"အစ်ကိုကြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော နှစ်သစ်ပါ ခင်ဗျ"လို့ တစ်ခါမှမကြားဖူးလောက်အောင် ယဉ်ကျေးသိမ်မွေ့စွာနဲ့ တပည့် မောင်ကြွက်နီက စောစောစီးစီးရုံးကိုလာပြီး နှုတ်ခွန်းဆက်စကား ဆိုလာပါတယ်။
"အစ်ကိုကြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော နှစ်သစ်ပါ ခင်ဗျ"လို့ တစ်ခါမှမကြားဖူးလောက်အောင်
ယဉ်ကျေးသိမ်မွေ့စွာနဲ့ တပည့် မောင်ကြွက်နီက စောစောစီးစီးရုံးကိုလာပြီး နှုတ်ခွန်းဆက်စကား
ဆိုလာပါတယ်။
"မောင်ကြွက် မင်းနေကောင်းပါတယ်နော်"ဆိုပြီး ပြန် လည်းမေးမိရော တစ်ခါတည်း မူလအသွင်
ပြန်ပေါ်တော့တာပဲ-
"ခင်ဗျားကြီးက ဘာလဲဗျ၊ အကောင်းနှုတ်ဆက်တာကို အမင်္ဂလာဖြစ်အောင် ပြန်ပြောတယ်။
ဒါကြောင့် ခင်ဗျားကြီးကို လူတွေက မုန်းနေတာ။ သူများဆို ဘယ်တော့မှ အကောင်းမမြင်ဘူး"
ဆိုပဲ။
"သူများတင်မဟုတ်ပါဘူးကွာ တစ်လောကလည်း ယောက္ခမကြီးကို အကောင်းမမြင်မိလို့ အိမ်ပေါ်
က နှင်ချခံလိုက်ရသေးတယ်။ အကျင့်ပါနေလို့ပါ" လို့ လေပြေသွေးလိုက်ရတယ်။
သူက- "နေစမ်းပါဦး ဘယ်လိုလုပ်ပြီး တစ်ပတ်အတွင်း အိမ်ပေါ်ပြန်ရောက်သွားတာလဲ"တဲ့
မနာလိုတဲ့ လေသံနဲ့မေးလို့-
"အိုး ... မင်းဆရာအကြောင်း သိတယ်မဟုတ်လား၊ ရွှေတိဂုံဘုရားက ကန်တော့ပွဲ တစ်ပွဲဝင်ဝယ်၊
အရက်ဆိုင်က စကော့ဝီစကီတစ်လုံး ၀င်ဝယ်၊ ငါ့သူငယ်ချင်း ပုစွန်သူဌေးဆီက လိပ်ဥတွေ
သွားတောင်းပြီး အဲဒါတွေနဲ့ ကန်တော့လိုက်တာပေါ့" ဆိုပြီး ခပ်ကြွားကြွားပြန်ဖြေလိုက်တော့
သင်းက-
"အရှက်မရှိတဲ့နေရာမှာ ခင်ဗျားကြီးက စံပဲ။ နေစမ်းပါဦး၊ တစ်သက်လုံးယောက္ခမက အိမ်ပေါ်က
နှင်ချ နေကျ၊ ဘယ်တော့မှမဆင်းဘဲ ပေကပ်နေတဲ့ခင်ဗျားက ဘာစိတ်ကူးပေါက်ပြီး ဆင်းလိုက်
တာလဲ" တဲ့-
"ဟ... ငါ့မှာ နေစရာမရှိဘူး။ တစ်သက်လုံးယောက္ခမ အိမ်ပေါ်မှာ မှီခိုကပ်ပါးလုပ်လာတာ၊ ငါက
ဘယ်သွားနေရမှာလဲ၊ ဒါကြောင့်အိမ်ပေါ်က နှင်ချတိုင်း ဒီအိမ်ပေါ်တက်လာကတည်းက ဆင်းဖို့
စိတ်တောင် မကူးဘူးဆိုပြီး ပေကပ်နေခဲ့တာ။ အခုတော့ မိန်းမက ငါ့ကိုအဆင်ပြေအောင်နေလို့
မပြောဘဲ သူကကလေးတွေခေါ်ပြီး အရင်ဆင်းသွားလို့ သမက်ဖြစ်တဲ့ ငါလည်း ဘယ့်နှယ်လုပ်ပြီး
နေလို့ရတော့မှာလဲ လိုက်ဆင်းရတော့တာပေါ့ကွာ"
"ဒါနဲ့ ခင်ဗျားသားနဲ့ သမီးကပါ အိမ်ပေါ်က လိုက်ဆင်းတယ် ဟုတ်လား" လို့ မေးပြန်တယ်။
"ခဏပါ၊ သူ့အမေကခေါ်သွားလို့ ဘုမသိဘမသိ ပဲခူးက သူတို့ အဒေါ်အိမ်လိုက်သွားတာ။
ညနေစောင်းတော့ သူများအိမ်မှာ မနေနိုင်ပါဘူးဆိုပြီး အိမ်ပေါ် ပြန်တက်သွားကြသကွ။ ငါတို့
လင်မယားပဲ ကားရားကြီး မိနေတာပေါ့။ ဒါနဲ့ ငါလည်း တည်းခိုခန်းမှာ နှစ်ရက်လောက် အိပ်၊
မိန်းမလည်း ပဲခူးက သူ့ညီမအိမ်မှာ နှစ်ရက်လောက် သောင်တင်ပြီးမှ အိမ်ပေါ်ပြန်တက်ရတာ"
"ခင်ဗျားယောက္ခမကလည်း အရက်မျက်နှာနဲ့ ပြန်လက်ခံလိုက်တယ် ထင်တယ်"
"မင်းကငါ့ကို နောက်တစ်ကြိမ် နှင်အချခံရအောင် တွန်းနေပြန်ပြီ။ ဒါပေသိ ဒီအချိန်မှာ အရက်က
ရွှေထက်ရှားနေတာဟ၊ မိုဘိုင်းအဖွဲ့ကဖမ်းလိုက်၊ အခွန်က ၀င်စစ်လိုက်နဲ့၊ အရက်ရောင်းတဲ့
သူတွေမှာ ကုလားသိုက် ကျားဝင်ကိုက်သလိုဖြစ်နေကြတာ"
"အခွန်ဆိုလို့ ပြောရဦးမယ်ဗျ၊ အခုသန်းခေါင်စာရင်း ကောက်တဲ့နေရာမှာ ပိုင်ဆိုင်မှုတွေပါ
ထည့်ကောက်မယ်တဲ့။ လူတွေကတော့ အဲဒီစာရင်းနဲ့ အခွန်ကောက်ဖို့ ကြံတာပြောနေကြတယ်၊
အဲဒါအမှန်လား"
"အစိုးရကတော့ တိုင်းပြည်ရဲ့ ဓနဥစ္စာတွက်ချင်လို့ ကောက်တယ်ပြောတာပဲ။ ဒါပေသိ ဒီအစိုးရက
လည်း ယုံရတာမဟုတ်ဘူး၊ မလုပ်ပါဘူးဆိုရင် လုပ်တော့ မယ်သာမှတ် ဆိုတဲ့အထဲက"
"ဒီလိုဆိုရင် ကျွန်တော်အခုဝယ်ထားတဲ့ တန်ဖိုးနည်း ကွန်ဒိုကို ငှားနေတယ်ပြောရမှာလား။
ဒါမှမဟုတ် သန်းခေါင်စာရင်း လာကောက်ချိန်မှာ ရှောင်နေရမှာလား၊ အခွန်ပေးရမယ်ဆိုရင်
မသက်သာဘူးဗျ"
"အဲဒါတော့ ငါလည်း မလျှောက်တတ်ဘူး။ အဲဒီဂယက်နဲ့ တိုက်ခန်းဈေးတွေတောင် တက်နေသကွ၊
အစိုးရပြောတာ လူတွေ ဘယ်လောက်ယုံကြည်သလဲ၊ အယုံကြည် ကင်းမဲ့သလဲဆိုတာ ပြတာပေါ့
ကွာ"
"ရှောင်နေရင်ရော အရေးယူခံရမှာလားဟင်"
"မင်းကလည်း ရာဇဝတ်ဘေးပြေးရင် လွတ်တယ်လို့တောင် စာဆိုရှိသေးတာပဲ။ မင်းလိုရှောင်နေ
မယ့်သူ တွေအများကြီး၊ မင်းသိထားဖို့က ရန်ကုန်မြို့လယ်မှာနေပြီး မှတ်ပုံတင်မရှိတဲ့ သူတွေ၊
မှတ်ပုံတင်အတုနဲ့ နေနေရတဲ့ တိုင်းရင်းသား စစ်စစ်တွေအများကြီး၊ သူတို့လည်း ရှောင်နေကြရမှာ"
"ဒီတော့ ကျွန်တော် ဘာလုပ်သင့်သလဲဆိုတာ အစ်ကိုကြီးက အကြံပေးပါဦး။ မဟုတ်တာတွေးတဲ့
နေရာမှာ အစ်ကိုကြီးကို ဘယ်သူမှမမီဘူး" တဲ့။
"မင်းက ငါ့ကိုနှိမ်တာလား၊ ချီးမွမ်းခြေကျောက် လုပ်တာလား၊ အခုမင်းက ငါ့ရုံးခန်းထဲမှာနော်၊
ပိုင်နက် ကျူးလွန်မှုနဲ့ မင်းကိုတရားစွဲလိုက်ရမလား၊ ငါ့ကို အသရေညစ်ညမ်းအောင် ပြောပါတယ်
ဆိုပြီး တရားစွဲလိုက်ရမလား၊ ထောင်သုံးလကို မကြောက်ဘူးလား"
"တရားစွဲရင် လွိုင်ကော်မှာသွားစွဲ (အဲလေ) အချင်းချင်းတွေ ဒီလိုမလုပ်နဲ့လေဗျာ၊ တကယ်အားကိုး
ပြီး မေးတာပါဗျ"
"ဒါဆိုရင်လည်း အကောင်းဆုံး အကြံဉာဏ်ပေးမယ်။ ဘာမှကြောက်မနေနဲ့၊ သန်းခေါင်စာရင်းမှာ
က မေးခွန်း အခု ၄၀ ပါတယ်။ ငါတို့လူမျိုးတွေ ပညာတတ်ပုံနဲ့ အဲဒီမေးခွန်းတွေနဲ့ကတော့
ငါမြင်ယောင်သေးတယ်၊ တစ်နှစ်လောက်ကောက်တောင် ပြီးမှာမဟုတ်ဘူး"
"ဒီတော့... ကျွန်တော်က"
"ဘာမှလုပ်မနေနဲ့၊ နောက်ဆုံးမတော့ ရပ်ကွက်အဆင့်က အကုန်လုပ်ပေးရမှာ။ သူတို့လည်း
သတ်မှတ် ရက်အတွင်းပြီးအောင် ဘယ်လုပ်နိုင်မလဲ၊ နောက်ဆုံးမတော့ ရမ်းတုတ်မှန်းတုတ်တွေနဲ့
ပြီးသွားလိမ့်မယ်"
"ဟုတ်ရဲ့လား ဗျာ"
"ဟ... ဟုတ်တာမှ ဟိုဘက်တောင် လွန်နေသေးတယ်။ သန်းခေါင်စာရင်းထက် အရေးကြီးတဲ့
ဖွဲ့စည်းပုံ အခြေခံဥပဒေ မဲပေးတုန်းကလည်း ငါတို့တစ်ရပ်ကွက် လုံးအတွက် မိန်းမသုံးလေးယောက်
တည်းက သွားပေးခဲ့တာပဲ"
"ဟာဗျာ... အစ်ကိုကြီးဆီလာမှပဲ ခေါင်း ပိုနောက်သွားတော့တယ်"
"မနောက်ပါနဲ့ ကြွက်နီရယ်၊ မိုးပေါ်ထောင်ပစ်နေတုန်း (အဲလေ) မင်းလုပ်တာနဲ့ ငါတောင်ယောင်
ကုန်ပြီ။ ငါ့ကိုယုံစမ်းပါကွာ၊ လူဦးရေ သန်း ၆၀ ၀န်းကျင်မှာ မင်းတစ်ယောက် အတိုးအလျော့ရှိ
လို့လည်း တိုင်းပြည်ပျက်မသွားပါဘူး"
"ဒါဆိုရင်တော့ အဲဒီရက် ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ သွားရှောင်နေလိုက်တော့မယ်" ဆိုပြီး
ခေါင်းကုတ်လို့ ပြန်သွားပါလေရော။ ဘယ့်နှယ်ဗျာ... အကြံလည်းပေးရသေးတယ်၊ မယုံသင်္ကာ
လည်းရှိသေးတယ်။ ဒီလိုကောင်တွေကြောင့် တိုင်းပြည် မတိုးတက်တာလို့ ပြောပြန်ရင်လည်း
မာဂျေ လွန်ရာကျမလား ဟင်...။

















