ဂျေလည်းလိုက်မယ် ချန်မထားနဲ့

ဂျေလည်းလိုက်မယ် ချန်မထားနဲ့

"အစ်ကိုကြီး ညဘက်ကို ဘောလုံးပွဲတွေ ညဉ့်နက်ခံပြီးမကြည့်နဲ့တော့။ စောစောအိပ် စောစောထပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလေးတွေလုပ်ဗျ၊ ကျွန်တော်ဆို အခုမနက်တိုင်းလမ်းထထလျှောက်နေတယ်"လို့ မောင်ကြွက်နီက မပြောစဖူး ပြောလာပါတယ်။

"အစ်ကိုကြီး ညဘက်ကို ဘောလုံးပွဲတွေ ညဉ့်နက်ခံပြီးမကြည့်နဲ့တော့။ စောစောအိပ် စောစောထ
ပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလေးတွေလုပ်ဗျ၊ ကျွန်တော်ဆို အခုမနက်တိုင်းလမ်းထထ
လျှောက်နေတယ်"လို့ မောင်ကြွက်နီက မပြောစဖူး ပြောလာပါတယ်။

အင်း..ပြောလည်း ပြောစရာပေါ့။ သူ့ခမျာကျန်းမာရေးမှ မကောင်းတာ၊ နူရာဝဲစွဲဆိုသလို အခု
တစ်လော မောင်ကြွက်နီရဲ့ ကိုယ်တစ်ခြမ်းက ဖျဉ်းဖျဉ်းဖျဉ်းဖျဉ်းနဲ့ဖြစ်နေလို့ လေဖြတ်မှာတောင်
စိုးရိမ်နေရတာလေ။

ဒါကြောင့် "မင်းတောင်ကျန်းမာရေးလိုက်စားရကောင်းမှန်းသိလာပြီကိုး။ကောင်းတယ်တပည့်၊
အာရောဂျံပရမံလာဘံ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတာ ရှေးလူကြီးတွေအလုပ်မရှိလို့
အားအားယားယား လျှောက်တွေးပြီး ပြောခဲ့တာ မဟုတ်ဘူး.."လို့ သူကျန်းမာရေး လိုက်စားတာ
ကောင်းကြောင်းအားပေးစကားပြောလိုက်မိရင်ပဲ သင်းက

"ဒါကြောင့် ခင်ဗျားကြီးကို ညံ့တယ်ညံ့တယ်နဲ့ နောက်ကွယ်မှာ ပြောနေကြတာ။ ကျန်းမာရေး
လိုက်စားဖို့ဆိုတာ အာရောဂျံပရမံလာဘံအတွက် မဟုတ်ဘူး။ စီးပွားရေးအကွက်ကောင်းအတွက်
ကျန်းမာရေးလိုက်စားခိုင်းတာ"တဲ့။

ကိုယ်ကလည်း ဘာမှနားမလည်လေတော့ "ကဲ..မောင်ကြွက်နီ၊ မင်းရဲ့တွေးလုံးတွေကို ငါမဖော်
တတ်တော့ဘူး။ ပြောစမ်းပါဦး။ ဘာစီးပွားရေးအကွက်ကောင်းလဲ။ မင်းမနက်မနက်ထထ
လမ်းလျှောက်တာကို မင်းမိတ်ဆွေကြီး ဂရိတ်ဝေါ ကိုမောင်မောင်ဦးက သူ့ရဲ့အကြောဖြေဆေး
အတွက် တီဗီကြော်ငြာရိုက်မယ်ပြောလို့လား"

"ဟာဟာဟ၊ လွဲမှ လွဲပါ့မလားလို့။ ဒီလိုဗျ၊ အခုရက်ပိုင်းဂျာနယ်တွေ၊ သတင်းစာတွေမှာ တန်ဖိုးကြီး
ကားတွေ တင်သွင်းလာတာတွေတွေ့ရတယ်။ ကားတစ်စီးတစ်စီးတန်ဖိုးကလည်း သိန်းသောင်း
ကျော်တွေနဲ့ သိန်းရှစ်ထောင်ကျော်တွေ"

"ဘာလဲ၊ အဲဒီကားတွေကို မှန်ရိုက်ခွဲ လိုက်ရမလားဆိုပြီး မိုက်ကြေးခွဲမလို့လား။ သူ့ကုသိုလ်နဲ့
သူစီးတာကို ရန်မရှာချင်စမ်းပါနဲ့ကွာ"

"ထပ်ပြီးလွဲပြန်ပြီဗျာ။ ကျွန်တော်လည်းအဲဒီလိုကားတွေကို နှစ်နှစ်အတွင်းစီးချင်လို့ ကြံနေတာ။
ဒါကြောင့်ကျန်းမာရေးကိုစပြီး လိုက်စားနေတာ"

"ကဲကဲ.. မင်းပြောချင်တာကို အစ အဆုံးပြောပေတော့။ မင်းပြောတာတွေကို ငါလိုက်လို့မမီတော့
ဘူး"

"ဒီလိုဗျ၊ ငြိမ်းချမ်းရေးနဲ့ ကားပါမစ်လဲဖို့ ဘယ်သူကစပြီး စဉ်းစားခဲ့သလဲမပြောတတ်ဘူး၊ အခု
လက်နက်ကိုင်အဖွဲ့ အစည်းတွေက သွင်းလာလိုက်တဲ့ ကားတွေ၊ တန်ဖိုးကြီးတွေချည်းပဲ"

"ဟ..တန်ဖိုးကြီးကားသွင်းရင် အခွန်အကောက်က နည်းမှတ်လို့"

"အဲဒီအခွန်အကောက်တွေမပေးရလို့ တန်ဖိုးကြီးတာတွေချည်း လှိမ့်သွင်းနေကြတာပေါ့။
လက်နက်ကိုင်အဖွဲ့တွေရဲ့ ကားပါမစ်ကြေးက အခုဆိုရင် ထောင်ဂဏန်းနားကပ်နေပြီ"

"အင်း..မင်းကျန်းမာရေးလိုက်စားတာနဲ့ ကားပါမစ်နဲ့က အခုထိတော့ ဆက်စပ်လို့မရသေးဘူး"

"လာတော့မှာ။ ဒီလိုဗျာ၊ ၂၀၁၅ ရွေးကောက်ပွဲကျရင် ဒီမိုကရေစီရဲ့ ထုံးစံအတိုင်း ရှုံးတဲ့သူက နိုင်တဲ့
သူကိုမဲခိုး တယ်စွပ်စွဲမယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်တယ် လုပ်မယ်။ ပြဿနာတွေရှာမယ်။
ဒီတော့ ရဲကဖမ်းဖို့လုပ်မယ်။ အဖမ်းတော့ မခံနိုင်ဘူးဆိုပြီး တောထဲပြေးမယ်၊ လက်နက်ကိုင်
တော်လှန်ရေးလုပ်မယ်။ အစိုးရကပြန်လာခဲ့၊ လက်နက်နဲ့လဲဖို့ ကားပါမစ်ချပေးမယ်ပြောမယ်။
ပြန်လာတာ မလာတာနောက်၊ လောလောဆယ် ကားပါမစ်ယူပြီး ရောင်းစားလိုက်ရရင် ဒီမယ်
အစ်ကိုကြီး"

"ဗျာ.(.အဲလေ) ဘာတုန်းဟ"

"အစ်ကိုကြီး တစ်သက်လုံးရှာမရတဲ့ ပိုက်ဆံကို ပါမစ်စာရွက်ကလေး လက်လွှဲရုံနဲ့ ရပြီ။ ဒီအတွက်
တောခိုလို့ရအောင် ကျန်းမာရေးလေ့ကျင့်နေတာ"

"ဪ..တော်တော်ကို ဇောက်မနက်တဲ့ အကြံပါလား။ အစိုးရက မင်းထက်ပိုလျင်လို့ အာဏာရှင်
အစိုးရ ဆယ်နှစ်လောက် ခုတ်ခဲ့တဲ့သစ်ထက်ပိုများအောင် အခုသုံးနှစ်အတွင်းခုတ်နေတာ။ မင်းတို့
ခိုစရာ တောမရှိမှ လက်နက်ကိုင်အဖွဲ့အသစ်တွေနည်းမယ်။ ဒါမှကား ပါမစ်အပေးရသက်သာမယ်
လို့များ မဟာဗျူဟာချထားသလား မသိပါဘူးကွာ"

"အဲဒါတော့မသိဘူး။ ကားပါမစ်စာရွက်မှာတော့ ခေါင်းဆောင်တွေအတွက်ဘယ်နှစီး၊ ငယ်သားတွေ
အတွက် ဘယ်နှစီးဆိုပြီးပါတယ်။ ငယ်သားတွေ စီးမစီးတော့မသိဘူး၊ အကုန်လုံးကတော့
ခေတ်ပျက် သူဌေးတွေလက်ထဲ ပါမစ်စာရွက်တွေ ရောက်ကုန်တာပဲ။ နေနှင့်ဦးပေါ့ဗျာ၊ ကျွန်တော့်
ကို အဖက်မလုပ်ချင်တဲ့သူဌေးတွေ၊ အဲဒီကျမှ ကားပါမစ်နဲ့ယပ်ပြီး ခေါ်လိုက်ဦးမယ်"

"ဪ..နောက်ဆုံးမတော့ မင်း ကျန်းမာရေးလိုက်စားနေတာ ဒီအတွက်ကိုး"

"ဒါပေါ့ဗျ။ တောခိုသူပုန်ထရင်နှစ်ကျပ် ကွက်တောင် မဟုတ်ဘူး။ သုံးကျပ်ကွက် မိမှာ။ ပထမဆုံး
အစိုးရဝန်ကြီးဝန်ကလေး တွေနဲ့ ၀ိုင်အတူတူသောက်လို့ရမယ်။ ရုပ်ရင့်ရင် အစ်ကိုကြီး အခေါ်ခံရဦး
မယ်။ ဒုတိယနှစ်ကျပ်ကွက်က ခုနရှင်းပြသလို ကားပါမစ်ရောင်းစားပြီး ချက်ချင်း သူဌေးဖြစ်မယ်။
တတိယသုံးကျပ်ကွက်ကတော့ အောက်မှာငယ်သားဘယ်လောက်ရှိရှိ၊ ကိုယ့်ကိုယ်ကိုယ် ဒုတိယ
ဗိုလ်ချုပ်ကြီးကြွက်နီဆိုပြီး ရာထူးအဆင့်က နှစ်ဆယ်လောက်ကျော်ပြီးပေးလို့ရတယ်"

"ဒါဆိုငါကလည်း လေးကျပ်ကွက်ဖြစ် အောင် ထပ်ပြောလိုက်ဦးမယ်၊ တရားမဝင်ကုန်တွေကို ငါတို့
အဖွဲ့အစည်း နာမည်ခံပြီး ကယ်ရီလုပ်ပေးမယ်"

"အဲဒါတော့ သိပ်မစွံဘူးဗျ၊ ပင်ပန်းတယ်၊။ အဲဒီအစား နယ်စပ်မှာ တရားမဝင် ဂိတ်ဖွင့်လိုက်လည်း
ရတာပဲလေ"

"နေဦးမောင်ကြွက်နီရဲ့၊ တကယ်လို့ ပေးတာတွေယူပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ လာပါဆိုရင်ရော"

"ဒါကတော့ လွယ်ပါတယ်ဗျာ၊ ကိုယ့်ထက် စီနီယာလက်နက်ကိုင်တွေ ပြောသလို ရောယိမ်းလိုက်
ဘသားယိမ်းလိုက်လုပ်ကြတာပေါ့"

"နေစမ်းပါဦး။ ထပ်မေးပါရစေ။ ဒီလိုမကြံကောင်း မစည်ကောင်းတွေကို ဘယ်လိုတွေးမိတာလဲ"

"ဘာမှတွေးစရာမလိုဘူး၊ သတင်းစာတွေ ဂျာနယ်တွေဖတ်ရင်း အမြင်မှန်တွေ၊ ချမ်းသာစေမယ့်
ဉာဏ်စဉ်တွေရလာတာ။ ဒါကြောင့် ခင်ဗျားကို သတင်းစာမှန်မှန်ဖတ်လို့ပြောနေတာ"

"ဒီတော့ မောင်ကြွက်နီရေ နောက်တစ်ခါ တိုင်းပြည် ရုတ်ရုတ်ရုတ်ရုတ်ဖြစ်မယ်ဆိုရင် ငါ့ကို
လက်တို့ဖြစ်အောင်တို့ပါ နော်။ ငါလည်း မင်းနဲ့အတူ လိုက်ပြေးချင်လို့ပါ.."လို့ပြောမိတော့ သင်းက

ရုပ်တည်ကြီးနဲ့ "ဒါဆိုရင်လည်း သုံးလေးမိုင်လမ်းလျှောက်နိုင်အောင် ကျန်းမာရေးလေး လုပ်ထား"
တဲ့။

စာဖတ်သူများ ခင်ဗျား၊ ကျွန်တော်မာဂျေ မနက်တိုင်း အပြေးကျင့် နေရင်ဖြင့် သူဌေးဖြစ်အောင်
ဖြတ်လမ်းနည်းနဲ့ကြံနေပြီ။

မောင်က ကြွက်နီသွားရင် မာဂျေလည်း လိုက်မယ် ချန်မထားနဲ့လို့သာ မှတ်လိုက်ကြပါတော့။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021