"အနုညာတဆုံးဖြတ်မှုကို ကြီးကြပ်ကွပ်ကဲတဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ (International Institutes of Arbitration) အကြောင်းနဲ့ နိုင်ငံခြား အနုညာတ ဆုံးဖြတ်ချက်များကို အတည်ပြုအကောင်အထည်ဖော်ခြင်း (Enforcement of Execution of Foreign Arbitral Awards) အကြောင်းတွေကို ကျွန်တော်တို့ ဆွေးနွေးပြီးခဲ့ပါပြီ ဆရာ။
"အနုညာတဆုံးဖြတ်မှုကို ကြီးကြပ်ကွပ်ကဲတဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ
(International Institutes of Arbitration) အကြောင်းနဲ့ နိုင်ငံခြား အနုညာတ ဆုံးဖြတ်ချက်
များကို အတည်ပြုအကောင်အထည်ဖော်ခြင်း (Enforcement of Execution of Foreign
Arbitral Awards) အကြောင်းတွေကို ကျွန်တော်တို့ ဆွေးနွေးပြီးခဲ့ပါပြီ ဆရာ။
ဒေသဆိုင်ရာ အစိုးရတွေ ပါ၀င်ဖွဲ့စည်းထားတဲ့ ASEAN (အာဆီယံ) အဖွဲ့မှာရော Arbitrationနဲ့
ပတ်သက်လို့ စီစဉ်ဆောင်ရွက်မှုတွေရှိတယ် မဟုတ်လား ဆရာ"
"ဒီကိစ္စကို နှစ်ပိုင်းခွဲပြီးပြောရမယ်ကွ။ အာဆီယံစတင်ဖွဲ့စည်းတဲ့ စာချုပ်ကစပြီး အာဆီယံနိုင်ငံတွေ
ချုပ်ဆိုထားခဲ့တဲ့ စာချုပ် ၅၀ လောက်ရှိတဲ့အထဲမှာ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ကိစ္စနဲ့
ပတ်သက်တဲ့စာချုပ် နှစ်ခုလည်း ပါရှိတယ်။ တစ်ခုက အာဆီယံအဖွဲ့ဝင်နိုင်ငံ အစိုးရအချင်းချင်း
အကြား ဖြစ်ပွားတဲ့ အငြင်းပွားမှုကို ဖြေရှင်းခြင်းနဲ့ သက်ဆိုင်တယ်။ အဲဒီစာချုပ်က အခု ဒို့ဆွေးနွေး
နေတဲ့ကိစ္စနဲ့ မဆိုင်လို့ ထားလိုက်တော့။ နောက်စာချုပ်တစ်ခုကတော့ 'ရင်းနှီး မြှုပ်နှံမှုများ
မြှင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် အာဆီယံနိုင်ငံ အစိုးရများအကြား သဘောတူညီချက်'
(Agreement among the Governments of the ASEAN Countries for the
Promotion and Protection of Investments) ဆိုတာပဲ။ ဒီစာချုပ်ရဲ့ 'ခေါင်းစီး'အမည်မှာတော့
အဲဒီအချိန်က အဖွဲ့ဝင်အဖြစ်ရှိနေတဲ့ နိုင်ငံအားလုံးရဲ့ အမည်တွေကို ဖော်ပြထားလို့ စာချုပ်အမည်က
အတော်ရှည်နေတယ်။ ဒီစာချုပ်ရဲ့ အခန်း (၁၀)၊ အပိုဒ်(၁)မှာ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုကို လက်ခံတဲ့
စာချုပ် ၀င်နိုင်ငံရဲ့ အစိုးရနဲ့ လာရောက်ပြီး ရင်းနှီးမြှုပ်နှံမှုပြုလုပ်တဲ့ တခြားအဖွဲ့ ၀င်နိုင်ငံရဲ့ နိုင်ငံသား/
ကုမ္ပဏီတို့အကြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ အငြင်း ပွားမှုပေါ်ပေါက်တဲ့အခါ စေ့စပ်ဆွေးနွေးခြင်း
နဲ့ မဖြေရှင်းနိုင်လိ့ုရှိရင် အနုညာတစီရင်ဆုံးဖြတ်မှု (ဗမဘငအမေ အငသည) နည်းနှင့်ဖြေရှင်းဖို့နဲ့
အဲဒီလို ဖြေရှင်းရာမှာ လိုက်နာရမယ့်အချက်တွေကို ဖော်ပြထားတယ်"
"အာဆီယံအဖွဲ့ဝင် နှစ်နိုင်ငံတို့ရဲ့ နိုင်ငံသား/ ကုမ္ပဏီအချင်းချင်း စီးပွားရေးဆိုင်ရာ အငြင်းပွားမှုကို
ဖြေရှင်းရေးနဲ့ ပတ်သက်လို့ အဲဒီစာချုပ်မှာ မပါဘူးလားဆရာ"
"မပါဘူးကွ။ နောက်ပြီး Protocol on Dispute Settlement Mechanism (အငြင်းပွားမှု
ဖြေရှင်းရေးလုပ်ထုံး လုပ်နည်းဆိုင်ရာ နောက်ဆက်တွဲ စာချုပ်)ရဲ့ နောက်ဆက်တွဲ(၁)မှာလည်းပဲ
အဲဒီကိစ္စနဲ့ ပတ်သက်တဲ့ စာချုပ်မျိုးကို မတွေ့ရဘူး၊ နိုင်ငံနှစ်နိုင်ငံက ပုဂ္ဂလိက နိုင်ငံသား အချင်းချင်း
ဖြစ်တဲ့ အငြင်းပွားမှုကိုတော့ International Arbitration Rules တစ်ခုခုအရ၊ သို့မဟုတ်
သက်ဆိုင်ရာ နိုင်ငံရဲ့ Arbitration Act တစ်ခုခုအရ နှစ်ဖက်တို့ရဲ့ ဆန္ဒအလျောက်ဖြေရှင်းစေဖို့
ရည်ရွယ်ပုံရပါတယ်"
"ဟုတ်ကဲ့၊ အခုဆရာပြောတဲ့ 'ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ အာဆီယံစာချုပ်'
မှာပါတဲ့ အငြင်းပွားမှု ဖြေရှင်းနည်းအကြောင်း ဆက်ပါဦးဆရာ"
"အဲဒီစာချုပ်က အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရနဲ့ အဲဒီနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့
တခြား အာဆီယံအဖွဲ့ ၀င်နိုင်ငံက နိုင်ငံသား/ ကုမ္ပဏီတို့ အကြားပေါ်ပေါက်တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
အငြင်းပွားမှုများနဲ့ သာသက်ဆိုင်တယ်ဆိုတဲ့ အချက်ကိုလည်း မမေ့နဲ့ကွ"
"အဲဒီစာချုပ်နဲ့ ပတ်သက်လို့ ဝေဖန်စရာ အချက်တွေကို ၂၀၀၄ ခုနှစ်မှာ ငါရေးသားထုတ်ဝေခဲ့တဲ့
'ကုန်ရောင်းခြင်း အက်ဥပဒေ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဥပဒေနှင့် လက်တွေ့ ကျင့်သုံးမှုများ'
ဆိုတဲ့ စာအုပ်၊ ဒုတိယတွဲမှာ ငါထောက်ပြခဲ့တယ်။ အဲဒီအချက်တွေကိုပဲ အခုပြန်ပြောဦးမယ်"
"ဟုတ်ကဲ့ပါဆရာ"
"ပထမအချက်က အဲဒီအာဆီယံ စာချုပ်ပါ အငြင်းပွားမှု ဖြေရှင်းခြင်းဆိုင်ရာ စည်းကမ်းချက်တွေဟာ
အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားတွေအပေါ် မှာ အာဏာသက်ရောက်မှုရှိမရှိဆိုတဲ့ ဥပဒေပြဿနာ
ပဲကွ။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရက တခြားနိုင်ငံရဲ့ အစိုးရ
သို့မဟုတ် အဖွဲ့အစည်းတစ်ခုနဲ့ ချုပ်ဆိုတဲ့ စာချုပ်ပါ စည်းကမ်းချက်တွေက နိုင်ငံသားများ အပေါ်
အလိုအလျောက် တာဝန်ကျရောက်မှုရှိမရှိဆိုတဲ့ ပြဿနာပေ့ါကွာ။ အဲဒါကလည်း သက်ဆိုင်ရာ
နိုင်ငံရဲ့ ဥပဒေပြုမှုစနစ်အပေါ်မှာ တည်တယ်၊ ဒို့နိုင်ငံရဲ့ ဥပဒေပြုမှုစနစ်အရဆိုရင် ဒို့နိုင်ငံက ပါ၀င်တဲ့
နိုင်ငံအချင်းချင်းချုပ်ဆိုတဲ့ စာချုပ်နဲ့ အပြည်ပြည်ဆိုင်ရာ စာချုပ်တွေမှာပါတဲ့ စည်းကမ်းချက်တွေဟာ
ဒို့အစိုးရအပေါ်မှာ တာဝန်ကျရောက်ပေမယ့် ဒို့ နိုင်ငံသားတစ်ဦးချင်းအပေါ်မှာ အာဏာသက်ရောက်
မှု၊ တာဝန်ကျရောက်မှု မရှိဘူးကွ။ ဥပဒေအဖြစ် ပြဋ္ဌာန်းပေးမှသာ အာဏာသက်ရောက်မှာ
ဖြစ်တယ်။ ဒီ အချက်က အရေးကြီးတယ်။ '၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်း
အုပ်ချုပ်ပုံ အခြေခံဥပဒေ'ရဲ့ ပုဒ်မ ၂၁၄ မှာ "ပါလီမန်က ဆုံးဖြတ်ပြဋ္ဌာန်းခြင်း မပြုလျှင် မည်သည့်
ပြည်ထောင်ချင်းချင်း သဘောတူညီချက်မျှ ထိုကဲ့သို့သော သဘောတူညီချက်အနေဖြင့်
ပြည်ထောင်စု နိုင်ငံတရားဥပဒေ၏ တစ်စိတ်တစ်ဒေသ မဖြစ်စေရ"လို့ ပြဋ္ဌာန်းပါရှိတယ်။
အင်္ဂလိပ်အုပ်စိုးခဲ့တဲ့ ခေတ်မှာကတည်းက အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများကို ပြည်တွင်းဥပဒေ
အဖြစ်နဲ့ အာဏာတည်စေလိုလို့ရှိရင် သက်ဆိုင်ရာ ကွန်ဗင်းရှင်းကို ဥပဒေရဲ့ ဇယား (Schedule)
အဖြစ် ပြည်တွင်းဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့တဲ့ သာဓကတွေရှိတယ်။
Public International Law လို့ဆိုတဲ့ ကမ္ဘာ့နိုင်ငံတိုင်းက လိုက်နာကြရတဲ့ ဓလေ့ထုံးတမ်းတွေ၊
သဘောတူ ညီချက်တွေကို ပြည်တွင်း ဥပဒေတွေမှာ လိုအပ်သလို ထည့်သွင်း ပြဋ္ဌာန်းပေးထားတာ
တွေလည်း ရှိတယ်။
"၁၉၄၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာပါတဲ့ အဲဒီပြဋ္ဌာန်းချက်မျိုး ၁၉၇၄ နဲ့ ၂၀၀၈ ခုနှစ်
အခြေခံ ဥပဒေတွေမှာ ပါ၀င်ခြင်းမရှိတော့တာကို တွေ့ရတယ်ဆရာ၊ အဲဒီတော့ . . ."
"အဲဒီပြဋ္ဌာန်းချက်မျိုး နောက်အခြေခံ ဥပဒေတွေမှာ မပါတော့ပေမယ့် ၁၉၄၈ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေမှာပါတဲ့ မူအတိုင်း လိုက်နာဆောင်ရွက် ဖို့တော့လိုမယ်။ မလိုက်နာရင် ဥပဒေ
ပြဿနာတွေ ရှုပ်ထွေးလာနိုင်တယ်။ နောက်တစ်ချက်ကလည်း ကိုယ့်နိုင်ငံရဲ့ ဥပဒေပြဋ္ဌာန်းချက်
မရှိဘဲနဲ့ နိုင်ငံသား တစ်ဦးအပေါ် တာဝန်မကျရောက်နိုင်ဘူး။ ဒါက ဥပဒေရဲ့ အခြေခံမူပဲ။ အဲဒီ
ပြဿနာကို လွန်ခဲ့တဲ့နှစ်က ဒို့နိုင်ငံက နိုင်ငံခြား အနုညာတဆုံးဖြတ်ချက် အကောင်အထည်ဖော်
ရေးနဲ့ ပတ်သက်တဲ့ New York Convention ကို ၀င်ရောက်ခဲ့တဲ့ ကိစ္စနဲ့ဆက်စပ်ပြီး နောက်ပိုင်းမှာ
ဆက်ဆွေးနွေးရအောင်"
"ဟုတ်ကဲ့ပါ ဆရာ၊ အခုဆွေးနွေးနေတဲ့ အာဆီယံသဘောတူညီချက်နဲ့ ပတ်သက်ပြီး ဝေဖန်စရာ
ဒုတိယအချက်ကို ဆက်ပြီး ရှင်းပါဦး ဆရာ"
"ဒုတိယအချက်က အခုဒို့ပြောနေတဲ့ အာဆီယံစာချုပ်မှာ 'အာဆီယံစာချုပ်ဝင် နိုင်ငံတစ်နိုင်ငံရဲ့
အစိုးရနဲ့ အဲဒီနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ တခြား အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက
နိုင်ငံသား/ကုမ္ပဏီတို့အကြား ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုပေါ်ပေါက်တဲ့အခါ ချစ်ကြည်
ရင်းနှီးစွာနဲ့ အေးချမ်းစွာ နှစ်ဖက် ညှိနှိုင်းဖြေရှင်းရမယ်။ အဲဒီလို ဖြေရှင်းမရလို့ အငြင်းပွားမှုကို
အနုညာတဆုံးဖြတ်နည်း (Arbitration) နဲ့ ဖြေရှင်းဖို့တစ်ဖက်က အဆိုပြုရင် တခြားတစ်ဖက်က
လက်ခံရမယ်' လို့ သတ်မှတ်ထားတယ်။ ဒီစည်းကမ်းချက်က နိုင်ငံတကာက လက်ခံကျင့်သုံးနေတဲ့
အနုညာတဆုံးဖြတ်နည်းရဲ့ အခြေခံမူနဲ့ ဆန့်ကျင်နေတယ်။ အဲဒီမူက ဘာလဲဆိုတော့ 'အငြင်းပွားမှု
ပေါ်ပေါက်ရင် အဲဒီအငြင်းပွားမှုကို အနုညာတဆုံးဖြတ်နည်းနဲ့ ဖြေရှင်းမယ်လို့ အငြင်းပွားသူ နှစ်ဖက်
တို့အကြား သဘောတူညီချက် (Arbitration Agreement) ရှိမှသာ အနုညာတ ဆုံးဖြတ်နည်းကို
ကျင့်သုံး နိုင်တယ်။ အဲဒီလို သဘောတူညီချက်မျိုး (နှုတ်ဖြင့် ဖြစ်စေ၊ စာဖြင့် ဖြစ်စေ) မရှိဘူးဆိုရင်
အနုညာတဆုံးဖြတ်မှု (Arbitration) ဆိုတာလည်း မရှိနိုင်ဘူး' ဆိုတာပဲ။ ဒီအချက်နဲ့ ပတ်သက်လို့
ဒို့ဆွေးနွေးခဲ့ပြီးပြီ။ အငြင်းပွားမှုကို အနုညာတနည်းနဲ့ ဖြေရှင်းရမယ်ဆိုပြီး အငြင်းပွားသူ တစ်ဦး
တစ်ယောက် အပေါ်မှာ ဥပဒေအရဖြစ်စေ၊ နိုင်ငံအချင်းချင်းချုပ်ဆိုတဲ့ သဘောတူစာချုပ်အရဖြစ်စေ
အတင်းအကျပ် ပြုလုပ်ခွင့်မရှိဘူး"
"ဟုတ်ကဲ့ပါ ဆရာ"
"တတိယအချက်က အငြင်းပွားမှုကို အနုညာတနည်းနဲ့ဖြေရှင်းဖို့အတွက် ဒို့အရင်က ပြောခဲ့ပြီးဖြစ်တဲ့
၀ါရှင်တန် ကွန်ဗင်းရှင်းခေါ်။ "International Centre for Settlement of Investment
Disputes (ICSID)" သို့မဟုတ် ''The United Nations Commission on International
Trade Law (UNCITRAL)" သို့မဟုတ် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှာရှိတဲ့ "The Regional
Centre for Arbitration" သို့မဟုတ် အာဆီယံဒေသတွင်းရှိ အခြားသော "Regional Centre
for Arbitration" တို့အနက် တစ်ခုခုသို့ တင်ပြရမယ်လို့ အဲဒီ အာဆီယံသဘောတူညီချက်မှာ
သတ်မှတ်ထားတယ်။ ဒီအချက်ကလည်း နိုင်ငံတကာက ကျင့်သုံးနေတဲ့မူနဲ့ ဆန့်ကျင် နေတာပဲ။
နိုင်ငံတကာမှာ လက်ခံ ကျင့်သုံးနေကြတဲ့ မူက အငြင်းပွားသူ နှစ်ဖက်တို့အနေနဲ့ သူတို့ကြိုက်တဲ့
သူတို့ သဘောတူညီတဲ့ Arbitration Rules နဲ့ Arbitration ပြုလုပ်မယ့်နေရာ (Venue or place
of Arbitration) ကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိတယ်။ သူတို့ ချုပ်ဆိုထားတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
စာချုပ်မှာ 'အငြင်းပွားမှုပေါ်ပေါက်ရင် ICC Arbitration Rules အရ ပါရီမြို့ သို့မဟုတ် တခြားနိုင်ငံ
တစ်နိုင်ငံမှာ ဖြေရှင်းမယ်' လို့ ပါရှိနေရင် အဲဒီမှာ အာဆီယံစာချုပ်နှင့် ဆန့်ကျင်ကွဲလွဲနေပြီပေါ့"
"ဟုတ်ပါတယ် ဆရာ"
"စတုတ္ထအချက်ကတော့ အဲဒီ အာဆီယံစာချုပ်မှာ ခုနက ပြောခဲ့သလို အငြင်းပွားမှုဖြေရှင်းရမယ့်
နေရာ/ဌာန တွေအဖြစ် သတ်မှတ်ပေးထားသော "InIstitutes of Arbitration" လို့ခေါ်တဲ့
'အနုညာတ ဆုံးဖြတ်မှုကို ကြီးကြပ်ကွပ်ကဲတဲ့ အဖွဲ့အစည်း'တွေ ဖြစ်နေတော့ အဲဒီအာဆီယံစာချုပ်
အရ အဲဒီ ဌာနတွေမှာ ပြုလုပ်တဲ့ Institutional Arbitrationကိုသာ လက်ခံရမယ့် သဘော
သက်ရောက်နေတယ်။ အငြင်းပွားသူတွေအနေနဲ့အဲဒီလို 'အနုညာတ ဆုံးဖြတ်မှုကို ကြီးကြပ်တဲ့
ဌာန' တွေမှာ မလုပ်ဘဲ သူတို့နှစ်ဖက်သဘောတူ ရွေးချယ်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ Arbitration Act
အရ ဖြစ်ဖြစ်၊ တခြား Arbitration Rules အရဖြစ်ဖြစ် သူတို့ရွေးချယ်တဲ့နေရာမှာ အနုညာတ
ဆုံးဖြတ်မှု ပြုလုပ်ခွင့်ရှိတယ်။ အဲဒီလို Arbitration လုပ်တာကို ad hoc Arbitration (အမှု
တစ်မှုချင်းအလိုက် ပြုလုပ်တဲ့ အနုညာတ ဆုံးဖြတ်မှု) လို့ ခေါ်တယ်။ ဒါကလည်း နိုင်ငံတကာက
လက်ခံကျင့်သုံးနေတဲ့ မူပဲ။ နောက်ပြီး ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဥပဒေ
ကော်မရှင် (UNCITRAL) ကို အနုညာတဆုံးဖြတ်မှုကို ကြီးကြပ်ကွပ်ကဲတဲ့ ဌာန (Institute of
Arbitration) အဖြစ် သတ်မှတ်ထားတာကလည်း မမှန်ဘူး။ UNCITRAL အနေနဲ့ "UNCITRAL
Arbitration Rules" ကို ထုတ်ပြန်ထားတာ မှန်ပေမယ့် အနုညာတဆုံးဖြတ်မှုကို ကြီးကြပ်ကွဲကပ်မှု
ပြုလုပ်တဲ့ အဖွဲ့အစည်း (Institute of Arbitration) မဟုတ်ဘူးဆိုတာကို ဒို့ဆွေးနွေးခဲ့ပြီးပြီ"
"ဟုတ်ကဲ့ ဆက်ပါဦးဆရာ"
"ပဥ္စမအချက်ကတော့ အခု ဒို့ ဆွေးနွေးနေတဲ့ အာဆီယံစာချုပ်မှာ 'နိုင်ငံခြား အနုညာတ
ဆုံးဖြတ်ချက်များကို အတည်ပြုအကောင်အထည်ဖော်ခြင်း (enforcement or execution of
foreign arbitral awards)" ကိစ္စမပါဘူး။ ဒီတော့ အဲဒီအာဆီယံစာချုပ်မှာ ပါတဲ့အတိုင်း
အငြင်းပွားမှုကို အနုညာတနည်းနဲ့ ဖြေရှင်းရာမှာ ခုံသမာဓိ၊ သို့မဟုတ် ခုံသမာဓိအဖွဲ့ရဲ့ ဆုံးဖြတ်ချက်
ရပြီးပြီဆိုပါတော့။ အဲဒီဆုံးဖြတ်ချက်ကို ဘယ်လို အကောင်အထည်ဖော်မှာလဲ။ ဒီကိစ္စနဲ့
ပတ်သက်ပြီး သက်ဆိုင်ရာ နှစ်နိုင်ငံအကြား သဘောတူညီချက်ရှိမှ၊ သို့မဟုတ် New York
Convention ကို အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံးက ၀င်ရောက်ထားပြီးဖြစ်မှသာ အဆင်ပြေနိုင်
မယ်။ အဲဒီလိုမဟုတ်ရင်တော့ နိုင်ငံခြား ခုံသမာဓိဆုံးဖြတ်ချက်က တန်ဖိုးမရှိတဲ့ စက္ကူတစ်ရွက်သာ
ဖြစ်မယ်"
"New York Convention ကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ၀င်ရောက်ထားမှုအခြေအနေကိုလည်း
သိပါရစေ ဆရာ"
"ငါ့ဆီမှာရှိတဲ့ ၁၉၉၂ ခုနှစ်အထိ အတည်ဖြစ်တဲ့ စာရင်းအရဆိုရင်တော့ New York Convention
ကို မဝင်ရောက်သေးတဲ့ အာဆီယံနိုင်ငံတွေက မြန်မာ၊ ဘရူနိုင်း၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံတွေပဲ။
နောက်ပြီး အာဆီယံအဖွဲ့ ၀င်သစ်ဖြစ်တဲ့ တီမောနိုင်ငံအကြောင်း ကိုတော့ မသိရသေးဘူး။
ကျန်အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကတော့ New York Convention မှာ ၀င်ရောက်ထားပြီး
ဖြစ်တယ်"
"မြန်မာနိုင်ငံအနေနဲ့လည်း New York Convention ၀င်ရောက်ဖို့ လွှတ်တော်က ဆုံးဖြတ်တဲ့
သတင်းကို တွေ့လိုက်မိတယ် ဆရာ"
"ဟုတ်တယ်။ မြန်မာနိုင်ငံက New York Convention ကို ၁၆-၄-၂၀၁၃ နေ့မှာ ၀င်ရောက်ခဲ့ပြီး
၁၅-၇-၂၀၁၃ နေ့မှာ မြန်မာနိုင်ငံအတွက် အဲဒီကွန် ဗင်းရှင်းအာဏာတည်တယ်လို့ ငါနဲ့ လုပ်ဖော်
ကိုင်ဖက်ဟောင်း အငြိမ်းစား ဥပဒေအရာရှိတစ်ဦးဆီက သိရတယ်။ နောက်ပြီး ငါ့တို့နိုင်ငံမှာ
လာရောက်ပြီး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေကြတဲ့ တခြား နိုင်ငံတွေလည်း အဲဒီကွန်ဗင်းရှင်းကို
၀င်ရောက်ပြီးဖြစ်တာကို တွေ့ရတယ်"
"မြန်မာနိုင်ငံအနေနဲ့ New York Convention ကို ၀င်ရောက်ပြီးတာတော့ ဟုတ်ပါပြီ ဆရာ။
ဒီကွန်ဗင်းရှင်း မြန်မာနိုင်ငံအပေါ် အတည်ဖြစ်တဲ့နေ့ နောက်ပိုင်းကစပြီး နိုင်ငံခြားမှာ Arbitration
ပြုလုပ်ခဲ့တဲ့ နိုင်ငံခြားခုံသမာဓိ ဆုံးဖြတ်ချက် (foreign arbitral awards) တွေကို မြန်မာနိုင်ငံ
တရားရုံးတွေမှာ အတည်ပြုအကောင်အထည်ဖော် (ဇာရီ) လုပ်လို့ရပါပြီလား ဆရာ"
"မရနိုင်ဘူး။ အဲဒီကိစ္စအတွက် တရားရုံးက လိုက်နာဆောင်ရွက်ပေးရမယ်ဆိုတဲ့ ဥပဒေမရှိသေးဘူး။
တည်ဆဲ The Arbitration (Protocol and Convention) Act ကလည်း အဲဒီဥပဒေမှာ
အကျုံးဝင်တဲ့ နိုင်ငံခြားခုံသမာဓိဆုံး ဖြတ်ချက်တွေနဲ့ပဲ ဆိုင်တယ်"
"ဒါဆိုရင် ဘယ်လိုလုပ်ရမှာပါလဲ"
"ဒို့မြန်မာနိုင်ငံမှာ အင်္ဂလိပ်လက်ထက်က ဂျနီဗာကွန်ဗင်းရှင်းကို အကောင်အထည်ဖော်နိုင်ဖို့အတွက်
The Arbitration (Protocol and Convention) Act ကို ပြဋ္ဌာန်းပေးထားသလိုပဲ New York
Convention ပါတာဝန်တွေကို မြန်မာနိုင်ငံက ထမ်းဆောင်ဖို့ တာဝန်ရှိတဲ့အတိုင်း လက်ရှိပြည်သူ့
လွှတ်တော်အနေနဲ့ အလားတူဥပဒေ တစ်ရပ်ကို ပြဋ္ဌာန်းပေးဖို့ လိုမှာဖြစ်တယ်"
"နိုင်ငံခြားခုံသမာဓိ ဆုံးဖြတ်ချက်ကို အတည်ပြုအကောင်အထည်ဖော်ရေး နဲ့ ပတ်သက်လို့
မြန်မာနိုင်ငံနဲ့ တခြား နိုင်ငံတစ်နိုင်ငံအကြား သဘောတူစာချုပ် ပြုလုပ်ထားတာရော ရှိပါသလား
ဆရာ"
"ငါသိသလောက်ဆိုရင်တော့ ၂၀၀၀ ပြည့်နှစ်က မြန်မာနိုင်ငံနဲ့ ဗီယက်နမ် နိုင်ငံတို့အကြား
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်ချုပ်ဆိုထားတာ ရှိတယ်။ အဲဒီ စာချုပ်မှာ ရင်းနှီးမြှုပ်နှံမှုကို လက်ခံတဲ့
နိုင်ငံနဲ့ လာရောက်ပြီး ရင်းနှီးမြှုပ်နှံသူ တစ်ဖက်နိုင်ငံက နိုင်ငံသားတို့အကြား အငြင်းပွားမှုကို
Arbitration နည်းနဲ့ ဆုံးဖြတ်ရေးကိစ္စအတွက် သဘောတူညီချက်တွေပါတာကို မှတ်မိတယ်။
အနုညာတဆုံးဖြတ်ချက်ကို အပြန်အလှန် အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်လို့တော့
ပါတာမတွေ့မိဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရော ဗီယက်နမ်နိုင်ငံပါ New York Convention ၀င် နိုင်ငံ
တွေဖြစ်သွားပြီဆိုရင်တော့ ခုန ပြောခဲ့တဲ့ ဥပဒေသစ်ထဲမှာ အကျုံးဝင်သွားမယ်။
ကဲ - ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်နားပြီး နောက်တစ်ပတ်မှ ဆက်ပြီး ဆွေးနွေးကြသေးတာပေါ့"
















