လူတစ်ယောက်၊ လူ့အဖွဲ့အစည်း တစ်ခုဟာ အခြား လူတစ်ယောက်၊ လူ့အဖွဲ့ အစည်းတစ်ခုရဲ့ လုပ်ရပ်တွေကို လက်မခံနိုင်ဘူး၊ မုန်းတီးတယ်၊ စက်ဆုတ် ရွံရှာတယ်ဆိုရင် သူတို့လို လိုက်မလုပ်ဖို့ပါပဲ။
လူတစ်ယောက်၊ လူ့အဖွဲ့အစည်း တစ်ခုဟာ အခြား လူတစ်ယောက်၊ လူ့အဖွဲ့ အစည်းတစ်ခုရဲ့
လုပ်ရပ်တွေကို လက်မခံနိုင်ဘူး၊ မုန်းတီးတယ်၊ စက်ဆုတ် ရွံရှာတယ်ဆိုရင် သူတို့လို လိုက်မလုပ်ဖို့
ပါပဲ။
ဒါဟာ အလွန်ရိုးရှင်းတဲ့ ဥပဒေသပါ။ တချို့ကျတော့ လူတစ်ယောက်၊ လူ့အဖွဲ့ အစည်းတစ်ခုရဲ့
လုပ်ရပ်ကို မကြိုက်ပေမယ့်၊ လက်မခံပေမယ့်၊ ရွံရှာမုန်းတီးပေမယ့် အသိစိတ်နဲ့ဖြစ်စေ၊ မသိစိတ်နဲ့
ဖြစ်စေ အဲဒီလုပ်ရပ်တွေအတိုင်း ထပ်တူ လိုက်လုပ်မိတတ်ပါတယ်။
အဲလိုဖြစ်ခဲ့ ရင်တော့ ပြုပြင်ဖို့ လိုပါလိမ့်မယ်။
ကမ္ဘာပေါ်မှာ တာလီဘန်လို့ ဆိုလိုက်ရင် အစ္စလာမ် အစွန်းရောက်တွေလို့ အားလုံးက နားလည်ကြ
ပါတယ်။
တစ်ကြိမ်တစ်ခါက အာဖဂန်နစ္စတန်မှာ တိုင်းပြည်အာဏာရဖူးပြီး ဒီနေ့အချိန်ထိ အာဖဂန်နဲ့
ပါကစ္စတန်နိုင်ငံ နယ်မြေ တချို့မှာ လှုပ်ရှားနေဆဲ ရှိပါတယ်။
သူတို့ဟာ ခေတ်သစ်မှာ အစွန်းရောက်တဲ့ ရှေးရိုးရှားရီးယား ဥပဒေကို ပြန်အသက်သွင်းလိုသူတွေ
ဖြစ်ပြီး အမျိုးသမီးတွေ၊ ကလေးသူငယ်တွေရဲ့ အခွင့်အရေး ရပိုင်ခွင့်ကို တားဆီး ပိတ်ပင်လိုသူတွေ၊
လူ့အခွင့်အရေး ချိုးဖေါက်သူတွေ ဖြစ်ကြပါတယ်။
ဒီနေ့အချိန်ထိ သူတို့တွေ ကျင့်သုံးနေဆဲ ဓလေ့တွေကတော့ အသက်မပြည့်သေးတဲ့ မိန်းကလေး
ငယ်တွေ အပါအဝင် မယားလေးယောက် ယူနိုင်တာ၊ မိန်းမကို ဖောက်ပြားတယ်လို့ထင်ရင် ဖမ်းဆီး၊
လူမြင်ကွင်းမှာ ဦးခေါင်းပေါ်ရုံလောက် မြေမြှုပ်ပြီး ကျောက်ခဲနဲ့ မသေမချင်းပစ် အရေးယူတာမျိုး
ဖြစ်ပါတယ်။
ခေတ်သစ်မှာ သူတို့ အဓိကလုပ်တဲ့ အလုပ်တွေကတော့ သူတို့ လူမျိုး၊ ဘာသာဝင်တွေ အပါအဝင်
ပြည်သူတွေကို ကူညီဖို့လာတဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအမျိုးမျိုး၊ အင်န်ဂျီအို
အမျိုးမျိုးကို တားဆီးတာ၊ ပိတ်ပင်တာ၊ ရန်ရှာတာ၊ အလုပ်လုပ်လို့ မရအောင် နှောင့်ယှက်
ခြိမ်းခြောက်တာ၊ နောက်ဆုံး တိုက်ခိုက်တာအထိ လုပ်လေ့ရှိပါတယ်။
လက်ရှိ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက ရခိုင်တိုင်းရင်းသား အုပ်စုတချို့ရဲ့ လုပ်ရပ်တချို့ဟာ
"မပြေးသော် ကန်ရာရှိ" အဲဒီ တာလီဘန်တွေရဲ့ လုပ်ရပ်တွေနဲ့ သွားဆင်တူနေတာ တွေ့ရပါတယ်။
ဘယ်အချက်မှာလည်းဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့က မြို့မိမြို့ဖ ဒေသခံတွေလို့ဆိုတဲ့
ကော်မတီတစ်ခုက နိုင်ငံတကာ အကူအညီပေး ရေးအဖွဲ့တွေ၊ အင်န်ဂျီအို အဖွဲ့တွေ လိုက်နာရမယ့်
အချက်တွေဆိုပြီး ကြေညာချက်တစ်ခု ထုတ်ပါတယ်။
အဲဒီ အချက်တွေကို လိုက်နာဆောင်ရွက်ခြင်း မရှိရင် ဒီဇင်ဘာ ၂၀ ရက် နောက်ဆုံးထားပြီး မြို့နယ်
ထဲက ထွက်သွားကြဖို့ တောင်းဆိုပါတယ်။
တောင်းဆိုချက် တွေထဲပါတဲ့ အချက်တွေကတော့ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအို အဖွဲ့တွေ အနေနဲ့
ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်ရာမှာ ဒေသခံတွေပါ၀င်တဲ့ ကော်မတီနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့၊
ဘက်လိုက်မှုမရှိဘဲ အချိုးညီမျှစွာနဲ့ ဆောင်ရွက်ပေးဖို့၊ ရခိုင်လူမျိုးတွေကို အကူအညီပေးတဲ့
ပစ္စည်းနဲ့ အခြား အထောက်အပံ့တွေနဲ့ ပတ်သက်ပြီး ဒီ ကော်မတီကို စီမံခန့်ခွဲခွင့်ပေးဖို့၊ အင်န်ဂျီအို၊
အိုင်အင်န်ဂျီအို အဖွဲ့တွေက ကျေးရွာတွေမှာ သွားပြီး ကူညီတဲ့အခါ ကော်မတီက အနည်းဆုံး
ငါးယောက်ကို အတူ လိုက်ပါခွင့်ပြုဖို့၊ အကူအညီပေးမယ့် ပစ္စည်းတွေနဲ့ သိုလှောင်ထားရှိမှု
အခြေအနေ ကော်မတီကို အချိန်မရွေး ၀င်ရောက် စစ်ဆေးခွင့်ပေးဖို့၊ စီမံကိန်းကာလနဲ့ အကူအညီ
ပေးမယ့် အဖွဲ့အစည်းရဲ့ နာမည် ကော်မတီကို အသိပေးဖို့၊ မြို့နယ်ကျော် အကူအညီပေးတာမျိုး
လုံးဝမလုပ်ဖို့၊ အကူအညီပေးတာကို နံနက် ၆ နာရီကနေ ည ၆ နာရီ အတွင်းပဲ လုပ်ဖို့၊ အရေးပေါ်
အကူအညီလိုရင်တောင် ကော်မတီနဲ့ ချိတ်ဆက်ပြီးမှ လုပ်ဖို့ စတဲ့ အချက်တွေ ပါပါတယ်။
ဒီတောင်းဆိုချက်တွေကို ကြည့်ရင် အရင် စစ်အာဏာရှင်တွေကို သတိရ စေပါတယ်။ အာဖဂန်က
တာလီဘန် တွေကို သတိရစေပါတယ်။ အရင် စစ် အာဏာရှင်တွေ ခေတ်တုန်းကလည်း
နိုင်ငံတကာ အင်န်ဂျီအိုတွေ၊ အိုင်အင်န်ဂျီအိုတွေအနေနဲ့ ဒုက္ခရောက်နေသူတွေ၊ ဖျားနာသူတွေ၊
စစ်ဘေးဒဏ်ခံရသူတွေ၊ အကူအညီ လိုအပ်နေသူတွေဆီ အကူအညီ မပေးနိုင်အောင်၊
မရောက်နိုင်အောင် စည်းကမ်း အမျိုးမျိုး ချမှတ်ပြီး တားဆီး ပိတ်ပင်လေ့ရှိပါတယ်။
ထင်ရှားတဲ့ သာဓကကြီးတစ်ခုကတော့ ဂလိုဘယ်လ်ဖန်းလို့ခေါ်တဲ့ ကမ္ဘာပေါ်မှာ အလွန်ကြီးမားတဲ့
အကူအညီပေးရေး အဖွဲ့အစည်းကြီး မြန်မာနိုင်ငံထဲက ထွက်ခွာသွားရတဲ့ အထိပါပဲ။
နောက်ထပ် ခါးသီးတဲ့ ဥပမာ တစ်ခုကတော့ နာဂစ်လေမုန်တိုင်းဘေး ဖြစ်ချိန် နိုင်ငံတကာကရော၊
ပြည်တွင်းက ပြည်သူတွေရော အကူအညီတွေမပေးနိုင်အောင် တားမြစ်ပိတ်ပင်ထားတဲ့
စည်းကမ်းချက်တွေကလည်း စောစောက မြောက်ဦးက ကော်မတီ ရဲ့ တောင်းဆိုချက်တွေနဲ့
သိပ်မတိမ်းမယိမ်းပါပဲ။
တာလီဘန်တွေကတော့ အဲဒီထက် ပိုဆိုးပါတယ်။ မိန်းကလေးငယ်တွေကို ပညာလာသင်ပေးတဲ့
အင်န်ဂျီအို အဖွဲ့တွေ၊ ဆေးလာ ကုပေးတဲ့သူတွေကို ရန်ပြုတိုက်ခိုက်တာမျိုးအထိ လုပ်ကြပါတယ်။
အဲဒီ ကော်မတီ ဆိုတာရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး မြောက်ဦးက အင်န်ဂျီအိုတွေ၊ အိုင်အင်န်
ဂျီအိုတွေ က လက်မခံကြပါဘူး။
ဒါဟာ အစိုးရ၊ အာဏာပိုင်တွေနဲ့ပဲ သက်ဆိုင်တဲ့အတွက် အစိုးရဘက်ကိုပဲ တင်ပြသင့်တယ်လို့
အကြောင်းပြန်ကြပါတယ်။
ဒီလို အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုတွေဘက်က လက်မခံတဲ့အခါ ကော်မတီဘက်က နောက်တစ်ဆင့်
တက်လာပြန်ပါတယ်။
ဒီတောင်းဆိုချက်တွေကို လက်မခံတဲ့ အင်န်ဂျီအိုတွေ၊ အိုင်အင်န်ဂျီအိုတွေကို ဟိုတယ်တွေကနေ
လက်မခံဖို့ ထပ်ပြီး ရာဇသံပေး တောင်းဆိုလိုက်ပြန်ပါတယ်။
ကော်မတီဘက်က ဒါဟာ သတိပေးမှု၊ မလိုက်နာရင် ဆန္ဒပြမယ်လို့ ပြောထားပေမယ့်
ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ရှုမြင်နိုင်ပါတယ်။
တကယ်တော့ ဒီလိုဖြစ်ရပ်မျိုး၊ အလားတူ ဖြစ်ရပ်မျိုး ရခိုင်ပြည်နယ် မြို့နယ်အချို့မှာလူပုဂ္ဂိုလ်တချို့
ကလည်း လုပ်ခဲ့ဖူးပါတယ်။
ရခိုင်တိုင်းရင်းသား တချို့ဟာ ဘာကြောင့် လူသားချင်းဆိုင်ရာ အကူအညီပေးမှုတွေကို ရန်လိုနေရ
တာပါလဲ။ လူသားချင်းဆိုင်ရာ အကူအညီတွေဟာ ဒုက္ခသုက္ခ ရောက်နေတဲ့၊ စုတ်ပြတ်သတ်နေတဲ့၊
ပညာမဲ့နေတဲ့ ဘင်္ဂါလီလူအုပ်စုကြီးဆီကို ရောက်မသွားရင် ရခိုင်ပြည်နယ်ကြီး ပိုပြီးဖွံ့ဖြိုးတိုးတက်
လာမယ်လို့ ယူဆနေကြလို့လား၊ ရခိုင်တိုင်းရင်းသားတွေ ဘဝပိုပြီး လုံခြံုအေးချမ်းစွာ နေရမယ်လို့
မျှော်လင့်ကြလို့လား စသဖြင့် မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်။
ဒါတင်မက ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီတွေတင်မက ရခိုင်တိုင်းရင်းသား တချို့လည်း ဒုက္ခရောက်၊
အကူအညီ လိုအပ်နေကြပါတယ်။
ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံ ပြည်နယ်၊ တိုင်းဒေသကြီးတွေထဲမှာ ဒုတိယ အဆင်းရဲဆုံး ပြည်နယ်
ဖြစ်နေပါတယ်။ အဲဒါ ဘင်္ဂါလီတွေ ဖန်တီးထားတာ မဟုတ်ပါဘူး။ ဖန်တီးနိုင်လောက်အောင်လည်း၊
သူတို့လက်ထဲမှာ လက်နက်ကိုင်တပ်ဖွဲ့၊ အုပ်ချုပ်ရေး ယန္တရား၊ တရားစီရင်ရေး ယန္တယား၊ စီးပွားရေး
စွမ်းပကား ဘာတစ်ခုမှ ရှိကြတာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ် ဆင်းရဲမွဲတေမှု တရားခံဟာ အရင်
စစ်အာဏာရှင် အစိုးရပါ။
ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီ ပြဿနာဟာလည်း တိုင်းပြည်ကို ရာစုနှစ် တစ်ဝက်ကျော် ဖိနှိပ်
အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင် အဆက်ဆက်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုကနေ ထွက်ပေါ်လာတဲ့
အကျိုးဆက်ပါ။
ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ ရခိုင်ပြည်နယ် မြောက်ဦးက ကော်မတီ ဆိုတာနဲ့ အချို့ရခိုင်တိုင်းရင်းသား
တွေရဲ့ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုတွေကို ပြုမူဆက်ဆံပုံဟာ အရင် စစ်အာဏာရှင်တွေနဲ့
တာလီဘန်တွေက အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုတွေကို ဆက်ဆံ ပြုမူပုံနဲ့ သွားဆင်တူနေပါတယ်။
စစ်အာဏာရှင်တွေနဲ့ တာလီဘန်တွေရဲ့ လုပ်ရပ်တွေကို အားကျ အတုယူလို့ကတော့ဖြင့်
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်သလို၊ ပြဿနာတွေလည်း ပြေလည် ငြိမ်းအေးသွားမှာ
မဟုတ်ပါဘူး။
ဒါတင်မက ရခိုင်တွေကိုယ်တိုင် ဘဝ လုံခြံုစိတ်ချအေးချမ်းတဲ့ ပတ်ဝန်းကျင် တစ်ခုကိုလည်း
တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။
















