အခုရက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက သူ့ပါတီ အတွင်းရေးကိစ္စတွေ ပြောတာဟာ အတော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။
အခုရက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ
ဦးအောင်သောင်းက သူ့ပါတီ အတွင်းရေးကိစ္စတွေ ပြောတာဟာ အတော်စိတ်ဝင်စားဖို့
ကောင်းပါတယ်။
ဦးအောင်သောင်းရဲ့ ပြောစကား၊ မကြာသေးမီက ဆွေးနွေးဆုံးဖြတ်ပြီး လွှတ်တော် ပူးပေါင်း
ကော်မတီကို တင်လိုက်ပြီဖြစ်တဲ့ ပြည်ခိုင်ဖြိုးရဲ့ ဖွဲ့စည်းပုံထဲက ပြင်လိုတဲ့ အချက်တွေ၊ ၂၀၁၃ ခုနှစ်
အတွင်း ပြည်ခိုင်ဖြိုးပါတီ တစ်ဖွဲ့တည်း အတူတူ အစိုးရဘက်အခြမ်းနဲ့ လွှတ်တော်ဘက်အခြမ်း
ဖြစ်ပွားတဲ့ အခြေအတင် ဖြစ်မှုတွေ၊ သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း အကြား
ပေါ်ပေါက်တဲ့ အငြင်းပွားမှုတွေ အားလုံးကို ဆက်စပ် သုံးသပ်လိုက်ရင် ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းမှာ
အကွဲအပြဲပြဿနာတစ်ခု အပီအပြင် ပေါ်ပေါက်နေခဲ့ပြီ ဆို တာပါပဲ။ ဘယ်အချက်တွေကြည့်ပြီး
ဒီလို ပြော နိုင်တာပါသလဲ၊ ဘာတွေဖြစ်နေကြပါသလဲ၊ နောက်ထပ် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ
ခုတစ်ပတ်ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။
ဦးအောင်သောင်းရဲ့ ပြောစကားတွေအရ ဆိုရင် လက်ရှိသမ္မတနဲ့ အစိုးရအဖွဲ့၊ လွှတ်တော်ဥက္ကဋ္ဌနဲ့
လွှတ်တော်၊ ပါတီတာဝန်ရှိသူတွေ ဆိုတာ အရင်စစ်အစိုးရရဲ့ နောက်ဆုံးအချိန်တုန်းက စနစ်တကျ
စီစဉ်နေရာချခဲ့တာတွေလို့ သိရပါတယ်။
ပြောရရင် အဓိကအားဖြင့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးရဲ့ သဘောထားနဲ့ စီစဉ်နေရာ ချထားခဲ့တာပါ။
ဒါပေမဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ၊ ဒုသမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေ ဖြစ်လာရင် ပါတီလုပ်ငန်း
တွေမှာ မပါ၀င်ရတော့ဘူးဆိုတဲ့ အချက်နဲ့ တစ်ဦးချင်းရသွားတဲ့ လုပ်ပိုင်ခွင့် အာဏာတွေအောက်မှာ
အုပ်စုအသွင်သဏ္ဌာန် ဖြစ်သွားစေတယ်လို့ မှတ်ယူနိုင်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဦးအောင်သောင်းရဲ့ ပြောစကားတွေထဲမှာလည်း ကောက်ယူလို့ ရနိုင်တာတွေပါ
ပါတယ်။
သမ္မတ ဦးသိန်းစိန် အနေနဲ့ သူတာဝန်ယူပြီးနောက်ပိုင်း ၀န်ကြီးအဖွဲ့ထဲက ဖြုတ်တာ၊ အသစ်ခန့်တာ၊
အစားထိုးတာတွေကို ပြည်ခိုင်ဖြိုးပါတီ သဘောထားရယူသင့်တာ မှန်ပေမယ့် အဲလို မလုပ်ခဲ့ဘူးလို့
ဆိုပါတယ်။
ဒါကြောင့် နောက်ပိုင်းကိစ္စတွေ ပါတီဘက်က ဘာမှမသိရတော့ဘူးလို့ သိပ်မကျေလည်တဲ့
သဘောပြောပါတယ်။
လက်ရှိ သမ္မတ ဦးသိန်းစိန်ရော သမ္မတ ဖြစ်ချင်တယ်လို့ ပြောထားတဲ့ သူရဦးရွှေမန်းပါ သမ္မတ
လုပ်ချင်တယ်ဆိုရင် ပါတီရဲ့ သဘောထား ခံယူရမယ်လို့ ဆိုပြန်ပါတယ်။
ပါတီက လက်မခံသူဟာ သမ္မတ မလုပ်နိုင်ဘူးဆိုတဲ့ သဘောပါ။
ဒါတွေက လတ်တလော ဦးအောင်သောင်း ပြောသွားတာတွေထဲက အစိုးရအဖွဲ့ဘက် ရောက်နေတဲ့
ပြည်ခိုင်ဖြိုး ခေါင်းဆောင်တွေနဲ့ လွှတ်တော်ဘက်နဲ့ ပါတီ တာဝန်ယူထားတဲ့ ထိပ်ပိုင်းခေါင်းဆောင်
တွေ အကြားသဘောထား ကွဲမှုတွေပါ။
ဒီအချက်ကို ထင်ထင်ရှားရှား မီးမောင်းထိုးပြတဲ့ နောက်ထပ် သက်သေကတော့ ပြည်ခိုင်ဖြိုးက
ဖွဲ့စည်းပုံထဲက ပြင်ချင်ပါတယ်ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။
အဲဒီအထဲမှာ ဒုသမ္မတအပါအဝင် ၀န်ကြီး တွေခန့်မယ်ဆို လက်ရှိ ဖွဲ့စည်းပုံထဲပါသလို အရည်အချင်း
ပည့်ဝသူ မည်သူ့ကိုမဆို သမ္မတက ခန့်နိုင်တယ် ဆိုတာမျိုး မဟုတ်ဘဲ လွှတ်တော်အမတ်ထဲကပဲ
ခန့်ဖို့ ဆိုပြီး ပြင်ချင်တယ်လို့ ဆိုပါတယ်။
ဒါဟာ သမ္မတ ကိုရော လက်ရှိ အစိုးရအဖွဲ့ထဲက ၀န်ကြီးတွေ အားလုံးကို ရည်ရွယ်တဲ့သဘော ြ
ဖစ်ပါတယ်။
တကယ်လို့ သမ္မတ ဦးသိန်းစိန်ဟာ ပါတီရဲ့ အစီအစဉ်နဲ့ မဲဆန္ဒနယ်မြေ တစ်ခုခုမှာ ရွေးကောက်ပွဲ
၀င်မထားဘူးဆိုခဲ့ရင်လာမယ့် ရွေးကောက်ပွဲအပြီး လွှတ်တော် အစည်းအဝေးတွေ ကျင်းပ၊ အစု
အဖွဲ့တစ်ခုစီက ဒုသမ္မတ တစ်ယောက်စီ ရွေးတဲ့အခါ တပ်မတော်သား အမတ်တွေဘက်က
ဦးသိန်းစိန်ကို ဒုသမ္မတအဖြစ် တင်ချင်ဦး၊ တင်လို့ မရနိုင်ဘူးဆိုတဲ့ သဘောဖြစ်သွားမှာ ဖြစ်ပါတယ်။
အလားတူပါပဲ။ လက်ရှိ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ထဲက ၀ါရင့် ၀န်ကြီးတချို့ကို ပြည်ခိုင်ဖြိုး
ပါတီက ရွေးကောက်ပွဲ ၀င်မဝင် သဘောထားမေးတဲ့အခါ မဝင်တော့ဘူးလို့ ဖြေထားတဲ့သူတွေ
ရှိနေပါတယ်။
တကယ်လို့သာ ၂၀၁၅ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန်၊ ဒါမှမဟုတ် ဦးမင်းအောင်လှိုင် တစ်ယောက်
ယောက် သမ္မတ ဖြစ်ခဲ့ရင်တောင် အဲဒီဝန်ကြီးဟောင်းတွေကို ၀န်ကြီးပြန်ခန့်လို့ရတော့မှာ
မဟုတ်ပါဘူး။
ရွေးကောက်ပွဲမဝင်၊ အမတ်မဟုတ်လို့ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီအချက်တွေပြင်ဖို့ ကာကွယ်ရေးဦးစီးချုပ်ဘက်က ပြင်ချင်တဲ့ဆန္ဒရှိမှ ပြင်လို့ရမှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဒါကို ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်း အကွဲအပြဲ ပြဿနာကို ထင်ဟပ်ပေါ်လွင်စေတဲ့
အချက်အဖြစ်တော့ ရှုမြင်နိုင်ပါတယ်။
ဒီမတိုင်ခင် ၂၀၁၃ ခုနှစ် တစ်နှစ်လုံးမှာလည်း သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်က တစ်ဖက်၊
သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့က တစ်ဖက် သဘောမတူမှုတွေ၊ အငြင်းပွားမှုတွေ
တောက်လျှောက် ရှိခဲ့ပါတယ်။
တချို့ပြင်းပြင်း ထန်ထန် ဖြစ်ခဲ့တာတွေ လည်း ရှိပါတယ်။ နမူနာတွေ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ
ဥပဒေဆိုင်ရာ ခုံရုံးတစ်ဖွဲ့လုံး နှုတ်ထွက်သွားစေသည် အထိ ဖြစ်ပွားတဲ့ ပြဿနာ၊ အဲဒီ ဥပဒေကို
ပြင်ဖို့ လွှတ်တော်ထဲ ဆွေးနွေးတဲ့အခါ ဖွဲ့စည်းပုံနဲ့ ညီမညီအပြင်းအထန် အငြင်းပွားကြတာ၊
ဥပဒေကြမ်းကို သမ္မတက လက်မှတ်မထိုးတာ စသဖြင့် အများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။
နောက်ပိုင်း သမ္မတ ပေးပို့တဲ့ သဝဏ်လွှာကိုလက်မခံတာ၊ သမ္မတနဲ့ အစိုးရအဖွဲ့ လစာကို ဥပဒေပါ
ပြဋ္ဌာန်းချက်ထက် အများကြီးနိမ့်တဲ့လစာ သတ်မှတ်ဖို့ ဥပဒေပြဋ္ဌာန်းဖို့ ကြိုးစားသည်အထိ
ဖြစ်ခဲ့ပါတယ်။
သမ္မတက ဥပဒေပါပြဋ္ဌာန်းချက်ထက် နည်းတဲ့လစာ ယူနေတာဟာ ဥပဒေချိုးဖောက်သလို ဖြစ်နေ
တယ်ဆိုပြီး ပြောဆိုသည်အထိ ကျယ်ပြန့်ခဲ့ပါတယ်။
အထင်ရှားဆုံး ဖြစ်ပွားခဲ့တဲ့ ပြဿနာကတော့ သမ္မတ ဦးသိန်းစိန် အနေနဲ့ နောက်သက်တမ်း
သမ္မတ မလုပ်တော့ဘူးလို့ သူ့ကို ပြောတယ်ဆိုပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက
သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုလိုက်တာပါ။
ဒါပေမဲ့ သမ္မတဘက် ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က သမ္မတအနေနဲ့ သူ့ကိစ္စ သူပဲ ပြောမယ်၊
တခြားဘယ်သူမှ ပြောဖို့မလိုဘူး၊ အချိန်တန်ရင် သမ္မတ ဆက်အရွေးခံမယ် မခံဘူး သူကိုယ်တိုင်
ပြောလိမ့်မယ်လို့ ဆိုလိုက်တဲ့အခါ သဘောကွဲလွဲမှုကြီး ငြင်းမရအောင် ပေါ်သွားခဲ့ပါတယ်။
ဒီပြဿနာတွေနဲ့ ပတ်သက်ရင် သမ္မတ ဘက်ကရော၊ သူရ ဦးရွှေမန်းဘက်ကပါ အစိုးရဘက်နဲ့
လွှတ်တော်ဘက် ဖြစ်ရိုးဖြစ်စဉ်အတိုင်း တိုးမိတိုက်မိတာလောက် ပြောဆိုနေကြျပေမယ့်
တကယ့်တကယ် ဆန်းစစ်ကြည့်ရင် ပြည်ခိုင်ဖြိုးပါတီ ထိပ်ပိုင်းခေါင်းဆောင် နှစ်ယောက် အကြား၊
ထိပ်ပိုင်း အင်အားစု နှစ်ခုအကြား အကြီးအကျယ် ကွဲပြဲနေကြတယ်ဆိုတာ ငြင်းမရလောက်အောင်
ထင်ရှားလာပါတယ်။
ဒီလို ပါတီထိပ်ပိုင်းမှာ အကွဲအပြဲ ဖြစ်ပေါ်နေ သလိုလာမယ့် ရွေးကောက်ပွဲမှာလည်း ပြည်ခိုင်ဖြိုး
ပါတီက ရွေးချယ်သူ တစ်ယောက်ယောက် သမ္မတဖြစ်ဖို့ မလွယ်သလို၊ သမ္မတ မဖြစ်ရင် အစိုးရ
အဖွဲ့ဖွဲ့ဖို့ကလည်း မဖြစ်နိုင်ပါဘူး။
ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် တစ်ယောက်ယောက် ဒုသမ္မတ အဆင့်လောက် ဖြစ်ဖို့ဆိုရင်တောင်
လာမယ့် ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် အမတ် ၅၀ ရာခိုင်နှုန်းအထက် အနိုင်ရမှ
ဖြစ်မှာပါ။
အလားတူ အမျိုးသားလွှတ်တော် အတွက်ဆိုရင်လည်း ၅၀ ရာခိုင်နှုန်း အထက် အနိုင်ရမှ ဖြစ်မှာပါ။
အင်န်အယ်လ်ဒီ ၀င်ပြိုင်တဲ့ ၂၀၁၂ ရွေးကောက်ပွဲ အတွေ့အကြံုအရ တကယ်တော့ အဲဒီလိုဖြစ်ဖို့
အလွန် မလွယ်ပါဘူး။
တိုင်းရင်းသားတွေ အလုံးအရင်းနဲ့ ရွေးကောက်ပွဲ ၀င်လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဆိုရင် ပိုပိုပြီး
မလွယ်ကူပါဘူး။
ဒီအခါ လွတ်လွတ်ကျွတ်ကျွတ် ဒုသမ္မတ တစ်ယောက် ရွေးနိုင်တဲ့ တပ်မတော်သား အမတ်တွေ
ဘက်ကတင်တဲ့ ဒုသမ္မတ တစ်ယောက်ကိုပဲ သမ္မတ ဖြစ်အောင် မဲပေးပူးပေါင်းရမယ့် သဘော
ဖြစ်လာနိုင်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီဟာ ဒီနေ့ သူ့ပါတီတွင်း ပေါ်ပေါက်နေတဲ့ ထိပ်ပိုင်းခေါင်းဆောင် အုပ်စုနှစ်စု အကြား
သဘောထားကွဲလွဲမှုတွေကို ရင်ကြား မစေ့နိုင်ရင် အင်အားပိုမို ချည့်နဲ့သွားနိုင်ပြီး တပ်မတော်သား
အမတ်တွေကို ၀န်းရံရတဲ့၊ တစ်နည်းအားဖြင့် ကာကွယ်ရေးဦးစီးချုပ်ကို ကူညီပံ့ပိုးပေးရတဲ့ပါတီ
တစ်ရပ်လည်း ဖြစ်ကောင်းဖြစ်သွားနိုင်ပါကြောင်း သုံးသပ်လိုက်ရပါတယ်။

















