အစိုးရမနိုင်၊ လွှတ်တော်မနိုင် တရုတ်ဆေးကုခန်း ပြဿနာ

အစိုးရမနိုင်၊ လွှတ်တော်မနိုင် တရုတ်ဆေးကုခန်း ပြဿနာ

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်က လုပ်တဲ့ ရန်ကုန်တိုင်း လွှတ်တော်အစည်း အဝေးမှာ စမ်းချောင်း(၂) အမတ် ဦးမျိုးမင်းအောင်က ရန်ကုန်က တရုတ် ဆေးကုခန်းတွေ၊ တရုတ်ဆေးကု ဆရာတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်က လုပ်တဲ့ ရန်ကုန်တိုင်း လွှတ်တော်အစည်း အဝေးမှာ စမ်းချောင်း(၂)
အမတ် ဦးမျိုးမင်းအောင်က ရန်ကုန်က တရုတ် ဆေးကုခန်းတွေ၊ တရုတ်ဆေးကု ဆရာတွေနဲ့
ပတ်သက်ပြီး မေးခွန်းထုတ်ပါတယ်။

သူက ခေတ်မီနည်းနဲ့ ကုတယ် ဆိုတဲ့ အဲဒီ တရုတ်ဆေးကုခန်းတွေဟာ ရန်ကုန်မှာ ဖွင့်တာများလာ
တဲ့ အကြောင်း၊ လူနာတွေ ဆေးကုခန်းကို ရောက်လာတုန်း တစ်မျိုး၊ ဆေးကုနေစဉ်မှာ တစ်မျိုး
ငွေကြေးအများကြီး တောင်းတဲ့အကြောင်း၊ ကုသရာမှာလည်း အဆင်မပြေလို့ ရောက်သွားကြတဲ့
လူနာတွေ စိတ်ဆင်းရဲကြတဲ့ အကြောင်း၊ စာနယ်ဇင်းတချို့က ထုတ်ဖော်ခဲ့ပေမယ့် သက်ဆိုင်ရာက
ထိထိရောက်ရောက် အရေးယူနိုင်မှု အားနည်းနေတဲ့အကြောင်း ထောက်ပြပြီးမှ အဲဒီ တရုတ်ဆေး
ဆရာဝန်တွေဟာ တတ်ကျွမ်းမှု အထောက်အထား လိုင်စင် ရှိမရှိ၊ ဆေးကုသခွင့်ပြုရာမှာ
ဘယ်ဌာန က တရားဝင်ခွင့်ပြုပေးနေသလဲ ဆိုပြီး မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ကျန်းမာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက
"ဒီကနေ့ အချိန်ထိ ခွင့်ပြုထားတဲ့ တရုတ်ဆေးခန်းနဲ့ တရုတ်ဆေးဆရာဝန်တွေ မရှိသေးပါ" ဆိုပြီး
ဖြေခဲ့ပါတယ်။

တကယ်တော့ ရန်ကုန်တိုင်းလွှတ်တော်ထဲက ဒီ တရုတ်ဆေးခန်းနဲ့ ဆေးဆရာဝန်တွေ ပြဿနာဟာ
လွန်ခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီး
ဒေါက်တာ ဖေသက်ခင် ကိုယ်တိုင် ဖြေကြားခဲ့ပြီးလည်း ဖြစ်ပါတယ်။

ဒီဆေးခန်းတွေကိစ္စ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိလို့ ခုလို ရန်ကုန်တိုင်းလွှတ်တော်မှာ ပြန်ပေါ်
လာတာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်မှာ ဘာပြောခဲ့သလဲ

ဒီ တရုတ်ဆေးကုခန်းတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အမတ်ရဲ့ မေးမြန်းချက်နဲ့ ကျန်းမာရေး
၀န်ကြီး ဒေါက်တာ ဖေသက်ခင် ဖြေကြားချက်ကတော့ ဒီလိုပါ။

တကယ်တော့ ဒီ ဆေးခန်းတွေဟာ အနောက်တိုင်းနည်းနဲ့ ကုသတဲ့ ဆေးခန်းအဖြစ်နဲ့သော်
လည်းကောင်း၊ မြန်မာ့တိုင်းရင်း ဆေးကုသခန်းအဖြစ်နဲ့သော် လည်းကောင်း တရားဝင် ခွင့်ပြုချက်
ရပြီး ဖွင့်ထားတာမျိုး မဟုတ်ပါဘူး။

မြန်မာနိုင်ငံက ဆရာဝန် လိုင်စင်ရသူ တစ်ယောက်ယောက်ရဲ့ နာမည်နဲ့ လိုင်စင်လျှောက်ထားရယူ
ဖွင့်လှစ်တဲ့ ရိုးရိုးဆေးခန်းတွေပါ။

အဲဒီ ဆေးခန်းတွေဟာ အထက်မှာ တင်ပြထားခဲ့တာတွေအပါအဝင် ရောဂါမျိုးစုံကို စက်ပစ္စည်းတွေ
သုံးပြီး အချိန်တိုအတွင်း ကုသပျောက်ကင်းတယ်လို့ မမှန်မကန် ကြေညာတဲ့အခါ ပြည်သူတွေ
ကလည်း တကယ်ယုံမှတ်ပြီး သွားရောက် ကုသပါတယ်။

ဒါပေမဲ့ တကယ့် တကယ်လက်တွေ့မှာတော့ ရောဂါမပျောက်ရုံမက ဆေးကုသခဆိုပြီး တစ်ကြိမ်ကို
ကျပ်ငွေ သိန်းနဲ့ချီ မတန်တဆ ကုန်ကျကြရပါတယ်။

ကြေညာသလို ရောဂါ မပျောက်တာကို သွားပြောရင်လည်း ဘာတာဝန်မှ မယူပါဘူး။ ဒီလို
မတော်မတရား လုပ်တာတွေ များလာတဲ့အခါ ကြံုရ၊ ခံရတဲ့ ပြည်သူတွေရဲ့ ပြောဆိုချက်တွေကို
အခြေခံပြီး ဂျာနယ်လစ်တချို့က သတင်း၊ ဆောင်းပါး ရေးသားဖော်ပြကြပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနဘက်က ထောက်ပြတာတွေလည်း ရှိလာပါတယ်။ နောက်ပိုင်း
ကျန်းမာရေးဝန်ကြီးဌာနက စုံစမ်းဖော်ထုတ်ဖို့ လုပ်လာရတဲ့ အဆင့်အထိ ရောက်သွားခဲ့ပါတယ်။
တကယ့်တကယ် တာဝန်ရှိသူတွေ သွားတဲ့အခါ၊ ဒါမှမဟုတ် လူနာနဲ့ လိုက်သွားတဲ့အခါ အဲဒီ
ဆေးခန်းတာဝန် ရှိသူတွေက အထဲပေးမဝင်ပါဘူး။

ကျန်းမာရေးဝန်ကြီးဌာနက လေ့လာချက်အရ လိုင်စင်ခံပေးထားတဲ့ မြန်မာနိုင်ငံသား ဆရာဝန်က
တစ်နေ့ တစ်နာရီ နှစ်နာရီလောက်ပဲ လာထိုင်တတ်ပြီး ကျန်တစ်ချိန်လုံး မြန်မာစကားမတတ်တဲ့
တရုတ်ဆေးဆရာနဲ့ သူ့အဖွဲ့သားတွေ နောက်ကွယ်ကနေ အုံနဲ့ကျင်းနဲ့ လှုပ်ရှားတာ တွေ့ရတယ်လို့
ဆိုပါတယ်။

အဲဒီ တရုတ် ဆေးဆရာဆိုတာကလည်း အနောက်တိုင်း ဆေးကုခွင့်လိုင်စင်လည်း မရှိ၊
တိုင်းရင်းဆေးကုခွင့် လိုင်စင်လည်း မရှိ၊ ဘာပညာကို ဘယ်လို တတ်မြောက်မှန်းမသိ၊ မြန်မာစကား
တောင် မတတ်သူတွေဖြစ်တဲ့အပြင် ဘာမှန်းမသိတဲ့ဆေးတွေနဲ့ ကုတဲ့ ဆရာဝန်အတုတွေဆိုပြီး
ကျန်းမာရေး ၀န်ကြီးက ပြောပါတယ်။

ဒီလိုလူမျိုးတွေ ငွေကြေးအမြောက်အမြားယူပြီး ဆေးကုနေတာဟာ အလွန်အန္တရာယ်များတဲ့
လုပ်ရပ်ဖြစ်တာကြောင့် ကျန်းမာရေး ၀န်ကြီးဌာနက အဲဒီ ဆေးကုခန်းတွေ ဥပဒေနဲ့ မညီကြောင်း
သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေး၊ ပြည်ထဲရေးကို အကြောင်းကြားပြီး ပိတ်သိမ်းခိုင်းရပါတယ်။

ဆေးခန်းတွေကို ပိတ်တော့ ပိတ်ပါရဲ့။ ဒါပေမဲ့ ဆိုင်းဘုတ်ကို ဗီနိုင်း စလောက်နဲ့ ကာရံလိုက်ပြီး
အဲဒီ အခန်းတွေမှာပဲ ဆေးကုတာတွေ ဆက်လုပ်ပါတယ်။ ဒါကို ကျန်းမာရေးဝန်ကြီးဌာနက ပြန်ပြီး
လေ့လာသိရှိတဲ့အခါ နောက်တစ်ကြိမ် သက်ဆိုင်ရာကို အကြောင်းကြားရပြန်ပါတယ်။

လွှတ်တော်ထဲမှာ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင် ပြောပြီးတဲ့နောက် ငါးလကျော်
ကြာလာတဲ့ ဒီနေ့အချိန်ထိ ပျောက်မသွားပါဘူး။ ပျောက်မသွားဘူး၊ ဆက်ပြီး လုပ်နေဆဲဆိုတာ
ကိုလည်း ဂျာနယ်တွေကနေ အုပ်စုလိုက် ဆေးခန်းကြော်ငြာတွေ တွေ့မြင်တာနဲ့ သိနိုင်ပါတယ်။

ကြော်ငြာတွေ

အခုနောက်ဆုံး အနီးကပ်ဆုံး ရက်တွေမှာ ကြော်ငြာတာတွေက ဒီဇင်ဘာ ၁၆ ရက် နေ့ထုတ်
Weekly Eleven ဂျာနယ်မှာ နယူးဟောင်ကောင် ဆေးကုခန်း၊ ရန်ကုန်ပိုလို ဆေးခန်း၊
Orient Clinic အရှေ့တိုင်းဆေးခန်း၊ ခေတ်မီ ဆေးကုခန်း စုစုပေါင်း ငါးခု ကြော်ငြာပါတယ်။

ဒီဇင်ဘာ ၁၆ ရက်နေ့နဲ့ ထွက်တဲ့ Messenger ဂျာနယ်မှာလည်း နယူးဟောင်ကောင် ဆေးကုခန်း၊
ရန်ကုန် ပိုလို ဆေးခန်း၊ ခေတ်မီဆေးကုခန်း အပါအဝင် စုစုပေါင်း ငါးခု ကြော်ငြာပါတယ်။

ဒီဇင်ဘာလ ၁၂ ရက်နေ့နဲ့ ထွက်တဲ့ ပြည်မြန်မာဂျာနယ် မှာလည်း နယူးဟောင်ကောင် ဆေးကုခန်း၊
ရန်ကုန်ပိုလို ဆေးခန်း၊ Orient Clinic အရှေ့တိုင်း ဆေးခန်း၊ ခေတ်မီဆေးကုခန်း အပါအဝင်
စုစုပေါင်း ခြောက်ခု ကြော်ငြာပါတယ်။

ဂျာနယ်တိုက်တွေကို စုံစမ်းလို့ရသမျှ အဲဒီ ဆေးခန်းဟာ အုပ်စုလိုက် ကြော်ငြာထည့်တယ်လို့ဆို
ပါတယ်။

ပြောရရင် အုပ်စုလိုက် လှုပ်ရှားနေတယ်လို့ ဆိုရင်တောင် မမှားပါဘူး။ ပြည်သူတွေ ခံနေရဆဲ
ပြောရရင် ဒီလို ပြည်သူတွေအတွက် အန္တရာယ်များတဲ့ လုပ်ငန်းကို ဒီတိုင်းပြည်မှာ အဲဒီ တရုတ်
ဆေးဆရာတွေ ဘာလို့ လာလုပ်ကိုင်လို့ ရနေတာပါလဲ။

ကျန်းမာရေးဝန်ကြီး ပြောစကားအရ ပထမတစ်ချက်က ငွေရပြီးရော၊ လိုင်စင်ခံပေးတဲ့ ဆရာဝန်
စိတ်ဓာတ် မရှိတဲ့၊ ဆရာဝန် ကျင့်ဝတ် မလိုက်နာတဲ့၊ ကိုယ့်ပြည်သူတွေ ဘာဖြစ်ဖြစ် ငွေရဖို့တစ်ခု
လောက်ပဲသိတဲ့ မြန်မာဆရာဝန် တချို့ကြောင့် ဒီလို ဆေးခန်းဖွင့်နိုင်တာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ပုံနှိပ်မီဒီယာတွေရဲ့ ငွေမျက်နှာ တစ်ခုတည်းကြည့်ပြီး ကြော်ငြာပေးမှု
ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ အရေးယူမှု နှောင့်နှေးကြန့်ကြာတဲ့ ပြည်ထဲရေး ၀န်ကြီးဌာနက တာဝန်ရှိ
သူတွေပါ။

ကျန်းမာရေးဝန်ကြီး ပြောစကားအရ သူတို့အဖွဲ့ အစည်းဟာ စစ်နိုင်၊ ဆေးနိုင်၊ လက်တွေ့ ဖမ်းဆီး
အရေးယူနိုင်တာ မဟုတ်တော့ ဒီလို အန္တရာယ်ရှိတဲ့ ကိစ္စမျိုးမှာ ပြည်ထဲရေး၊ အထွေထွေ
အုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့ စတာတွေ ပူးပေါင်းပါ၀င်ဖို့ လိုတယ်လို့ ဆိုပါတယ်။

တကယ်တော့ ငွေကြေးကုန်ကျခံပြီး ဆေးသွားကုကြလို့ ခံရတဲ့ အန္တရာယ်ထက် ဥပဒေဆိုတာ ငါတို့
လက်တစ်လုံးခြား လုပ်လို့ရတယ်၊ မီဒီယာ ဆိုတာကလည်း ငွေပေးရင် ငါတို့ကြော်ငြာလို့ ရတယ်၊
ဘယ်လို အခြေအနေပဲကြံုကြံု လာဘ်ငွေပေးရင် ဘာမဆို လုပ်လို့ရတယ် ဆိုတာမျိုး မြန်မာနိုင်ငံနဲ့
နိုင်ငံသားတွေအပေါ် ပြုမူတာက ပိုပြီး အခံရခက်စေပါတယ်။

ဒီအတွက် အချိန်နဲ့အမျှ ပြည်သူတွေ ဒုက္ခရောက်စေတဲ့၊ ပြည်ထောင်စုအဆင့်၊ တိုင်းအဆင့်
လွှတ်တော်မှာဆွေးနွေး၊ သက်ဆိုင်ရာကလည်း အရေးယူတဲ့တိုင် ပျောက်ကွယ်မသွားတဲ့ ဒီ တရုတ်
ဆေးခန်းတွေအရေး သက်ဆိုင်ရာက အမြန်ဆုံး ဖြေရှင်းပေးပါလို့ တိုက်တွန်းလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021