စာရေးသူလည်း အခုတစ်လော ဥပဒေ ဆောင်းပါးတွေ သိပ်မရေးဖြစ်ဘူး။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲစတဲ့ရက်က ဆုံးတဲ့ရက်အထိ တီဗီမှာ ပြတဲ့ အားကစားပြိုင်ပွဲတွေကိုပဲ ကြည့်ဖြစ်တယ်။
စာရေးသူလည်း အခုတစ်လော ဥပဒေ ဆောင်းပါးတွေ သိပ်မရေးဖြစ်ဘူး။ အရှေ့တောင်အာရှ
အားကစားပြိုင်ပွဲ စတဲ့ရက်က ဆုံးတဲ့ရက်အထိ တီဗီမှာ ပြတဲ့ အားကစားပြိုင်ပွဲတွေကိုပဲ ကြည့်ဖြစ်
တယ်။
မနက် ၉ နာရီလောက်ကနေ ညနေ ၄ နာရီလောက် ပြိုင်ပွဲတွေ ပြီးဆုံးချိန်ထိ ထမင်းစားချိန်ကလွဲပြီး
တစ်နေ့လုံး ကြည့်ဖြစ်ခဲ့တယ်။
တီဗီ Channel လိုင်း သုံးလိုင်းကနေ ပြနေတဲ့ မြန်မာ အားကစားသမားတွေ ယှဉ်ပြိုင်တဲ့ ပွဲတွေကို
တစ်လိုင်းပြီး တစ်လိုင်းပြောင်းပြီး ကြည့်ဖြစ်ခဲ့တာပါ။
အဲဒီအတော အတွင်း တပည့်ရှေ့နေက ဥပဒေရေးရာ ကိစ္စတွေလာပြီး ဆွေးနွေးဦးမယ်ဆိုလို့
'ဆီးဂိမ်း' မပြီးခင်တော့ မလာနဲ့ဦးလို့ ပြောထားရတယ်။
ဆီးဂိမ်းပြီး နောက်တစ်ရက်မှာပဲ သူရောက်လာပြန်တယ်။
"ဒီနေ့ရုံးဖွင့်ရက် မဟုတ်လား။ မင်း အမှုချိန်းထားတာ မရှိလို့လား"
"အမှုက ရက်ချိန်းယူရုံပဲဆိုတော့ တပည့်ရှေ့နေလေးတွေကို လွှဲခဲ့ပါတယ်။ ဥပဒေပြဿနာလေး
တစ်ခုနဲ့ ပတ်သက်ပြီး ဆရာ့သဘောထားကို သိချင်လို့ပါ။ ဆောင်းပါးရေးသင့်တာဆိုရင်လည်း
ဆရာရေးဖြစ်အောင်လို့ပါ"
"ဥပဒေကိစ္စကိုတော့ ငါ့သိသလောက် ပြောရမှာပေါ့။ ဒါပေမဲ့ ခုလောလောဆယ်တော့ ဥပဒေ
ဆောင်းပါး ရေးချင်စိတ်မရှိသေးဘူးကွာ။ ဆီးဂိမ်းဝေဒနာကလည်း ပူပူနွေးနွေးရှိသေးတော့
သတင်းစာနဲ့ ဂျာနယ်တွေမှာပါတဲ့ ဆီးဂိမ်းအကြောင်း သတင်းနဲ့ ဆောင်းပါးတွေကိုပဲ ဖတ်ဖြစ်နေ
တယ်ကွ"
"ဟုတ်တယ် ဆရာ။ ကျွန်တော်လည်း ရုံးမသွားရတဲ့ ရက်ဆိုတော့ ဆီးဂိမ်း ပြိုင်ပွဲတွေကို တီဗီမှာ
ကြည့်ဖြစ်ပါတယ်။ နှစ်ပေါင်း ၄၀ ကျော်ကြာမှ မြန်မာနိုင်ငံမှာ ကျင်းပခွင့်ရခဲ့တာဆိုတော့ အခု
အသက် ၅၀ အောက် လူငယ်တွေအဖို့တော့ အတော်ကို အသစ်အဆန်းသဘောမျိုး ဖြစ်နေကြမှာပဲ
ဆရာ"
"ကျင်းပခွင့်ရတယ်လို့ ပြောရင်တော့ မမှန်သေးဘူးကွ။ ဒီအာဆီယံအားကစား ပြိုင်ပွဲက နှစ်နှစ်
တစ်ကြိမ် ကျင်းပတာဆိုတော့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တောင်းဆိုမှုအပေါ် မူတည်ပြီး နိုင်ငံအလိုက်
အလှည့်ကျသဘောမျိုး ကျင်းပခဲ့ကြတာပဲလေ။ ဒို့နိုင်ငံကသာ ဒို့ရဲ့နိုင်ငံရေး နဲ့ စီးပွားရေးအခြေအနေ
အရ ဒီ အားကစားပြိုင်ပွဲကို လက်ခံပြီး မကျင်းပ နိုင်ခဲ့တာကိုးကွ။ တချို့နိုင်ငံတွေလည်း ဒို့လိုပဲ
အခြေအနေ မပေးတာမျိုးတွေရှိခဲ့တော့ ထိုင်းနိုင်ငံကပဲ ဒီအားကစားပွဲကို လက်ခံကျင်းပခဲ့တာ
အများဆုံးလို့ ထင်တာပဲကွ"
"ဆုတံဆိပ်ရရှိမှု အနေအထားကရော မှန်းချက်နဲ့ နှမ်းထွက်ကိုက်တယ်လို့ ထင်ပါသလားဆရာ"
"ဒါကတော့ ရွှေတံဆိပ်ရရှိမှု အပေါ်မှာ ဆုံးဖြတ်ရတာဆိုတော့ ပြိုင်ပွဲ မကျင်းပခင်က ပြိုင်ပွဲ
အမျိုးအစားအလိုက် တာဝန်ရှိသူတွေ ခန့်မှန်းသလောက်တော့ ရွှေတံဆိပ်မရဘူးလို့ ငါထင်တယ်။
ဒါပေမဲ့ တစ်မျိုးသားလုံးရဲ့ အမြင်အရတော့ လက်ရှိဆုရရှိမှု အပေါ် ကျေနပ်ပုံရကြတယ်လို့ သုံးသပ်
နိုင်တယ်။ လူအများစု မကျေနပ်ကြတာကတော့ ဘောလုံးရှုံးတာပဲ"
"ဟုတ်ပါတယ် ဆရာ။ ဆရာ့ ခန့်မှန်းချက်နဲ့ ကိုက်မကိုက်လည်း ပြောပါဦး ဆရာ"
"ငါက ဒီကိစ္စမှာ ကျွမ်းကျင်သူ မဟုတ်တော့ အားကစားအမျိုးအစားအလိုက် သုံးသပ်ပြီး ခန့်မှန်းတာ
မျိုးတော့ မလုပ်နိုင်ဘူးကွ။ ဒါပေမဲ့ ပြီးခဲ့တဲ့ အားကစား ပြိုင်ပွဲတွေမှာ ဆုတံဆိပ်ရရှိခဲ့မှုအခြေအနေနဲ့
ဘောလုံးဆိုရင်လည်း ပြိုင်ပွဲ မကျင်းပမီ လေ့ကျင့်မှု၊ ပြည်တွင်း ပြည်ပ ဘောလုံးအသင်းတွေနဲ့
ခြေစမ်းကစားမှုတို့ရဲ့ ရလဒ်တွေအပေါ်မှာ သုံးသပ်ပြီး ခန့်မှန်းကြည့်ရတာပေါ့ကွာ"
"ဟုတ်ကဲ့။ ပြောပါဦး ဆရာ"
"ပြိုင်ပွဲအားလုံးအတွက် ဆုတံဆိပ် ရရှိမှုက အရင်က ဆဋ္ဌမနေရာလောက်မှာ ရှိခဲ့တာဆိုတော့ အခု
ပြိုင်ပွဲက ကိုယ့်နိုင်ငံမှာ ကျင်းပတာဖြစ်လို့ ပြိုင်ပွဲဝင် အားကစားသမားဦးရေ များလာမှာရယ်၊
ပရိသတ်အားပေးမှုရယ်ကို တွက်ဆပြီး အမြင့်ဆုံး တတိယအဆင့်ပဲ ရနိုင်မယ်လို့ ခန့်မှန်းခဲ့တယ်။
အခု ဒုတိယအဆင့် ရတယ်ဆိုတော့ ငါမှန်းခဲ့တာထက်တော့ ပိုကောင်းသွားတာပေါ့ကွာ။ ဒါပေမဲ့
ပထမရရှိတဲ့ ထိုင်းနိုင်ငံနဲ့က ရွှေမှာ ၂၁ ခုကွာခြားနေတဲ့အပြင် ငွေနဲ့ ကြေးမှာလည်း အတော်ကို
ကွာခြားနေတာကို တွေ့ရတယ်။ နောက်ပြီး ရွှေ၊ ငွေ၊ ကြေး စုစုပေါင်း ဆုတံဆိပ်အရေအတွက်ကို
နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ငါတို့နိုင်ငံက စတုတ္ထအဆင့်မှာပဲရှိတာကို တွေ့ရမယ်။ ဒါက ဘာကိုပြသလဲ
ဆိုရင် နောက်ပွဲတွေမှာ အဆင့်တက်ဖို့ အများကြီး ကြိုးစားကြရဦးမယ် ဆိုတာပဲ။ ဘာဖြစ်လို့လဲ
ဆိုတော့ ဒို့က ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့ထက် ရွှေတံဆိပ် အရေအတွက်ပိုတယ် ဆိုပေမယ့် ငွေနဲ့
ကြေးစုစုပေါင်းမှာ ဒို့က သူတို့ထက် နည်းနေတာကို တွေ့ရတယ်။ ဒါကြောင့် ဆုတံဆိပ်စုစုပေါင်းရရှိမှု
မှာတော့ စတုတ္ထအဆင့်ကို ရောက်သွားရတာပေါ့။ ငွေနဲ့ ကြေးကို ထည့်မတွက်လို့က မရဘူး။
ဘာကြောင့်လဲဆိုတော့ ဒီငွေနဲ့ ကြေးတွေက နောက်ပွဲတွေမှာ ရွှေ ဖြစ်လာနိုင်တာကြောင့်ပဲကွ။
သဘောပေါက်ရဲ့လား။ အရန်အင်အား သဘောပေါ့ကွာ"
"ဒီအတွက်တော့ မပူပါနဲ့ ဆရာ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကြေးနဲ့ ငွေကနေ ရွှေဖြစ်အောင်
လုပ်နိုင်တဲ့ အဂ္ဂိရတ်သမားတွေ ရှိပါတယ်ဆရာ"
"ဟာ ခွေးမသား၊ ငါက အကောင်းပြောနေတာကို"
"ကန်တော့ပါ ဆရာ။ အဲဒီတော့ ရှေ့ဆက် ဘာလုပ်သင့်တာကို ဆရာ မြင်သလောက် ပြောပါဦး
ဆရာ"
"ဒီအတွက် စာရင်းအင်းတွေ၊ ကိန်းဂဏန်းတွေကို ကြည့်ဖို့ လိုတယ်ကွ။ ငါ့မှာတော့ မရှိဘူး။
ဆိုလိုတာက အားကစားတစ်မျိုးမှာဆို ဘယ်လောက်ပေးသလဲ၊ ဒို့က ဆုတံဆိပ်ဘယ်လောက်
ရသလဲ။ အဲဒီမှာ ဒို့အားနည်းတဲ့ အားကစား အမျိုးအစားမှာ တိုးတက်အောင် ဘယ်လို လုပ်မလဲ၊
ဒို့အားသာတဲ့ အားကစားနည်းမှာလည်း လက်ရှိအဆင့်ကို ထိန်းနိုင်အောင်၊ လက်ရှိအဆင့်ထက်
ပိုကောင်းအောင်၊ ဘယ်လိုလုပ်နိုင်မလဲဆိုတာ တွေကို စဉ်းစားလို့ရပြီ။ ဒါက လမ်းစတွေ့တဲ့ အဆင့်ပဲ
ရှိသေးတယ်။ ဆက်လုပ်ရမှာက လူရရှိရေး၊ အားကစားပစ္စည်း ရရှိရေး၊ လေ့ကျင့်ရေးစတဲ့ အားကစား
အမျိုးအစားအလိုက် နှစ်နှစ်စီမံချက်မျိုး လုပ်ဖို့ လိုမှာပေါ့ကွာ"
"ဟုတ်ကဲ့။ ဖြစ်သင့်ပါတယ် ဆရာ"
"လက်ရှိ အခြေအနေအရ ဒို့အား နည်းတဲ့ အားကစားအမျိုးအစားတွေက ပြေးခုန်ပစ်၊ အလေးမ၊
လက်ဝှေ့၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ပင်ပေါင်၊ တင်းနစ်စတာတွေပဲကွ။
ပြေးခုန်ပစ်၊ အလေးမ၊ လက်ဝှေ့ဆိုတာတွေ တစ်ချိန်က ဒို့မှတ်တိုင်ထူနိုင်ခဲ့တဲ့ အားကစားနည်းတွေပဲ။
အခုအခြေအနေက သုညလောက်ထိ ဆင်းသွားပြီ။ ဒီတော့ ပြန်တက်လာအောင် အခုကစပြီး
လုပ်ကြရမယ်။ ပြေးခုန်ပစ်၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ ပင်ပေါင်စတာတွေက
သိပ်ပြီး အရင်းအနှီးမလိုဘဲ ကျေးလက်တောရွာအထိ၊ အခြေခံပညာကျောင်းတွေအထိ ကစားနိုင်တဲ့
လူထု အားကစားနည်းတွေပဲ။ ဒီမှာ အဓိကအကျဆုံး အချက်တစ်ချက်က ဘယ်အားကစားနည်းမှာ
မဆို အခြေခံနည်းစနစ် မှန်ကန်ဖို့ပဲ။ အခြေခံနည်းစနစ်ကို မှန်မှန်ကန်ကန် သင်ပြသင်ယူခြင်းမရှိဘဲ
ကိုယ်ထင်သလို ကစားမယ်ဆိုရင်တော့ ဘယ်လိုမှ တိုးတက်မှုရှိမှာ မဟုတ်ဘူး။ ဒါကြောင့်
အားကစားနည်းတိုင်းမှာ ကျေးလက်အထိ၊ အခြေခံပညာကျောင်းအထိ သင်ကြားပြသပေးဖို့ နည်းပြ
ဆရာတွေ အများကြီးမွေးထုတ်ဖို့ လိုမယ်ကွ။ နည်းပြသင်တန်းတွေ၊ အခြေခံသင်တန်းတွေ ဖွင့်ဖို့
လိုမှာပေါ့။ ဥပမာ - ဘောလုံး အားကစားနည်းကိုပဲကြည့်။ နိုင်ငံ့ လက်ရွေးစင်အဆင့်မှာတောင်
ဒို့လူတွေ အခြေခံဘောလုံးပညာကို စနစ်တကျ မတတ်ကျွမ်းကြဘူးလို့ ငါတော့ သုံးသပ်တယ်။
အခြေခံ ဘောလုံးပညာနည်းစနစ် မမှန်ကန်ဘဲ၊ မကျွမ်းကျင်ဘဲနဲ့တော့ ဖာဂူဆန်နဲ့ မော်ရင်ညိုကို
နည်းပြခန့်ထားလို့လည်း ဘာမှထူးမှာ မဟုတ်ဘူး။ ပိုက်ဆံပိုကုန်တာပဲရှိမယ်"
"မှန်ပါတယ် ဆရာ။ ဆီးဂိမ်းဘောလုံး ပွဲအကြောင်း ဆက်ပြောပါဦး"
"ဒီဆီးဂိမ်းပြိုင်ပွဲမစခင်ကတည်းက ငါမှန်းထားတာကတော့ ဒို့ဘောလုံး အသင်းဟာ ကိုယ့်မြေပေါ်၊
ကိုယ့်ပရိသတ်ရှေ့မှာ ကစားရမှာမို့ ဖိုင်နယ်အဆင့်တော့ ရောက်ချင်ရောက်နိုင်မယ်။ ချန်ပီယံဖြစ်နိုင်
တဲ့ ခြေစွမ်းတော့ မရှိဘူးလို့၊ အမြင့်ဆုံး ဒုတိယပဲ ရမယ်ပေါ့ကွာ"
"ဆရာက ဘာကိုကြည့်ပြီး အဲဒီလို မှန်းတာပါလဲ ဆရာ"
"ဝေးဝေး မကြည့်ရပါဘူးကွာ။ နိုင်ငံခြားသွားပြီး ခြေစမ်းပွဲကန်သမျှ အားလုံး နီးပါးရှုံးခဲ့တယ်။ အဲဒီ
အသင်းတွေက နိုင်ငံ့လက်ရွေးစင်အဆင့်တော့ မဟုတ်ဘူးလို့ ထင်တယ်။ နိုင်တယ်ဆိုတဲ့ အသင်း
နည်းနည်းကလည်း အဆင့်မြင့်တဲ့ အသင်းတွေ မဟုတ်ဘူး။ ပြည်တွင်းမှာ ထိပ်သီးကလပ်အသင်း
တွေနဲ့ ကစားတော့လည်း ဂိုးပြတ်နိုင်တာ မရှိဘူး။ ကလပ်အသင်းကိုတောင် ခြေရည်တူ ကစားခဲ့
ရတဲ့ အနေအထားပဲ။ ဆီးဂိမ်းပြိုင်ပွဲမှာ ကမ္ဘောဒီးယားနဲ့ တီမောကို ဂိုးပြတ်နိုင်တယ်ဆိုပေမယ့်လည်း
ကစားပုံက အားရစရာ မရှိဘူး။ အခြေခံဘောလုံး ပညာသင်ရိုး မကျေညက်တဲ့အတွက် ပေးသမျှ
ဘောလုံး ခြောက်ဆယ် ရာခိုင်နှုန်းလောက်က ကိုယ့်လူဆီကို မရောက်ဘူး။ အဲဒီလို မရောက်ပေ
မယ့် အဝေးပေးစနစ်ကိုပဲ ပွဲအစအဆုံး နီးပါးလောက် ကစားသွားခဲ့တာပဲကွ။ တီမောနဲ့ပွဲမှာ ဆိုရင်
ဟိုက လူကောင် ပိုထွားတော့ ပိုဆိုးတာပေါ့။ တစ်ဂိုးစီ သရေကျနေချိန်မှာ အတော်ကို စိုးရိမ်ရတဲ့
အခြေအနေဖြစ်နေပြီ။ ကံကောင်းချင်တော့ ပင်နယ်တီရလို့သာပေါ့ကွာ။ မဟုတ်ရင် အဖြေတစ်မျိုး
ဖြစ်သွားမယ်ထင်တယ်"
"ဒါပေမဲ့ ထိုင်းနဲ့ ကစားတဲ့ပွဲကိုတော့ မြန်မာအသင်းကို ကျွန်တော် တော်တော် ကြိုက်တယ် ဆရာ"
"ဟုတ်တယ်။ ဒို့အသင်းက အဲဒီလို 'ခြေ'မျိုးသာ ပုံမှန်ရှိနေရင် အာရှမှာ မဟုတ်တောင် အာဆီယံ
မှာတော့ ခေါင်းမော့ရင်ကော့ နိုင်ပြီပေါ့ကွာ။ အဲဒီပွဲက မြန်မာအသင်းရဲ့ ခြေစွမ်းကိုတော့ ငါလည်း
တော်တော်ကြိုက်ခဲ့တယ်ကွ။ ငါ့မှန်းချက်တော့ လွဲပြီ၊ ရွှေရနိုင်ပြီလို့တောင် ထင်ခဲ့တယ်။ အားပေးတဲ့
ပရိသတ် တစ်ဦးအနေနဲ့ တော်တော်လည်း အားတက်ခဲ့တယ်ပေါ့ကွာ။ ဒါပေမဲ့ ဒို့အလယ်တန်း
ကစားသမားတစ်ဦးက မမှားသင့်တဲ့ အမှားတစ်ခုကို လုပ်လိုက်တဲ့အခါကျတော့ စိုးရိမ်ရေမှတ်ကို
ပြန်ရောက်သွားပြန်ရော"
"ဘယ်လို အမှားပါလဲဆရာ။ ကျွန်တော်တော့ သတိမထားလိုက်မိဘူး"
"ဒုတိယပိုင်းအစ တစ်မိနစ်လောက် အတွင်းမှာ ဖြစ်တာလေကွာ။ ဘောလုံးကို စပေးခွင့်ရတဲ့
ဘောလုံးအသင်းတို့ရဲ့ ထုံးစံအတိုင်း အလယ်စည်းဝိုင်းအတွင်းမှာ ဘောလုံးကို တို့ပေးပြီးရင်
အများအားဖြင့် အဲဒီ ဒုတိယကစားသမားက ဘောလုံးကို အလယ်တန်းလူတစ်ဦးဆီ ကို ပြန်ပေး
လေ့ရှိတယ် မဟုတ်လား။ အဲဒီအချိန်မှာ ဒို့အလယ်တန်းလူက ဘောလုံးအပေါ် အာရုံမရောက်လို့
လား မသိဘူး။ ရှေ့ကို နည်းနည်းတက်ပြီး ဘောလုံးကို ယူရမယ့်ဟာကို စောင့်နေတဲ့သဘော
ဖြစ်သွားတော့ တစ်ဖက် အသင်းက လူက ပြေးဝင်ပြီး ဘောလုံးကို ဖြတ်ယူသွားတယ်။ ဘေးချင်း
ယှဉ်လိုက်ပြီး ကန်လိုက်တော့ လူကို ပတ်ကန်သလိုဖြစ်သွားပြီး ဟိုလူလဲကျသွားတဲ့အခါ ဒိုင်က
ပြစ်ဒဏ်ဘောပေးရပြီလေ။ အဲဒီပြစ်ဒဏ်ဘောက တစ်ဆင့် ဒုတိယပိုင်းအစ တစ်မိနစ်အတွင်းမှာ
ပထမပိုင်းက နိုင်ထားတဲ့ တစ်ဂိုးလေး ကျေသွားရော မဟုတ်လား။ အဲဒီမှာတင် ထိုင်းအသင်း
ကလည်း အားတက်သွားပြီး ကစားကွက် ပိုကောင်းလာတယ်။ ဒါပေမဲ့ မြန်မာအသင်းကလည်း
ခြေကျမသွားဘဲ ကစားကွက် ပိုကောင်းလာတယ်၊ အပေးအယူလည်း မှန်လာတယ်။ ထိုင်းအသင်း
ဘက်ကို တစ်ချိန်လုံး ဖိကစားနေခဲ့တော့ ထိုင်းအသင်းက တိုက်စစ်အား မကောင်းတော့ဘဲ ခံစစ်
ဘက်ကို အလေးပေးနေရတယ်။ နောက်ပိုင်း ပွဲပြီးခါနီးမှာ ဂိုးသမားက အချိန်ဆွဲ သလိုတောင်
ဖြစ်နေလို့ ဒိုင်က အဝါကတ်ပြခဲ့တယ်လေ။ ဒါပေမဲ့ ပွဲပြီးချိန်အထိ မြန်မာဘက်က ဂိုးထပ်မသွင်းနိုင်
တော့ဘူး။ ဒီပွဲမှာ ထိုင်းအသင်းရဲ့ အတွေ့ အကြံုနဲ့ နောက်တန်း ခိုင်မာမှုကိုတော့ အသိအမှတ်ပြုရမှာ
ပဲကွ"
"ဆရာပြောမှပဲ ကျွန်တော်တောင် အဲဒီပွဲကို ပြန်ကြည့်ချင်လာပြီ"
"ငါကြည့်ခဲ့သမျှ မြန်မာအသင်းရဲ့ ပွဲတွေထဲမှာ အကောင်းဆုံးပွဲပဲလို့ ငါထင်တယ်။ အဲဒီပွဲပြီးခါနီးမှာ
ထိုင်းအသင်းဟာလည်း အတော်စိုးရိမ် စိတ်ဝင်လာပုံရတယ်ကွ။ သူတို့အနေနဲ့ အရင်ကလို
မြန်မာအသင်းကို အပေါ်စီးနဲ့ ကစား နိုင်မယ်လို့ ထင်ထားခဲ့ပုံရတယ်။ အဲဒီ ဒုတိယပိုင်းအစမှာ
မြန်မာအသင်းက ဂိုးမပေးခဲ့ရရင်၊ ဒါမှမဟုတ် နောက်ပိုင်းမှာ မြန်မာအသင်းသွင်းတဲ့ ဂိုးတစ်ဂိုး
လောက် ၀င်သွားခဲ့မယ်ဆိုရင် မြန်မာအသင်း ကိုးမှတ်ရမှာမို့လို့ ဖိုင်နယ် ရောက်ဖို့အနေအထားက
အတော်ကို ကောင်းသွားပြီလို့ ဆိုရမယ်။ အင်ဒိုနီးရှားနဲ့ ပွဲကို ထည့်တွက်ဖို့တောင် မလိုတော့ဘူး
ထင်တယ်"
"အင်ဒိုနီးရှားနဲ့ ကစားတဲ့ပွဲကတော့ လူအများမကျေနပ်တဲ့ ပွဲဖြစ်တဲ့အပြင် နောက်ဆက်တွဲ
ပေါ်ပေါက်တဲ့ ပြဿနာတွေကလည်း စိတ်ပျက်စရာ ကောင်းပါတယ် ဆရာ"
"ဒီပွဲနဲ့ ပတ်သက်လို့လည်း နည်းပြအပေါ်အတော်ကို မကျေမနပ်ဖြစ်ကြတာက ပွဲထွက်ကစားသမား
ရွေးချယ်မှု ကိစ္စပဲကွ။ ဒီကိစ္စက ကမ္ဘာ့ထုံးတမ်း စဉ်လာအရ နည်းပြတစ်ဦးတည်းရဲ့ အကန့်အသတ်
မရှိတဲ့ လုပ်ပိုင်ခွင့်ဆိုတော့ ပြောရတာ ခက်တယ်ကွ။ နည်းပြတစ်ဦးအနေနဲ့ ဘာကြောင့်
ဒီကစားသမားတွေနဲ့ ပွဲထွက်ရတယ်ဆိုတာကို ပြန်လည်ဖြေရှင်းပြဖို့ တာဝန်မရှိသလို အစဉ်အလာ
လည်း မရှိဘူးလေ။ ဒီတော့ သူဘယ်လိုတွေး ဘယ်လိုအကွက်ချပြီး နည်းပရိယာယ်ဆင်တယ်
ဆိုတာကို ဒို့မသိနိုင်ဘူး။ တစ်ခု သိရတဲ့အချက်ကတော့ အံ့ဩစရာလို့ ပြောရမလား၊ စိတ်ပျက်စရာ
လို့ ပြောရမလား၊ ဘယ်လိုပြောရမှန်းတောင် မသိဘူး။ အုပ်စုအတွင်းပြိုင်ပွဲမှာ အသင်း နှစ်သင်း
ရမှတ်တူနေရင် အဲဒီနှစ်သင်း ထိပ်တိုက် (Head to Head) ကစားတဲ့ပွဲမှာ အနိုင်ရတဲ့အသင်းက
နောက်တစ်ဆင့် တက်မယ်ဆိုတာကို မြန်မာ အသင်းနည်းပြက သူမသိခဲ့ရပါဘူးလို့ ပြောတယ်ဆိုတဲ့
ကိစ္စပဲ။ အရင်ကျင့်သုံးနေတဲ့ နိုင်ငံတကာ အစဉ်အလာကတော့ ရဂိုး၊ ပေးဂိုးခြားနားမှုနဲ့ ဆုံးဖြတ်ပြီး
အဖြေတူနေရင် ခေါင်းပန်းလှန်ပြီး ဆုံးဖြတ်တာ မဟုတ်လား"
"နည်းပြတစ်ယောက်အနေနဲ့ ဒီလောက်အရေးကြီးတဲ့ ပြိုင်ပွဲစည်းမျဉ်း ကိုတောင် မသိဘူးဆိုတာ
ကတော့ မလွန်လွန်းဘူးလား ဆရာ"
"ဒါကလည်း ဒို့အနေနဲ့ ပြောဖို့ ခက်တယ်ကွ။ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ကော်မတီနဲ့ မြန်မာဘောလုံး
အဖွဲ့ချုပ်နဲ့တော့ ဆက်ဆံမှု၊ ဆက်သွယ်ဆောင်ရွက်မှုရှိမှာပဲလေ။ ဘောလုံးအဖွဲ့ချုပ်နဲ့ မြန်မာ
ဘောလုံးအသင်း အုပ်ချုပ်သူ/ နည်းပြနဲ့က ဘယ်လို ဆက်ဆံ၊ ဆက်သွယ်သလဲ။ ဒီစည်းမျဉ်းကို
မြန်မာဘောလုံး အသင်း လက်ထောက်နည်းပြတွေနဲ့ ဘောလုံးသမားတွေရော မသိကြဘူးလား။
သူတို့လည်း သိတယ်ဆိုရင်တော့ လေ့ကျင့်ရင်း၊ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ပြောကြဆိုကြမှာပဲ။
ဒါပေမဲ့ နည်းပြကတော့ မြန်မာစကား မတတ်ဘူးလေ။ သူ့ကို လိမ်တယ်လို့ ပြောဖို့ကလည်း
ခက်သားကလား။ ဒီကိစ္စ ထားလိုက်ပါတော့ကွာ"
"နည်းပြကို ထုတ်ပစ်လိုက်တဲ့ ကိစ္စကရော ဆရာ"
"နိုင်ငံတကာမှာတော့ ဒီလိုလုပ်တတ်ကြတာပဲ။ ဒါက နည်းပြနဲ့ချုပ်ဆိုထားတဲ့ စာချုပ်အပေါ်မှာ
မူတည်တယ်။ ဒီကိစ္စနဲ့ ပတ်သက်တဲ့ စာချုပ်စည်းကမ်းတွေ ဘယ်လိုရှိတယ်ဆိုတာ ဒို့မသိဘူး။
နည်းပြကို ဖြုတ်တဲ့အခါ လျော်ကြေးပေးရတာတွေလည်း ရှိတတ်တယ်။ စာချုပ် စည်းကမ်းနဲ့ မညီဘဲ
ထုတ်ပယ်တယ်ဆိုရင်လည်း လျော်ကြေးပေးရနိုင်တယ်။ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌမှာ ဒီလိုလုပ်ပိုင်ခွင့်
ရှိ မရှိတော့ မသိဘူး။ ငါ့သဘော ပြောရမယ်ဆိုရင်တော့ စာချုပ်စည်းကမ်းအရ ထုတ်ပယ်ခွင့်ရှိတယ်
ဆိုရင်တောင် အခုလိုချက်ချင်းတော့ မလုပ်သင့်ဘူးလို့ ထင်တယ်။ စိတ်လိုက်မာန်ပါ လုပ်ရာကျ
တယ်။ သွေးအေးသွားမှ လုပ်ရင်လည်း ရတာပဲ။ နည်းပြအနေနဲ့လည်း နုတ်ထွက်ခွင့်တောင်းတာ
တွေ ရှိတတ်တယ်။ ထုတ်ပတ်ခြင်းမပြုဘဲ နုတ်ထွက်ပေးဖို့ ညှိနှိုင်းရင်လည်း ဖြစ်နိုင်တာပဲ။
နိုင်ငံခြားသားဖြစ်တဲ့အတွက် မိတ်ဆွေနိုင်ငံရဲ့ မျက်နှာကိုလည်း ထောက်ထားပြီး နုတ်ထွက်ခိုင်းမယ်
ရင်တော့ ပိုကောင်းတာပေါ့။ ထားလိုက်ပါတော့"
"ပွဲအပြီးမှာ ဖျက်ဆီးတဲ့ကိစ္စနဲ့ ပတ်သက်လို့လည်း ပြောပါဦးဆရာ"
"ဒါက မပြောပလောက်တဲ့ လူနည်းစု ကိစ္စကြောင့် တစ်မျိုးသားလုံး နာမည်ပျက်ရတဲ့ ကိစ္စပဲ။
အာရှခြေစစ်ပွဲဖြစ်တဲ့ အိုမန်နှင့်ပွဲမှာလည်း ဒီလိုဖြစ်ခဲ့လို့ ဒို့လူမျိုးနာမည်ပျက်ခဲ့ရဖူးပြီ။ ဒီလိုမျိုး
နောင်မဖြစ်ရအောင် ဘယ်လိုတားဆီး ကာကွယ်ရမလဲဆိုတာ စဉ်းစားသုံးသပ် ပြီး နည်းလမ်းရှာဖွေ
ထားဖို့ လိုမယ်"
"ဒီလိုပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အပြစ်ပေးမှ တခြားလူတွေ မကျူးလွန်ရဲအောင်
တားဆီးတဲ့ သဘောဖြစ်မှာပေါ့ ဆရာ။ အခုဟာက အုပ်ထိန်းသူတွေဆီ ပြန်အပ်လိုက်တယ်ဆိုတာ
က ပြစ်မှုကျူးလွန်သူကို တရားမစွဲဘဲ အုပ်ချုပ်ရေးအာဏာပိုင်က လွတ်ငြိမ်းခွင့်ပေးတဲ့ သဘောဖြစ်
နေတော့ ဥပဒေအရ အဲဒီလိုလုပ်ခွင့်ရှိလို့လား ဆရာ"
"ဥပဒေအရဆိုရင်တော့ ပြစ်မှုကျူးလွန်းသူကို တရားစွဲမတင်ဘဲ လွှတ်လို့ မရဘူးပေါ့။ တရားစွဲဆိုပြီး
ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် ပြစ်ဒဏ်ချမှတ်ပြီးမှ လွတ်ငြိမ်းခွင့်ပေးသင့်ရင် ပေးနိုင်တာ
ပေါ့။ နောက်တစ်နည်းကတော့ တရားရုံးက ခံဝန်ချုပ်နဲ့ လွှတ်နိုင်တာလည်း ရှိတယ်လေ။ ခုလို
လုပ်လိုက်တော့လည်း အေးအေးဆေး ဆေးဖြစ်သွားတော့ ကောင်းတာပဲ မဟုတ်လား။
ထားလိုက်ပါတော့ကွာ"
"မြန်မာအမျိုးသမီးဘောလုံးအသင်း ပြောပါဦး ဆရာ"
"အေးကွာ။ မင်းက အမင်္ဂလာကိစ္စတွေ ကြားဖောက်ပြောနေတာနဲ့ သူတို့ ကို ချီးကျူးဂုဏ်ပြုဖို့ကျ
တော့ စာမျက်နှာက မကျန်တော့ဘူး။ သူတို့ကတော့ ဆီးဂိမ်းမှာ ကံခေနေတုန်းပဲ။ ငါမှတ်မိတာ
မမှားဘူးဆိုရင် ဗီယက်နမ်မှာတုန်း ကလည်း နောက်ဆုံးဗိုလ်လုပွဲမှာပင် နယ်တီအဆုံးအဖြတ်နဲ့
ရှုံးခဲ့လို့ ရွှေတံဆိပ် လွဲခဲ့ဖူးတယ် မဟုတ်လား။ အခုပွဲမှာလည်း ပြည်သူတွေက စိတ်မကောင်းပေမယ့်
သူတို့ကို နားလည်ကြပါတယ်။ ချီးကျူးဂုဏ်ပြုနေကြပါတယ်။ သူတို့ရဲ့ မျိုးချစ်စိတ်၊ သူတို့ရဲ့ ဇွဲနဲ့
လုံ့လ၊ သူတို့ ရဲ့ အနိုင်မခံအရှုံးမပေးတဲ့ စိတ်ဓာတ်တွေကိုတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေ
အတုယူကြရမယ်။ အေးကွာ၊ တို့လူမျိုးက ဘောလုံးနဲ့ ပတ်သက်လို့ အရင်ရွှေခေတ်ကို ပြန်ရောက်ဖို့
အာသာပြင်းပြနေကြတော့ ဘောလုံး ကိစ္စကိုပဲ ဒို့ပြောတာများသွားလို့ ကျန်တဲ့အားကစားသမား
အားလုံးကို မှန်တဲ့အတိုင်း အမွှမ်းတင်ဂုဏ်ပြုဖို့က စာမျက်နှာမရတော့ဘူး၊ တောင်းပန်ပါတယ်။
"နိုင်ငံနဲ့ လူမျိုးရဲ့ဂုဏ်ကို မြှင့်တင်ဖို့အတွက် စကားလုံးနဲ့ ဖော်ပြဖို့ မဖြစ် နိုင်လောက်အောင်
စွမ်းဆောင်ခဲ့ကြတဲ့ ပြိုင်ပွဲဝင် အားကစားသမားအားလုံး၊ ဖွင့်ပွဲ၊ ပိတ်ပွဲကို ကမ္ဘာ့အဆင့်မီကျင်းပ
နိုင်အောင် လမ်းညွှန်သူ၊ အကောင်အထည်ဖော်သူ၊ စီမံအုပ်ချုပ်သူ၊ ပါ၀င်သူ ဆရာ၊ ဆရာမတွေနဲ့
ကျောင်းသူ၊ ကျောင်းသား အားလုံး၊ အနုပညာရှင်များအားလုံး အားလုံးကို ဒို့နိုင်ငံသား အားလုံးက
တညီတညွတ်တည်း ချီးကျူး ဂုဏ်ပြုကြရအောင်။
"You all have done wore than we have expected"

















