ပေါ်လစီ (policy) ဆိုတဲ့ စကားရပ်ကို ကျွန်မတို့ ငယ်စဉ်အခါကတည်းက လူကြီးတွေရဲ့ ပြောစကားတွေကတစ်ဆင့် ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်။
ပေါ်လစီ (policy) ဆိုတဲ့ စကားရပ်ကို ကျွန်မတို့ ငယ်စဉ်အခါကတည်းက လူကြီးတွေရဲ့ ပြောစကား
တွေကတစ်ဆင့် ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်။
စစ်တပ်၊ မီးသတ်၊ ရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကား တွေ ရုပ်မြင်သံကြားမှပြတဲ့အခါ လူကြီးတွေက ဒါက
ပေါ်လစီကားလေ ဆိုတာမျိုး အပြောတွေကနေ ပေါ်လစီဆိုတာ ဒီအဖွဲ့တွေနဲ့ ဆက်စပ်တာပဲလို့ပဲ
ကလေးပီပီ လွယ်လွယ်တွေးခဲ့ကြပါတယ်။
အထက်တန်းအရွယ်မှာကျတော့ ကျွန်မတို့သိတဲ့ ပေါ်လစီဆိုတာက အလွတ်ကျက်ရတဲ့ အဓိပ္ပာယ်
အရ မူဝါဒဆိုတာ ကျွန်မတို့ ကောင်းကောင်းသိတတ်ပြီ။
ဒါပေမဲ့ အဲဒီ ပေါ်လစီလို့ လူတွေ ခဏခဏသုံးကြတဲ့ မူဝါဒဆိုတာရဲ့ အနှစ်သာရကို နိုင်ငံရေးဆိုတာ
နဲ့ မကင်း ကင်းအောင် နေခဲ့ရတဲ့ ဆယ်ကျော်သက်အရွယ် လူငယ်တွေအတွက် နားလည်နိုင်ဖို့
အခွင့်အရေးမရခဲ့။ မူဝါဒတွေ ရေးဆွဲကြတယ်၊ မူဝါဒ ချမှတ်တယ် စသဖြင့် အမျိုးမျိုးပြောဆိုကြတာ
ဟာ တကယ်တော့ အဖွဲ့အစည်းတစ်ရပ်၊ အစိုးရတစ်ရပ်က အစီအစဉ်တစ်ရပ်ကို ဘက်ပေါင်းစုံက
စဉ်းစားပြီး ဘယ်လိုလုပ်ဆောင်မယ်ဆိုတာ ဆုံးဖြတ်ကျင့်သုံးခြင်းပါပဲ။
ဘယ်ကိစ္စဆိုရင် ဘယ်လိုမူဝါဒနဲ့ ကျင့်သုံးမယ်ဆိုတာကို အဘက်ဘက်က စဉ်းစားပြီးမှ ဆုံးဖြတ်တာ
ဖြစ်လို့ မူဝါဒတိုင်းဟာ မှန်ကန်တယ်လို့တော့ ပုံသေပြောလို့မရပါဘူး။
မှန်ကန်တဲ့ မူဝါဒတွေ ကျင့်သုံးပြီး တိုးတက်သွားတဲ့ တိုင်းပြည်တွေရှိသလို မူဝါဒတွေ မှားယွင်းစွာ
ချမှတ်ခဲ့လို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကျဆင်းသွားတဲ့ နိုင်ငံတွေလည်း သမိုင်းမှာတစ်ပုံကြီးပါပဲ။
ဒီဇင်ဘာလ ၂ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းမှာ စာရေးသူ Hannah Beech ရေးတဲ့ “Why China
needs more children” ဆိုတဲ့ မျက်နှာဖုံး ဆောင်းပါးထဲမှာဆိုရင် တရုတ်နိုင်ငံက လွန်ခဲ့တဲ့
နှစ်ပေါင်း ၃၄ နှစ်က ချမှတ်ခဲ့တဲ့ မူဝါဒတစ်ခုကြောင့် သူ့တိုင်းပြည်မှာ လက်ရှိဘယ်လို အကျပ်
အတည်းတွေ ရင်ဆိုင်နေရသလဲဆိုတာကို ထင်းကနဲမြင်သာအောင် ဖော်ပြသွားပါတယ်။
စိတ်ဝင်စားစရာပါပဲ။
အားလုံးသိတဲ့အတိုင်း ကျွန်မတို့ရဲ့ အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီးဟာ တိုင်းပြည်က
ဆင်းရဲပြီး လူဦးရေထူထပ်များပြားနေတာကို အလျင်အမြန်ဖြေရှင်းနိုင်ဖို့ တစ်အိမ်ထောင် ကလေး
တစ်ယောက်ပဲ ယူခွင့်ရှိတဲ့ မူဝါဒ (One Child Policy) ကို ၁၉၇၉ ခုနှစ်မှာ ချမှတ်ပြီး အကောင်
အထည်ဖော် ကျင့်သုံးခဲ့ပါတယ်။
မျိုးနွယ်စု အချို့့ နဲ့ ယောကျ်ားရောမိန်းမပါ သူတို့ ရဲ့မိသားစုမှာ တစ်ဦးတည်းမွေးဖွားလာသူဖြစ်မှသာ
ကလေးနှစ်ဦး ယူခွင့်ပြုပါတယ်။
ဒီမူဝါဒကို နှစ်ပေါင်း ၃၄ နှစ်ကြာအောင် ကျင့်သုံးပြီးတာတောင် ခုချိန်မှာ တရုတ်နိုင်ငံဟာ လူဦးရေ
၁ ဒသမ ၃ ဘီလျံနေထိုင်နေတဲ့ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေတုန်းပါပဲ။
လူမှုရေးကဏ္ဍအရကြည့်ရင် မျိုးရိုးကို အလေးထားတဲ့ တရုတ်ယဉ်ကျေးမှုအရ မျိုးရိုး အမည်ကို
ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ သားယောက်ျားလေးကိုသာ လိုချင်ကြပြီး သမီး မိန်းကလေးကို
မလိုချင်ကြတဲ့အတွက် အစိုးရက သန္ဓေသားကို ဖျက်ချဖို့ ခွင့်ပြုမှုပေါင်း ၃၃၅ သန်း လောက်ရှိပါ
တယ်။
အဲဒါတွေရဲ့ နောက်ဆက်တွဲကတော့ တိုင်းပြည်မှာ အမျိုးသား၊ အမျိုးသမီး လူဦးရေ အချိုးအစား
မညီမမျှ ဖြစ်လာတာပါပဲ။
အမျိုးသမီးဦးရေထက် အမျိုးသားဦးရေက ၂၅ သန်း လောက်ပိုများနေပါတယ်။ အကျိုးဆက်
အနေနဲ့ ရာဇဝတ်မှုတွေ၊ သတို့သမီးအဖြစ် လူကုန်ကူးမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ
မြင့်တက်လာပါတယ်။
လာမယ့် ၂၀၂၀ ခုနှစ်ဆိုရင် ဒီအရေအတွက်ဟာ ထပ်တိုးလာဦးမှာဖြစ်ပြီး အမျိုးသားဦးရေ သန်း ၃၀
လောက် အထိ ပိုနေမယ်လို့ ဆောင်းပါးထဲမှာဆိုထားပါတယ်။
ဒါဟာ တရုတ်နိုင်ငံထဲတင်မဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံတွေအထိပါ ခြိမ်းခြောက်လာတဲ့ အချက်ပါပဲ။
မြန်မာနိုင်ငံသားတွေ အထူးသဖြင့် အမျိုးသမီးတွေကို အများဆုံး လူကုန်ကူးမှုပြုလုပ်တဲ့ နိုင်ငံဟာ
တရုတ်နိုင်ငံဖြစ်ပြီး လူကုန်ကူးမှုအများစုကလည်း တရုတ်နိုင်ငံသားတွေရဲ့ ဇနီးမယားအဖြစ်
ရောင်းစားခံရတာပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံထဲမှာတော့ ဒီမူဝါဒကြောင့် ဒီ့ထက်မကတဲ့ လူမှုရေးပြဿနာတွေ ရှိပါတယ်။
ချမှတ်ထားတဲ့ မူဝါဒကို လိုက်နာဖို့ ပျက်ကွက်တဲ့ မိသားစုတွေကို ဒဏ်ရိုက်တဲ့ ဒဏ်ကြေးငွေတင်
ဒေါ်လာ ၃၃၀ ဘီလျံလောက် ရှိပါတယ်။
ပီကင်းတက္ကသိုလ်က လူဦးရေနဲ့ ပတ်သက်ရင် ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Mu Guang
zong ကတော့ "ဒီမူဝါဒကို ချမှတ်ခဲ့သူတွေဟာ အခုလက်ရှိလူတွေ ခံစားနေရတာမျိုး ဖြစ်လာမယ်
လို့ ဘယ်တုန်းကမှ ထည့်မတွက်ခဲ့ဘူး၊ သူတို့ရဲ့လျစ်လျူရှုခဲ့မှုအတွက် လူ့အဖွဲ့အစည်းက အခုတော့
ပေးဆပ်နေရပြီ" လို့ ဆောင်းပါးထဲမှာ ဆိုထားပါတယ်။
ဒါပေမဲ့လည်း ဒီမူဝါဒကြောင့် အဆိုးတွေချည်းပဲ ဖြစ်တယ်လို့လည်း မဟုတ်ပါဘူး။ မူလကရည်ရွယ်
ခဲ့သလို တိုင်းပြည်ရဲ့ ဆင်းရဲမှုနဲ့ လူဦးရေများပြားမှုမှာ ဆင်းရဲမှုကိုတော့ အတိုင်း အတာတစ်ခုထိ
တွန်းလှန်နိုင်ခဲ့တယ်ဆိုတာ အခုချိန်မှာ စီးပွားရေးအရ ကမ္ဘာ့အဆင့်(၂)နေရာမှာရှိနေခြင်းက
သက်သေပါပဲ။
တိုင်းပြည်ရဲ့ ဂျီဒီပီတိုးတက်မှုမှာလည်း ၁၉၈၀ တုန်းက လူတစ်ဦးချင်းစီရဲ့ဝင်ငွေဟာ ပျမ်းမျှဒေါ်လာ
၂၀၀ အောက်ထက်တောင် နည်းနေတာကနေ အခုအချိန်မှာ ဒေါ်လာ ၆,၀၀၀ အထိ မြင့်တက်သွား
ပါပြီ။
လက်ရှိအခြေအနေမှာတော့ အခြေအနေ ကောင်းသလိုထင်ရပေမယ့် အနာဂတ်အတွက်တော့
အလားအလာကောင်း မဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ ဒီမူဝါဒအတိုင်း သာဆက်သွားမယ်ဆိုရင် လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ
တရုတ်ရဲ့ လူဦးရေဟာ ၁ ဒသမ ၄ ဘီလျံလောက်ပဲ ရှိမှာဖြစ်တဲ့အတွက် ၁၇ နှစ်တာကာလမှာ
တစ်ဘီလျံလောက်သာ တိုးလာမှာဖြစ်ပြီး ရလဒ်အနေနဲ့ လူငယ် အင်မတန်နည်းပါးတာ၊ အမျိုးသမီး
အရေအတွက် အင်မတန် နည်းတာနဲ့ သက်ကြီးရွယ်အိုတွေ အလွန်အမင်းများပြားတာတွေကို
ကြံုရနိုင်ပါတယ်။
ဒါကြောင့်လည်း တရုတ်သမ္မတ ရှီကျင့်ဖျင် က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ကာလရှည်ကြာ
စွာ ကျင့်သုံးခဲ့တဲ့ နိုင်ငံရဲ့မူဝါဒ ဖြေလျော့တာကို လက်မှတ်ရေးထိုးလိုက်ပါတယ်။
အဲဒီမူဝါဒအရ အရင်လို ယောက်ျားရော မိန်းမပါ မိသားစုရဲ့ တစ်ဦးတည်းသောကလေးဖြစ်စရာ
မလိုတော့ဘဲ နှစ်ယောက်အနက် တစ်ယောက်က သူ့မိသားစုရဲ့ တစ်ဦးတည်းသောကလေးဖြစ်ခဲ့ရင်
မိမိရဲ့ ကိုယ်ပိုင်မိသားစုမှာ ကလေးနှစ်ယောက် ယူခွင့်ရှိသွားပါတယ်။
ဒီမူဝါဒအပြောင်းအလဲကြောင့် တစ်နှစ်ကို ကလေးတစ်သန်းလောက် ပိုမွေးဖွားလာမယ်လို့ ခန့်မှန်း
ကြပါတယ်။
အချက်အလက်စုံနဲ့ စေ့စေ့စပ်စပ် လေ့လာသုံးသပ်ပြထားတဲ့ ဒီဆောင်းပါးက မူဝါဒတစ်ခုကို ချမှတ်ဖို့
ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာကို မီးမောင်းထိုးပြသွားတာပါပဲ။
ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း အစိုးရ အဆက်ဆက် ချမှတ်ခဲ့တဲ့ မူဝါဒတွေရဲ့ သက်ရောက်မှုတွေ
ထဲမှာ ထင်သာမြင်သာအဖြစ်ဆုံးတွေအနက် တစ်ခုကို ပြရမယ်ဆိုရင် ပြောင်းလဲသွားတဲ့ မြန်မာ့
ပညာရေးအဆင့်အတန်းပါပဲ။
၁၉၄၀၊ ၁၉၅၀ နှစ်များဆီတုန်းက အာရှရဲ့ အကျော်ကြားဆုံး တက္ကသိုလ်တွေထဲမှာ တစ်ခုအပါအဝင်
ဖြစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကြီးက အဲဒီအချိန်တုန်းက အိမ်နီးချင်းနိုင်ငံတွေက ကျောင်းသားတွေ
တောင် မြန်မာပြည်လာပြီး စာသင်ချင်တဲ့အထိ ဆွဲဆောင်နိုင်ခဲ့ပေမယ့် ခုချိန်ခါမှာ မြန်မာ
ကျောင်းသားတွေ အတော်များများ နိုင်ငံအပြင်ထွက်ပြီး နိုင်ငံခြားက တက္ကသိုလ်တွေမှာပဲ ပညာ
သင်ယူကြပါတယ်။
ဒါကိုကြည့်ရင် မြန်မာလူငယ်တွေရဲ့ စိတ်ထဲမှာ နိုင်ငံခြားတက္ကသိုလ်တွေကမှ တကယ်တတ်အောင်
သင်ကြားပေးနိုင်တယ်လို့ ယုံကြည်နေကြတာကိုတွေ့ရပါတယ်။
ဒါ့ပြင် ခေတ်အဆက်ဆက် သမိုင်းဝင် အရေးတော်ပုံတွေ အတော်များများကလည်း တက္ကသိုလ်
တွေကနေ စခဲ့တာမို့ လုံခြံုရေးအကြောင်းပြချက်နဲ့ တက္ကသိုလ်တွေကို မြို့အစွန်အဖျားတွေကို
ရွှေ့ပစ်တာ၊ တက္ကသိုလ်ကျောင်းသားတွေကို အထက်တန်းကျောင်းသားတွေသဖွယ် ဆက်ဆံပြီး
ချုပ်ချယ်ခဲ့တာတွေကြောင့် သူများနိုင်ငံတွေမှာ ကျောင်းသားဗဟိုပြုစနစ်နဲ့ သင်ကြားရေးကို
ကျင့်သုံးပြီး ပညာရေးအဆင့်အတန်းတွေ မြင့်မားလာချိန်မှာ မြန်မာက နောက်ကောက်ကျ
ကျန်နေတုန်းပါပဲ။
ခုချိန်မှာတော့ ပညာရေးနဲ့ ပတ်သက်ပြီး မူဝါဒတွေ ပြောင်းလဲချမှတ်အကောင်အထည်ဖော်ဖို့
ပညာရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ကျင်းပ ပြုလုပ်လာတာကိုတော့ တွေ့ရပါတယ်။
တကယ်မှန်ကန်တဲ့ မူဝါဒ တွေချမှတ်ပြီး ဆောင်ရွက်နိုင်တယ်ဆိုရင်တောင် အဲဒီအသီးအပွင့်ကို
မြင်တွေ့ဖို့ နှစ်ပေါင်းများစွာ စောင့်ရဦးမှာပါ။
စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေတဲ့ ကျွန်မတို့နိုင်ငံအတွက်လည်း
အိမ်နီးချင်းနိုင်ငံတွေရဲ့ မူဝါဒတွေတင် သာဓကယူနိုင်ရုံတင်မကဘဲ ကိုယ့်တိုင်းပြည်ရဲ့ မှားယွင်းခဲ့တဲ့
မူဝါဒတွေအပေါ်မှာလည်း ပြန်လည်လေ့လာဆင်ခြင်ပြီး သာဓက ယူရမှာပါပဲ။
အသွင်ကူးပြောင်းနေတဲ့ ကာလမှာ ချမှတ်တဲ့ မူဝါဒတွေဟာ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အပေါ်မှာ
အများကြီးအကျိုးသက်ရောက်တာကို ယနေ့ကာလမှာ တိုင်းပြည်ရဲ့ မူဝါဒတွေကို ချမှတ်သူတွေ
အနေနဲ့ အများကြီး သတိပြုစေချင်ပါတယ်။
ဒီမူဝါဒ တွေရဲ့ အကျိုးဆက်တွေကို ခံစားရမှာက သန်း ၆၀ ကျော်သော ပြည်သူတွေဖြစ်တာ
ကိုလည်း မမေ့စေချင်ပါ။
ရေရှည်အမြင်နဲ့ ပြည်သူ့အကျိုးကို အဘက်ဘက်က ချင့်ချိန် သုံးသပ်ပြီး လွှတ်တော်၊ အစိုးရနဲ့
လက်ရှိ မြန်မာပြည်ရဲ့ အကူးအပြောင်းကာလမှာ အခရာကျနေတဲ့ တပ်မတော်တို့က ပြည်သူ့
အတွက် အဆိုးမဖြစ်ဘဲ အကျိုးဖြစ်စေမယ့် မူဝါဒတွေသာ ချမှတ်ကြဖို့ တိုက်တွန်းလိုပါတယ်။
Ref: Time Magazine’s Cover Story: "Why China needs more children"
by Hannah Beech

















