿနာကို အရင်းစစ်လိုက်ရင် အစိုးရကနေ လက်နက်ကိုင်တိုင်းရင်းသားတွေအတွက် ကား
လိုင်စင်တွေ လုပ်ပေးတာ မှန်ကန်ပါတယ်။

လက်နက်ကိုင် တပ်ဖွဲ့တွေဘက်ကလည်း ရန်ပုံငွေအတွက် ပါမစ်ရောင်းစားပြီး ကားချင်းဖလှယ်တာ
မျိုးလည်း မမှားပါဘူး။

မှားနေတာက အစိုးရရဲ့ ကားတင်သွင်းခွင့် ပေါ်လစီ ကောင်းကောင်းမချမှတ်နိုင်သေးတာပါ။
ပြည်တွင်းမှာ ကားဈေးတွေ အလွန်ကြီးနေပါသေးတယ်။

ရန်ကုန်မှာ ကားတွေကျပ်နေတဲ့ ပြဿနာ ဖြေရှင်းမပေးနိုင်သလို၊ နယ်တွေမှာကျတော့ ပြည်သူ
တွေ စီးဖို့၊ သုံးဖို့ ကားမရှိပါဘူး။

အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဈေးမြင့်လွန်းပြီး မဝယ်နိုင်လို့ပါ။ ဒါကြောင့် နိုင်ငံအတွက်
သင့်တော်မယ့် ကားတင်သွင်းခွင့် ပေါ်လစီ လိုအပ်နေပါတယ်။

လက်နက်ကိုင် တပ်ဖွဲ့တွေဘက်ကလည်း ပါမစ်တွေကိုတော့ အကုန်ရောင်းစား၊ ကိုယ်တိုင်ကတော့
သေနတ်တွေကိုင်ပြီး လိုင်စင်မဲ့ကားသုံး မယ်ဆိုတဲ့ ခေတ်မျိုး ချန်ထားခဲ့ဖို့ လိုပါပြီ။

ပြည်သူတွေကို ဒုက္ခရောက်စေမယ့် လိုင်စင်မဲ့ ကားတွေကို ထောက်ခံစာရေးပေးတဲ့အပြုအမူတွေ
ကိုလည်း ရပ်ဆိုင်းဖို့ ကောင်းပါပြီ။

အမြင့် ကားဈေးတွေကျတာနဲ့တင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးထိခိုက်လောက်အောင် စွပ်စွဲ
ပုတ်ခတ်မှုတွေ လုပ်နေသူတွေလည်း ရပ်တန်းက ရပ်သင့်ပါပြီ။

နိဂုံးချုပ်ပြောရရင် လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ပြဿနာ အဖြေရှာရာမှာ
အစိုးရရဲ့ စီးပွားရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ပေါ်လစီတွေနဲ့ အများကြီး ဆက်စပ်နေတယ်ဆိုတာ
ခုပြဿနာက မီးမောင်းထိုးပြနေပါတယ်။

ဒီအတွက် အစိုးရအနေနဲ့ တိုင်းပြည်ကို ကောင်းမွန်မှန်ကန်တဲ့ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ပေါ်လစီ
တွေချမှတ် အကောင်အထည်ဖော်ခြင်းဟာ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုလည်း အထောက်အကူ
ဖြစ်စေမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021