အငြင်းပွားမှုကို တရားရုံး ပြင်ပတွင် ဖြေရှင်းခြင်း (၂) (Extrajudicial Dispute Settlement or Settlement of Dispute Outside the Court)

အငြင်းပွားမှုကို တရားရုံး ပြင်ပတွင် ဖြေရှင်းခြင်း (၂) (Extrajudicial Dispute Settlement or Settlement of Dispute Outside the Court)

"အရင်တစ်ပတ်က ဆရာပြောခဲ့တဲ့ "International Arbitration Institutes" တွေနဲ့ သူတို့ထုတ်ပြန်ထားတဲ့ "Arbitration Rules" တွေက ဥရောပ နဲ့ အမေရိကကဖြစ်ပါတယ် ဆရာ။

"အရင်တစ်ပတ်က ဆရာပြောခဲ့တဲ့ "International Arbitration Institutes" တွေနဲ့ သူတို့
ထုတ်ပြန်ထားတဲ့ "Arbitration Rules" တွေက ဥရောပ နဲ့ အမေရိကကဖြစ်ပါတယ် ဆရာ။

အာရှမှာရော အလားတူ အဖွဲ့အစည်းနဲ့ "Arbitration Rules" တွေရှိပါသလား ဆရာ"

"ရှိတာပေါ့၊ အာရှတိုက်နဲ့ရော အာဖရိကတိုက်နဲ့ပါ သက်ဆိုင်ပြီး တော့ အဖွဲ့ဝင်နိုင်ငံတွေများပေမယ့်
လူသိနည်းမယ်လို့ ထင်ရတဲ့ အဖွဲ့အစည်း တစ်ခုကတော့ "Asian African Legal Consultative
Committee - AALCC" ဆိုတဲ့ အဖွဲ့အစည်းပဲ။ မြန်မာဘာသာနဲ့ ဆိုရင်တော့ 'အာရှ အာဖရိက
ဥပဒေအတိုင်ပင်ခံ ကော်မတီ' ပေါ့ကွာ။

အဲဒီအဖွဲ့အစည်းကို ၁၉၅၆ ခုနှစ်မှာ စတင်ဖွဲ့စည်းတုန်းက "Asian Legal Consultative
Committee" အဖြစ် ဖွဲ့စည်းခဲ့တာကွ။

စတင်ဖွဲ့စည်းရာမှာ ပါ၀င်ခဲ့တဲ့ နိုင်ငံတွေကတော့ မြန်မာ၊ အိန္ဒိယ၊ အင်ဒို နီးရှား၊ အီရတ်၊ ဂျပန်၊
သီရိလင်္ကာနဲ့ ဆီးရီးယားနိုင်ငံတွေပေါ့။

၁၉၅၈ ခုနှစ်မှာတော့ အာဖရိကတိုက်က နိုင်ငံတွေကိုလည်း ပါ၀င်ခွင့်ပြုခဲ့တဲ့အတွက် "Asian
African Legal Consultative Committee" ဆိုပြီး အမည်ပြောင်းခဲ့တာ။

စကားစပ်မိလို့ ပြောရမယ်ဆိုရင် အဲဒီအဖွဲ့အစည်းကို စတင်တည်ထောင်ဖို့ နိုင်ငံတကာ
အစည်းအဝေးတစ်ခုမှာ စတင်အကြံပြုခဲ့သူကတော့ မြန်မာနိုင်ငံရဲ့ အဲဒီတုန်းက နိုင်ငံတော်တရား
၀န်ကြီးချုပ် (The Chief Justice of the Union of Myanmar) ဖြစ်တယ်တဲ့ကွ။

နိုင်ငံတော် တရားဝန်ကြီးချုပ် ဆိုတာကတော့ အဲဒီတုန်းကရှိခဲ့တဲ့ တရားလွှတ်တော်ချုပ်ရဲ့
တရားသူကြီးချုပ်ကိုခေါ်တာ။

အဲဒီတုန်းက တရားလွှတ်တော် (High Court) နဲ့ တရားလွှတ်တော်ချုပ် (Supreme Court) တို့ရဲ့
တရားသူကြီးတွေကို အင်္ဂလိပ်လို "Judge or Justice"၊ မြန်မာလို 'တရားဝန်ကြီး'လို့ခေါ်ပြီး
တရားသူကြီးချုပ်တွေကိုတော့ အင်္ဂလိပ်လို ဓဃ့ငန် ဲကျအငခနဓ၊ မြန်မာလို 'တရား ၀န်ကြီးချုပ်'လို့
ခေါ်ခဲ့တာကိုးကွ"

"အဲဒီလို အကြံပြုခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံတော် တရားဝန်ကြီးချုပ်က ဘယ်သူပါလဲ ဆရာ"

"အဲဒီခေတ်က မြန်မာနိုင်ငံ စီရင်ထုံး (Burma Law Reports) တွေမှာ ဖော်ပြလေ့ရှိတဲ့ တာဝန်
ထမ်းဆောင်ဆဲ တရားဝန်ကြီးတွေရဲ့ အမည်စာရင်းအရ ပြောရမယ်ဆိုရင်တော့ ၁၉၅၂ ခုနှစ်၊ မတ်လ
ကနေ ၁၉၅၇ ခုနှစ်၊ ဇူလိုင်လ အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ သတိုးသီရိသုဓမ္မ အဂ္ဂမဟာသရေ
စည်သူ ဦးသိမ်းမောင် M.A.,LL.B., Barrister-at-Law ဖြစ်မယ်ကွ။ နောင်မှာ နိုင်ငံတော်သမ္မတ
ဖြစ်သွားတဲ့ လွတ်လပ်တဲ့မြန်မာနိုင်ငံရဲ့ ပထမဆုံး နိုင်ငံတော် တရားဝန်ကြီးချုပ် ဒေါက်တာ ဘဦးကို
ဆက်ခံခဲ့တဲ့ ဒုတိယမြောက် နိုင်ငံတော် တရားဝန်ကြီးချုပ်ပေါ့၊ ဒို့လူမျိုးတွေ မညံ့ပါဘူးကွာ"

"ဒါက အဲဒီတုန်းကပါ ဆရာ၊ နောက်ပိုင်း မှာတော့ ကျွန်တော်တို့ ဥပဒေလောကထဲကို ဥပဒေ
ကကြီး ခခွေးကိုတောင် မသိတဲ့သူတွေနဲ့ မကျက်တကျက် ပေါင်မုန့် (့half-baked bread) ဆိုတာ
မျိုးတွေ ၀င်လာတော့ ကျွန်တော်တို့ ဥပဒေလောကကြီး ဘာဖြစ်ကုန်လဲ မပြောချင်တော့ပါဘူး
ဆရာရယ်"

"ဟကောင်ရ၊ သူများအကြောင်း ပြောချင်ရင် ကိုယ့်ကိုယ်ကိုယ်လည်း အရင်ပြန်ကြည့်ဦး။ အဲဒီ
မင်းပြောတဲ့ လူတွေထဲမှာ မင်းတို့ငါတို့လည်း မပါဘူးလား။ သိုးဆောင်းစကားပုံ ရှိတယ်လေ။
'မင်း စိုက်ပျိုးခဲ့တဲ့ သီးနှံကိုပဲ မင်းရိတ်သိမ်းရမှာပေါ့' တဲ့။ ၁၉၆၄ ခုနှစ်မှာ စတင် စိုက်ပျိုးခဲ့တဲ့
သီးနှံတွေကို ဒို့လူမျိုးတွေ အခုစားသုံးနေကြရပြီ။ ခုမှ မစားချင်ဘူးဆိုလို့ မရတော့ဘူး။ လူ့သမိုင်းကို
လူကသာ ဖန်တီးတယ် လို့ ဆိုကြပေမယ့် ဖြစ်ပြီးတဲ့ သမိုင်းကိုတော့ ပြန်ဖျက်၊ ပြန်ပြင်လို့ မရတော့
ဘူးကွ။ အနာဂတ်မှာ ကောင်းဖို့အတွက် သင်ခန်းစာအဖြစ်ပဲ အသုံးချဖို့ ရှိတော့တယ်"

"ကျွန်တော်တို့ နိုင်ငံမှာလည်း သင်ခန်းစာ ယူစရာတွေက များလိုက်ပါ ဘိသနဲ့။ ထားလိုက်ပါတော့
ဆရာ၊ ကျွန်တော် 'ဖောက်' လိုက်လို့ ကျွန်တော်တို့ ဆွေးနွေးနေတာ ဘေးချော်သွားတယ်။
အာရှတိုက်က ဓှုညျအငအကအနျ သ် ဗမဘငအမအေငသညဓ တွေအကြောင်း ပြောပါဦး ဆရာ"

"အဲဒီ 'အာရှဪအာဖရိက ဥပဒေ အတိုင်ပင်ခံ ကော်မတီ'ရဲ့ ရည်ရွယ်ချက်တွေထဲက အဓိက
ရည်ရွယ်ချက်ကတော့ အပြည်ပြည်ဆိုင်ရာ ဥပဒေ ပြဿနာတွေနဲ့ ပတ်သက်ပြီး ကော်မတီရဲ့
သဘောထားနဲ့ အမြင်တွေကို အဖွဲ့ ၀င်နိုင်ငံ အစိုးရတွေရဲ့ သဘောထားအဖြစ် အပြည်ပြည်ဆိုင်ရာ
ဥပဒေ ကော်မရှင်နဲ့ ကုလသမဂ္ဂကို တင်ပြဖို့ ဖြစ်တယ်ကွ။ ဒီကော်မတီရဲ့ ဆောင်ရွက်မှုတွေကို
ကုလသမဂ္ဂ အသိအမှတ်ပြုတဲ့ အနေနဲ့ ကုလသမဂ္ဂရဲ့ အမြဲတမ်း လေ့လာသူအဆင့် (Permanent
observer status) ရရှိထားတဲ့ "Inter-governmental organization" (နိုင်ငံအစိုးရများ
ပါ၀င်သည့် အဖွဲ့အစည်း) အဖြစ် သတ်မှတ်ထားတယ်။ အဲဒီ AALCC ကလည်း သက်ဆိုင်ရာနိုင်ငံနဲ့
စာချုပ်ချုပ်ဆိုပြီး "Regional Centres for Arbitration" (အနုညာတ ဆုံးဖြတ်ချက်မှုအတွက်
ဒေသဆိုင်ရာ ဗဟိုဌာနများ) ကို ကွာလာလမ်ပူ (မလေးရှား)၊ ကိုင်ရို (အီဂျစ်)၊ လားဂိုးစ်
(နိုက်ဂျီးရီးယား)၊ တေရန် (အီရန်) နဲ့ နိုင်ရိုဘီ (ကင်ညာ) တို့မှာ တည်ထောင် ပေးထားတယ်။
ဒါပေမဲ့ ကိုယ်ပိုင် Arbitration Rules တွေကိုတော့ ထုတ်ပြန်ထားခြင်း မရှိဘဲ UNCITRAL
Arbitration Rules ကိုသာ အသုံးပြုကြဖို့ တိုက်တွန်းထားတယ်ကွ"

"ကျန်တဲ့ အာရှနိုင်ငံတွေမှာ အဲဒီလို "Arbitration Centres" တွေ တည်ထောင်ထားတာ
မရှိဘူးလား ဆရာ"

"ငါ လေ့လာထားမိသလောက် ဆိုရင်တော့ အိန္ဒိယ၊ ထိုင်းနဲ့ စင်ကာပူ နိုင်ငံတွေမှာ "International
Arbitration Centres" တွေ ရှိတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (non-governmental
organization) တွေ ဖြစ်ပုံရတယ်။ စင်ကာပူနိုင်ငံက "Singapore International Arbitration
Centre - SIAC' ကို ငါသွားရောက် လေ့လာခဲ့ဖူးတယ်။ အဲဒီတုန်းက အဲဒီဌာနမှာ ဥက္ကဋ္ဌအဖြစ်
ဆောင်ရွက်နေတဲ့သူက စင်ကာပူနိုင်ငံရဲ့ ရှေ့နေချုပ်ဟောင်း တစ်ဦးပဲကွ၊ သူပြောတာက သူတို့ဌာနရဲ့
၀င်ငွေက ကုန်ကျစရိတ်ကို မကာမိလို့ အစိုးရဆီက ထောက်ပံ့ကြေးယူရတယ်တဲ့။ အဲဒီလို ယူရတဲ့
အတွက် အစိုးရရဲ့ စွက်ဖက်မှုမရှိတဲ့ လွတ်လပ်တဲ့အဖွဲ့ အစည်း မဟုတ်ဘူးလို့ ဝေဖန်ကြတာတွေ
တော့ ရှိတယ်တဲ့။ ဒါပေမဲ့ အစိုးရက သူတို့လုပ်ငန်းမှာ ၀င်ရောက်စွက်ဖက်တာမျိုး မရှိပါဘူးလို့
ပြောတယ်ကွ။ တခြားနိုင်ငံတွေမှာလည်း အလားတူ အဖွဲ့အစည်းတွေ ရှိမှာပါပဲ"

"ကျွန်တော်တို့နိုင်ငံမှာလည်း ရှိသင့် တာပေါ့ဆရာ"

"ဒို့ဆီမှာတော့ "Arbitration Centre" ဆိုပြီး ပီပီပြင်ပြင်တော့ မရှိသေးဘူးလေ၊ ကုန်သည်ကြီးများ
နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းက စီးပွားရေးဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းပေးတာ
မျိုးတွေရှိတယ်လို့ အရင်က ကြားဖူးခဲ့ပေမယ့် သက်ဆိုင်တဲ့ဥပဒေအရ တိတိကျကျ လိုက်နာ
ဆောင်ရွက်တာမျိုး ဟုတ်မဟုတ်တော့ သေချာမသိရဘူး။ ဥပဒေနဲ့အညီ ဆောင်ရွက်တာမျိုး
မဟုတ်ရင်တော့ အဲဒီဆုံးဖြတ်ချက်ကို တရားရုံးတွေက အတည်ပြုအကောင်အထည်ဖော်ပေးမှာ
မဟုတ်ဘူး"

"ကျွန်တော်တို့ နိုင်ငံမှာလည်း "Arbitration centre" တစ်ခုရှိရင် ကောင်းမယ် ဆရာ။ အကြောင်း
အမျိုးမျိုးကြောင့် တရားရုံးမှာ တရားမစွဲချင်သူတွေအနေနဲ့ အငြင်းပွားမှုကို အခု ဆရာပြောခဲ့တဲ့
နည်းလမ်းတစ်ခုခုနဲ့ ဖြေရှင်းနိုင်တာပေါ့ဆရာ။ ဆရာတို့ ဦးဆောင်ပြီး အဲဒီလို အဖွဲ့အစည်းမျိုး
ကျွန်တော်တို့ဆီမှာ တည်ထောင်ထားရင် နိုင်ငံခြား ကုမ္ပဏီတွေနဲ့ဖြစ်တဲ့ အငြင်းပွားမှုတွေကိုလည်း
ဖြေရှင်းနိုင်မှာပေါ့ဆရာ"

"ဒီအဖွဲ့အစည်းမျိုး ဒို့နိုင်ငံမှာလည်း ရှိဖို့တော့ ကောင်းတာပေါ့ကွာ။ ရှေ့နေချုပ်ရုံး ညွှန်ချုပ်ဘဝတုန်း
က အဲဒီလိုလုပ်ဖို့ ငါကြံစည်ခဲ့သေးတယ်ကွ။ ဒါပေမဲ့ အရာမရောက်ခဲ့ဘူးပေါ့ကွာ။ အဲဒီအဖွဲ့ အစည်း
မျိုး တည်ထောင်ဖို့ အဓိက လိုအပ်ချက်က နေရာနဲ့ အဆောက်အအုံပေါ့။ ပြီးရင် ရုံးသုံးပစ္စည်း၊
ပရိဘောဂနဲ့ ၀န်ထမ်းစရိတ်ရှိမယ်။ မတည်ရမယ့်ငွေက သိပ်များတော့ ဒို့မတတ်နိုင်ဘူး၊ ဒို့က
ဉာဏ်အားပဲ ပေးနိုင်မယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုခုက တာဝန်ယူမယ်ဆိုရင်တော့
ဒို့က ကူညီနိုင်ပါတယ်"

"ကျွန်တော်နားလည်သလောက် ဆိုရင်တော့ အငြင်းပွားမှုကို "Arbitration" နည်းနဲ့ ဖြေရှင်းတဲ့
ကိစ္စမှာ အရေးအကြီးဆုံးအချက်က ခုံသမာဓိ ဆုံးဖြတ်ချက်ကို အကျိုးသက်ရောက်မှု ရှိအောင်
အကောင်အထည်ဖော်ရေး ကိစ္စပဲမဟုတ်လားဆရာ၊ အဲဒီအကြောင်း ဆက်ရှင်းပြပါဦးဆရာ"

"ဟုတ်တယ်ကွ၊ "Arbitral award" လို့ခေါ်တဲ့ 'အနုညာတဆုံးဖြတ်ချက် သို့မဟုတ် ခုံသမာဓိ
ဆုံးဖြတ်ချက်'ကို အကျိုး သက်ရောက်မှုရှိအောင် မလုပ်ပေးနိုင်ဘူးဆိုရင် အငြင်းပွားမှုကို
Arbitration နည်းနဲ့ ဆုံးဖြတ်တာက အဟောသိကံ ဖြစ်သွားမှာပေါ့။ ခုံသမာဓိဆုံးဖြတ်ချက်
အကောင်အထည်ဖော်တာကို အင်္ဂလိပ်ဘာသာနဲ့ "Enforcement of Arbitral Award" လို့
ခေါ်တယ်။ ဒို့ နိုင်ငံမှာသုံးတဲ့ ဥပဒေဝေါဟာရအရ ဆိုရင်တော့ "Execution of Arbitral Award"
ပေါ့ကွာ။ ဒီကိစ္စကို ဥပဒေသမား မဟုတ်သူတွေ နားလည်အောင် ပြောရမယ်ဆိုရင် တရားရုံးမှာ
တရားမမှုစွဲဆိုတဲ့ ကိစ္စနဲ့ နှိုင်းယှဉ်ပြီး ပြောမှကောင်းမယ်ကွ"

"ဟုတ်ကဲ့ပါဆရာ"

"အငြင်းပွားမှုကို ဖြေရှင်းမရလို့ တရားရုံးမှာ တရားစွဲဆိုတဲ့အခါမှာ တရားလိုက အမှုနိုင်ရင် တရားရုံး
က ဒီကရီချပေးတယ် မဟုတ်လား။ အဲဒီ ဒီကရီကို ရရှိရုံနဲ့ တရားလိုလုပ်သူအဖို့ အကျိုးခံစားခွင့်
မရသေးဘူး။ အဲဒီ ဒီကရီကို အကောင် အထည်ဖော်ဖို့လိုတယ်။ အဲဒါကို အင်္ဂလိပ်ဘာသာနဲ့
"Execution" လို့ ခေါ်တယ်။ ဒို့တရားဥပဒေလောကမှာ ဟိန္ဒူဘာသာစကားနဲ့ 'ဇာရီ' လုပ်တယ်လို့
အသုံးများတယ်မဟုတ်လား။ ဒီကရီကို အကောင်အထည်ဖော်ခြင်း သို့မဟုတ် 'ဇာရီ' ပြုလုပ်ခြင်း
ဆိုတာက တရားရှုံး ပိုင်တဲ့ ငွေနဲ့ ပစ္စည်းတွေကို ၀ရမ်းစွဲကပ်ပြီး ရောင်းစရာရှိတဲ့ ပစ္စည်းကို ရောင်း၊
ရတဲ့ ငွေထဲက တရားနိုင်ကို ပေးစရာရှိတာပေး၊ တရားလိုက တရားရှုံးဆီမှာရှိတဲ့ ပစ္စည်းကို
လက်ရောက်ပေးအပ်ဖို့ တောင်းဆိုတဲ့ ကိစ္စဆိုရင်လည်း ပစ္စည်းကို သိမ်းယူပြီး တရားလိုကို အပ်ပေး၊
ဒီလို လုပ်ရတယ် မဟုတ်လား"

"ဟုတ်ပါတယ် ဆရာ"

"ဒါပေမဲ့ "Arbitration award" လို့ ခေါ်တဲ့ 'အနုညာတဆုံးဖြတ်ချက် သို့မဟုတ် ခုံသမာဓိ
ဆုံးဖြတ်ချက်' ကတော့ တရားရုံးက ချမှတ်တဲ့ ဒီကရီမဟုတ်လို့ အဲဒီလိုတိုက်ရိုက် အကောင်
အထည်ဖော်လို့ မရနိုင်ဘူး။ ဒီတော့ အဲဒီခုံသမာဓိ ဆုံးဖြတ်ချက်ကို တရားရုံးရဲ့ ဒီကရီအဖြစ်
ပြောင်းလဲပေးနိုင်ဖို့အတွက် ခုံသမာဓိ လူကြီး/အဖွဲ့က အဲဒီ ခုံသမာဓိ ဆုံးဖြတ်ချက်ကို တရားရုံးမှာ
တင်သွင်းပြီး တရားစွဲဆိုပေးတဲ့အခါ တရားရုံးကလည်း အဲဒီဆုံးဖြတ်ချက်ကိုပဲ တရားရုံးရဲ့ ဒီကရီ
အဖြစ်ချမှတ်ပေးမှာ ဖြစ်တယ်။ ဒီကရီ ရပြီးပြီဆိုရင်တော့ အဲဒီတရားရုံးရဲ့ ဒီကရီကိုဆက်လက်ပြီး
'ဇာရီ' လုပ်နိုင်ပြီပေါ့"

"ဟုတ်ကဲ့ပါ ဆရာ။ အဲဒီမှာ နှစ်ပိုင်းရှိမယ် မဟုတ်လား ဆရာ။ ပြည်တွင်းမှာ ပြုလုပ်တဲ့ အနုညာ
တဆုံးဖြတ်ချက် (domestic arbitral award) ကို အကောင်အထည်ဖော်ခြင်းနဲ့ ပြည်ပ/
နိုင်ငံခြားမှာ ပြုလုပ်တဲ့ (foreign arbitral award) ကို အကောင်အထည် ဖော်ခြင်းဆိုပြီး..."

"ဟုတ်တယ်။ ပြည်တွင်းအနုညာတ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်လို့က
သက်ဆိုင်ရာနိုင်ငံရဲ့  Arbitration Act အတိုင်း ဆောင်ရွက်နိုင်မှာဖြစ်လို့ အခက်အခဲမရှိနိုင်ဘူး။
နိုင်ငံခြားအနုညာတ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရာမှာတော့ အခက်အခဲရှိနိုင်တယ်"

"ဘယ်လိုပါလဲ ဆရာ"

"ဒီလိုလေကွာ၊ နိုင်ငံခြားအနုညာတ ဆုံးဖြတ်ချက်တစ်ခုကို နိုင်ငံတစ်နိုင်ငံမှာ အကောင်အထည်
ဖော်နိုင်ဖို့က အနုညာတ စစ်ဆေးမှုကို ခံယူကြတဲ့ အငြင်းပွားသူ နှစ်ဦးတို့ရဲ့ နိုင်ငံနှစ်နိုင်ငံအကြားမှာ
နိုင်ငံခြား အနုညာတ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်လို့ သဘောတူညီ
ချက် (Agreement) သို့မဟုတ် အပြန်အလှန်စီစဉ်ထားမှု (reciprocal arrangement) ပြုလုပ်
ထားဖို့ လိုတယ်။ ဒါမှမဟုတ်ရင်လည်း အဲဒီနှစ်နိုင်ငံစလုံးက နိုင်ငံခြား အနုညာတ ဆုံးဖြတ်ချက်ကို
အကောင်အထည်ဖော်ပေးရေးနဲ့ ပတ်သက်တဲ့ အပြည်ပြည်ဆိုင်ရာ သို့မဟုတ် ဒေသဆိုင်ရာ
ကွန်ဗင်းရှင်းတစ်ခုမှာ စာချုပ်ဝင်များအဖြစ် ပါ၀င်ပြီးဖြစ်ရမယ့်အပြင် အဲဒီ ကွန်ဗင်းရှင်းပါ တာဝန်များ
ကို သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံက ထမ်းဆောင်နိုင်ဖို့အတွက် အဲဒီကွန်ဗင်းရှင်းကို အကောင်အထည်
ဖော်တဲ့ ပြည်တွင်း ဥပဒေအဖြစ် ပြဋ္ဌာန်းထားပြီးလည်း ဖြစ်ရမယ်။ အဲဒီ နှစ်ချက်မှာ တစ်ချက်ချက်
အရ ဆောင်ရွက်ထားပြီးဖြစ်လို့ရှိရင် နိုင်ငံခြားအနုညာတဆုံးဖြတ်ချက်ကို ပြည်တွင်း အနုညာတ
ဆုံးဖြတ်ချက် အကောင်အထည်ဖော်သလိုမျိုး အကောင်အထည်ဖော်လို့ ရသွားပြီပေါ့"

"ဟုတ်ကဲ့ပါ ဆရာ။ နိုင်ငံခြားအနုညာတ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ရေးနဲ့
ပတ်သက်တဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတွေ အကြောင်း ပြောပါဦးဆရာ"

"ဒါနဲ့ ပတ်သက်လို့ "The Geneva Protocol and Convention" လို့ အတိုကောက်ခေါ်ကြတဲ့
"The Protocol on Arbitration Clauses of 1923" နဲ့ "The Convention on the
Execution of Foreign Arbitral Awards of 1927" တို့အကြောင်းကိုတော့ အရင်တစ်ပတ်က
ပြောခဲ့ပြီးပြီ။ အဲဒီကွန်ဗင်းရှင်းတွေမှာ မြန်မာနိုင်ငံက အဖွဲ့ဝင်ဖြစ်တဲ့အပြင် အဲဒီကွန်ဗင်းရှင်းကို
ပြည်တွင်းမှာ အကောင်အထည် ဖော်နိုင်ရေးအတွက် "The Arbitration (Protocol and Con-
vention) Act" ကိုလည်း ၁၉၃၇ ခုနှစ် က ပြဋ္ဌာန်းခဲ့ပြီးပြီ။ နောက်ကွန်ဗင်းရှင်း တစ်ခုကတော့
"Washington Convention" လို့ အတိုကောက်ခေါ်ကြတဲ့ " The Convention on the
Settlement of Investment Disputes between States and Nationals of other
States" ဖြစ်တယ်။ ဒီကွန်ဗင်းရှင်းအရ 'International Centre for Settlement  of
Investment Disputes (ICSID)"ကို တည်ထောင်ထားပြီး အမေရိကန် ပြည်ထောင်စု၊
၀ါရှင်တန်ဒီစီမှာ ဌာနချုပ် ရုံးရှိတယ်။ ဒီကွန်ဗင်းရှင်းမှာ Arbitration Rules ရော "Recognition
and Enforcement of Award" ကိုပါ ပူးပေါင်းပြဋ္ဌာန်းထားတယ်။ နောက် ကွန်ဗင်းရှင်းတစ်ခု
ကတော့ 'ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဥပဒေ ကော်မရှင်' (The UN
Commission on International Trade Law - UNCITRAL) က ကမကထပြုပြီး ရေးဆွဲခဲ့တဲ့
"The Convention on the Recognition and Enforcement of Foreign Arbitral
Awards" ဆိုတာပေါ့။ "New York Convention" ဆိုတဲ့ အတိုကောက်အမည်နဲ့ လူသိများပြီး
နိုင်ငံအများဆုံး ပါ၀င်ထားတဲ့ ကွန်ဗင်းရှင်းလည်း ဖြစ်တယ်။ ဒီကွန်ဗင်းရှင်းက အထက်မှာ ပြောခဲ့တဲ့
"The Geneva Protocol and Convention" ကို ဆက်ခံတဲ့ ကွန်ဗင်းရှင်းဖြစ်တယ်လို့ ဆိုနိုင်
တယ်။ ဒီကွန်ဗင်းရှင်းမှာ Arbitration Rules မပါဘူး။ နိုင်ငံခြားအနုညာတ ဆုံးဖြတ်ချက်ကို
အသိအမှတ်ပြုပေးရေးနဲ့ အကောင်အထည်ဖော်ရေးအတွက်ပဲဖြစ်တယ်။ ဂျနီဗာကွန်ဗင်းရှင်းမှာ
ပါ၀င်ထားတဲ့ အဖွဲ့ဝင်နိုင်ငံ နှစ်နိုင်ငံဟာ New York Convention မှာ အဖွဲ့ ၀င်ဖြစ်သွားခဲ့လို့ရှိရင်
သူတို့နှစ်နိုင်ငံအကြား The Geneva Protocol and Convention အတည် မဖြစ်တော့ဘဲ
အလိုအလျောက်ရပ်ဆိုင်းသွားမှာ ဖြစ်တယ်။ တစ်နိုင်ငံတည်းကသာ New York Convention ကို
၀င်ရောက်ထားတာ ဆိုရင်တော့ အဲဒီလိုရပ်စဲသွားမှာ မဟုတ်ဘူး။ အဲဒါကို သတိပြုရမယ်"

"New York Convention ကို ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဥပဒေ ကော်မရှင်က
ဦးဆောင်ရေးဆွဲခဲ့တာဆိုတော့ UNCITRAL Arbitration  Rules အရ ပြုလုပ်တဲ့ အနုညာတ
ဆုံးဖြတ်ချက်ဖြစ်မှသာ အဲဒီဆုံးဖြတ်ချက်ကို New York Convention အဖွဲ့ ၀င်နိုင်ငံတွေက
အကောင်အထည် ဖော်ပေးမှာလား ဆရာ။ တခြား Arbitration Rules တစ်ခုခု၊ ဥပမာ IC
Arbitration Rulesအရပြုလုပ်တဲ့ အနုညာတဆုံးဖြတ်ချက်ကိုရော အကောင်အထည်ဖော်ပေးနိုင်
ပါသလား ဆရာ"

"UNCITRAL Arbitration Rules ကို အသုံးပြုပြီးချမှတ်တဲ့ အနုညာတ ဆုံးဖြတ်ချက်ကိုသာ
အကောင်အထည်ဖော်ပေးရမယ်လို့ New York Convention မှာ ပြဋ္ဌာန်းမထားဘူး။ အငြင်းပွားသူ
နှစ်ဦးတို့က နှစ်ဖက်သဘောတူ ရွေးချယ်ထားတဲ့ ဘယ် Arbitration Rules အရမဆို ပြုလုပ်တဲ့
အနုညာတ ဆုံးဖြတ်ချက်ကို New York Convention အဖွဲ့ဝင်နိုင်ငံတိုင်းက အကောင်အထည်
ဖော်ပေးဖို့ တာဝန်ရှိတယ်။ ဒါပေမဲ့ သက်ဆိုင်ရာနိုင်ငံ နှစ်နိုင်ငံစလုံးဟာ ကွန်ဗင်းရှင်းဝင်နိုင်ငံဖြစ်ဖို့
တော့ လိုတယ်။

"ကဲဒီနေ့တော့ ဒီမှာပဲ နားလိုက်ကြရအောင်"



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021