မြန်မာနိုင်ငံစွမ်းအင်ကဏ္ဍတွင် ၁၉၉၃ ခုနှစ်ကတည်းက ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် TOTAL ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ်နှင့် ဥက္ကဋ္ဌဖြစ်သူ Christophe de Margerie အား ဒီဇင်ဘာလ ၆ ရက်နေ့တွင် အကြီးတန်း သတင်းထောက် အောင်ရှင်က တွေ့ဆုံမေးမြန်းခဲ့သည်။
မြန်မာနိုင်ငံစွမ်းအင်ကဏ္ဍတွင် ၁၉၉၃ ခုနှစ်ကတည်းက ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် TOTAL
ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ်နှင့် ဥက္ကဋ္ဌဖြစ်သူ Christophe de Margerie အား ဒီဇင်ဘာလ
၆ ရက်နေ့တွင် အကြီးတန်း သတင်းထောက် အောင်ရှင်က တွေ့ဆုံမေးမြန်းခဲ့သည်။
* လူကြီးမင်းအနေနဲ့ ယခုတစ်ကြိမ် မြန်မာနိုင်ငံကို ရောက်လာရတဲ့ အကြောင်းရင်းကို
သိပါရစေ ခင်ဗျ။
ယခုတစ်ကြိမ်လာရောက်တာကတော့ အမျိုးသမီးဖိုရမ်ကို တက်ရောက်ဖို့ပါပဲ။ ဒါအရေးကြီးတဲ့
အခမ်းအနား တစ်ခုပါ။ တခြားစီးပွားရေးလုပ်ငန်း ကိစ္စမပါပါဘူး။ ဒါပေမဲ့ ဒါဟာလည်း ကျွန်တော်တို့
လုပ်ငန်းရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။
မြန်မာနိုင်ငံမှာ ရှိနေတဲ့ ကျွန်တော်တို့ကုမ္ပဏီရဲ့ ပုံရိပ်ကို ကိုယ်စားပြုဖို့ပါပဲ။ သမိုင်းသစ်ရေးထိုးနေတဲ့
ဒီနိုင်ငံမှာ ကျွန်တော်တို့ရဲ့ လူမှုရေးအရ ပူးပေါင်းပါ၀င်မှုက အရေးကြီးပါတယ်။ ဒါ ကျွန်တော်
အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။
* မြန်မာနိုင်ငံက ခုဆိုရင် နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တယ်။
အဲဒီအပေါ် ဘယ်လိုများ ရှုမြင်ထားသလဲ ခင်ဗျာ။
ခုလိုဖြစ်လာတာ အမှန်တကယ်ပဲ ၀မ်းသာပါတယ်။ အရင်ကဆိုရင် အနည်းငယ်သောနိုင်ငံခြား
ကုမ္ပဏီတွေထဲမှာ ကျွန်တော်တို့က ကုမ္ပဏီကြီး တစ်ခုပါပဲ။ ခုတိုင်းပြည်က တံခါးဖွင့်လိုက်ပြီ
ဆိုတော့ တခြားနိုင်ငံတကာကုမ္ပဏီတွေ အများကြီးလည်း ရှိလာပြီ။ ယှဉ်ပြိုင်မှုတွေ ရှိလာတယ်
ဆိုတာကို သတင်းကောင်း တစ်ခုအနေနဲ့ ကျွန်တော်ပြောချင်ပါတယ်။
ကျွန်တော်တို့က ပြိုင်ဆိုင်မှုတွေနဲ့ အသားကျနေပြီးသားပါ။ အသစ်ဖြစ်ထွန်းလာမယ့် လုပ်ငန်းခွင်
တွေမှာ ကျွန်တော် ဆက်လက်ပြီးပါ၀င်သွားမှာပါ။ အောင်မြင်ဖို့လည်း ကျွန်တော်ယုံကြည်ထားပြီး
သားပါ။ မြန်မာနိုင်ငံမှာ ကာလကြာရှည် ရှိနေပြီးဖြစ်တယ်ဆိုတာ ကျွန်တော်တို့အတွက်
အားသာချက်ပေါ့ဗျာ။
ဒါတိုင်းပြည်အတွက်လည်း ကောင်းတဲ့ အားသာချက်တစ်ခုပါပဲ။ ဒီနိုင်ငံမှာ ဘယ်လိုအလုပ်လုပ်နိုင်
ရမယ်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်း သိပြီးသားလေ။ ဒါအရေးကြီးတယ်ဆိုတာ နားလည်
ထားဖို့လိုပါတယ်။
*TOTAL ကုမ္ပဏီက ဒီမှာရောက်နေတာကြာပြီဆိုတော့ အခုလိုတိုင်းပြည်ပြောင်းလဲ
လာတဲ့ အပေါ် ကုမ္ပဏီအပေါ် ဘယ်လိုကွာခြားမှုတွေ ရှိနိုင်မလဲ။
ကျွန်တော်တို့ လက်ရှိလုပ်ကိုင်နေတဲ့ ရတနာ ကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ကွက်ကို
အကောင်းဆုံးဖြစ်အောင် လုပ်နေပါတယ်။ ရတနာလုပ်ကွက်နဲ့ ဆက်စပ်နေတဲ့ တခြားလုပ်ကွက်
တွေလည်း ရှိပါတယ်။
ကျွန်တော်တို့ဒီနေ့ လုပ်ကိုင်နေတဲ့ ကနဦးအစမ်းတူးဖော်မှုတွေကနေ ကာလကြာရှည်တိုးတက်
ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ထုတ်လုပ်ရေးလုပ်ငန်း ဆိုတာလည်း တစ်ချိန်ချိန်မှာ
ကျဆင်းလာတတ်မှာပါပဲ။
ဒါကြောင့် ပင်လယ်ကြမ်းပြင်အောက်ကနေ သဘာဝဓာတ်ငွေ့သိုက်တွေ ပိုမိုတွေ့ရှိ နိုင်အောင်
ဆောင်ရွက်နေပါတယ်။ ပထမအနေနဲ့ ကျဆင်းသွားနိုင်မယ့် ထုတ်လုပ်မှု ပမာဏကို ကာမိအောင်
လုပ်ရမှာပါ။ ဒုတိယအနေနဲ့ တခြား လက်ရှိ လုပ်ကွက်တွေမှာ ရှာဖွေရေးလုပ်ပါမယ်။ တတိယ
အနေနဲ့ ၂၀၁၄ ခုနှစ်ဆန်းပိုင်းမှာ ထုတ်ပြန် ကြေညာမယ့် လုပ်ကွက်အသစ်တွေမှာ လုပ်ကိုင်ခွင့်
ရရှိဖို့ပါပဲ။ ဒါကတော့ မြန်လေကောင်းလေပါပဲ။ ဒါမှမဟုတ်ရင် နောက်တစ်ခုရှာမတွေ့ ခင်
ထုတ်လုပ်မှုကျဆင်းတာတွေ ဖြစ်နိုင်ပါတယ်။
* မြန်မာသမ္မတ ပြင်သစ်နိုင်ငံ ပါရီကို ရောက်လာစဉ်ကရော ဒေါ်အောင်ဆန်းစုကြည်
လာစဉ်တုန်းကပါ လူကြီးမင်းတို့ သွားရောက်တွေ့ဆုံခဲ့တာ ရှိပါတယ်။ ရေနံနဲ့ သဘာဝ
ဓာတ်ငွေ့ကလွဲပြီး တခြားဘာကိစ္စတွေများ ပြောဖြစ်ခဲ့ကြလဲ ခင်ဗျ။
သူတို့နဲ့ တွေ့တယ်ဆိုတာကတော့ ကျွန်တော်တို့ ဘာတွေလုပ်နေတယ်ဆိုတာ ပြောပြဖို့ပါပဲ။
ဘာလို့ဆို သူတို့က လူထုရဲ့ ဦးစီးခေါင်းဆောင်တွေ ဖြစ်နေလို့ပါပဲ။ ကျွန်တော်တို့ လုပ်ငန်းတွေနဲ့
ပတ်သက်ပြီး နောက်ဆုံးဖြစ်ပေါ်နေတဲ့ အောင်မြင်မှု ကျရှုံးမှုအခြေအနေတွေကို အသိပေးဖို့ပါပဲ။
ကျွန်တော်တို့ ဘာတွေလိုအပ်နေလဲ၊ ကျွန်တော်တို့ဆီကနေ သူတို့ ဘာတွေမျှော်လင့်ထားသလဲ
ဆိုတာမျိုးတွေပေါ့။ ခုဆိုရင် ကျွန်တော်တို့ တစ်ယောက် အကြောင်းတစ်ယောက် ကောင်းကောင်း
သိနိုင်ကြပြီလေ။ ကျွန်တော်တို့ဆီကနေ သူတို့ ဘာတွေမျှော်လင့်ထားသလဲ၊ ဒီလိုသိခြင်းအားဖြင့်
ဒီနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ ဘယ်လိုကူညီဆောင်ရွက်ပေးနိုင်မလဲ၊ ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်မယ့်
နည်းလမ်းနဲ့ ဘယ်လိုစီမံဆောင်ရွက်သွားနိုင်မလဲပေါ့။ ဒါမျိုးတွေ ကျွန်တော်တို့ ဆောင်ရွက်သွားဖို့
ပါပဲ။ ဒါကျွန်တော်တို့ အလုပ်ပါပဲ။
* အရင်ကဆိုရင် TOTAL ကုမ္ပဏီအနေနဲ့ အစိုးရ တစ်ခုတည်းနဲ့ ဆက်ဆံခဲ့ရတဲ့
သဘောမျိုးရှိတယ်။ ခုချိန်မှာတော့ လူထုရဲ့ ပါ၀င်ပတ်သက်မှု ပိုရှိလာတဲ့အခါကျတော့
TOTAL အတွက် ပိုပြီးခက်ခဲတဲ့ သဘောမျိုးရှိသလား ခင်ဗျ။
နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို နားလည်သဘောပေါက်လာတာမျိုးက ကျွန်တော်တို့အားလုံး
အတွက် ကောင်းပါတယ်။ ဒါဟာ ကောင်းတယ်လို့ပဲပြောရမှာပါ။
ကျွန်တော်တို့ ကိုယ်တိုင် မြန်မာနိုင်ငံသား ကုမ္ပဏီလို့ သဘောထားတယ်လေ။ ကျွန်တော်တို့ ဒီမှာ
အခွန်တွေ ဆောင်တယ်။ ၉၅ ရာခိုင်နှုန်းသော ကျွန်တော်တို့ ၀န်ထမ်းတွေဟာ မြန်မာတွေပဲလေ။
အဆုံးမတော့ ပြင်သစ်ကုမ္ပဏီဆိုတာနဲ့ မြန်မာကုမ္ပဏီ ဆိုတဲ့ ကွာခြားချက်က ဘာများ ရှိလို့လဲ။
ဒီ အပြောင်းအလဲအတိုင်း သွားနေတာမျိုးကို ကျွန်တော်တို့ သဘောကျပါတယ်။
* မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ဈေး ကွက်အခြေအနေကို ဘယ်လိုမြင်လဲ
ခင်ဗျာ။
လက်ရှိအချိန်ထိတော့ ကျွန်တော်တို့ လုပ်နေတာ၊ ကျွန်တော်တို့ မြင်ထားတဲ့ အလားအလာ
ကတော့ သဘာဝဓာတ်ငွေ့ပါပဲ။ ဒီနိုင်ငံအနေနဲ့ စွမ်းအင်လိုအပ်ချက်ရှိတယ်။ ဓာတ်ငွေ့ကတော့
ကျောက်မီးသွေးထက် အန္တရာယ်ကင်းတယ်လေ။ ဒါကြောင့် ကျွန်တော်တို့သဘာဝဓာတ်ငွေ့
လုပ်ငန်းကိုပဲ တိုးတက်အောင် လုပ်ချင်တယ်။
ရေနံရှာဖွေဖို့လည်း ကျွန်တော်တို့ ဆန္ဒရှိပြီးသားပါ။ နေရောင်ခြည် စွမ်းအင်ထုတ်လုပ်ရေး လုပ်ငန်း
ကိုလည်း ကျွန်တော်တို့ လုပ်နိုင်တယ်။ ကမ္ဘာ့နေရာတော်တော်များများမှာ နေရောင်ခြည်စွမ်းအင်
အသုံးချမှုက အရမ်းကို တိုးတက်လာနေပါတယ်။
*TOTAL က ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးတစ်ခု ဖြစ်တယ်။ နောက်ပြီး မြန်မာနိုင်ငံ
မှာလည်း နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့တဲ့ အတွေ့ အကြုံရှိတယ်။ ကျွန်တော်
မေးချင်တာ မြန်မာ့ ကမ်းလွန်ဒေသရဲ့ သဘာဝဓာတ်ငွေ့တွေ့ရှိ နိုင်မှု အလားအလာကို
TOTAL အနေနဲ့ ဘယ်လို ရှုမြင်ထားသလဲ ဆိုတာပါ။
နိုင်ငံတကာရဲ့ အရေးယူပိတ်ပင်ခဲ့မှုတွေက ရှာဖွေတူးဖော်ရေးလုပ်ငန်းတွေ အရှိန်မြှင့်နိုင်ဖို့ မြန်မာနိုင်ငံ
ရဲ့ လုပ်ကိုင်နိုင်မှုကို ကန့်သတ်ခဲ့သလို ဖြစ်ခဲ့တယ်။ ခေတ်မီနည်းပညာတွေကို အသုံးပြုပြီး
ကျွန်တော်တို့ဆုံးရှုံးခဲ့တဲ့ အချိန်တွေ ပြန်ကာမိအောင်လုပ်နိုင်ဖို့ လိုပါတယ်။ အဲဒီအတွက်
ကျွန်တော်တို့ လုပ်ကွက်အသစ်တွေကို စောင့်ကြည့်နေပါတယ်။
ကမ်းလွန်လုပ်ကွက် နှစ်ခုအတွက် ကျွန်တော်တို့ တင်ဒါ၀င်ထားပါတယ်။ စွန့်စားမှုများတဲ့
ရေနက်ပိုင်း လုပ်ကွက်တွေပါ။ ဒါပေမဲ့ ရေနက်ပိုင်းလုပ်ကွက်ဆိုတာ ကျွန်တော်တို့ TOTAL ကုမ္ပဏီ
ရဲ့ ဦးစားပေးပါပဲ။
တစ်ချိန်တည်းမှာပဲ တိုင်းပြည်က ပွင့်လင်းလာတာနဲ့အမျှ တခြားလုပ်ငန်းတွေ ဈေးကွက်ချဲ့ထွင်
သွားဖို့ ရှိပါတယ်။ စက်ချောဆီနဲ့ နေရောင်ခြည် စွမ်းအင်ထုတ်လုပ်ရေး လုပ်ငန်းတွေပါ။ ဒါကတော့
ကျွန်တော်တို့ TOTAL ကုမ္ပဏီရဲ့ ဒုတိယပိုင်း ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပါလိမ့်မယ်။
မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းတွေနဲ့အတူ လုပ်ငန်းသစ်တွေလည်း လက်တွဲ
လုပ်ကိုင်သွားဖို့ရှိတယ်ဆိုတဲ့ သတင်းစကား ကျွန်တော်ပါးချင်ပါတယ်။
* ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက ရတဲ့ ၀င်ငွေက ကျွန်တော်တို့နိုင်ငံ ဂျီဒီပီရဲ့
၂၀ ရာခိုင် နှုန်းလောက်ရှိတယ်။ ဒါကြောင့် ပြည်သူလူထုနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက
အစိုးရရဲ့ ပွင့်လင်းမြင်သာမှုအပေါ် ဝေဖန်တာ မျိုးရှိတယ်။ အထူးသဖြင့် စွမ်းအင်ဝန်ကြီး
ဌာနကို ပွင့်လင်းမြင်သာမှု အားနည်တယ် ဒါမှမဟုတ် မရှိဘူးဆိုတဲ့ ဝေဖန်တာမျိုးတွေ
ရှိတယ် ခင်ဗျာ။ စွမ်းအင်ကဏ္ဍ နည်းလမ်းတကျ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့
အစိုးရနဲ့ ၀န်ကြီးဌာနကို ဘယ်လိုများ အကြံပေးချင်သလဲ ခင်ဗျာ။
လက်ရှိပြုပြင် ပြောင်းလဲရေးအတိုင်း ဆက်သွားဖို့ ကျွန်တော်အကြံပြုချင်ပါတယ်။ ပွင့်လင်းမြင်သာမှု
တိုးတက်အောင်လည်း လုပ်ရပါမယ်။ EITI (သဘာဝသယံဇာတတူးဖော်ထုတ်ယူရေးလုပ်ငန်းများ
ပွင့်လင်းမြင်သာမှုရှိမှု) အဖွဲ့ဝင်ဖြစ် ရေးအတွက် ကျွန်တော်တို့ TOTAL က အားပေး နေပါတယ်။
ဒီလိုအဖွဲ့ဝင်ဖြစ်လာခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူအသစ်တွေကိုလည်း ဆွဲဆောင် နိုင်မှာပါ။
* တခြားဘာများဖြည့်စွက် ပြောချင်ပါသလဲ ခင်ဗျာ။
TOTAL အနေနဲ့ နိုင်ငံခြားကုမ္ပဏီ တစ်ခုအနေနဲ့ရော ဒေသခံကုမ္ပဏီ တစ်ခုအနေနဲ့ရော
အောင်မြင်စွာ ရပ်တည်နိုင်ခဲ့တာကို ဂုဏ်ယူပါတယ်။ ပြီးခဲ့တဲ့နှစ် ကျွန်တော် ဒီကိုရောက်လာတော့
တော်တော် အ့ံအားသင့်ခဲ့ရတယ်။ ပျော်ပျော်ရွှင်ရွှင် ကျေကျေနပ်နပ်ကြီးနဲ့ အံ့အား သင့်ခဲ့ရတာပါ။
အခက်အခဲတွေကို ဖြတ်ကျော်ပြီး ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်နိုင်ခဲ့တဲ့ နိုင်ငံခေါင်းဆောင်
တွေကိုလည်း ကျေးဇူးတင်ပါတယ်။

















