"လုပ်စား မိုးခေါင်၊ ခိုးစား ခွေးဟောင်တဲ့ ခေတ်ကြီးပါလား အစ်ကိုကြီးရာ၊ ငွေရှာရတာ ခက်လိုက်တာ" လို့ တပည့် မောင်ကြွက်နီက ညည်းပါတယ်။
"လုပ်စား မိုးခေါင်၊ ခိုးစား ခွေးဟောင်တဲ့ ခေတ်ကြီးပါလား အစ်ကိုကြီးရာ၊ ငွေရှာရတာ ခက်လိုက်
တာ" လို့ တပည့် မောင်ကြွက်နီက ညည်းပါတယ်။
ပေါ်မလာ အတော်ကြာပြီဖြစ်လို့ သူ့ဟာသူ အဆင်ပြေနေတယ်မှတ်တယ်၊ အခုတော့ လမ်းစရိတ်
တောင် ကိုယ်ကပြန်ပေးရမယ့်ပုံ ဖြစ်နေတယ်။
ဒါကြောင့် ကိုယ့်ဆီကို ပြဿနာတစ်ခုနဲ့ လာသူကို ပြဿနာတွေ အများကြီး ပြန်ပေးလိုက်ပါဆိုတဲ့
အာဏာရှင်ခေတ်က လူကြီးတစ်ဦးရဲ့ စကားအတိုင်း-
"ဒါများလွယ်ပါတယ် မောင်ကြွက်နီရယ်၊ ငွေရှာတာမခက်ပါဘူး။ မီးခြစ်တစ်လုံးဖြစ်ဖြစ်၊ မီးခြစ်ဆံ
တစ်ချောင်းပဲဖြစ်ဖြစ် ရှိရင်ရပါပြီ"လို့ စကားစလိုက်တော့ သင်းကခြေကာလက်ကာနဲ့-
"ဘာလဲ ဟိုခေတ်ကလို မီးခြစ်ဆံ တစ်ချောင်း တစ်မတ်နဲ့ ကိုယ်လုံးတီးမတွေကြည့်ဖို့ လုပ်စားဆိုပြီး
အကြံပေးမလို့လား"တဲ့။
"ဒီလိုအတွေးတွေတိမ်လို့ မင်း မကြီးပွားတာ။ ဒီလောက်လမ်းဘေးမှာ မြန်မာအခွေတွေ
ရောင်းနေတာ၊ မင်းမီးခြစ်ဆံခြစ်တာကို ဘယ်သူမှစိတ်မဝင်စားဘူး။ ပြီးတော့ ဒီခေတ်က ရည်းစား
ထားဖို့ဆိုတာ တစ်မနက်လောက် ကြံစည်ရတဲ့ ခေတ်၊ ရည်းစားဖြစ်ပြီဆိုရင်လည်း ခေတ်စကားက
ငြိတာနဲ့ အိ (Eat) လို့ရတယ်တဲ့။ မင်းကိုဒီလို သိမ်သိမ်မွှားမွှားအကြံပဲ ပေးတတ်ရင် မင်းရဲ ့ဆရာ
မလုပ်ဘူး"လို့ ရှည်ရှည်ဝေးဝေးပြောမှ သင်းမျက်စိတွေအရောင်တောက်လာပြီး-
"ကဲဒါဆိုရင်လည်း ပြောစမ်းပါဗျာ၊ သူဌေးဖြစ်ဖို့ မဟုတ်ပါဘူး။ စာအုပ်တစ်အုပ် ထုတ်ဝေရေး
လုပ်လိုက်တာ ကောက်စာအထုတ်မှားပြီး စာရေးဆရာက စာအုပ်နဲ့ မျက်နှာကို ကောက်ပေါက်ပြီး
သူ့စာအုပ်တွေ ပြန်သိမ်းသွားလို့ စက္ကူဖိုးနဲ့ ပုံနှိပ်ခတွေ အကြွေးတင်နေလို့ပါ"
"ဒါဆိုရင် မင်းကို တစ်ခုမေးမယ်။ ညဘက်အချိန်မတော် အပြင်ကို တစ်ယောက်တည်းထွက်ရဲလား၊
သရဲတွေ ဘာတွေရောကြောက်တတ်သလား"
"ဘာလဲဗျ၊ သချုႋင်းထဲမှာ သူများ အုတ်ဂူတွေ သွားဖောက်ခိုင်းမလို့လား။ အကြွေးမဆပ်နိုင်ရင်
နေပါလေ့စေ၊ အဲဒီလိုတော့ မလုပ်ရဲဘူး။ သချုႋင်းမှာ အရက်သောက်ပြီး ရှောသွားတဲ့ ဘော်ဒါတွေကို
ဂူသွင်းထားတာ များတယ်ဗျ"
"မင်းကိုတော့ ပညာရှိလို့ သတ်မှတ်ရတော့မယ်။ မင်းတွေးကြည့်တာတွေ အားလုံးမှားနေတယ်"
လို့ဆိုပြီး ပြန်ပက်မှ သင်းကမျက်နှာငယ်လေးနဲ့-
"ပြောပါတော့ဗျာ၊ ခင်ဗျား စကားပြောနေတာကို ဆုံးအောင်နားမထောင်ဘဲ အတွန့်တက်မိရင်
ဒီဘဝ မိန်းမမရရပါစေနဲ့" တဲ့။
"ဟာ ဟာ ဟ... ဒီအတိုင်းလည်း မင်းက မိန်းမရဦးမယ်ထင်နေလို့လား။ ငါပြောပြမယ်။ အချိန်
အနည်းဆုံးနဲ့ ပိုက်ဆံအရဆုံးအလုပ်က တရားရုံးကို မီးရှို့ဖို့ပဲ"
"ဘုရား ဘုရား ပွင့်တော်မူပြီးတဲ့ ဘုရား လေးဆူစလုံး ကယ်တော်မူပါ။ ဒီဒေဝဒတ်ကို ဆရာ
တင်မိတာနဲ့ တပည့်တော် ထောင်ထဲက မထွက်ရမယ့်ကိန်းဆိုက်နေပါပြီ ဘုရား" ဆိုပြီး ဇာတ်ထဲက
အသံနဲ့ လွမ်းပြနေလို့-
"တော်စမ်းပါ၊ ကြမ်းချက်က '၉' ကျော်တဲ့ မင်းရုပ်ကြီးနဲ့ လွမ်းပြမနေနဲ့။ ငါတို့ နိုင်ငံမှာဆိုရိုးတစ်ခု
ရှိတယ် မဟုတ်လား။ ရာဇဝတ်ဘေးပြေးရင် လွတ်တယ်ဆိုတာလေ"
"ရာဇဝတ်ဘေး ပြေးမလွတ်ပါဗျ။ ခင်ဗျားကလည်း ရှေးစကားတွေကို ဖျက်နေပြန်ပြီ"
"ဟေ့ကောင် ပြေးရင် လွတ်တယ်ကွ။ မပြေးရင်တောင် ပြေးခိုင်းပြီးလွှတ်တယ်။ တစ်လောက
ငါ့အမျိုးတစ်ယောက် ကားတိုက်ခံရတယ်၊ သူ့ယောကျ်ားက ကားမောင်းတဲ့တရားခံကို ဖမ်းပြီး
သူကိုယ်တိုင် ရဲလက်အပ်တယ်။ ဒါပေသည် အမှုဖွင့်တော့ တရားခံပြေးနဲ့ ဖွင့်ထားတယ်၊ ငါက
ကိုယ်တွေ့တွေပြောနေတာ"
"အဲဒီတော့"
"အဲဒီတော့ မင်းကသူဌေးတွေ အမှုဖြစ်နေတဲ့ တရားရုံးနားသွားပြီး ခင်ဗျားတို့ အမှုတွေပျောက်ရစေ့
မယ်။ ဘယ်လောက်ပေးဆိုပြီးတောင်း၊ ညဘက်တရားရုံးနားသွားပြီး ဓာတ်ဆီလောင်း မီးရှို့ခဲ့ရုံပဲ။
တရားရုံးတွေက အမှုစစ်ချက်တွေ၊ သက်သေထွက်ချက်တွေကို ကွန်ပျူတာနဲ့ သိမ်းနိုင်သေးတာ
မဟုတ်ဘူး။ ဒီအတိုင်း စာရွက်တွေနဲ့ ဖိုင်တွဲထားတာ၊ လောင်စာက ရှိပြီးသားလေ"
"မိသွားရင် အမှုကြီးတယ်နော"
"မကြီးပါဘူးကွ။ မီးရှို့မှုက ပုဒ်မ ၂၈၅၊ ထောင်ဒဏ် သုံးနှစ်ထက် မပိုပါဘူး။ ကံကောင်းရင် ငွေဒဏ်နဲ့
လည်း ပြတ်သွားမှာပါ။ မင်းကိုမိရင်လည်း ငါကအာမခံရအောင် လုပ်ပေးပါ့မယ်။ ပြီးမှမင်းကိုစွဲတဲ့
တရားရုံးကို ထပ်ပြီးမီးရှို့လိုက်ပေါ့။ ငါပြောတာတွေကို လိုက်လုပ်ရင် ဒုစရိုက် နယ်ပယ်မှာ မင်းက
ငရှို့ကြီးဆိုပြီး နာမည် တစ်လုံးရဦးမှာ"
"အင်း၊ နာမည်ကြီးဖို့ဆိုတာ လွယ်မှတ်လို့၊ စဉ်းစားစရာပဲ။ (အဲလေယောင်လို့)ခင်ဗျားကြီးက
ကျွန်တော့်ကို ထောင်ထဲမရောက်ရောက်အောင် ထည့်နေတာပဲ။ ခုနခင်ဗျားပြောတဲ့ ပုဒ်မ ၂၈၅
ဆိုတာ မီးပေါ့လျော့မှုဗျ။ ကျွန်တော် ဆရာချစ်ကို ကိုယုကို မေးဖူးတယ်။ မီးလောင်တာနဲ့
ပတ်သက်ပြီး ပုဒ်မက သုံးခုရှိတယ်။ နောက်နှစ်ခုက ပြစ်ဒဏ်ကြီးတယ်။ ပုဒ်မ ၄၃၅ က တန်ဖိုးငွေ
တစ်ရာအထက်တန်တဲ့ပစ္စည်းကို တမင်ရှို့တဲ့မီးဖြစ်ပြီး ပြစ်ဒဏ်ကထောင် ခုနစ်နှစ်နဲ့ ငွေဒဏ်၊
ပုဒ်မ ၄၃၆ က အိမ်အစရှိတာကို မီး ဒါမှမဟုတ် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းပျက်စီးစေရင်
ထောင်ဒဏ် တစ်သက်တစ်ကျွန်း ဒါမှမဟုတ် ထောင်ဒဏ် ၁၀ နှစ်နဲ့ ငွေဒဏ်ဗျ။ ခင်ဗျားခိုင်းတဲ့
အမျိုးအစားက ပုဒ်မ ၄၃၆၊ ပြစ်ဒဏ် အကြီးဆုံး။ ဒါနဲ့ နေစမ်းပါဦး၊ ခင်ဗျားက ကျွန်တော်
ကြိုက်နေတဲ့ ကောင်မလေးကို ကြံနေတာတော့ မဟုတ်ပါဘူးနော်" ဆိုပြီး အရေးထဲ တဏှာကြော
ထနေလို့-
"ကြွက်နီရယ်၊ ငါ့အသက်နဲ့ ဘာမှလည်း မကြံနိုင်ပါဘူး။ ခါးမကောင်းလို့ ပါရဂူပြနေရတာ
တစ်ခုတည်းနဲ့တင် မင်း ငါ့ကို ယုံကြည်လို့ရပါတယ်ကွ" ဆိုပြီး ဆရာဝန်ရဲ့ ဆေးစာနဲ့သက်သေ
ထူလိုက်ရတယ်။
သင်းက- "ဒီလိုလုပ်ပါလား၊ မီးကတော့ ကျွန်တော် ရှို့မယ်၊ ဒါပေသည့် သူဌေးတွေက ခင်ဗျား နဲ့
ခင်တာများတော့ အလုပ်ကို အစ်ကိုကြီးက ရှာပေး၊ အလုပ်ရရင် အစ်ကိုကြီးက ပွဲခယူလေ" ဆိုပြီး
ကိုယ့်ဘက် ပြန်လှည့်လာလို့-
"တော်ပါ့ မောင်ကြွက်နီရယ်၊ ငါက ခါးမကောင်းတော့ ထောင်ထဲမှာ မိလ္လာပုံးလည်း မထမ်းနိုင်ပါဘူး၊
မင်းကိုလည်း ဘာအကြံမှ မပေးတော့ပါဘူး။ ခုနပြောတာတွေ မေ့လိုက်တော့၊ တောစကား
တောရောက် သဘောထားလိုက်၊ ရော့ဒီမှာ ဒီနေ့အတွက် အရောင်းအဝယ်ဆိုပြီး တစ်ထောင်တန်
နှစ်ရွက် ထုတ်ပေးမှ ပြံုးပြံုးကြီးနဲ့ ယူပြီး ပြန်သွားပေတော့တယ်။ အရင်ခေတ်က လူကြီးစကားနဲ့
သူ့ကိုပြဿနာတွေ ပေးလိုက်ပေမယ့် သင်းကလည်း အဲဒီစကား ကြားဖူးနေပုံရတော့ အခက်သား
ကလားဗျာ"

















