"အစ်ကိုကြီးရေ... တစ်နေ့က မြန်မာနဲ့ အင်ဒိုနီးရှား ဘောလုံးပွဲကို ဘယ်လို မြင်သလဲ"လို့ တပည့် မောင်ကြွက်နီ က အမေးတော်ရှိလာပါတယ်။
"အစ်ကိုကြီးရေ... တစ်နေ့က မြန်မာနဲ့ အင်ဒိုနီးရှား ဘောလုံးပွဲကို ဘယ်လို မြင်သလဲ"လို့ တပည့်
မောင်ကြွက်နီ က အမေးတော်ရှိလာပါတယ်။
ဒီစကား ဟာသိပြီးသားကိစ္စကို ချောက်ချချင်လို့ မေးမှန်း အသိသာကြီးပဲလေ။ ဒါကြောင့်ဪ
"လာမမေးနဲ့ကွာ။ နောက်တစ်ကြိမ် ငါ့ကို နေပြည်တော်ခေါ်ပြီး အမျိုးသား သစ္စာဖောက်လို့
အပြောခံနေရဦးမယ်။ ဘောပွဲကတော့ မင်းလည်းကြည့်တယ်၊ ငါလည်းကြည့်တယ်။ သန်း ၆၀
သော ပြည်သူအားလုံး ကြည့်ကြတာပဲ။ မင်းက ငါ့ကိုဒုက္ခပေးချင်လို့ လာမေးတာလား" ဆိုပြီး
ပြန်ပက်လိုက်ရတယ်။
ဒါပေသည် သင်းကမလျှော့ဘဲဪ "မဟုတ်ပါဘူး အစ်ကိုကြီးရာ နည်းပြ ကလည်း
တောင်ကိုရီးယား အိုလံပစ် အသင်းကို ကိုင်ခဲ့တဲ့ နာမည်ကြီးနည်းပြ၊ အဖွဲ့ချုပ်ကလည်း
ဘောသမားတွေကို ပြည့်ပြည့်စုံစုံ ပံ့ပိုးထား၊ ပြည်ပကိုလည်း ထွက်ကန်လိုက်ရတဲ့ပွဲတွေ မနည်းဘူး။
အဲဒီကြားက ဘာလို့ရှုံးတာလဲ သိချင်လို့ပါ"တဲ့။
ဒါနဲ့ မာဂျေလည်း မနေသာတော့ဘဲဪ "နည်းပြချုပ် ပတ်ဆောင်ဟွာကတော့ နောက်တစ်ဆင့်
တက်ဖို့ကို အမှတ်ချင်းတူရင် ထိပ်တိုက်တွေ့ဆုံမှုနဲ့ ဆုံးဖြတ်တယ်ဆိုတာကို သူ့အနေနဲ့ ပွဲပြီးမှ
သိတယ်လို့ ဖြေသွားပြီးပြီလေကွာ" ဆိုပြီး သူ့ကို ချော့လိုက်ရတော့တယ်။
"အဲဒီအဖြေက လက်ခံနိုင်စရာ အကြောင်း မရှိဘူးဗျ။ အင်တာနက် စာမျက်နှာတစ်ခုမှာ စိတ်ဓာတ်
ပြင်းပြနေတဲ့ မြန်မာပရိသတ် သုံးသောင်း နေပြည်တော်မှာ ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲတွေ
လာကြည့်မှာကို လုံခြံုရေးအရ မလိုလားလို့ အခုလိုအုပ်စုထဲကပဲ ထွက်ဖို့ လုပ်ထားသယောင်
ရေးတာတွေ့လိုက်တယ်၊ နောက်တစ်ချက်က နည်းပြနဲ့ ဒိုင်လူကြီးကို တစ်နေရာက အဖွဲ့အစည်း
တစ်ခုခုကများ တံစိုး လက်ဆောင်ပေးထားလို့ အရန်ကစားသမားတွေနဲ့ ထုတ်ကန်တာလားဗျာ"
ဆိုပြီး သူ့ရဲ့ခပ်ကြောင်ကြောင် အတွေးတွေ ထုတ်ဖော်လာလို့ဪ
"ဟေ့ကောင် မောင်ကြွက်နီ၊ အမှုကြီးအောင် လုပ်မနေနဲ့၊ ငါတို့နိုင်ငံမှာ အဓိကရုဏ်းမီးတွေက ခုမှ
ငြိမ်းခါစ ရှိသေးတယ်။ အေးအေးနေစမ်းပါကွာ။ မနိုင်လို့ ရှုံးတာပေါ့ဟ" လို့ ပြောပေမယ့် သင်းက
ဪ
"မဖြစ်နိုင်ဘူး ထင်တယ်၊ မြန်မာနဲ့ ထိုင်းနဲ့က သရေကျတယ်၊ ထိုင်းက အင်ဒိုကို လေးဂိုးတောင်
သွင်းထားတာလေ။ ကျွန်တော်တို့လည်း အနည်းဆုံး နှစ်ဂိုးတော့ သွင်းသင့်တာပေါ့" ဆိုပဲ။
"လူကလေး မောင်ကြွက်နီ၊ မင်းကိုရော၊ မနက် ၄ နာရီကတည်းက ဘောပွဲ လက်မှတ်တန်းစီဝယ်တဲ့
မြန်မာပရိသတ် ကိုရော၊ အိမ်ကအိုးထဲမှာ ဆန်မရှိပေမဲ့ ညစာအငတ်ခံပြီး မြန်မာအသင်း အကျႌတွေ
အလံတွေဝယ်တဲ့ သူတွေကိုရော၊ နေ့စဉ်နေ့လယ်ကတည်းက သုဝဏ္ဏကွင်း မှာ ဖလန်းဖလန်းထပြီး
အားပေးနေတဲ့ မော်ဒယ်လေးတွေကိုရော သနားတယ်။ ဘောပွဲဆိုတာ သချင်္ာလိုတွက်လို့မရဘူး
လေ။ အဲဒီလိုသာ သုံးချက်နည်းနဲ့ တွက်လို့ရရင် ကမ္ဘာပေါ်က ဘွတ်ကီဒိုင်တွေ ဒေဝါလီခံရတာ
ကြာပေါ့။ အကောင်းဆုံး နှလုံးသွင်းနည်းကတော့ မနိုင်လို့ ရှုံးတယ်ပဲမှတ်"
"ဒါကတော့ ခင်ဗျားပြောမှလားဗျ။ ပွဲပြီးတော့ မီးရှို့ပစ်လိုက်ကြတဲ့ အကျႌတွေ နည်းမှတ်လို့ဗျာ။
မီးမရှို့ကြပါနဲ့၊ မကျေနပ်ရင် ချွတ်ထားခဲ့ပါ။ ရွာက မိဘမဲ့ကျောင်းကို လှူချင်လို့ပါ ပြောချင်ပေမယ့်
ကိုယ့်ကို ၀ိုင်းရိုက်ကြမှာစိုးလို့ မပြောရဲခဲ့ဘူး"
"အေး... ပြောများပြောခဲ့ရင် မင်းနဲ့ ငါနဲ့အခုလိုတောင် စကားပြောနိုင်မှာ မဟုတ်ဘူး။ လူတိုင်း
ရင်ထဲမှာ အများကြီး ခံစားရတယ် မောင်ကြွက်နီ။ ငါ့ဆရာ မိုးလေဝသ ဦးထွန်းလွင်ဆိုရင် မြန်မာနဲ့
ထိုင်းပွဲကြည့်ရင်း အနိုင်ကနေ သရေကျ သွားလို့ နှလုံးထဖောက်ပြီး ဆေးရုံကတောင် မဆင်းရသေး
ဘူး။ အင်ဒိုပွဲနေ့ ကတော့ ဆရာ့ဆီဖုန်းဆက်ပြီး ညနေပွဲတော့ တီဗီကနေ ကြည့်လည်းမကြည့်ပါနဲ့၊
သတင်းလည်း နားမထောင်ပါနဲ့လို့ ကြိုတင်မေတ္တာရပ်ထားရတယ်။ အင်ဒိုကို မြန်မာရှုံးတာများ
သိရင် တစ်ခါတည်း ငါ့ဆရာ နတ်ပြည် ရောက်သွားနိုင်တယ်"
"အဲဒီတော့ ခုနမေးခွန်းကို ပြန်မေးရရင် ဘယ်သူ့မှာ အပြစ်ရှိသလဲ။ ဗီယက်နမ်ဒိုင် ကြောင့်ရော
မဖြစ်နိုင်ဘူးလားဗျာ"
"မင်းကတော့ မြန်မာပီပီ ဘယ်သူ့ကို အပြစ်ဖို့ရမလဲပဲ စဉ်းစားနေတယ်။ သူများကို အပြစ်တင်တာက
လွဲရင် တခြားဟာ စဉ်းစားစမ်းကွာ။ ဥပမာနည်း စနစ်ပိုင်း အဆင့်မီဖို့ လိုသေးတာတို့ ဘာတို့ပေါ့"
"မသိစိတ်ထဲမှာ ညံ့လို့ရှုံးတယ်ဆိုတာကို ရေးတေးတေး သိနေပေမယ့် အသိစိတ်က လက်မခံနိုင်
ဖြစ်နေတယ်။ ဒီအတိုင်းဆိုရင် ဆီးဂိမ်းပိတ်ပွဲက အသက်မဲ့သွားပြီဗျ။ သန်း ၆၀ သော ပြည်သူတွေရဲ့
အိပ်မက်တွေ ရိုက်ချိုးခံလိုက်ရပြီ"
"အဲဒီလိုလည်း မတွေးနဲ့လေ။ မင်းက အဲဒီလိုထင်ပေမယ့် မီးရှိူးမီးပန်းဖောက်တာကို အရှင်
လတ်လတ်မြင်ဖူးချင်သူတွေက အများကြီး။ အချိန်တန်တော့လည်း ပိတ်ပွဲကြီးက ကွင်းအပြည့်
လူဝင်ပြီး ပိတ်သွားမှာပါ။ အဲဒါကို စိတ်ပူနေမယ့်အစား အခုရက်ပိုင်း အအေးပိုလာတယ်၊
အအေးလှိုင်း ရန်ကုန်ကို ငါးရက် ဖြတ်မယ်တဲ့။ မင်း လေမဖြတ်ဖို့ပဲ တွေးပူ"
"မရဘူးဗျာ။ ဘောပွဲရှုံးတာနဲ့ ပတ်သက်ပြီး တရားခံ တစ်ယောက်ယောက်တော့ ရှာကို ရှာရမယ်"
"ခက်ခက်ပါပေါ့လား မောင်ကြွက်နီ ရယ်။ တကယ်လို့ ဘောပွဲရှုံးနိမ့်စေတဲ့ တရားခံဟာ မင်းရှေ့မှာ
ထိုင်နေတဲ့ ငါ ဆိုရင်ရော"
"ဘာဆိုင်လို့လဲဗျ။ အစ်ကိုကြီးနဲ့ အဝေးကြီး၊ အစ်ကိုကြီးက ဘောလုံးကွင်းထဲတောင်သွားတာ
မဟုတ်ဘဲနဲ့"
"တကယ်ပြောတာကွ၊ မင်း... ဟိုစကားကြားဖူးလား၊ ဇမ္ဗူဒီပါ လက်ယာ တောင်ကျွန်း ဩဘာ
နိမိတ်ထွန်း ဆိုတာ"
"ကြားဖူးသားပဲ၊ အဲဒါနဲ့ မြန်မာဘော အသင်းရှုံးတာ ဘာဆိုင်လို့လဲ"
"ဆိုင်တာပေါ့ဟ။ ဆီးဂိမ်းမတိုင်ခင် လွန်ခဲ့တဲ့ နှစ်လလောက်က ရေဒီယိုမှာ ငါကလက်ဝှေ့နဲ့
ပတ်သက်ပြီး အင်တာဗျူး လုပ်တယ်။ အဲဒီအချိန်မှာမေးတဲ့သူက လက်ဝှေ့နဲ့ မဆိုင်ဘဲ ဆီးဂိမ်းမှာ
မြန်မာ ဘောလုံးသင်းနဲ့ ပတ်သက်ပြီးဆရာ့အမြင်လေး ပြောပါတဲ့။ ငါကလည်း သေချာတာကတော့
လက်ရှိခြေစွမ်းအရ မြန်မာဘောလုံးအသင်းဟာ ဆီးဂိမ်းမှာ ရွှေရစရာမရှိဘူး။ မရမယ့်အတူတူ
ပရိသတ်ကိုရော၊ ပြည်သူတွေကိုရော မျှော်လင့်ချက်တွေပေးပြီး မနှိပ်စက်ကြပါနဲ့လို့ ပြောခဲ့တယ်။
အဲဒီစကားက ဆီးဂိမ်း ဘောပွဲအတွက် အတိတ်နိမိတ်ပေါ့ဟ။ ဟော... အခု အုပ်စုထဲက ထွက်ရပြီ။
ဒီတော့ တရားခံဟာငါပဲဟေ့"
"တော်စမ်းပါဗျာ... အဟုတ်မှတ်လို့ နားထောင်နေတယ်။ ခင်ဗျားကြီးကလည်း တစ်မှောင့်၊ ဘောပွဲ
ရှုံးတဲ့အတွက် ကျွန်တော်တို့ ဘာလုပ်ရင်ကောင်းမလဲဟင် ဒိုင်လူကြီးတည်းတဲ့ ဟိုတယ်နားမှာ
ချောင်းပြီး လောက်လေးနဲ့ ပစ်ရမလား"
"အကောင်းဆုံး အကြံပေးချင်တာကတော့ ဆောက်လုပ်ရေးလုပ်ငန်းကြီး တစ်ခုကို မင်းသွားပြီး
အကြံပေးလိုက်။ ဘောလုံးကွင်း နေရာတွေမှာ အဆင့်မြင့် ကွန်ဒိုတွေ ဆောက်ချင်ပါတယ်ဆိုပြီး
အစိုးရကို အဆိုပြုလွှာတင်လို့ အစိုးရကလည်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်တော့ စိတ်အချဉ်ပေါက်
ပြီး ခွင့်ပြုလိုက်ရင် မင်းပွပြီပဲ"
"ဟာဗျာ... ပြည်သူတစ်ရပ်လုံး ကြိမ်မီးအုံးဖြစ်နေချိန်မှာ ခင်ဗျားကြီးက မဟုတ်တာတွေ ပြောနေ
သေးတယ်။ ဒီအကြောင်းရေးလိုက်ရင် ခင်ဗျားကြီး ပြည်သူ့ချဉ်ဖတ်ဖြစ်သွားမယ်"
"ဟာ...ဟာ...ဟ... မင်း လွှတ်တော်ကိုယ်စားလှယ် မဖြစ်တာ၊ အစိုးရအဖွဲ့မှာ ၀န်ကြီးဝန်ကလေး
မဖြစ်တာကိုပဲ ကျေးဇူးတင်ရမယ်။ မင်းမလည်း မသိစိတ်က အာဏာရှင်စိတ် အပြည့်ပဲကိုးကွ၊
ရေးလိုက်စမ်းပါ၊ မြန်မာအသင်း ဆီးဂိမ်းမှာ မှန်းထားတဲ့ ရွှေတံဆိပ် တစ်ရာမရတာ ငါ့ကြောင့်၊
ဘောလုံးအသင်းရှုံးတာ ငါကကြိုပြီး နိမိတ်ဖတ်ထားလို့၊ ဒါကြောင့် ဆီးဂိမ်းမအောင်မြင်ရတာ၊
ပြည်သူတွေရဲ့မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတာ ငါ့ကြောင့်လို့သာ ရေးလိုက်ပေတော့" ဆိုပြီး
ရွဲ့လိုက်မှဪ
"ခင်ဗျားကြီးက လွယ်ကို မလွယ်ဘူး"ဆိုပြီး ပြန်သွားပါလေရော။
ဘယ့်နှယ်ဗျာ၊ ရှုံးပါတယ်ဆိုမှ မနိုင်လို့ပေါ့၊ ရှင်းနေတဲ့ ကိစ္စကြီးကိုများ...။

















