ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော် နာယက ကို သမ္မတက လယ်ယာမြေနဲ့ တခြား မြေသိမ်းဆည်းခံရမှု ပြဿနာတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းပြီးစီးမှု အခြေအနေ သဝဏ်လွှာတစ်စောင် ပေးပို့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လွှတ်တော်
နာယက ကို သမ္မတက လယ်ယာမြေနဲ့ တခြား မြေသိမ်းဆည်းခံရမှု ပြဿနာတွေနဲ့ ပတ်သက်ပြီး
ဖြေရှင်းပြီးစီးမှု အခြေအနေ သဝဏ်လွှာတစ်စောင် ပေးပို့ပါတယ်။
ပြီးခဲ့တဲ့ လေးလကျော် လွှတ်တော် အစည်းအဝေးကာလတုန်းက လွှတ်တော် မြေယာပြဿနာ
စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က ဘယ်လောက် ဖြေရှင်းပြီး
ထားသလဲဆိုတာ လွှတ်တော်ကို နှစ်လတစ်ကြိမ် အစီရင်ခံစာ ပေးပို့ဖို့ဆိုပြီး ဆုံးဖြတ်ထားတဲ့
အတိုင်း သမ္မတက ဒုတိယအကြိမ် သဝဏ်လွှာပေးပို့တာပါ။
ဒီသဝဏ်လွှာနဲ့ ပတ်သက်ပြီး ထုံစံအတိုင်း သက်ဆိုင်ရာ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း
ဒုဝန်ကြီး က အစီရင်ခံစာကို ရှင်းလင်းတင်ပြပါတယ်။
လွှတ်တော်နာယက ကလည်း အဲဒါကို မှတ်တမ်းတင်ပါတယ်။
အဲဒီအချိန်မှာပဲ မထင်မှတ်ဘဲ ကန့်ကွက်ချက်တွေ၊ စိတ်ဆိုးမာန်ဆိုး တုံ့ပြန်မှုတွေ ထွက်ပေါ်လာပါ
တော့တယ်။
ဘယ်သူတွေက ဘာကို အကြောင်းပြုပြီး ကန့်ကွက်ကြသလဲ၊ လွှတ်တော်ထဲမှာ ဘာပြဿနာတွေ
ဖြစ်ခဲ့သလဲ၊ အစိုးရရဲ့ လယ်ယာမြေ ပြဿနာ ဖြေရှင်းမှု အတိုင်းအတာ ဘယ်အထိ ရောက်နေပြီလဲ၊
ပြေလည်ဖို့ နီးစပ်နေပြီလားဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
လွှတ်တော် နဂို အစီအစဉ်မှာ ဒုဝန်ကြီးက အစီရင်ခံ၊ နာယကက မှတ်တမ်းတင်ပြီးရင် ပြီးပါပြီ။
ဒီ အစီရင်ခံစာကို ဆွေးနွေးဖို့ဆိုတာ မပါပါဘူး။
ဒါပေမဲ့ သူရဦးရွှေမန်းက မှတ်တမ်းတင်တယ်ဆိုတာ ပြောတုံး ထုပြီးတာနဲ့ စပြီး ဖောက်ခွဲလိုက်
သူက ဇမ္ဗူသီရိအမတ် ဒေါ်စန္ဒာမင်းပါ။
သူတင်ပြတာက ဒုဝန်ကြီးတင်ပြသွားတဲ့အထဲမှာ နေပြည်တော်ကောင်စီ တစ်ခုလုံး အမှုပေါင်း
၁၁၁ ခု ရှိ တယ်။ အဲဒီထဲက ၁၀၄ မှု ဖြေရှင်းပြီးသွားပြီ။ ခုနစ်မှုလောက်ပဲ ကျန်တယ်လို့ ပြောတယ်၊
တကယ်ဆို နေပြည်တော် ကောင်စီနယ်မြေ တစ်ခုလုံး မဆိုထားနဲ့ သူ့မဲဆန္ဒနယ်မြေ ဇမ္ဗူသီရိ
တစ်ခု တည်းမှာတင် တင်ပြထားတဲ့ အမှုပေါင်း ၁၀၀ ကျော်ရှိနေတယ်။
ဖြေရှင်းပြီးပြတ်တာလည်း မရှိသေးဘူးဆိုပြီး ပြောလိုက်ပါတယ်။
ဖြေရှင်းပြီးတယ်ဆိုတာကိုလည်း သက်ဆိုင်ရာ ကိုယ်စားလှယ် တွေကလည်း မသိဘူး၊ ဒီအတွက်
ဒုဝန်ကြီးရဲ့ ဖြေကြားချက်ကို ကန့်ကွက်တယ်ဆိုပြီး ပြောလိုက်တာပါ။ ဒုတိယတစ်ယောက်ကတော့
ဦးခင်ရွှေပါ။
သူက စက်မှုဇုန်နဲ့ ပတ်သက်တဲ့ မြေယာပြဿနာ အမှု ၆၀ ကျော်ရှိတဲ့အနက် တစ်မှုပဲ ဖြေရှင်းပြီး
သေးတယ်။
အရင်အစိုးရက လုပ်ခဲ့တာ အခု အစိုးရက ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်၊ မဖြေရှင်းပေးဘူးဆိုရင်
ဒါဟာ အခြေခံဥပဒေကို ချိုးဖေါက်တာပဲ ဆိုပြီး ဝေဖန်ပါတယ်။
တတိယကတော့ လွှတ်တော်က မြေသိမ်းယာသိမ်း တိုင်စာကြားနာတဲ့ ကော်မရှင် ဥက္ကဋ္ဌ
ဦးတင်ထွဋ် ကိုယ်တိုင်ပါ။
သူက ဒီ သဝဏ်လွှာပါ ဖော်ပြချက်တွေဟာ အတော်လေး အကြမ်းသဘောဆန်တယ်၊ အမှု
ဘယ်လောက်၊ ဘယ်နှဧကနဲ့ ပတ်သက်တာ ရှင်းပြီးတယ် ဒါပဲပါတယ်။ ဘယ်လိုရှင်းတယ်ဆိုတာ
မပါဘူး။ ပြန်ပေးသလား မပေးဘူးလား မသိနိုင်ဘူး။ လက်တွေ့တော့ ပြည်သူတွေကို ပြန်ပေးတယ်
ဆိုတာ မကြားမိသေးဘူး။ ဒါကြောင့် သူ့အနေနဲ့ အဆိုတင်ဖို့ ကြိုးစားမယ်လို့ ပြောပါတယ်။
နောက်တစ်ယောက်ကတော့ ဒေါ်ဒွဲဘူပါ။ အစီရင်ခံစာမှာ ကချင်ပြည်နယ်နဲ့ ပတ်သက်ပြီး
ရာနှုန်းပြည့် ဖြေရှင်း ပြီးပြီလို့ ပြောတယ်။ တကယ့်တကယ် အများကြီး ကျန်တယ်လို့ ဆိုပါတယ်။
ဒေါ်တင်တင်ရီကတော့ တနင်္သာရီတိုင်းမှာ ခုနစ်မှုပဲ ရှိတယ်လို့ ဖော်ပြထားတယ်။ တကယ်ဆို
အမှုပေါင်း ၁၀၀ ကျော်ရှိတယ်။ သူတင်ထားတာချည်းပဲ အမှုပေါင်း ၆၀ ကျော်ရှိတယ်လို့ဆိုပါတယ်။
ဦးတင်မောင်ဦးကတော့ အစိုးရ ဖြေရှင်းမှုဟာ လက်တွေ့နဲ့ အလွန်ကွာခြားနေတယ်၊ ရွှေပြည်သာမှာ
အသိမ်းခံထားရတဲ့ လယ်မြေ ဧက သောင်းနဲ့ချီရှိတယ်၊ လျော်ကြေးလည်း မရ၊ မြေပိုလည်း ပြန်မရ၊
တစ်မှုမှ မပြီးသေးဘဲနဲ့ ခိုက်ရန်ဖြစ်ပြီး အမှုတွေလည်း တိုးပွားလာနေတယ်လို့ ပြောပါတယ်။
ဒေါက်တာအောင်မိုးညိုကတော့ မင်းဘူး၊ စကုဘက်မှာ စစ်တပ်က ပြန်ပေးတယ်ဆိုတာ စာရွက်ထဲ
မှာပဲ။ ပြည်သူတွေကလည်း ဘာမှမပြောရဲဘူးလို့ ထောက်ပြပါတယ်။
ဦးသာစိန်ကတော့ ရခိုင်ဘက်မှာ ဘာတစ်ခုမှ ဆောင်ရွက်တာ မတွေ့ ရဘူးလို့ ဆိုပြန်ပါတယ်။
ဒေါ်နန်းစေအွာကတော့ ကရင်ပြည်နယ်မှာ ဘာမှ မထူးခြားသေးဘူး။ ကပရ (ကုန်းလမ်းသယ်ယူ
ပို့ဆောင်ရေး) ၀င်းလုပ်ဖို့ သိမ်းထားတဲ့ အဆောက်အအုံက ပျက်စီးနေတယ်။ အဲဒါကို ယာဉ်မောင်း
သင်တန်းဆိုပြီး ဆိုင်းဘုတ် ပြန်တပ်ထားတယ်။ နယ်မြေလုံခြံုရေး မရှိစဉ်တုန်းက တောင်းထားတဲ့
ကော့ကသောင်ရဲစခန်းဆိုရင်လည်း အခု လယ်မြေတွေကို ပြန်ပေးရဖို့ ဖြစ်လာတဲ့အခါ အစောင့်တဲ
ကင်းစခန်း လုပ်ထားတယ်။ ခေါင်းစဉ်တွေ ပြန်ပြောင်းပြီး လယ်တွေ ပြန်မပေးရအောင် လုပ်နေတယ်
လို့ ရှင်းပြပါတယ်။
ဒေါ်နန်းစေအွာ ပြောတဲ့အထဲ စိတ်ဝင်စားဖို့ အကောင်းဆုံးကတော့ ဘိလပ်မြေထုတ်ဖို့
ကျောက်မိုင်းခွဲလို့ လယ်မြေတွေ အသိမ်းခံရတဲ့ ကိစ္စ ဦးပိုင်ကို သွားတိုင်မိပါတယ်၊ ဗိုလ်မှူး
တစ်ယောက် ဆင်းလာပြီး လယ်သမားတွေနဲ့ ကူညီတဲ့ ပညာရေးဝန်ထမ်းတစ်ယောက်ကို
တရားခံတွေလို စစ်ဆေးတယ်၊ ၀န်ထမ်းကို အလုပ်ပြုတ်သွားချင်သလားဆိုတာ အပါအဝင်
အမျိုးမျိုး ခြိမ်းခြောက်တယ်လို့ ဖွင့်ချပါတယ်။
ပုသိမ်အမတ် ဦးဝင်းမြင့်ကတော့ အစိုးရ ဖြေရှင်းတယ်လို့ လာထွက်ဆို ပုံဟာ မြေပြင်နဲ့ အများကြီး
ကွာခြား နေတယ်။ သူ့မဲဆန္ဒနယ်မြေမှာဆို အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ အမှတ်(၅)
တိုင်းဗဟိုလေ့ကျင့်ရေးတပ်၊ အမှတ်(၁၀)လျှပ်စစ်အင်ဂျင်နီယာတပ်၊ ထောက်လှမ်းရေးတပ် (၄)
စသဖြင့် စစ်တပ်က သိမ်းထားတာတွေ များတယ်။
အဲဒီ အသိမ်းခံထားရတဲ့ လယ်မြေတွေနဲ့ ပတ်သက်ပြီး ပြန်ပေးပြီလို့ သက်ဆိုင်ရာက စာတွေ
ရတယ်၊ ဒါနဲ့ လယ်သမားတွေက သူတို့လယ် သူတို့ လုပ်တဲ့အခါ အဲဒီ စစ်တပ်အရာရှိတွေက
ပြန်ပြီး တရားစွဲထားတာနဲ့ ကြံုရတယ်။
တာဝန်ရှိတဲ့ ဒုသမ္မတတို့၊ ကာကွယ်ရေးဝန်ကြီးတို့ကို စာရေးတင်ပြပေမယ့် ဘာမှ မထူးဘူးလို့
ဆိုပါတယ်။
ဒီလုပ်ရပ်ဟာ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို အစိုးရဘက်က မလိုက်နာတာဘဲ ဖြစ်တယ်လို့ သူက
ဆိုပါတယ်။
နောက်ထပ် ပြောချင်ဆိုချင် တင်ပြချင်တဲ့ အမတ်တွေ အများကြီးရှိနေပေမယ့် သူရဦးရွှေမန်းက
တားမြစ် လိုက်တာကြောင့် တင်ပြခွင့်မရတော့ပါဘူး။
ဒီလောက်ဆိုရင် ပြည်သူတွေကြံု တွေ့နေရတဲ့ လယ်ယာမြေသိမ်းဆည်းခံရမှု ပြဿနာ
ဘယ်လောက် ဆိုးနေသလဲ ပေါ်လွင်ပါတယ်။ အခု ပြဿနာနဲ့ ပတ်သက်ရင် အချက်နှစ်ချက်
တွေ့နိုင်ပါတယ်။
အစီရင်ခံစာနဲ့ ပတ်သက်ပြီး အမတ်တွေကို ဖြန့်ဝေစာဟာ စုစုပေါင်း ကိုးရွက်ပဲ ရှိပါ တယ်။
ဘာမှ မပြည့်စုံပါဘူး။ နဂို သမ္မတ ကနေ သူရ ဦးရွှေမန်းဆီ ပေးတဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာ
စုစုပေါင်း စာရွက်ပေါင်း ၂၅၀ ရှိတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီအထဲက တစ်မှုချင်းအလိုက် အသေးစိတ် ဖြေရှင်းမှုဇယားဆိုတာ စာရွက် ၁၆၀ ပါတယ်လို့
ဖော်ပြထားပါတယ်။
အမတ်တွေ မရလို့ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွဋ်ကတောင် ဒါဟာ အကြမ်းသဘောပဲလို့ ဝေဖန်တာ
ဖြစ်ပါတယ်။
တကယ့်တကယ် ဒီစာရွက်တွေ လွှတ်တော်နာယက သူရဦးရွှေမန်း ရကောင်း ရနိုင်ပါတယ်။
မရဘူးလား၊ ရပြီး ထိမ်ချန်သလား၊ ဒါမှမဟုတ် အမတ်တွေကို ဖြန့်ဖို့ မသင့်တော်လို့ ချန်ထား
သလား ဘယ်သူမှ မသိကြပါဘူး။
ဒါပေမဲ့ လွှတ်တော်ထဲမှာ သူက အဲဒီအကြောင်း တစ်လုံးတစ်ပါဒမှ မပြောတော့ အစိုးရဘက်က
ပေးတာ ပြည့်စုံသလား၊ မပြည့်စုံဘူးလား ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါက ပြဿနာတစ်ခုပါ။
နောက်ပြဿနာကတော့ အမတ်တွေ တင်ပြခဲ့တဲ့အတိုင်း အစိုးရဘက်က ဖြေရှင်းတာတွေဟာ
ပွင့်လင်းမြင်သာမှုလည်း မရှိ၊ ကျေနပ်ဖွယ်ရာလည်း မရှိတဲ့ အခြေအနေပါ။
ဒီအတွက် လာမယ့်ကာလတွေမှာ သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရရေး ပြည်သူတွေရဲ့
ရုန်းကန်လှုပ်ရှားမှုတွေ အများကြီး မြင်တွေ့ရနိုင်စရာ ရှိကြောင်းပါ။

















